မြန်မာနိုင်ငံ၏ အထင်ကရ လေဆိပ်တခုဖြစ်သည့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို နိုင်ငံတကာ အဆင့်မီ လေဆိပ် တခု ဖြစ်ပေါ်စေရန် အတွက် လေဆိပ် အဆောက်အအုံ တိုးချဲ့ခြင်း လေယာဉ် ပြေးလမ်းများ ပြုပြင်ခြင်း တို့ကို ၂၀၁၄ ခုနှစ်မှ စတင်၍ လုပ်ဆောင်ခဲ့သည်။
ထိုကဲ့သို့ ပြုပြင် တည်ဆောက်မှုများကို ပုဂ္ဂလိက ကုမ္ပဏီနှင့် ပူးပေါင်းကာ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပြီး လက်ရှိအချိန်၌ လုပ်ငန်းအားလုံး ပြီးစီးလု အခြေအနေတွင် ဖြစ်သည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် ပြုပြင်တည်ဆောက်မှု၊ လက်ရှိ အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ပတ်သက်ပြီး လေကြောင်းဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်ကို ဧရာဝတီ သတင်းထောက် မျိုးပပ စန်း က တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြ လိုက်ပါသည်။
မေး။ ။ လက်ရှိ ရန်ကုန်လေဆိပ် အဆင့်မြှင့်တင်မှု အခြေအနေက ဘယ်လိုရှိပါသလဲ။ ဒီနှစ်ထဲမှာ ဘာတွေဆက်လက် လုပ်ဆောင်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ ရန်ကုန်လေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို ဦးတို့က YACL လို့ခေါ်တဲ့ Yangon Aerodrome Co., Ltd ကုမ္ပဏီ လီမိတက်နဲ့ စာချုပ်ဆိုပြီးတော့မှ ခွင့်ပြုခဲ့တယ်။
သူတို့ကတော့ Phase 1, 2, 3 ဆိုပြီးတော့ အဆင့်သုံးဆင့်နဲ့ လုပ်မယ် လို့ တင်ပြခဲ့တယ်။ အခုတော့ Phase 3 ရောက် နေပြီ။ တချို့တလေလည်း Phase 2 လုပ်ရမယ့် ဟာလေးတွေ ကျန်သေး တယ်။ အခုဆက်လုပ်နေတယ်။ အဓိက တော့ အခု Terminal 1 နဲ့ 2 ကို ဆက်တာကို လုပ်နေတယ်။ အရင်တုန်းက အလယ်မှာ အဆောက်အဦး ရှိတယ်။ ဒါကို ဖျက်သိမ်းပြီးတော့ လုပ်နေတယ်။
အဲဒါပြီးရင် ဦးတို့ ရုံးရှေ့မှာရှိတဲ့ ကုန်စည်ပို့ဆောင်ရေး သိုလှောင်ရုံရှိတယ်။ အဲဒါကို အတွင်းထဲကို ရွှေ့ဖို့ ရှိတယ်။ ဒါရွှေ့ပြီး ရင် လက်ရှိဒီနေရာမှာ VIP Terminal အသစ် ထပ်ဆောက်ဖို့ ရှိတယ်။ ဒါကအဆောက်အဦးနဲ့ ပတ်သက်တဲ့ အပိုင်းပေါ့ လေ။
နောက်အပိုင်းကတော့ အတွင်းထဲမှာ လေယာဉ်ပြေးလမ်းတို့ လေယာဉ်သွားလမ်းတို့ ဒါတွေလည်း ချဲ့ပြီးတည်ဆောက် နေတာတွေရှိတယ်။ လေယာဉ်ပြေးလမ်းကို ထပ်ပြီးအဆင့်မြင့်တင်မယ့် ကိစ္စလေးတွေရှိတယ်။ နောက်တခုကတော့ အခု ဆယ်မိုင်ကုန်းမီးပွိုင့်ကနေ လေဆိပ်ကိုလာတဲ့ လမ်းတလျှောက်ကို လက်ရှိ ၄ လမ်းသွားကနေ ၆ လမ်းသွား ဖြစ် အောင် ဆောင်ရွက်နေပါတယ်။
မေး။ ။ စီမံကိန်းလျာထားချက်က ဘယ်လိုရှိပါသလဲရှင့်။ စီမံကိန်း ပြီးစီးမှုကရော ဘယ်တော့လောက် ပြီးမလဲ။
ဖြေ။ ။ စီမံကိန်းကာလကို မူလက ၃၆ လလို့ ဦးတို့က Phase 1,2,3 ကို ခွင့်ပြုခဲ့တယ်။ အဲဒီတော့ အခု ၃၆ လက ပြည့် သွားပြီ။ ဒါပေမယ့် လုပ်ငန်းကကျန်နေတာ ရှိနေတယ်။ တချို့ဟာတွေကျတော့ ထပ်တိုးချဲ့လုပ်ခိုင်းနေတာတွေရှိတယ်။ နောက်ထပ် ၁၈ လ ထပ်တိုးပေးဖို့ ကုမ္ပဏီက တင်ပြထားတယ်။ ဒါကို ဦးတို့ဌာနက စစ်ဆေးပြီးတော့ ဝန်ကြီးကို တင်ပြ ပြီးတော့မှ နောက်ထပ် ၁၈ လသက်တမ်းတိုးမြှင့်ပေးဖို့ ဆောင်ရွက်နေပါတယ်။
မေး။ ။ ဒီစီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှု ငွေပမာဏက ဘယ်လောက်ရှိပါသလဲ။
ဖြေ။ ။ ရင်းနှီးမြှုပ်နှံမှာကတော့ YACL ပဲ ရင်းနှီးမြှုပ်နှံမှာ ဖြစ်တယ်။ သူက ပြည်ပချေးငွေနဲ့ ဆောင်ရွက်တာဖြစ်တယ်။ ပရောဂျက် တခုလုံးအနေနဲ့ ဒေါ်လာ သန်း ၆၀၀ ကျော်လောက် တင်ပြထားတာ ရှိပါတယ်။
ဦးတို့ကိုလည်း လက်ရှိ ဖွံ့ဖြိုးတိုးတက်လာတဲ့ ခရီးသွားလုပ်ငန်းရော ရန်ကုန်လေဆိပ်က တကယ်တမ်း နိုင်ငံတော်ရဲ့ အဓိက ဝင်ပေါက်ပေါ့လေ။
နိုင်ငံတကာ လေဆိပ်အနေနဲ့က ဟံသာဝတီ လေဆိပ်တည်ဆောက်ဖို့ ဒါချမှတ်ထားပြီးသား။ ဒါက မဖြစ်မနေသွားရ မယ့် လမ်းကြောင်း ဖြစ်ပါတယ်။
အဲဒီတော့ ဒီဟံသာဝတီ လေဆိပ် တည်ဆောက်ဖို့ကိစ္စ နှောင့်နှေးကြန့်ကြာ နေတာရှိသလို အချိန်မီပေါ့၊ လုပ်ဆောင် နိုင်ခြင်း မရှိသေးခင်မှာ အခု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကိုပဲ နောင် ၅ နှစ် ၁၀ နှစ်အတွင်းမှာ သူတို့ ဒီ အတိုင်းပဲ သွားဖို့ ခွင့်ပြုထားတာ ဖြစ်ပါတယ်။
မေး။ ။ ဟံသာဝတီလေဆိပ် ဘယ်တော့ စီမံကိန်းပြန်စမယ်လို့ မှန်းထားပါသလဲ။
ဖြေ။ ။ ဟံသာဝတီ လေဆိပ် စီမံကိန်းကို ဆက်လုပ်ဆောင်ဖို့အတွက် အခု ထပ်မံ ညိုနှိုင်းနေတုန်း ဖြစ်ပါတယ်။ ဒါ ကြောင့် ဟံသာဝတီလေဆိပ် တည်ဆောက်ပြီးသွားပြီဆိုတဲ့အချိန်ကျမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်က လေကြောင်းလိုင်းတွေ ကို ဟံသာ ဝတီကို ရွှေ့မှာဖြစ်တယ်။ ပြည်ပလေယာဉ်တွေ ပြေးဆွဲဖို့ကို ဒုတိယအနေနဲ့ သွားမယ့်ဟာကို လုပ်ထားတယ်။
အလားတူ ပြည်တွင်း လေဆိပ်တွေကို ပုဂ္ဂလိကနဲ့ အစိုးရ အကျိုးတူ ပူးပေါင်း ဆောင်ရွက်ခြင်း (Public Private Partnership-PPP) သွားဖို့လည်း လုပ်နေပါတယ်။ ဒီလို လုပ်တဲ့အခါမှာ ဘာကို အခြေခံပြီးလုပ်လဲ ဆိုတော့ ဦးတို့ဆီမှာ National Transport Master Plan ကို အခြေခံပြီး အဆင့်မြှင့်တင်တာ ဖြစ်တယ်။ အဲဒီ Master Plan အရ သွားတာပေါ့။
၂၀၁၇-၂၀၁၈ ခုနှစ်မှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနက ချပေးထားတာက ပြည်တွင်း လေဆိပ် ၃ ခု အဆင့်မြှင့်တင်မှာ။ ဟဲဟိုး၊ ကော့သောင်း၊ မော်လမြိုင်ရယ်ကို PPP အဆင့်သွားဖို့ လုပ်နေပါတယ်။
မေး။ ။ လေယာဉ်ကွင်း တည်ဆောက်ဖို့ အချိန်နဲ့ လျာထားချက် အခြေအနေအတွေကရော ဘယ်လိုမျိုး သတ်မှတ် ထား ပါသလဲ။
ဖြေ။ ။ အဲဒါကတော့ လေယာဉ်ကွင်းကို ဘယ်လို တည်ဆောက်မယ်။ ဘယ်လို Business Plan ဘယ်လိုရှိမယ်။ ဒါတွေ အပေါ် တွက်လာပြီး တင်ပြလာတဲ့ အချိန်ကျမှပဲ ဆုံးဖြတ် ဆောင်ရွက်လို့ရမယ်။ အကြမ်းဖျင်းအားဖြင့် လေယာဉ် ကွင်း ၁ ကွင်းတည်ဆောက်ရင် ၄ နှစ်၊ ၅ နှစ် ကြာပါတယ်။
မေး။ ။ ရန်ကုန်လေဆိပ် နေ့စဉ်ခရီးသည် ဝင်ရောက်မှုကရော ဘယ်လောက် ရှိပါသလဲ။ ပြီးတော့ လေဆိပ်ကြီး အဆင့် မြှင့်တင်ပြီးရင် ခရီးသည် ဘယ်လောက်လောက်ကို ဝန်ဆောင်မှု ပေးနိုင်မယ်လို့ ခန့်မှန်းပါသလဲ။
ဖြေ။ ။ အခုလက်ရှိကတော့ တနေ့ကို နိုင်ငံတကာ ခရီးသည်ကလည်း ဦးရေ ၆ ထောင်၊ ၇ ထောင် လောက်ရှိတယ်။ ပြည်တွင်းကလည်း ၅ ထောင် ၊ ၆ ထောင်လောက်ရှိပါတယ်။ တရက်ကို ခရီးသည်ဦးရေ ၁ သောင်းနဲ့ ၁ သောင်းခွဲကြား မှာ ရှိပါတယ်။
အဆင့်မြှင့်တင်တယ် ဆိုတာကလည်း နောက်ထပ်ထပ်ပြီးတော့ ခရီးသည် ထပ်ဝင်လာနိုင်တဲ့ Terminal ၁ နဲ့ ၂ ဆက် တာလောက်ပဲ ရှိတယ်။ အခုလက်ရှိ ဝင်နေတဲ့ အနေအထားနဲ့တော့ သိပ်တော့မကွာပါဘူး။ အခုလက်ရှိ သူတို့ကတော့ ၁ နှစ်ကို ခရီးသည် သန်း ၂၀ အထိ အဝင်အထွက် လုပ်နိုင်အောင် ဆောက်မယ်လို့ ပြောထားတာပေ့ါ။ တကယ်က လေကြောင်းလိုင်း တွေ လာဖို့လည်း လိုတာပေါ့။
မေး။ ။ လက်ရှိ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ လေယာဉ် အစီးရေ တရက်ကို ဘယ်လောက်လောက် ဆိုက် ကပ် ပျံသန်းမှုတွေ ရှိပါသလဲ။
ဖြေ။ ။ တနေ့ကို အကြမ်းဖျင်း လေယာဉ် အခေါက်ရေ ၁၄၀ နဲ့ ၁၅၀ ကြား ပြည်ပရော ပြည်တွင်းရော လေယာဉ်တွေ ဆိုက် ကပ်ပါတယ်။ ပြည်တွင်း ပြည်ပ ခရီးသွားအနေနဲ့ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်ကို ချိန်ထိုးကြည့်တာ အများကြီး မတက် လာဘူး။ ဒီရန်ကုန်လေဆိပ်ထဲမှာ၂၀၁၆ ခုနှစ်က ခရီးသည် ၅ ဒသမ ၁ မီလီယံလောက်ရှိတယ်။ ၂၀၁၇ ခုနှစ်ထဲမှာ ၅ ဒသမ ၄ မီလီယံ လောက်ရှိတယ်ဆိုတော့ ၃ သိန်းလောက်ပဲ တိုးလာတယ်။ မှန်းတာကတော့ ၆ သန်း အထက် လောက်ပဲမှန်းတာ။ အဓိကတော့ နိုင်ငံရေး အခြေနေအရလည်း ကျဆင်းသွားတာလည်း ရှိတယ်။
မေး။ ။ အခုလက်ရှိ ပြည်တွင်း၊ ပြည်ပ လေကြောင်း လိုင်းတွေရဲ့ အခြေအနေက ဘယ်လိုမျိုး ရှိပါသလဲရှင့်။
ဖြေ။ ။ အခု ပြည်ပလေကြောင်းလိုင်းတွေ တိုးလာတာဆိုရင် ရန်ကုန်မြို့ကို ပြေးဆွဲနေတဲ့ လေကြောင်းလိုင်း ၃၀ ရှိ သွားပြီ။ အရင်တုန်းကတော့ ၂၀ အောက်မှာပဲ ရှိတာ။ အခုကတော့ တဖြည်းဖြည်းနဲ့ တိုးလာရင်းနဲ့ ၃၀ လောက်ရှိသွား ပြီ။ ပြည်တွင်း လေကြောင်းလိုင်း အနေနဲ့က ၁၀ လိုင်းလောက် ရှိတယ်။ တချို့လိုင်းတွေက လေယာဉ်ပျံမရှိလို့ ခဏ ရပ်ထားရတဲ့ အခြေအနေ ရှိတယ်။ ပြည်တွင်း လေကြောင်းလိုင်းတွေရဲ့ အခြေအနေကတော့ အဓိက ငွေရေးကြေးရေး ပေါ်မှာ မူတည်ပြီးတော့ နည်းနည်းလေး နှေးနေတယ်လို့ ပြောလို့ရတယ်။
မေး။ ။ ရန်ကုန်လေဆိပ် စီမံကိန်းနဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ။ ။ ရန်ကုန်လေဆိပ်က တတ်နိုင်သရွေ့တော့ လေကြောင်း ဦးစီးဌာနနဲ့ YACL နဲ့ ပူးပေါင်း ပြီးတော့မှ ခရီးသည် တွေ ရော လေကြောင်းလိုင်းတွေရော၊ လေယာဉ်တွေ အတွက်ကိုရော အကောင်းဆုံးဝန်ဆောင်မှု ပေးနိုင်ဖို့ကို ဆောင်ရွက် ပေး နေတယ်။ တချို့ အခက်အခဲလေးတွေလည်း ရှိကြတာပေါ့။ ဒါကိုလည်း ဦးတို့တတ်နိုင်တဲ့ ဘက်ကနေ လုပ်ပေးနေ တယ်။ မတတ်နိုင်ရင်လည်း နိုင်ငံတော် အစိုးရထံ တင်ပြ ဆောင်ရွက်ပေးနေတာတွေ ရှိတယ်။
အဓိကပြောလိုတာတော့ ဒီရန်ကုန် လေဆိပ် အဆောက်အဦး အဟောင်းကို အသစ် ပြန်တည်ဆောက်တာ ဆိုရင် ၂နှစ်၊ ၃ နှစ်နဲ့ လုပ်နိုင်တယ်။ ပြန်ကောက်နုတ် ပြောရရင် နိုင်ငံတော် ဘတ်ဂျက်နဲ့ဆို ဒီလောက်တော့ မြန်မြန် မပြီးဘူး။ အဲဒီတော့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်တဲ့ အတွက်ကြောင့်မို့ အချိန်တိုတို အတွင်းမှာ တည်ဆောက် ပြီးစီးတယ်။ အသုံးပြုနိုင်တယ်။ ဒီအကျိုးကျေးဇူးတော့ ရရှိတယ်။
အဓိကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေ အနေနဲ့က ကိုယ့်ရဲ့ အစိုးရ ရန်ပုံငွေနဲ့ လုပ်တာထက်စာရင် ဒီလို PPP စနစ်နဲ့ လုပ်ရင် လုပ် ဒါမှမဟုတ်ရင် ပြည်ပကချေးငွေ၊ ထောက်ပံ့ငွေ နဲ့ လုပ်တဲ့ဟာပဲ လတ်တလော အခြေအနေနဲ့ ကိုက်ညီတယ်လို့ ပြော လို့ရပါ တယ်။ ။