ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ထိန်ပင်အမှိုက်ပုံ၌ ဧပြီလ ၂၁ ရက် နေ့လယ်ပိုင်းမှ စတင်၍ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ယနေ့ ငါးရက်မြောက်နေ့ (ဧပြီ ၂၅)အထိ ငြိမ်းသတ်နိုင်ခြင်း မရှိသေးပေ။
ထိန်ပင်အမှိုက်ပုံ ဧရိယာ ၁၀၀ ကျော် ဝန်းကျင်အထိ လောင်ကျွမ်းနေခဲ့ပြီး ယင်းလောင်ကျွမ်းမှု၏ ၄ ရက်မြောက်နေ့၌မူ မီးခိုးအငွေ့များနှင့် အမှိုက်များ လောင်ကျွမ်း၍ ထွက်လာသည့် ညှော်နံ့များမှာ နီးစပ်ရာမြို့နယ်တော်တော်များများ အထိ ပျံ့နှံ့လာခဲ့သည်။ ထိုသို့ ညှော်နံ့ များ ရရှိနေမှုများကြောင့် ပြည်သူလူထု အကြား စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။
အဆိုပါ မီးလောင်မှုအခြေအနေနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနအနေဖြင့် မည်သို့ ကိုင်တွယ် ဆောင်ရွက်နေသည်ကို သိရှိစေရန် ထိန်ပင်အမှိုက်ပုံ မီးလောင်မှု၌ ကိုယ်တိုင် ကိုယ်ကျ နေ့ရောညပါ ဦးစီးကြီးကြပ်၍ ငြှိမ်း သတ်ရာတွင် ပါဝင်သော ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ဦးစီးမှူး ဦးမျိုးဝင်းအား ဧရာဝတီ သတင်းထောက် သဇင်လှိုင်က သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး။ ။ အခု ထိန်ပင်အမှိုက်ပုံ မီးလောင်ရတဲ့ အကြောင်းရင်းကို မီးသတ်ဌာနအနေနဲ့ သိရပြီလားရှင့်။
ဖြေ။ ။ မီးလောင်ရတဲ့ အကြောင်းရင်း cause of fire ကတော့ ကျနော်တို့ ပြောလို့မရသေးဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ အဓိက မီးငြိမ်းသတ်ရေးကို ဦးစားပေး အရင်လုပ်ရပါတယ်။ မီးငြိမ်းသတ်ရေး လုပ်ငန်းစဉ်ပြီးမှ မီးဘာကြောင့် လောင်ရတယ်ဆိုတဲ့ အကြောင်းရင်းကို ရှာဖွေရပါမယ်။
မေး။ ။ မီးလောင်တာကလည်း ငါးရက်မြောက်နေ့ဖြစ်နေပြီဆိုတော့ အခု မီးငြိမ်းသတ်မှု လုပ်ငန်းစဉ်ကရော ဘယ်လိုအခြေ အနေရှိနေပြီလဲရှင့်။
ဖြေ။ ။ မီးငြိမ်းသတ်မှုက အခု မြင်တဲ့အတိုင်း မီးခိုးတွေက တော်တော်များများ ပါးသွားပါပြီ။ ဒါပေမယ့် မီးလောင်မှုက ကျယ် ပြန့်တဲ့အတွက် ကျနော်တို့ အချိန်ယူပြီး ဆောင်ရွက်ရပါတယ်။ အခုဆိုရင် ကျနော်တို့ ကားတွေမြင်တဲ့အတိုင်း ပထမရှိတဲ့ အင်အားနဲ့ နောက်ဖြည့်တဲ့ အင်အားနဲ့ ကျနော်တို့က ပါဝါညီမျှသွားအောင် ဆောင်ရွက်နေပါတယ်။
မေး။ ။ အခု ထိန်ပင် အမှိုက်ပုံ မီးလောင်တဲ့ ဧရိယာအနေနဲ့ ဘယ်လောက် အထိရှိသလဲ။
ဖြေ။ ။ ဧရိယာအနေနဲ့ သူတို့ပြောတာကတော့ ဧက ၃၀၀ လောက်ရှိတယ်ပြောတာပဲ။ အခုလောင်တာကတော့ ဧက ၁၀၀ ကျော်ကျော်လောက်တော့ လောင်တယ်။
မေး။ ။ လက်ရှိအခြေအနေမှာ မီးသတ်အင်အား ဘယ်လောက်နဲ့ ငြိမ်းသတ်မှုကို ဆောင်ရွက်နေတာပါလဲ။
ဖြေ။ ။ ကျနော်တို့ စာရင်းက အတိအကျ ပြောဖို့ ခက်တယ်။ ခန့်မှန်းခြေအရဆိုရင် စည်ပင်ကားရော၊ မိတ်ဖက်ကားတွေ ရောဆိုရင် အစီးရေ ၄၀ လောက်ရှိမယ်။
မေး။ ။ လူအင်အားကရော ဘယ်လောက် လောက်နဲ့ ငြှိမ်းသတ်နေသလဲရှင့်။
ဖြေ။ ။ လူအင်အားကတော့ အခုထပ်ပြီး ရောက်ရှိတဲ့ ကားတွေ ရှိပါတယ်။ လူအင်အားက ၂၀၀ ကျော်ရှိပါတယ်။ အခု မိတ် ဖက်အဖွဲ့အစည်းအနေနဲ့ တပ်မတော်သားတွေရယ်၊ ပြည်သူ့ရဲတွေရယ် ရောက်ရှိနေပါတယ်။ ကားအစီးရေကတော့ ခုနက ပြောသလို ၄၀ နီးပါးလောက်ရှိပါတယ်။
မေး။ ။ လက်ရှိလောင်ကျွမ်းနေတဲ့ မီးလောင်မှုကို ဘယ်တော့လောက် ထိန်းနိုင်မလဲရှင့်။
ဖြေ။ ။ ကျနော်တို့က အခုချက်ခြင်းတောင် ထိန်းချင်တာပေါ့နော်။ ဒါပေမယ့်လည်း မဖြစ်မြောက်သေးဘူးပေါ့။ လုပ်နေကြ တာလည်း အားကြိုးမာန်တက်နဲ့ လုပ်နေကြပါတယ်။ ဌာနချုပ်ကလည်း ညွှန်ကြားရေးမှူးလည်း ရောက်ရှိနေပါတယ်။ နံပါတ် ၁ က ဘေးပတ်ဝန်းကျင်ကို မီးကူးစက်ပြန့်ပွားမှု မရှိအောင် လုပ်မယ်။ ဒါပဲ။ ဒါပြီးတဲ့ အခါကျတော့ အထဲမှာရှိတဲ့မီး ကို အင်နဲ့ အားနဲ့ ငြှိမ်းမယ်။
မေး။ ။ ဘေးပတ်ဝန်းကျင်ကို ကူးစက်မှုကို ထိန်းချုပ်မယ်ဆိုတော့ အခု လက်ရှိအနေအထားမှာ မီးကူးစက်မှုတွေ ဖြစ်ပွား နိုင်သေးလား။
ဖြေ။ ။ လက်ရှိအခြေအနေအရ မရှိတော့ပါဘူးခင်ဗျ။ ကူးစက်မှုကို ထိန်းချုပ်နိုင်ပါတယ် ခင်ဗျ။ မီးငြှိမ်းဖို့ပဲ ကျန်ပါတော့ တယ်။ ဘေးနားကိုတော့ မကူးစက်တော့ပါဘူး။
မေး။ ။ လောင်ကျွမ်းနေတဲ့ မီးကလည်း နေရာကျယ်တယ်။ လှိုက်ပြီးလောင်တာလည်း ဖြစ်တယ်ဆိုတော့ ငြိမ်းသွားအောင် ငြှိမ်းသတ်နိုင်ဖို့ ဘယ်လောက်လောက် ကြာဦးမလဲရှင့်။
ဖြေ။ ။ ကျနော်တို့အတွေ့အကြုံအရ ဆိုရင် ဒါအမှိုက်ပုံမီး။ အဆောက်အဦးမီးနဲ့ မတူဘူး ခင်ဗျ။ အမှိုက်ပုံမီးက အောက်က အောက်ခြေကနေ လှိုက်ပြီးလောင်တဲ့အခါကျတော့ အပေါ်က ငြှိမ်းတဲ့အခါ ငြိမ်းသွားပြီး နေအပူရှိန်က ပြင်းတဲ့အခါကျတော့ ပြန်ခြောက်ပြီးတော့ အဲဒီကနေ ထထလောင်တဲ့ သဘောရှိတယ်။ ဒါကြောင့် ရေကို အထဲကို ရောက်သွားအောင် ဆောင် ရွက်နေရခြင်း ဖြစ်ပါတယ်။
မေး။ ။ လက်ရှိ မီးငြှိမ်းသတ်ရေးလုပ်ဆောင်ရာမှာ ဘယ်လို အခက်အခဲတွေ ရှိနေပါသလဲ။ ရေရှိရေးအတွက် ဘယ်လိုဖြေ ရှင်း ဆောင်ရွက်နေလဲ။
ဖြေ။ ။ အခက်အခဲကတော့ ရေရရှိတဲ့ နေရာနဲ့က လှမ်းတယ်။ ရေရရှိတဲ့ နေရာကနေ Direct Fire လုပ်မယ်ဆိုရင် ပိုက် တော်တော်များများကို အသုံးပြုရမယ်။ ဟိုဘက်ဘေးမှာဆိုရင် ရိုးချောင်းရှိတယ်။ နောက် ဒီဘက်မှာဆိုရင် ကန်ရှိတယ်။ နောက် ဟိုဘက်ခြမ်းမှာဆိုရင် ချောင်းရှိသေးတယ်။ အဲဒီ ချောင်းတွေမှာဆိုရင် စက်ကလေးနဲ့ ထိုင်ပြီး စုပ်တာရှိတယ်။ ဝေး တဲ့နေရာတွေဆိုရင် ကားတွေနဲ့ ခေါက်တုံ့ ခေါက်ပြန်သယ်ပြီး ပို့တာ ရှိပါတယ်။ မီးငြှိမ်းသတ်ရေးလုပ်ငန်းမှာ ရေရှိမှုက အဓိ က အရေး ကြီးဆုံးပါပဲ။
အခုက ရေရှိရေးအတွက် နေရာအများကြီးမှာ Portable ရေစုပ်စက်တွေနဲ့ ထိုင်ပြီး ကားတွေ အများကြီးလည်း သုံးထား တော့ အဆင်ပြေနေပါပြီ။
မေး။ ။ အခု မီးလောင်တဲ့ ဧရိယာက နေရာအားဖြင့် ကျယ်ဝန်းတာ့ တခြားရော ဘာအခက်အခဲတွေ ရှိပါဦးမလဲ။
ဖြေ။ ။ ဧရိယာကျယ်တဲ့အခါ ကျတော့ ထိန်းချုပ်ဖို့ နည်းနည်းခက်တာပေါ့။ ဒါပေမယ့်လည်း အခု ပထမအဆင့်အနေနဲ့ ထိန်း ချုပ်နိုင်မှု အဆင့်က ကျော်သွားပြီ။ ထိန်းချုပ်နိုင်တဲ့ အဆင့်က ပြီးသွားပြီ။ မီးလုံးဝငြိမ်းပြီးတော့ မကူးစက်နိုင်တော့ဘူး။ နောက် မီးခိုးလုံးဝ မထွက်တော့တဲ့အထိ ထပ်ပြီးတော့ ငြှိမ်းသတ်ရပါဦးမယ်။
မေး။ ။ အမှိုက်ပုံဆိုတော့ မီးငြှိမ်းသတ်ရာမှာ ဘယ်လိုအန္တရာယ်ရော ကြုံနိုင်သေးလဲ။
ဖြေ။ ။ အမှိုက်ပုံဆိုတော့ အမှိုက်တွေက ပွတဲ့ ပစ္စည်း၊ အသုံးအဆောင် ပစ္စည်းမျိုးစုံလာပြီး ပုံထားတဲ့ အခါကျတော့ လောင် သွားတဲ့ဟာက အပေါ်ယံပဲ ငြိမ်းပြီးတော့ ဆတ်ကနဲ ကျွံကျသွားနိုင်တယ်။ အဲဒါကြောင့် ကျနော်တို့ ညဘက် မီးငြှိမ်းသတ် တဲ့အခါ အရမ်းကို သတိထားပြီး ငြှိမ်းသတ်ရပါတယ်။
မေး။ ။ အခု မီးငြှိမ်းသတ်ရေး လုပ်နေတဲ့ မီးသတ်ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရတာမျိုးရော ရှိလား။
ဖြေ။ ။ အခု လောလောဆယ်တော့ မရှိပါဘူးခင်ဗျ။
မေး။ ။ ဒီလို အမှိုက်ပုံ မီးလောင်တာမျိုးက ဒါ ပထမဦးဆုံးပဲလား။
ဖြေ။ ။ အမှိုက်ပုံတွေက တော်တော်များများ မီးလောင်တာများပါတယ်။ ကျနော်တို့ ငယ်ငယ်တုန်းကဆို အလုံအမှိုက်ပုံ စသဖြင့်ပေါ့။ ဒီဟာကတော့ ဧရိယာအားဖြင့် ကျယ်တာပေါ့။
မေး။ ။ မီးငြှိမ်းသတ်ရာမှာ ဘယ်လိုစနစ် ဘယ်လုံပုံစံမျိုးနဲ့ ငြှိမ်းသတ်နေပါသလဲ။
ဖြေ။ ။ အဲဒါကတော့ ငန်းတိုက်တဲ့စနစ်ပေါ့။ မီးလောင်နေတဲ့ ဧရိယာကို ဝိုင်းပြီးတော့ ငန်းတိုက်ပြီး အနားကို တဖြည်းဖြည်း ပတ်ပြီး ငြှိမ်းတဲ့စနစ်ကို သုံးတယ်။ ကျနော်တို့ အနားမသတ်ဘဲ ဖောက်ပြီး ဝင်သွားရင် ကိုယ့်ကို မီးပြန်ဝိုင်းနိုင်တယ်။ အဲဒါ ကြောင့် အနားသတ်ပြီး သွားတဲ့ စနစ်နဲ့ ငြှိမ်းနေရတယ်။
မေး။ ။ ခေတ်မီစက်ကိရိယာတွေ၊ ဥပမာ ရဟတ်ယာဉ်နဲ့ မီးငြှိမ်းသတ်တာမျိုး မရှိဘူးလားရှင့်။
ဖြေ။ ။ ကျနော်တို့ ခေတ်မီပစ္စည်းတွေကတော့ ဘတ်ဂျက် အတိုင်းအတာနဲ့ နှစ်စဉ်ဝယ်ယူဖြည့်တင်းတာ ရှိပါတယ်။ ဟို ရဟတ်ယာဉ်ကတော့ ကျနော်တို့မှာ မရှိပါဘူး။
မေး။ ။ ဒီမှာ တာဝန်တွေကိုရော ဘယ်လိုချထားပေးထားပါသလဲ။
ဖြေ။ ။ ကျနော်တို့ နေ့ရော၊ ညရော မနားတမ်းဆောင်ရွက်ရတော့ အင်အားမကျသွားအောင် တပ်ဖွဲ့ဝင်တွေကို လဲလဲပြီး တော့ ပါဝါမကျသွားအောင် ဆောင်ရွက်နေပါတယ်။
မေး။ ။ အခု မီးလောင်မှုကြောင့် မီးခိုးငွေ့တွေ၊ ညှော်နံ့တွေက မြို့နယ်တော်တော်များများကို ရောက်တော့လေ ပြည်သူ လူထုက စိုးရိမ်ပူပန်မှုတွေ ရှိနေကြတဲ့အပေါ် ဘယ်လိုပြောကြားပေးချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့က တကယ် အားကြိုးမာန်တက် ငြှိမ်းနေပါတယ်လို့။ မီးခိုးက လေသင့်ရာသွားတဲ့အတွက် ကိုယ်ချင်း လည်း စာပါတယ်လို့။ အမြန်ဆုံးလည်း ငြှိမ်းသတ်နေပါတယ်လို့ ပြောချင်ပါတယ်။