ဆင်ပစ်မုဆိုး သတင်းပေးရင် သိန်း ၃၀ ပေးမယ်

ဇူးဇူး
ဒေါက်တာဇော်မင်းဦး (ဆင်ဆေးကု) / Zaw Min Oo
Want create site? Find Free WordPress Themes and plugins.

မြန်မာနိုင်ငံမှာ တောဆင်ရိုင်းတွေဟာ အရေခွံခွာယူဖို့အတွက် ၁ ပတ်ကို ၁ ကောင်နှုန်းခန့် သတ်ဖြတ်ခံနေရပါတယ်။ ဒီနှုန်း အတိုင်းသာ ဆက်ဖြစ်နေမယ်ဆိုရင် နောက်နှစ်အနည်းငယ်အတွင်း မြန်မာနိုင်ငံမှာ တောဆင်ရိုင်းတွေ လုံးဝပျောက်ကွယ် သွားနိုင်မယ့် အန္တရာယ်ရှိတယ်လို့ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့ (WWF) မြန်မာရဲ့သတင်း ထုတ် ပြန်ချက်အရ သိရပါတယ်။ ဒီတော့ မြန်မာ့တောဆင်ရိုင်းတွေရဲ့အနာဂတ် ဘယ်လိုရှိမလဲ။ တောဆင်ရိုင်းတွေ သတ်ဖြတ်ခံ ရမှု ဘာကြောင့်မြင့်တက်လာ ရသလဲ။ တောဆင်ရိုင်းတွေ ရင်ဆိုင်နေရတဲ့ အန္တရာယ်တွေကနေ ကာကွယ်တား ဆီးနိုင်ဖို့ အတွက် အစိုးရနဲ့ သက်ဆိုင်ရာဌာနတွေက ဘာတွေဆောင်ရွက်နေသလဲ။ အရေးယူမှုပိုင်းဆိုင်ရာမှာရော ဘယ်လို အားနည်းချက်တွေ ရှိနေသလဲ ဆိုတာတွေ သိရှိနိုင်ဖို့အတွက် မြန်မာ့သစ်လုပ်ငန်း မန်နေဂျာ ဒေါက်တာဇော်မင်းဦး (ဆင်ဆေးကု) ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ မြန်မာ့တောဆင်ရိုင်းတွေ သတ်ဖြတ်ခံရမှုနှုန်း မြင့်တက်လာတယ်လို့ သိရတယ်။ ဘာကြောင့်များပါလဲ။

ဖြေ။ ။ အဓိကက ဈေးကွက်ပေါ့။ အရင်တုန်းက အစွယ်တွေပဲ ယူကြတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်ကစပြီး အရေပြား၊ နှာမောင်း၊ အသားကိုပါယူကြတယ်။ ဆင်အစွယ်ဆို တကယ်ချမ်းသာတဲ့ လူတွေက တန်ဖိုးကြီးပစ္စည်းတခုကို ပိုင်ဆိုင်တဲ့သူ အနေနဲ့ တကယ့်ကို ဂုဏ်ယူဝင့်ကြွားစွာ သုံးလာကြတယ်။

ဆင်နှာမောင်းမှာဆို ကြွက်သားတသိန်းကျော်ရှိတယ်။ သူတို့နှာမောင်းက လိုရာကို လှုပ်ရှားနိုင်တယ်။ သန်မာတယ်။ ဒီတော့ နှာမောင်းကို စွပ်ပြုတ်လုပ်သောက်ရင် အားရှိလာမယ်။ ကြွက်သားတွေ ပိုသန်မာလာမယ်ဆိုပြီး အနောက်နိုင်ငံမှာ ယူဆလာကြတယ်။ ပိုစားသုံးလာကြတယ်။ တလွဲယုံကြည်မှုတွေပေါ့။

အရင်တုန်းက ဆင်စွယ်တခုတည်းအတွက် သတ်တာဆိုတော့ စွယ်စုံဆင်လောက်ပဲ အဓိကသတ်ကြတယ်။ ဒါကြောင့် လည်း ကျနော်တို့ဆီမှာ စွယ်စုံဆင်က မရှိသလောက် ရှားသွားပြီ။ ခုနောက်ပိုင်းမှာ သတ်ပြီးလို့ သေသွားတဲ့အခါ အရေခွံခွာ ယူကြတယ်။ အသားခွာယူ ကျပ်တိုက်ပြီးမှ မြို့ပေါ်ရောက်တဲ့အခါ ယုန်သားခြောက်တွေ ဆတ်သားခြောက်တွေစသဖြင့် ရောင်းကြတာရှိတယ်။

အရေပြားကို ပြာချပြီးလိမ်းရင် ဝဲနှင်းခူပျောက်တယ်လို့ ယူဆပြီး လိမ်းကြတာလည်း ရှိတယ်။ အမှန်တကယ်က အာနိသင် မရှိပါဘူး။ အရေပြားကို ပြာချလိုက်ရင် ကော်ဖြစ်သွားမယ်။ အနာဖြစ်တဲ့နေရာလိမ်းတော့ စေးကပ်ကပ်ဖြစ်နေပြီး ပိုးမဝင် တော့ဘူး။ ဒါတွေကြောင့် ဆင်တကိုယ်လုံးကို အသုံးချလို့ရတဲ့ အနေအထားမျိုးဖြစ်သွားတယ်။ ဒီတော့ ဆင်မုဆိုးတွေ က လည်း တောဆင်ရိုင်းတွေကို ပိုပြီး ပစ်မှတ်ထားလာကြတယ်။ ဒါက အဓိက ပြဿနာပဲ။

မေး။ ။ WWF ရဲ့ထုတ်ပြန်မှုအရ နောက်နှစ်အနည်းငယ်အတွင်းမှာ မြန်မာ့တောဆင်ရိုင်းတွေ လုံးဝ ပျောက်ကွယ်သွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သိရတယ်။ ဟုတ်ပါသလား။

ဖြေ။ ။ ကျနော်တို့ရဲ့တွေ့ရှိမှုကို ပြောရရင် ၁၉၄၁ လောက်က မြန်မာနိုင်ငံမှာ ဆင်ကောင်ရေ ၁ သောင်းကျော်ရှိခဲ့တယ်။ ၁၉၉၈ လောက်က စစ်တမ်းတွေအရ ဆင်ကောင်ရေ ၆ ထောင်လောက်ပဲရှိတော့တယ်။ ၄ ထောင်လောက် ကျသွားတယ်။ ၂၀၀၉ မှာတော့ ၂ ထောင်လောက်ပဲကျန်တော့တယ်။

ခုချိန်မှာ ၁၅၀၀ -၂၀၀၀ ဝန်းကျင်လောက်ပဲ ရှိတော့တယ်။ ၁၉၄၁ ကနေ ၂၀၁၇ အတောအတွင်းမှာ ဆင်ကောင်ရေ ၁ သောင်းကနေ ၂ ထောင်လောက်ပဲ ကျန်တော့တယ်ဆိုတော့ ၈ ထောင်လောက် ပျောက်သွားတယ်။ ဒီတော့ ပျမ်းမျှအား ဖြင့် ၁ နှစ်ကို အကောင် ၁ ရာလောက် ပျောက်တယ်။ တပတ်ကို ၁ ကောင် လောက်ဖြစ်တယ်။ ဒီနှုန်းအတိုင်း ဆက်သွား ရင် အခုရှိတဲ့ ၁၅၀၀ -၂၀၀၀ ဟာ နောက် အနှစ်၂၀ ကျော် ၃၀ မှာ ကျနော်တို့ တောဆင်တွေ ရှိမှာ မဟုတ်တော့ဘူး။

မေး။ ။ တောဆင်ရိုင်းတွေ ပျောက်ကွယ်သွားနိုင်တဲ့ အန္တရာယ်က ဆင်မုဆိုးတွေကြောင့်အပြင် တခြား ဘယ်လို ပြဿနာတွေ ရှိသေးလဲ။

ဖြေ။ ။ နံပါတ် ၁ ပြဿနာက ဒီဆင်တွေကို သတ်ဖြတ်နေတဲ့ဟာကို တားဆီးနိုင်မှု အားနည်းနေတာ။ နံပါတ် ၂ အချက်က အစိုးရပိုင်းမှာရှိတဲ့ ပေါ်လစီပိုင်းက ပုဂ္ဂိုလ်တွေက ဒီဆင်တွေကို ထိန်းသိမ်းဖို့အတွက် သိပ်ပြီးအရေးမကြီးဘူးလို့ ထင်နေတဲ့ သဘောရှိတယ်။ တောရှိရင်တော့ ဆင်ရှိမှာပဲဆိုတဲ့ သဘောမျိုးနဲ့ပေါ့။

နောက်တခုက ဒီတောဆင်တွေရဲ့ habitant စားကျက်ဧရိယာပေါ့။ ဒီစားကျက်ဧရိယာတွေက တဖြည်းဖြည်းနဲ့ နည်းပါးလာ တယ်။ ပျက်စီးလာတယ်။ ရေဒီယို ကော်လာ (လှုပ်ရှားမှုကို စောင့်ကြည့်သည့် GPS ကိရိယာ) တွေတပ်ပြီး လေ့လာခြင်း အားဖြင့် ဆင်တကောင်သည် ပျမ်းမျှအားဖြင့် မိုင်၂၀ ပတ်လည်မှာ တပတ်လောက်နေတယ်။ ပြီးရင် စားကျက်အသစ်ကို ရွှေ့သွားတယ်။ အဲဒီလိုပဲ တနှစ်လုံး ရွှေ့ပြောင်းနေတာ။ ရာသီဥတုပေါ် မူတည်ပြီးတော့မှ နွေရာသီဆိုရင် ချောင်း၊ မြောင်း တွေရှိတဲ့နေရာကို အခြေခံမယ်။

မိုးရာသီဆိုရင် တောတောင်ကောင်းတဲ့ နေရာတွေမှာနေမယ်။ ဆောင်းရာသီဆိုရင် ကောက်ပဲသီးနှံပေါတဲ့ လူတွေနဲ့ နီးစပ် ရာတွေကို ဆင်းလာမယ်။ ဒါ သူတို့ရဲ့ migration (ရွှေ့ပြောင်းမှု) ပဲ။ လမ်းတွေ ဖောက်တာတို့၊ ဆည်တွေဆောက်တာတို့ သစ်တောတွေ ပျက်စီးလာတာတို့ ဒါဟာလည်း သူတို့အတွက် စိန်ခေါ်မှုတခုပဲ။ ကာကွယ်နိုင်မှု အင်အားတွေနည်းတာရယ်။ Habitant တွေ ပျက်စီးလာတာရယ်။ ဒါတွေက တောဆင်တွေအတွက် အဓိက ပြဿနာပဲ။

မေး။ ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက တိုက်ကြီးမြို့နယ်ဘက်မှာ အရေခွံခွာ၊ နှာမောင်း ဖြတ်ခံထားရတဲ့ ဆင်သေတကောင် တွေ့ရှိ ဆိုတဲ့သတင်း တွေ့လိုက်ရတယ်။ ဒီဖြစ်စဉ်အရ ဆင်မုဆိုးတွေ ပိုပြီးအတင့်ရဲလာတဲ့ သဘောလား။

ဖြေ။ ။ ဒီဧရိယာမှာ တောဆင်သတ်နေတာက ဒီတခုထဲမဟုတ်ဘူး။ ပြီးခဲ့တဲ့လလောက်က ဒီလိုပဲ တကောင်အသတ်ခံရ တယ်။ ပြောရရင် တောဆင်မုဆိုးတွေကလည်း အတင့်ရဲလာတယ်။ တောထဲမှာလည်း ရှာဖွေမှုက နည်းနည်းအားနည်းတာ ကိုး။ အဓိကဖြစ်နေတာက ဧရာဝတီနဲ့ ပဲခူးတိုင်းမှာ အများဆုံးဖြစ်နေတာ။ ဒီအတွက်ကိုလည်းပဲ မြန်မာ့သစ်လုပ်ငန်းအနေနဲ့ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအရေးပေါ်အဖွဲ့ ဖွဲ့ထားတယ်။

NGO အဖွဲ့အစည်းတွေ၊ သစ်တောဦးစီးဌာန၊ သစ်တောရဲတွေ နဲ့ ပူးပေါင်းပြီး ပုံမှန်ကင်းလှည့်ပေးတယ်။ ဒီလိုလုပ်ပေးနေတဲ့ ကြားထဲကမှ ဧရိယာတွေကလည်း အရမ်းကျယ်တယ်။ ကျနော်တို့ဘက်ကလည်း ဝန်ထမ်းအင်အား နည်းတဲ့အခါကျတော့ တောဆင်မုဆိုးတွေက ဝင်ချင်တဲ့အပေါက်က ဝင်လို့ရနေတာ။

မေး။ ။ ဆင်မုဆိုးတွေ ပိုမိုအတင့်ရဲလာတာဟာ ဆရာပြောတဲ့ အထက်ကအချက်တွေအပြင် အရေးယူမှု၊ ပြစ်ဒဏ်ပေးမှုအပိုင်း တွေမှာရော အားနည်းချက်တွေ ရှိနေပါသလား။ ဆရာ့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဒီကိစ္စကို အလုပ်ရုံဆွေးနွေးပွဲတခုလုပ်ပြီး ဆွေးနွေးဖူးတယ်။ ဆင်သတ်တဲ့အုပ်စုကို ဖမ်းဖို့အတွက်ဆိုရင် သစ်တော ဦးစီးဌာနရယ်၊ သစ်တောရဲတပ်ဖွဲ့ရယ် ပူးပေါင်းဆောင်ရွက်ပြီး တရားခံကိုဖမ်းရတယ်။ ဖမ်းပြီးရင် အဲဒီတရားခံကို မြို့နယ်ရဲ တပ်ဖွဲ့ကိုလွှဲပေးရတယ်။ မြို့နယ်ရဲတပ်ဖွဲ့ကနေပြီးတော့မှ တရားဥပဒေနဲ့အညီ တရားရုံးတင်ရတယ်။ တရားရုံးမှာ တရားသူ ကြီးရဲ့ ဆင်ခြင်တုံတရားဆိုတဲ့ သူတို့ရဲ့ ခေါင်းစဉ်ရှိတယ်။ ဒါတပိုင်း။

နောက်တပိုင်းက တောရိုင်းတိရိစ္ဆာန်နဲ့ သဘာဝအပင်တွေ ကာကွယ်စောင့်ရှောက်တဲ့ဥပဒေဆိုတာ ရှိပြီးသား။ ဒီဥပဒေမှာ ကျနော်တို့ဦးစီးဌာနက အသစ်ရေးဆွဲထားတာရှိတယ်။ လတ်တလော ဆွေးနွေးပြီးအတည်ပြုဖို့ လိုသေးတာပေါ့။ ဒီဥပဒေ အတည်မဖြစ်သေးခင် ဥပဒေအဟောင်းနဲ့လည်း အရေးယူလို့ရတယ်။ ဥပဒေအဟောင်းမှာ ထောင်ဒဏ် ၇ နှစ်ထိ၊ ငွေဒဏ် ကျပ် ၅ သောင်းထိ ဒဏ်ရိုက်လို့ရတယ်။

ဥပဒေအသစ်မှာကျတော့ ထောင်ဒဏ် ၁၅ နှစ်ထိ၊ ဒဏ်ငွေ ၅ သိန်းထိဆိုပြီး ထောင်ဒဏ်တွေ ငွေဒဏ်တွေကို တိုးမြှင့်ထား တာရှိတယ်။ ဒီလို တိုးမြှင့်ထားပေမယ့် တရားရုံးတွေမှာ တကယ်အရေးယူဖို့လည်းလိုတယ်။ ကျနော်တို့အတွေ့အကြုံအရဆို ၂ နှစ်ကျတဲ့သူ၊ ၃ နှစ်ကျတဲ့သူ၊ ၆ လလောက်ပြန်လွတ်တဲ့သူနဲ့ ဒီလိုမျိုးတွေ အများဆုံးတွေ့ရတယ်။

ပြစ်မှုကျူးလွန်တာ တကယ်ခိုင်မာတယ်။ သတင်းသက်သေလည်း ပြည့်စုံတယ်ဆိုရင် သက်သေကို အများကြီးခေါ်စရာ မ လိုဘဲ ထိုက်သင့်တဲ့ ပြစ်ဒဏ်တခုကို ချမှတ်ပေး။ ပြီးရင် ဒီလိုအရေးယူဆောင်ရွက်မှုကို သတင်းစာ၊ ဂျာနယ်တွေထဲမှာ ချပြ မယ်ဆိုရင် လူတိုင်းက ကြောက်သွားမယ်လို့ ထင်ပါတယ်။

မေး။ ။ တောဆင်ရိုင်းတွေ သတ်ဖြတ်အရေခွံခွာခံနေရခြင်းကို ကာကွယ်တားဆီးဖို့ Voices for Momos ဆိုတဲ့ ကမ်ပိန်းကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အဖွဲ့အစည်းတွေ၊ မြန်မာ့သစ်လုုပ်ငန်းနဲ့ သစ်တောဦးစီးဌာနက ပူးပေါင်းဆောင်ရွက်နေ တာရှိသလို တဖက်မှာလည်း တောဆင်ရိုင်းတွေ သတ်ဖြတ်ခံနေရဆဲဖြစ်တယ်။ ဒီတော့ Voices for Momos ကမ်ပိန်းက အထောက်အကူဖြစ်ပါရဲ့လား။

ဖြေ။ ။ အထောက်အကူပြုပါတယ်။ ၁၀၀ ရာခိုင်နှုန်းတော့ အထောက်အကူမဖြစ်ဘူးပေါ့။ ဒါပေမယ့် ဘာထိရောက်မှုရှိလဲဆို ရင် အဓိက Awareness (အသိပညာပေး) ပေါ့လေ။ အဲဒီမှာ နှစ်ပိုင်းရှိတယ်။ ပထမတပိုင်းက အခုဖြစ်နေတဲ့ဟာတွေ အ ပေါ်မှာ တာဝန်ရှိတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနကသူတွေ ပေါ်လစီပိုင်းဆိုင်ရာက ပုဂ္ဂိုလ်တွေက ဒါနဲ့ပတ်သက်တဲ့ awareness ရမယ်။ နောက်တခုက မိုမို ကမ်ပိန်းကို လူမှုကွန်ရက်စာမျက်နှာတွေကတဆင့် သွားတယ်။ နောက် KBZ တို့ လိုအဖွဲ့ အစည်းတွေရဲ့ စပွန်ဆာနဲ့ billboard တွေထောင်ပြီး အသိပညာပေးတယ်။

ဒီကမ်ပိန်းမှာဆိုရင် ဆင်တွေဟာ ဘယ်လောက်တန်ဖိုးရှိတယ်။ ဆင်တွေကိုသတ်ဖြတ်ပြီးမှ ဆေးဖြစ်ဝါးဖြစ်သုံးနေကြတဲ့ ဟာတွေက တကယ် အကျိုးမရှိပါဘူးဆိုတာတွေကို ပြောနေတဲ့အတွက် တဖက်တလမ်းကနေ အထောက်အကူပြုပါတယ်။ အထိုက်အလျောက်တော့ လူတွေ awareness ရမယ်ထင်ပါတယ်။

မေး။ ။ မြန်မာ့တောဆင်ရိုင်းတွေ မျိုးသုဉ်းပျောက်ကွယ်မသွားစေဖို့ ဘာတွေ အရေးတကြီး ဆောင်ရွက်ဖို့လိုမလဲ။

ဖြေ။ ။ ကမ်ပိန်းတွေလုပ်တာက အသိပညာပေးမှု ပုံစံပေါ့။ အခုလုပ်နေတာက များသောအားဖြင့် မြို့ကြီးတွေမှာ။ WWF အဖွဲ့ကိုလည်း ကျနော် အကြံပေးထားပါတယ်။ အဓိက တောရောမြို့ရော သိအောင်လုပ်ဖို့လိုတယ်။ နောက်တခုက ဥပဒေ တွေ။ အခု ဥပဒေက စာအုပ်ထဲမှာပဲ ရှိတာ။ လူတွေသိတာနည်းတယ်။ အိန္ဒိယတို့ဘာတို့ဆို တောရိုင်းတိရစ္ဆာန်လို၊ သဘာဝ တောတောင်ရေမြေတွေနဲ့ ပတ်သက်တာတွေကို လူတွေမြင်နိုင်တဲ့နေရာမှာ ဥပဒေအရ ဒါကိုလုပ်ရင် ဘယ်လိုပြစ်ဒဏ်ရှိ တယ် ဆိုတာမျိုး awareness ဖြစ်အောင် လုပ်ထားတယ်။ တကယ်အရေးယူတာလည်း ရှိတယ်။ ဒါတွေကို ဌာနဆိုင်ရာ တွေက လုပ်ဖို့လိုတယ်။ ဥပဒေဆိုင်ရာ အသိပညာပေးမှုတွေ ပြည်သူတွေကြားထဲရောက်အောင် လုပ်ဆောင်ဖို့ လိုအပ် တယ်။

နောက်ထပ်အရေးကြီးဆုံးက သက်ဆိုင်ရာ ပြည်သူက ဝိုင်းဝန်းပြီး သတင်းပေးဖို့လိုတယ်။ ကျနော်တို့မှာ ဝန်ထမ်းအင်အား နည်းတယ်။ လုပ်ကိုင်နိုင်တဲ့ဧရိယာနည်းတယ်။ ဒေသခံတွေက ဝိုင်းပြီးတော့ သတင်းပေးတဲ့စနစ်နဲ့ များများပူးပေါင်းဆောင် ရွက်မှ ထိန်းသိမ်းတဲ့လုပ်ငန်းတွေ အောင်မြင်မှာ။ ကိုယ့်နိုင်ငံရဲ့ရတနာဖြစ်တဲ့ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ တောဆင်တွေကို ထိန်းသိမ်းကာကွယ်ဖို့ ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုတယ်။

အခုနောက်ပိုင်း ကျနော်တို့ ဘာလုပ်သလဲဆိုတော့ Secret Information ပေါ့။ အခု စမ်းလုပ်နေတယ် ဧရာဝတီတိုင်းမှာ။ သတင်းပေးတဲ့သူရှိရင် သိန်း ၃၀ ပေးမယ်။ ဒါကို ကျနော်တို့က ပေါ်ပေါ်ထင်ထင် မပေးဘူး။ ဒီဟာတခုကို လုပ်တဲ့အတွက် ကြောင့် ပြီးခဲ့တဲ့အပတ်ကဆိုသတင်းပေးတယ်။

သတင်းပေးတဲ့အတွက် ငွေကျပ် သိန်း ၃၀ ထောက်ပံ့ပေးလိုက်တယ်။ အခုဆို ဆိုင်းဘုတ်ကို ထောင်ပေးထားတယ်။ ဘယ် ဖုန်းနံပါတ်ကို ဆက်သွယ်ပြီး သတင်းပေးနိုင်ပါတယ်။ တကယ်လို့ ဖမ်းမိလို့ရှိရင် ဆုချမယ်ပေါ့ဗျာ။ အခုက မိုဘိုင်းလ်ဖုန်းက နေရာတိုင်း သုံးနိုင်တဲ့အတွက်ကြောင့် မက်ဆေ့ပို့လို့ရတယ်။ အဲဒီလို ချန်နယ်နဲ့လုပ်ထားတယ်။ သူတို့အတွက်လည်း ပြဿ နာ မရှိအောင် ခြိမ်းခြောက်မှုမရှိအောင် သတင်းပေးတာမသိအောင် လျှို့ဝှက်ပြီးတော့မှ လုပ်ထားတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading