အင်းဒင်ကျေးရွာအနီး လူသတ်မှုဖြစ်စဉ်မှာ သတင်းဖော်ထုတ်ခဲ့ကြတဲ့ သတင်းထောက်နှစ်ဦး အပေါ် သတင်းပေးခဲ့တယ်လို့ ယူဆပြီး ရဲတပ်ရင်းအချုပ်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒုရဲမှူး မိုးရန်နိုင်နဲ့ ပတ်သက်လို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က ဧပြီလ ၂၃ ရက်နေ့ မနက် အစည်းအဝေး တရပ်ပြုလုပ်ကာ ပြည်ထဲရေးဝန်ကြီးဌာနကို စာတစောင်ပေးပို့ခဲ့ပါတယ်။
ကော်မရှင်ရဲ့ စာမှာ ဒုရဲမှူးမိုးရန်နိုင်ကို မိသားစုနဲ့ တွေ့ဆုံခွင့်ပေးဖို့၊ အခြေခံ လူ့အခွင့်အရေးတွေရရှိဖို့ကို ပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ ဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။
အမှုနဲ့ပတ်သက်လို့ လူ့အခွင့်အရေးကော်မရှင်အနေနဲ့ ဘယ်လိုပါဝင် ဆောင်ရွက်သွားမလဲ ဆိုတာတွေကို ကော်မရှင်အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးယုလွင်အောင်က ဧရာဝတီသတင်းထောက် ထွန်းထွန်း အပါအဝင် မီဒီယာတချို့နဲ့ တွေ့ဆုံဖြေကြားချက် တွေကို ဖော်ပြလိုက်ပါတယ်။
မေး။ ။ ဒုရဲမှူး မိုးရန်နိုင် ဖမ်းချုပ်ခံထားရတာနဲ့ ပတ်သက်လို့ ကော်မရှင်က ဘာတွေ ဆုံးဖြတ်ခဲ့ပါသလဲ။
ဖြေ။ ။ ကော်မရှင်ဥပဒေအရ တရားရုံးတခုခု ရှေ့ ရောက်နေတဲ့အမှုကို စုံစမ်းစစ်ဆေးမှု မလုပ်ရဘူးဆိုတာ ရှိပါတယ်။ ဒုရဲမှူး မိုးရန်နိုင်နဲ့ သူ့မိသားစုနဲ့ တွေ့ခွင့်မရဘူးဆိုတာကိုတော့ မိသားစုနဲ့ တွေ့ခွင့်ပေးဖို့ အပါအဝင် သူတို့ရဲ့ အခြေခံ လူ့အခွင့်အရေးတွေ ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ပေးဖို့ ပြည်ထဲရေးကို မေတ္တာရပ်ခံစာ တစောင် ဒီနေ့ပဲ ပို့လိုက်တယ်၊ ဒါနဲ့ပတ်သက်ပြီး ဆောင်ရွက်ပြီးစီးမှု အခြေအနေကိုလည်း ပြန်ကြားပေးပါ ဆိုပြီး ပါတယ်။ တိုင်ကြားချက်နဲ့ ပတ်သက်လို့ တိုင်တန်းတဲ့သူကိုရော၊ သက်ဆိုင်တဲ့သူတွေကိုပါ လက်တုန့်ပြန်မှု မခံရစေရေးအတွက်ကိုလည်း ကော်မရှင်ဥပဒေ ပုဒ်မ ၃၈ အရ ဆောင်ရွက်ပေးပါဆိုပြီး ပြည်ထဲရေးကို စာပို့လိုက်တာပေါ့။
မေး။ ။ သူ့ကို ဖမ်းချုပ်ထားစဉ်မှာ မိသားစုတွေနဲ့ပါ တွေ့ခွင့်မပေးတာ လူ့အခွင့်အရေးချိုးဖောက်သလို ဖြစ်မနေဘူးလား။
ဖြေ။ ။ ဒါတော့ ဖြစ်နိုင်တာပဲ။ အပြစ်ရှိလို့ လူတယောက်က ချုပ်နှောင်ခြင်းခံရတယ်ဆိုရင်၊ ဥပဒေနဲ့မညီဘဲ ချုပ်တယ် ဆိုရင်ပဲ ဒါက လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်နေပြီ။ ဥပဒေနဲ့အညီ ချုပ်တယ်ဆိုရင်တောင်မှ သူ့ဘက်ကနေ အခြေခံအခွင့်အရေးဖြစ်တဲ့ ခုခံချေပပိုင်ခွင့် သူ့မှာရှိရမယ်။ သူက ဥပဒေကြောင်းအရ လိုအပ်တဲ့ ရှေ့နေရှေ့ရပ်တွေ ငှားခွင့်ရှိရမယ်။ ရှေ့နေနဲ့လည်း တွေ့ခွင့်ရှိရမယ်၊ မိသားစုနဲ့လည်း တွေ့ခွင့်ရှိရမယ်။ ဒါက အခြေခံလူ့အခွင့်အရေးတွေပါပဲ။
အဲဒါကြောင့် အခြေခံလူ့အခွင့်အရေးတွေ ရဖို့ပြောတာပေါ့။ ဒီမတိုင်ခင်က တွေ့ခွင့် မရခဲ့ဘူးဆိုတာလည်း ရဲလုပ်ထုံးလုပ်နည်းအရ ဒီလိုအရေးကြီးတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ကို ထိပါးစေတဲ့ ကိစ္စမျိုးကျတော့ မိသားစုနဲ့ဖြစ်ဖြစ်၊ ကျန်တဲ့သူတွေနဲ့ဖြစ်ဖြစ် ဒီလိုအမှုစစ်ဆေးနေဆဲ ကာလမှာ တွေ့ခွင့် မပြုဘူး ဆိုတာလည်း ကြားတယ်။ ဒါတွေက သူ့ရဲ့လုပ်ထုံးလုပ်နည်းရှိတယ် ဆိုရင်လည်း ပြောလို့ မရဘူး၊ တွေ့လိုက်လို့ စစ်ဆေးမှုအပေါ်မှာ ထိခိုက်မှုတွေ ရှိလာနိုင်တယ်ဆိုရင်တော့ တွေ့ခွင့်မပေးဘဲ ထားလို့ ရတာပေါ့။ တမင်သက်သက် တွေ့ခွင့်မပြုဘဲ ထားတယ်ဆိုရင်တော့ လူ့အခွင့်အရေး ချိုးဖောက်တာပေါ့။ လုပ်ထုံးလုပ်နည်းတွေကို ဘောင်ကျော်ပြီးတော့တော့ ကော်မရှင်က ပြောခွင့်မရှိပါဘူး။
မေး။ ။ သူ့ရဲ့ ထွက်ဆိုချက်အရ သတင်းထောက်တွေကို ထောင်ချောက်ဆင် ဖမ်းတယ်ဆိုတာကတော့ လူ့အခွင့်အရေး ချိုးဖောက်တာ ဖြစ်မနေဘူးလား။
ဖြေ။ ။ အဲဒါကတော့ အန်ကယ်တို့က ပြောဖို့ တော်တော်ခက်တယ်။ အမှုကလည်း တရားခွင်မှာ ရောက်နေပြီ။ သူ့ (ဒုရဲမှူး မိုးရန်နိုင်) ကိုလည်း တရားလိုပြသက်သေဆိုပြီးတော့ တရားဝင်တင်ထားပြီ။ သူကလည်း ကျမ်းကြိမ် ပြီးတော့မှ ထွက်ဆိုခဲ့တာဖြစ်တဲ့အတွက် ဒီအပေါ်မှာ ဆုံးဖြတ်ချက်ချဖို့ကျ တရားသူကြီးရဲ့ တာဝန်ဖြစ်သွားပြီ။ အန်ကယ်တို့ကတော့ ဒီအပေါ် ဝင်ပြီးတော့မှ လူ့အခွင့်အရေးချိုးဖောက်တာ ဖြစ်တယ်လို့ ပြောလိုက်မယ်ဆိုရင် တရားသူကြီးက ဘယ်လိုဆုံးဖြတ်မလဲဆိုတာ မသိသေးရတဲ့အချိန်မှာ တရားသူကြီး ဆုံးဖြတ်တာက တမျိုး၊ အန်ကယ်တို့က ဆုံးဖြတ်တာတမျိုးဆိုရင် ဒီနိုင်ငံကြီးက တမျိုးပါလား ဖြစ်သွားမှာလည်း စိုးပါတယ်။
ဒါကြောင့် တရားသူကြီး ဆိုတာကလည်း အန်ကယ်တို့ထက်ပိုပြီး ဥပဒေကြောင်းအရ ပိုကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ အတွက် သူတို့ဆုံးဖြတ်ပါစေလို့ပဲ ပြောချင်တယ်။ အန်ကယ်တို့အနေနဲ့ ဒါကို မှတ်ချက်သိပ်မပေးလိုဘူး၊ တရားသူကြီးတွေ ရှိနေတဲ့အတွက် အန်ကယ်တို့က ဝင်မစွက်ဖက်တာ ကောင်းလိမ့်မယ်လို့ပဲ ထင်ပါတယ်။
မေး။ ။ ကော်မရှင် ဒီနေ့ ပြည်ထဲရေးဝန်ကြီးဌာနကို ပို့တဲ့စာမှာ ဒီအမှုဖြစ်စဉ်မှာ ဥပဒေနဲ့မညီတဲ့ လုပ်ဆောင်မှုတွေ၊ လူ့အခွင့်အရေးအရ ကျူးလွန်မှုတွေရှိနေတယ်လို့ ယူဆမယ်ဆိုရင် အဲဒီလို ကျူးလွန်သူ တွေကို ဖော်ထုတ်အရေးယူဖို့ တောင်းဆိုတာမျိုးရော ရှိလား။
ဖြေ။ ။ အဲဒါတွေတော့ မပါဘူး။ ဒါတော့ ပြည်ထဲရေးရဲ့ တုန့်ပြန်တဲ့အခြေအနေကို ကြည့်ရမှာပေါ့။ ကာယကံရှင်တွေ အနေနဲ့ ကိုယ့်မှာလုပ်ပိုင်ခွင့်တွေ ရှိပါတယ်။ အခု တရားသူကြီးက စစ်ဆေးတာမှာ မြို့နယ်က စစ်ဆေးတာ၊ မကျေနပ်ရင် ခရိုင်တက်လို့ရတယ်၊ ခရိုင်က စစ်ဆေးတာ မကျေနပ်ရင် တိုင်းအဆင့် တက်လို့ ရတယ်။ တိုင်းအဆင့်ကို မကျေနပ်သေးရင် တရားလွှတ်တော်ချုပ်ကို တက်လို့ရတယ်။ အဲဒီကနေမှ စာချွန်လွှာတွေ တင်သွင်းလို့ရတယ်။ ဒီကြားထဲ မကျေနပ်ရင်လည်း နိုင်ငံသားအခွင့်အရေး ကော်မတီစတဲ့ နေရာတွေကို တိုင်တန်းနိုင်တဲ့ ယန္တရားတွေက အများကြီးရှိပါတယ်။
ဒီယန္တရားတွေကမှ လိုအပ်လာရင် လွှတ်တော်တွေကနေ အန်ကယ်တို့ကို လမ်းညွန်လာတဲ့အခါ ဝင်ရောက်လုပ်ကိုင်ရတာက ကောင်းတယ်။ သာမန်အားဖြင့် ဆိုရင်တော့ အန်ကယ်တို့က ဥပဒေအရ ဝင်လို့မရတဲ့ အခြေအနေတွေရှိတယ်လို့ ဖြေပါရစေ။
မေး။ ။ ဒုရဲမှူး မိုးရန်နိုင်ရဲ့ ဇနီးဖြစ်သူကလည်း ဧပြီ ၆ ရက်နေ့ရက်စွဲနဲ့ ကော်မရှင်နဲ့ သမ္မတရုံးတို့ကို ပို့ထားတယ် ဆိုတာ စာ တွေ့မိပါတယ်။ အဲဒါရောက်မရောက် သိပါရစေ။
ဖြေ။ ။ မတွေ့ဘူး အဲဒီစာကို။ မရောက်ဘူး။ အန်ကယ့်ကို မေးတဲ့သူတွေရှိလို့တောင် အဲဒီစာကို ပြန်ရှာခိုင်း သေးတယ်၊ မရဘူး။ အဲဒီရက်က အန်ကယ်ကလည်း လပွတ္တာဘက်ကို ခရီးသွားနေတာ။
မေး။ ။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ အဖမ်းခံရတဲ့ကိစ္စကိုရော ကော်မရှင်အနေနဲ့ ဘယ်လိုဆောင်ရွက်ပေး သွားဖို့ရှိလဲ။
ဖြေ။ ။ အန်ကယ်တို့ အဲဒါနဲ့ပတ်သက်လို့လည်း ကြေညာချက်တစောင် ထုတ်ထားပြီးသားပဲ။ သူတို့လည်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုမရှိစေဖို့နဲ့ သူ့မိသားစုတွေနဲ့ တွေ့ဆုံခွင့်ရရှိဖို့၊ ရှေ့နေရှေ့ရပ်နဲ့ တွေ့ခွင့်ရဖို့၊ ဥပဒေကြောင်းအရ လျှောက်လှဲခွင့်တွေ ရဖို့၊ ဆောင်ရွက်ပေးဖို့ကို ပြည်ထဲရေးကိုလည်း စာပို့တယ်၊ ကြေညာ ချက်လည်း ထုတ်ခဲ့ပါတယ်။
မေး။ ။ အခုအခြေအနေတွေကို ပြည်ထဲရေးကို စာပို့ထားတာ ဘယ်လိုလုပ်ဆောင်နေလဲ ဆိုတာကို ပြန်ပြီး စောင့်ကြည့်ဖို့ကရော ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ အန်ကယ်တို့ဥပဒေအရတော့ ရက်ပေါင်း ၃၀ ပေါ့။ ရက်ပေါင်း ၃၀ အတွင်းမှာ သူတို့ဘက်က အကြောင်း အမျိုးမျိုးကြောင့် မပြန်ကြားနိုင်ဘူး ဆိုရင်တော့ နောက်ထပ် ရက် ၃၀ ထပ်စောင့်ရမှာပေါ့။ လုံးဝ မပြန်ဘူး ဆိုရင်တော့ နောက်ထပ် ထပ်ပို့ရတာပေါ့။ ဒါက လုပ်ထုံးလုပ်နည်းပါပဲ။
မေး။ ။ ကော်မရှင်တင်ပြချက်ကို လုံးဝမလိုက်နာတာမျိုးဆိုရင်ကော။
ဖြေ။ ။ ဒါမျိုးတွေ ဖြစ်လာတာမျိုးကတော့ ဖြစ်ခဲပါတယ်။ ပြည်ထဲရေးကော၊ ဝန်ကြီးဌာနတွေကော၊ ပြည်နယ်၊ တိုင်းအစိုးရတွေကော အန်ကယ်တို့ရဲ့ တင်ပြချက်တွေကို မပြန်ကြားဘူးဆိုတာ တော်တော်နည်းပါတယ်။ ရာခိုင်နှုန်း ၈၀၊ ၉၀ လောက်က ပြန်ကြားမှုတွေရှိပါတယ်။ ဒီကိစ္စကလည်း အင်မတန် အကဲဆတ်တဲ့ကိစ္စဖြစ်လို့ ပြန်ကြားမှာပါ။ မပြန်ကြားဘူး ဆိုတာတော့ မရှိပါဘူး။ လုံးဝမပြန်ကြားဘူး ဆိုရင်တော့ အန်ကယ်တို့က အာဏာရှိတဲ့ အဖွဲ့အစည်း မဟုတ်ဘူးလေ။
အန်ကယ်တို့အနေနဲ့က နှစ်ပတ်လည် အစီအရင်ခံစာမှာပဲ ဝန်ကြီးဌာန တွေက ဘယ်လောက်ပြန်ကြားပေးတယ် ဆိုတာတွေကို ပြည်ထောင်စုလွှတ်တော်ကို တင်ရ တာပေါ့။ လွှတ်တော်ကို တင်ပြတယ်ဆိုတာ ပြည်သူလူထုကို တင်ပြတာပါပဲ။ သူတို့ ဆုံးဖြတ်ပါလိမ့်မယ်။ ကျနော်တို့ ကတော့ ဘယ်ဝန်ကြီးဌာနတွေက ဘယ်လောက် ပူးပေါင်းဆောင်ရွက်တယ်ဆိုတာ ပြည်သူကို တိုင်တည်တာပါပဲ။ ဒါတွေက လွှတ်တော်ကနေပဲ သင့်တော်သလို ဆုံးဖြတ်ပါလိမ့်မယ်။ အန်ကယ်တို့ကတော့ ဘယ်ဝန်ကြီးဌာန ကတော့ အကြောင်းမပြန်လို့ဆိုပြီး ဥပဒေအရလည်း အရေးယူလို့မရဘူး။ အန်ကယ်တို့ အဆုံးစွန်ဆုံး လုပ်နိုင်တာကတော့ ပြည်သူကို တင်ပြတာပါပဲ။
မေး။ ။ လက်ရှိ ဒီအမှုဖြစ်စဉ်ကို ဘယ်လိုများ အမြင်သဘောထား ပေးချင်ပါသေးလဲ။
ဖြေ။ ။ အမှုဖြစ်စဉ်ကို သုံးသပ်ဖို့ကျတော့ တော်တော်ကို အကဲဆတ်ပါတယ်။ အရမ်းလည်း သိမ်မွေ့ပါတယ်။ ဂဃနဏ မသိနိုင်တဲ့ သတင်းအချက်အလက်တွေလည်း ရှိတယ်။ အရမ်းကာရော လျှောက်သုံးသပ်ရင် အမှုက ကြီးကျယ်တဲ့အတွက် ရှုပ်ထွေးသွားနိုင်တယ်။ လျှို့ဝှက်ချက် အက်ဥပဒေကို ဖောက်ဖျက်တဲ့ကိစ္စလည်း ဖြစ်တယ်၊ တဖက်ကကျတော့ မီဒီယာရဲ့ လုပ်ပိုင်ခွင့်လည်းဖြစ်နေတယ်။ ဒီနှစ်ခုကြားမှာ ပြောဆိုရတာက တော်တော် သိမ်မွေ့ပါတယ်။ အန်ကယ့်အနေနဲ့တော့ မီဒီယာလည်း မီဒီယာအလျောက် သူ့ကျင့်ဝတ်နဲ့သူလုပ်၊ ဒီဘက် ကလည်း မီဒီယာကျင့်ဝတ်နဲ့ လုပ်ပိုင်ခွင့်ကို လေးစားလိုက်နာ။ အပြန်အလှန် လေးစားလိုက်နာမှုရှိဖို့ပဲ ပြောချင်တယ်။
မေး။ ။ ကော်မရှင်အနေနဲ့ ဒုရဲမှူး မိုးရန်နိုင်နဲ့ သွားတွေ့ဖို့ရှိလား။
ဖြေ။ ။ သွားတွေ့ဖို့ အစီအစဉ်တော့ မရှိပါဘူး။ အခြေအနေတော့ စောင့်ကြည့်ရပါမယ်။ လက်ရှိ ရဲအချုပ် ထဲမှာပဲ ဖြစ်မယ်။ စစ်သားဆိုရင်လည်း စစ်အချုပ်ထဲမှာပဲ ထားတယ်။ အရပ်သားဆိုရင်သာ ထောင်ကြီးချုပ် ထဲမှာ ထားတာပေါ့။ လိုအပ်လာရင်တော့ သွားကြည့်သင့်၊ မသင့် အများသဘောနဲ့ ဆွေးနွေးပြီး ဆုံးဖြတ်ရ မှာပေါ့။ တယောက်တည်း သဘောနဲ့တော့ လုပ်လို့မရဘူး။
မေး။ ။ သူ့မိသားစုနဲ့ကော ဘယ်တော့လောက် တွေ့မလဲ။
ဖြေ။ ။ လောလောဆယ်တော့ စဉ်းစားနေဆဲပါပဲ။ အန်ကယ်တို့ ဆောင်ရွက်မှုအခြေအနေတွေ တိုးတက်မှု ရှိလာရင်တော့ သူတို့ကို ပြောပြသွားမှာပါ။