“မီးပုံမှန်ရနေမယ်ဆိုရင် ရေပြတ်လပ်မှု မရှိပါဘူး”

သဇင်လှိုင်
အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) လက်ထောက်ဌာနမှူး ဒေါ်သွဲ့နိုင်ဦး
Want create site? Find Free WordPress Themes and plugins.

ယခုနှစ် ကျရောက်မည့် သင်္ကြန်ကာလာအတွင်း ရန်ကုန်မြို့ရှိ သင်္ကြန်မဏ္ဍပ်များတွင် ပုံမှန်ကာလထက် ရေပေးဝေမှု များပြားနိုင်သည်ဖြစ်ရာ ယင်းကိစ္စကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ကြိုတင်စီစဉ်ထားသည့် အခြေအနေနှင့် ရေသန့်ရှင်းမှု အခြေအနေစသည်တို့အပေါ် အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) လက်ထောက်ဌာနမှူး ဒေါ်သွဲ့နိုင်ဦးကို ဧရာဝတီသတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းထားပါသည်။

မေး။ ။ ရန်ကုန်မြို့တော်ရဲ့ လာမယ့် သင်္ကြန်ကာလမှာ စည်ပင်သာယာရေးကော်မတီအနေနဲ့ ရေပေးဝေမှုအတွက် ဘယ်လို စီစဉ်ထားပါသလဲရှင့်။

ဖြေ။ ။သင်္ကြန်မှာကတော့ နှစ်စဉ်နှစ်တိုင်း ပေးဝေနေကျ ဖြစ်တဲ့ အနောက်ပိုင်းခရိုင်မြို့နယ်တွေ ဖြစ်တဲ့ ကျောက်တံတား၊ ပန်းပဲတန်း၊ လသာ၊ လမ်းမတော်၊ ဗဟန်း၊ ဒဂုံ မြို့နယ်တွေကို မနက် ၈ နာရီကနေပြီးတော့ ၁၁ နာရီအထိ ၁ ကြိမ် ညနေ ၃နာရီကနေ ၆ နာရီအထိ ၁ ကြိမ်ပေါ့ ၂ ကြိမ် ပေးဝေပါမယ်။ ကြည့်မြင်တိုင်၊ အလုံ၊ စမ်းချောင်း မြို့နယ်တွေကိုတော့ မနက် ၈ နာရီကနေ ၁၀ နာရီအထိပေးဝေပါတယ်။

မေး။ ။ မဏ္ဍပ်တွေ အတွက် ရေပေးဝေမယ့် အစီအစဉ်ကရော ဘယ်လို စီစဉ်ထားပါသလဲရှင့်။

ဖြေ။ ။မြို့နယ်တွေမှာ မဏ္ဍပ်တွေ ဆောက်ချင်တယ်ဆိုရင် အင်ဂျင်နီယာဌာန(လမ်းနှင့် တံတား) မှာလာပြီးတော့ ရေဆက်သွယ်ခွင့် လျှောက်လွှာတွေ လာယူရပါတယ်။ ပြီးရင် ဆက်သွယ်ချင်တဲ့ မဏ္ဍပ်က main ပိုက်လိုင်းနဲ့ နီးလားဝေးလား အဲဒီအပေါ်မှာ မူတည်ပြီးတော့ တကယ်လို့ ဝေးတယ် ရေအားနည်းတဲ့ နေရာတွေ ဆိုရင်တော့ ပေးလို့မရဘူး။ ပုံမှန်ရေအားကောင်းတဲ့ နေရာတွေ ဖြစ်တယ် ပိုက်လိုင်းလည်း နီးတယ်ဆိုရင်တော့ တခါတည်း ဆက်သွယ်ခွင့်တွေ ပိုက်ဖောက်ခ တွေ ကောက်ခံပြီးတော့မှ ဆက်သွယ်ခွင့်တွေ ထုတ်ပေးပါတယ်။ မဏ္ဍပ်ကိုတော့ ရေပေးဝေချိန် မသတ်မှတ်ထား ပါဘူး။ ပိုက်ဖောက်ခွင့်ပေးလိုက်ပြီဆိုရင် ပုံမှန်ရေပေးဝေနေတဲ့ အချိန်တိုင်းပဲ ပေးဝေနေမှာပေါ့။

မေး။ ။ မဏ္ဍပ်တွေအနေနဲ့ ရေဆက်သွယ်ခွင့်လျှောက်လွှာတင်ပြီးလို့ ရေရယူခွင့်ရပြီဆိုရင် ဘာတွေ ဆက်လုပ်ရမလဲ။ စည်ပင်ကိုရော ငွေကြေး ဘယ်လိုပေးသွင်းရလဲရှင့်။

ဖြေ။ ။နှုန်းထားတွေ ရှိပါတယ်။ ကော်မတီပိုင်ရေပိုက်လိုင်းတွေကနေပေးတာရှိတယ်။ အင်းလျားကန်တော်ကြီး ကနေ ပေးတာရှိတယ်။ ကော်မတီပိုင် ရေပိုက်လိုင်းကနေ ယူတာက ၁ လက်မပိုက်ဖောက်ဆိုရင် ၂ သိန်းပေါ့၊ ၁လက်မခွဲ ဆိုရင်၃ သိန်း၊ ၂ လက်မဆိုရင် ၄ သိန်း ၃ သောင်း ကော်မတီပိုင်ရေပိုက်လိုင်း ကနေပြီးတော့ ၂ လက်မ အများဆုံးပဲ ပေးတယ်။ အင်းလျားကန်တော်ကြီးက သွယ်ချင်ရင်တော့ ၃ လက်မ ပိုက်နဲ့ဆိုရင် ၄ သိန်း၊ ၄ လက်မပိုက်ဆို ၆ သိန်းခွဲ နဲ့ ၆ လက်မပိုက်နဲ့ဆိုရင် ၁၀ သိန်းပေါ့ အဲဒီလိုကောက်ခံပါတယ်။

မေး။ ။ မဏ္ဍပ်တွေကို ရေပေးဝေရေးအတွက် သတ်မှတ်ထားတဲ့ နှုန်းထားတွေက ပြီးခဲ့တဲ့ နှစ်က နှုန်းတွေနဲ့ တူတူပဲလားရှင့်။

ဖြေ။ ။ဟုတ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကနဲ့ တူတူပါပဲ။

မေး။ ။ အဲဒီလို ရေဆက်သွယ်ခ ပေးဆောင်ရတာကနေ ကောက်ခံလို့ရတဲ့ ငွေကို ဘယ်လို နေရာတွေမှာ ပြန်ပြီး အသုံးချတာတွေ လုပ်ပါသလဲရှင့်။

ဖြေ။ ။ စည်ပင်သာယာဘတ်ဂျက်ထဲပဲ ဝင်သွားတာပေါ့နော်။ ဘယ်လိုပြန်လည် ခွဲဝေသုံးလဲဆိုတော့ ဘတ်ဂျက်ဌာနကနေပဲ ပြန်ပြီးတော့ လုပ်တာပေါ့။

မေး။ ။ အရင်နှစ်က မဏ္ဍပ်တွေက နည်းတော့ နည်းတယ်ပေါ့။ အဲဒီ မဏ္ဍပ်တွေကနေ ရေသွယ်တန်း ပိုက်ဖောက်ခ ငွေပမာဏဘယ်လောက် ရခဲ့ပါသလဲ။

ဖြေ။ ။ ငွေကောက်ခံ ရရှိတာကတော့ ၄၇၁ ဒသမ ၇ ကျပ်သိန်း ရရှိခဲ့ပါတယ်။

မေး။ ။ လူနေအိမ်တွေကိုရော၊ မဏ္ဍပ်တွေကိုရော ပေးဝေရမှာ ဖြစ်တဲ့အပြင် ရေသုံးစွဲမှုလည်း များကြမှာဆိုတော့ လက်ရှိရေလှောင်ကန်တွေမှာရော သင်္ကြန်အတွင်းမှာ ပေးဝေဖို့ ရေပမာဏကရော လုံလောက်မှု ရှိရဲ့လား။

ဖြေ။ ။လုံလောက်မှု ရှိပါတယ်။ စီစဉ်ထားပြီးသားပါ။

မေး။ ။ လုံလောက်တယ်ဆိုတော့ အရင်နှစ်က သင်္ကြန်မှာ ကုန်တဲ့ ရေဂါလံ စုစုပေါင်း ဘယ်လောက်ရှိပါလဲ။

ဖြေ။ ။မနှစ်က သင်္ကြန်အတွင်း စုစုပေါင်းရေသုံးစွဲတဲ့ ပမာဏက ၃၅ ဒသမ ၈၉ ဂါလံသန်း သုံးစွဲခဲ့ပါတယ်။ ဒါကသင်္ကြန်ရေ သီးသန့်ပေါ့။ ဒါက မဏ္ဍပ်သီးသန့်သုံးတဲ့ ရေသီးသန့်ပါ။ နေစဉ်သုံးတဲ့ရေတွေ အိမ်တွေက သုံးတဲ့ရေပမာဏတွေကလည်း ရှိတာပေါ့။ ရေလှောင်ကန်ကြီးက ပေးဝေနေတာကတော့ တနေ့ကို ၂၀၅ ဂါလံသန်း ပေးဝေနေတာပါ။

မေး။ ။ ရေဆက်သွယ်ခွင့်တွေ လျှောက်ထားကြတဲ့အခါမှာ လျှောက်ထားတဲ့ မဏ္ဍပ်တိုင်းကိုရော ရေပေးဝေ နိုင်ပါသလား။

ဖြေ။ ။အခုလက်ရှိအမတို့ ရေပေးဝေမှု စနစ်ကို ဂျိုးဖြူတို့ ငမိုးရိပ်တို့ လှော်ကားတို့ ဖူးကြီးတို့ ရေလှောင်ကန် တွေက နေပြီးတော့ ပေးဝေနေတဲ့ ရေတွေလည်း ရှိတယ်။ အဝီစိတွင်းတွေကနေ ရေပိုက်လိုင်းတွေကို အားဖြည့်ထားတာတွေလည်း ရှိတယ်။ အဝီစိတွင်းရေ သီးသန့်ပေးတဲ့ မြို့နယ်တွေလည်း ရှိတယ်။ ရေပေးဝေနေကျ ပိုက်လိုင်းကွန်ရက် တွေက ရှိပြီးသား။ ရှိပြီးသားကိုမှ သင်္ကြန်မဏ္ဍပ်တွေ ဆောက်တဲ့ အချိန်မှာ သူတို့ဆောက်တဲ့နေရာမှာ main ပိုက်လိုင်းတွေ ရှိ၊ မရှိပေါ် မူတည်ပြီးတော့ပဲ ပေးသင့် မပေးသင့်ကို ဆုံးဖြတ်တာပေါ့။ main ပိုက်လိုင်းက ဆောက်မယ့် မဏ္ဍပ်နဲ့ အရမ်းဝေးနေတဲ့နေရာမျိုး ရေမရနိုင်တဲ့ နေရာမျိုးဆိုရင်တော့ အမတို့က မပေးဘူးပေါ့။ ဆောက်ပြီးတော့ ရေမရနိုင်တဲ့ နေရာမျိုး ဆိုရင် အလကားပဲလေ။

မေး။ ။ သင်္ကြန်က ရေကစားကြတဲ့ ပျော်ပွဲရွှင်ပွဲ ဖြစ်တဲ့အခါကျတော့ ပုံမှန် ရေသုံးစွဲမှုက များမှာပေါ့နော်။ ဒီလိုဆိုတော့ သင်္ကြန်ပြီးသွားရင် ရေပေးဝေတဲ့အခါမှာ မလုံလောက်တဲ့ အခက်အခဲတွေ ဖြစ်လား။

ဖြေ။ ။မဖြစ်ပါဘူး အမတို့ စည်ပင်ရေပေးဝေတာကတော့ ရေလှောင်ကန် တွေက အဓိကပေါ့။ ရေလှောင်ကန်တွေမှာ ရေသိုလှောင်ပြီးသားတွေက ရှိပြီးသား။ ရှိပြီးသားတွေကိုမှ ထက်ဆင့် ရေတွန်းစက်တွေနဲ့ တွန်းတာ အဓိကက လျှပ်စစ်ဓာတ်အားရနေရင် အမတို့ရေလှောင်ကန်တွေမှာက ရေတွေ ရှိပြီသား မိုးရာသီမှာကတည်းက အမတို့ စုဆောင်းပြီးသားဆိုတော့ မီးပုံမှန်ရနေမယ်ဆိုရင်တော့ ရေပြတ်လပ်မှု မရှိပါဘူး။

မေး။ ။ သင်္ကြန်ကာလမှာ အဖြစ်များတဲ့ ပြဿနာတွေထဲမှာ ရေမသန့်ရှင်းမှုကနေ ကူးစက်တဲ့ အရေပြား ပြဿနာတွေလည်း အများစု ဖြစ်တော့လေ သင်္ကြန်မှာပေးဝေမယ့် ရေသန့်ရှင်းမှု ပိုင်းကရော ဘယ်လိုစီစဉ်ဆောင်ရွက်ပါသလဲ။

ဖြေ။ ။သန့်ရှင်းမှုအတွက်က ပုံမှန် အင်းလျားကန်တော်ကြီးက ရေတွေကို ဆေးခပ်တာတို့ ဒိုက်မှော်ဆယ်တဲ့ လုပ်ငန်းတို့ကို ကြိုတင်စီစဉ်ထားပြီးသားပါ။ အမှိုက်တွေ၊ ဒိုက်မှော်တွေကို ရှင်းတယ်။ ယားယံတာမျိုးတွေ မဖြစ်ရအောင် လိုအပ်တဲ့ ဓာတုဗေဒ ဆေးတွေ ခပ်တာပါ။ ပုံမှန်ဆိုရင် ၂ ပတ်လောက်အလိုကတည်းက လုပ်ပါတယ်။ ပုံမှန်ပိုက်လိုင်းရေကတော့ နဂိုလာကတည်းက သန့်စင်ပြီးသားပါ။ အင်းလျားကန်တော်ကြီး ကရေ ကိုတော့ သင်္ကြန်နီးရင်ထပ် ပြီးတော့ သန့်ရှင်းရေး လုပ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading