ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ၊ အင်းဒင်ကျေးရွာ လူသတ်မှုသတင်း ဖော်ထုတ်ဖို့ကြိုးစားခဲ့ကြတဲ့ Reuters သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို ရဲမှူးချုပ် တင်ကိုကို ကိုယ်တိုင်ဦးစီးပြီး အမှုဆင်ဖမ်းဆီးခဲ့တယ်လို့ တရားလိုပြသက်သေဖြစ်တဲ့ ဒုရဲမှူး မိုးရန်နိုင်က ဧပြီ ၂၀ ရက်နေ့ ရုံးချိန်းမှာ ဖွင့်ချထွက်ဆိုလိုက်ပါတယ်။
ဒု ရဲမှူး မိုးရန်နိုင်ရဲ့ ထွက်ဆိုချက် အပြီးနေပြည်တော်မှာရှိတဲ့ သူရဲ့ မိသားစုဝင်တွေဟာလည်း နေထိုင် ရာ ရဲ ဝန်ထမ်းအိမ်ရာကနေ အထက်ညွန်ကြားချက်ဆိုကာ မနေ့က ဖယ်ရှားခြင်းခံလိုက်ရပါတယ်။
လက်ရှိမှာလည်း ဒုရဲမှူး မိုးရန်နိုင်ဟာ အင်းဒင်ရွာ လူသတ်မှုမှာ သတင်းထောက်တွေကို သတင်းပေး တယ်လို့ စွပ်စွဲခံရပြီး ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်နေ့ကစပြီး ယနေ့အထိ ရက်ပေါင်း ၁၂၀ ကျော် ကြာ ရဲတပ်ရင်းမှာ ချုပ်နှောင်ခံထား ရသူဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေနဲ့ ပတ်သက်ပြီး ဒုရဲမှူးမိုးရန်နိုင်ရဲ့ ညီအရင်းဖြစ်တဲ့ ကိုရဲဝင့်နိုင်ကို ဧရာဝတီ သတင်းထောက် ထွန်းထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ ဘယ်သူ့ ညွန်ကြားချက်နဲ့ ဖယ်ခိုင်းတယ်ပြောပါလဲ။
ဖြေ ။ ။ ဘယ်သူကကလို့တော့ မပြောဘူး။ အထက်က ညွန်ကြားချက်နဲ့ပဲ ဖယ်ပေးဖို့ ပြောတာပေါ့။ အဲ့ဒါနဲ့ သူ့သမီးအကြီးလေး ကိုခေါ်ပြီး ပစ္စည်းလေးတွေ သွားသိမ်းကြတာပေါ့။
မေး ။ ။ ကိုမိုးရန်နိုင်ရဲ့ ထွက်ဆိုချက်တွေနဲ့ ပတ်သက်လို့ ဘယ်လို ထင်ပါသလဲ။
ဖြေ ။ ။ အကိုတယောက်တည်းအနေနဲ့ဆိုရင်တော့ ကျနော်တို့က စိတ်မပူပါဘူး။ ဒေါင်ကျကျ၊ ပြားကျကျပေါ့။ သူ့ကို လည်း ယုံကြည်တယ်။ သူ့မှာ သားသမီးတွေရှိတယ်။ ကျနော်မှာလည်း သားသမီးတွေရှိတယ်။ ကျနော်တို့ကြောင့်တော့ သားသမီးတွေရဲ့ အနာဂတ်မှာ အထိအခိုက် အဖြစ် မခံနိုင်ဘူး။ ကျနော့်အကိုလည်း ဒီအတိုင်းပဲ။ သူ အမှန်တရားတွေ ထွက် ဆိုတယ်ဆိုတာက အနာဂတ်မှာ ဒီကလေးတွေအပေါ် ထိခိုက်မှာ စိုးတဲ့အတွက်ပါ။ သူ့ရဲ့သားသမီးတွေအတွက် သူ့ကြောင့် သားသမီးတွေ တက်လမ်းတွေ မပိတ်စေချင်ခဲ့ဘူး။ နိုင်ငံတော် သစ္စာဖောက်ခဲ့တဲ့ဆိုတဲ့ အရိပ်မည်း ကြီးနဲ့ သားသမီးတွေ အနာဂတ်ကို ဖုံးမနေစေချင်ဘူး။ အဲ့ဒါကြောင့် အကို့ရဲ့ အမှန်တရားတွေ ထွက်ဆိုတာကို ကျနော်တို့က ထောက်ခံတယ်၊ အားပေးတယ်၊ ဂုဏ်လည်းယူတယ်။
မေး။ ။ ဒုရဲမှူး မိုးရန်နိုင်က ဘယ်ဇာတိပါလဲ
ဖြေ ။ ။ ခင်ဦးမြို့နယ် ဇာတိပါ။ မွေးချင်းက ကိုးယောက်ရှိပါတယ်၊ မိဘတွေ ဦးလှမောင်၊ ဒေါ်ဝေဝေပါ။ ကျနော်တို့က ဗမာတွေပါ။
မေး ။ ။ အကိုတို့ မိသားစုအကြောင်းလေး နည်းနည်းလောက် ပြောပြပါလား။
ဖြေ ။ ။ အဖိုးတွေ လက်ထက်ကတည်းက အင်္ဂလိပ်ခေတ်၊ ဂျပန်ခေတ် ကူမဲတို့ ၊ ကျောက်ဆည် တို့မှာ ဌာနအုပ်ကြီး အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တာ၊ အသက် ၁၀၀ မှာဆုံးသွားတာ။ နာမည်က ဦးအုန်း။ အဖိုးက မွေးတဲ့ သားသမီး ၉ ယောက်ထဲမှာ ကျနော်တို့အဖေက အကြီးဆုံး။ အဖေတို့ မွေးချင်း ၉ ယောက်မှာ ယောကျ်ားလေးက ၈ ယောက်ပါတယ်၊ မိန်းကလေးကတယောက်တည်း။ အဖေအပါအဝင် သူတို့ ညီအကို ၈ ယောက်မှာ ၇ ယောက်က ရဲတပ်ဖွဲ့မှာ တာဝန် ထမ်းခဲ့တဲ့ သူတွေ ကြီးပဲ။ မျက်လုံး သိပ်မကောင်းတဲ့ ဦးလေးတယောက်ပဲ ရဲထဲမဝင်ခဲ့တာ။ CID မှာလုပ်ခဲ့ သူလဲပါတယ်၊ အခုပင်စင်ယူလိုက်ကြပြီး စာရေးဆရာ၊ ကဗျာဆရာနဲ့ ကာတွန်းရေးတဲ့သူတွေလည်း ရှိတယ်၊ ကျနော် တို့ အဖေဆိုရင် ရဲကနေ ကုန်သွယ်လယ်ယာကိုပြောင်းတယ်၊ အဲ့ဒီကနေ သမဝါယမကိုထပ်ပြောင်းပြီး အခုတော့ ဦးစီးမှူးရာထူးနဲ့ ပင်စင်ယူသွားပြီး။ ကျနော်တို့မှာ မွေးချင်ကလည်း ၉ ယောက်ရှိတယ်၊ အဲ့မှာတော့ ကိုမိုးရန်နိုင်တယောက်ပဲ ရဲထဲဝင်ခဲ့တာပါ။
မေး ။ ။ ကိုမိုးရန်းနိုင်ရဲ့ မိသားစုအခြေအနေလည်း ပြောပြပါဦး။
ဖြေ ။ ။ သူ့မိန်းမက မတူးတူးပေါ့။ သူ့သမီး အကြီးဆုံးက စီးပွားရေးတက္ကသိုလ် ဒုတိယနှစ်၊ မိတ္ထီလာမှာ Day တက် နေတာ။ အလတ်ကောင်က ဒီနှစ် ဆယ်တန်းဖြေထားတာ၊ သူကအခုတော့ သူ့အဖိုးနဲ့ အညာမှာပို့ထားတယ်။ အငယ် ကောင်မလေးကတော့ ၇ တန်းဖြေထားတယ်။
မေး ။ ။ ကိုမိုးရန်နိုင်က ရဲတပ်ဖွဲ့ထဲကို မဝင်ခင် ဘာတွေလုပ်ခဲ့ပါသလဲ
ဖြေ ။ ။ အကိုက ရဲထဲကို မဝင်ခင်က ကျောင်းဆရာ၊ ခင်ဦးမြို့နယ် အညာသီဟတောကျေးရွာမှာ မူလတန်း ကျောင်း အုပ်၊ မြို့ပေါ်မှာလဲ ၁၀ တန်းတွေကို ကျူရှင်ပြခဲ့သေးတယ်။ ၁၉၉၆-၉၇ ခုနှစ် လောက်အထိ ဆယ်တန်းပြခဲ့တယ်၊ ကျူရှင်ပြ ရင်းကနေ ဒုရဲအုပ်အပြင်ဖြေတွေ ခေါ်တော့ လျှောက်တာ ပါသွားတယ်။ နောက်ကရင်ပြည်နယ်က ဇာသပြင်ဘက်မှာ တာဝန်ကျတယ်၊ အဲ့ဒီကနေ ကန့်ဘလူ မြို့နယ်၊ နောက် ကျွန်းလှနယ်မှာလဲ ရေနံမှော်တွေဘက် တာဝန်ကျသေးတယ်၊ သဖန်းဆိပ်မှာလဲ ကျ သေးတယ်။ နောက်ပြီး ကောလင်းမြို့နယ်၊ နောက်တခါ ကယာပြည်နယ်ကိုလဲ တာဝန်ကျသေးတယ်။ ကယားကနေမှ နေပြည်တော် ကိုပြန်ရောက်လာတာ။ အခုတော့ ရန်ကုန် ရဲတပ်ရင်း ၈ မှာပေါ့။
မေး ။ ။ ရဲတပ်ရင်း ၈ နဲ့ မောင်တောကို တာဝန်သွားထမ်းဆောင်တုန်းကကော အဆက်အသွယ်ရ သေးလား
ဖြေ ။ ။ အဲ့ဒီတုန်းကလည်း အခုသူ အသိမ်းခံထားရတဲ့ CDMA 09 492….. ဖုန်းနဲ့ ကျနော်တို့ကို လှမ်းလှမ်းဆက်တယ်၊ နယ်မြေဘယ်လိုအခြေရှိတယ်။
မေး ။ ။ သူအဖမ်းခံရတယ်ဆိုတာကိုရော ဘယ်လိုသိရတာလဲ
ဖြေ ။ ။ အဖမ်းခံရတဲ့ညထဲက ကျနော်တို့သိတယ်ခင်ဗျ။ သတင်းထောက်တွေကို ဖမ်းတဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ ညက တည်းကပဲ သူလည်းအဖမ်းခံထားရပြီဆိုတာ သိတယ်။ ကျနော့ဆီ ဖုန်းလှမ်းဆက် တယ်။ “ ငါ အထိန်းသိမ်းခံနေပြီ၊ ငါ့ဖုန်း ကိုလည်း သိမ်းသွားပြီး၊ ငါ့ Facebook အကောင့်ကိုလည်း ဖျက်ပေးပါလို့ပြောတယ်၊ အဲ့ဒါနဲ့ကျနော်တို့လည်း သူ့အကောင့် ကို ရီပို့တွေဝိုင်းထုလိုက်ကျတာ ပျက်သွားရော။ ဘာဖြစ်လို့ ကျနော်တို့ အဲ့ဒီလိုလုပ်ရသလဲဆိုတော့ သူအခုလို ဖြစ်တာ ဒီကိစ္စလို့ မထင်ဘူးခင်ဗျ။ ကျနော့်အကိုက သူမှန်တယ်ထင်ရင် ငြိမ်မခံတတ်ဘူး။ သူ့ရဲတပ်ရင်းကို ပြောင်းရ တော့ ရောက် ရောက်ချင်း တပ်ရေးဗိုလ်နဲ့ အဆင်မပြေဖြစ်သေးတယ်၊ သူ့ရတဲ့လိုင်းခန်းမှာ မီးချောင်း ကမရှိ၊ ရေက အဆင်မပြေ၊ မိုးတွေကယို၊ သူ့ရဲ့ လိုင်းခန်းအစုတ်ကို မပြင်ဘဲနဲ့ ပေးရမလားဆိုပြီးတော့ သူ့ရဲ့ Facebook ကနေ ခံစားချက် တွေ ရေးဖွင့်တာပေါ့။ အဲ့ကိစ္စကြောင့် လူကြီးတွေစိတ်ဆိုးပြီး ဖမ်းတာလို့ ထင်နေတာ။ အဲ့ဒါကြောင့် သူ့အကောင့် ကို ဖျက်ပေးဖို့ပြောရင်းနဲ့ သိရတာ။
မေး ။ ။ အဖမ်းခံနေတုန်းမှာ သူ့မိသားစုအတွက်ကော ဘာတွေ မှာကြားတာ၊ စီစဉ်တာတွေ လုပ်ပေးဖို့ ပြောသေးလဲ။
ဖြေ ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော့်အကိုက မစိုးရိမ်တတ်ဘူးဗျ။ ဟိုတုန်းကတည်းက သူကယားပြည်နယ် ပြောင်းရတော့ မိသားစုက မပါသွားဘူး၊ ကန့်ဘလူမှာပဲ နေခဲ့ရတာဗျ။ ကျနော်တို့ကပဲ လစဉ် သွားပို့ရတယ်။
ကျန်တဲ့မိသားစုတွေကလည်း ကျောင်းစရိတ် ဘာညာ ဝိုင်းဝန်းပို့ပေးကြတယ်။ အဲ့ဒါတွေကြောင့် ကျနော့် အကိုက အလုပ်နဲ့ ပတ်သက်ရင် ကျန်တာသိပ်လှည့်မကြည့်ဘူး။ မိသားစုကို ပူပင်ရမယ့်အခြေအနေ မဟုတ်ဘူးလို့ သူကတွက်တယ်။
ကျနော်တို့ကလည်း ညီအကို မောင်နှမများတယ်။ အကုန်လုံးကလည်း ချစ်ချစ်ခင်ခင် ရှိတယ်။ အိမ်ထောင်တွေသာ ကျကုန်ကြပေမယ့် ညီအကိုတွေအားလုံးက ရိုင်းပင်းကူညီကျတော့ သူက သူ့မိသားစုကို မပူဘူးခင်ဗျ။
မေး ။ ။ ကိုမိုရန်နိုင်အတွက် ဘယ်လိုတွေ ဆက်လုပ်သွားဖို့ စီစဉ်ထားတာ ရှိသေးလဲ။
ဖြေ ။ ။ စီစဉ်ထားတာတွေ ရှိပါတယ်။ ဒီအမှန်တရား အတွက်ကို သူ့ရဲ့အမှုကို မြန်မြန်ပြီးပြတ်အောင် ဆောင်ရွက်နေ တယ်။
မေး ။ ။ အကို့အနေနဲ့ တခြားဘာများ ပြောချင်သေးလဲ။
ဖြေ ။ ။ တချက်လေးပဲ ပြောချင်ပါတယ်ခင်ဗျာ။ တချို့က အထင်လွဲနေတာလေးတွေ ရှိတယ်။ ဒီရဲဟာ ငွေရချင်လို့ ဆိုတာတွေက ကျနော်တို့က ရယ်လည်းရယ်ချင်တယ်။ အကို့အကြောင်း ကျနော်တို့သိတယ်။ နောက်ပြီး သူတာဝန် ကျခဲ့တဲ့နေရာတွေမှာ ချဲနှစ်လုံးဒိုင်၊ ဘောလုံးပွဲဒိုင်တွေဆီက တောင်းရမ်းစားသောက်ခဲ့ဖူးလား ဆိုတာတွေပါ စုံစမ်းလို့ ရပါတယ်။ ကျနော့် အကိုက အဲ့ဒီလိုလူပါ။ ရဲတွေထဲမှာ နည်းနည်းထူးခြားတဲ့ ရဲပါ။
ဒီလိုလူတယောက်က နိုင်ငံခြား ဒေါ်လာငွေတွေမက်လို့ သတင်းတွေ ရောင်းစားတယ်ဆိုတဲ့အဖြစ်ဟာ ကျနော်တို့ မိသားစုအတွက် ခံရခက်ပါတယ်။ မျိုးရိုးရဲ့ သိက္ခာကိုလည်း ထိပါတယ်။ အခုဆိုရင် ဒီလိုအခြေအနေတွေဖြစ်လာတော့ ငွေအားဖြင့်ကူကြမယ်လို့ ဆက်သွယ်လာကြတယ်။
ကျနော်တို့ဘက်က ပိတ်ပင်ထားပြီး မလုပ်ပါနဲ့ပဲ ပြောထားသေးတယ်။ အမှန်တရားအတွက်ပဲ ဆုတောင်းပေးကြပါ။ အခုတောင် ဘာမှမဟုတ်ဘဲနဲ့ ဒေါ်လာစားပြီး တိုင်းပြည်သစ္စာဖောက်တယ်လို့ ပြောနေကြတာ အထဲမှာ ဒါမျိုး တွေဖြစ်လာရင် ပြောဆိုလာကြတဲ့အခါ ကလေးတွေဘဝအပေါ် ပိုပြီးနစ်မွန်းမှာကို စိုးပါတယ်။ ကျနော့်အကို့ဟာ ဒီလိုလူမဟုတ်ပါဘူး ဆိုတာလေးကို သိကြစေချင်ပါတယ်။