ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ယခုဧပြီလ ၂၆ ရက်နဲ့ ၂၇ ရက်နေ့က ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) နဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် (PC) တို့ တွေ့ဆုံပြီး တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေ အပါအဝင် အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာ နီးနီးစပ်စပ် တွေ့ဆုံဆွေးနွေးနိုင်ဖို့အတွက် ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ရေးအထိ ခရီးမရောက်ခဲ့ပေမယ့်လည်း နှစ်ဘက်ဆွေးနွေးမှုအချို့ ပြေလည်မှုရရှိခဲ့တယ်လို့ သိရပါတယ်။
ဆွေးနွေးပွဲမှာဆွေးနွေးခဲ့တဲ့ အကြောင်းတွေအပြင် အစိုးရနဲ့ KNPP တို့အကြားပျက်ပြားခဲ့တဲ့ ယုံကြည်မှုတွေ ပြန်လည် တည်ဆောက်နိုင်ပြီလား ဆိုတာတွေကို ဧရာဝတီသတင်းဌာနက အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က KNPP ရဲ့ ဗဟိုကော်မတီဝင် ဦးရွှေမျိုးသန့် ကို ဆက်သွယ် မေးမြန်းထားပါတယ်။
မေး။ ။ ငြိမ်းချမ်းရေးကော်မရှင်နဲ့ ဆွေးနွေးပွဲမှာဘာတွေ ဆွေးနွေးဖြစ်ကြပါသလဲ ။
ဖြေ ။ ။ NCA ကိုရေးထိုးနိုင်ခြင်းမပြုနိုင်သေးခင်မှာ ကျနော်တို့ အနေနဲ့ ကာလတိုတခုမှာ ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ဆက်သွယ်ရေး Mechanism တခုကိုထားဖို့။ ပြီးတော့ တပ်ပိုင်းဆိုင်ရာကိစ္စ တချို့၊ ပြီးတော့ ကျနော်တို့ ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့်မှာ ဆက်ဆံရေးတာဝန်ခံတွေ ထားဖို့ ကိစ္စတွေကိုကျနော်တို့ ဆွေးနွေးပါတယ်။
ဆက်သွယ်ရေး Mechanism ထားဖို့ ဆိုတာကတော့ ဥပမာကျနော်တို့ အစိုးရဘက်က ကိုယ်စားလှယ်တွေနဲ့ ကျနော်တို့ နှစ်ဖက် ကိုယ်စားလှယ်တွေ ကြားမှာ ပဋိပက္ခစောင့်ကြည့်ဖြေရှင်းရေး ကော်မတီသဘောမျိုးပါ။
မေး ။ ။ KNPP နဲ့ အစိုးရကြား ၂၀၁၂ ခုနှစ်၊ ၂၀၁၃ ခုနှစ်တို့တုန်းက သဘောတူထားတဲ့ Local Monitoring Team တို့ ပဋိပက္ခ စောင့်ကြည့်ရေး (Joint Monitoring Committee-JMC) ကိစ္စတို့ရော ပြန်ဆွေးနွေး ဖြစ်လား။
ဖြေ ။ ။ အဲ့တာကို ပြန်ဆွေးနွေးပါတယ်။ အဲ့အပေါ်မှာ အခုလက်ရှိအခြေအနေနဲ့ ကိုက်ညီတဲ့ ပုံစံနဲ့ ကျနော်တို့ စုဖွဲ့မှု ပုံစံနဲ့ အစိုးရဘက် ကိုယ်စားလှယ်တွေနဲ့ လစဉ် ပုံမှန်တွေ့ဆုံဖို့ အဲ့လိုကိစ္စမျိုးဆွေးနွေးတာပါ။
မေး ။ ။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတုန်းက KNPP ရဲဘော် ၃ ဦးနဲ့ အရပ်သား ၁ ဦးကို တပ်မတော်က ပစ်သတ် လိုက်လို့ နှစ်ဖက် တင်းမာတဲ့ ကိစ္စတွေကိုရော ဆွေးနွေးလား။
ဖြေ ။ ။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဒီကိစ္စကို ကျနော်တို့ ဆွေးနွေးပွဲမှာ မဆွေးနွေးပါဘူး။ ဆွေးနွေးပွဲစကြတော့ အပြုသဘော ဆောင်အောင်ဆိုပြီး မဆွေးနွေးဘူးပေါ့။ ဒါပေမယ့် ဒီကိစ္စကြောင့် တပ်နဲ့ ကျနော်တို့ လက်နက်ကိုင် အဖွဲ့တွေကြားမှာ ဖြစ်ပေါ်လာတဲ့ ပဋိပက္ခတွေကို ရှောင်ရှားဖို့ အတွက်တော့ နှစ်ဖက်က လိုက်နာရမယ့် အခြေအနေလေးတွေ ဆွေးနွေးဖြစ်တာတော့ ရှိတယ်။ တပ်ဘက် ကလည်း မူလအနေအထား အတိုင်းပဲနေပြီးတော့ နှစ်ဖက် ထိတွေ့မှု မဖြစ်အောင် ထိန်းသိမ်းသွားမယ်ပေါ့လေ။ အဲ့လိုပဲဆွေးနွေးပါတယ်။
မေး ။ ။ နှစ်ဖက် ပဋိပက္ခမဖြစ်အောင် ထိန်းသိမ်းဖို့ ဘာတွေ လိုက်နာဖို့ လိုမလဲ။ ဘာတွေ ဆွေးနွေးခဲ့ကြလဲ။
ဖြေ ။ ။ ကျနော်တို့ Bilateral Agreement တွေမှာတချို့သဘောတူညီချက်လေးတွေ ရှိတယ်။ တချို့ သဘောတူညီချက်တွေကို အပြန်အလှန် လိုက်နာဖို့ ကျနော်တို့ ပြန်ဆွေးနွေးတာပါ ။
မေး။ ။ အခုဆွေးနွေးပွဲမှာ ပြီးခဲ့တဲ့ ၂၀၁၂ တို့ ၂၀၁၃ တို့တုန်းက Bilateral Agreement တွေကို ပြန်ဆွေး နွေး ကြတယ်ဆိုတာတော့ အရင်ကဒီသဘောတူညီမှုတွေက မလုပ်ဖြစ်လို့လား။
ဖြေ ။ ။ ဟုတ်တယ်။ ကျနော်တို့ ၁ အချက်ကတော့ အစိုးရအပြောင်းအလဲ ဖြစ်သွားတယ်။ ကျနော်တို့ သဘောတူညီချက်တွေ ဆွေးနွေးတုန်းက ဦးသိန်းစိန်အစိုးရ လက်ထက်မှာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရတက်လာတော့ ဒီကိစ္စနဲ့ ပတ်သတ်ပြီးသူတို့ဘက်က အရင်ကနဲ့ အချိတ်အဆက် မမိခဲ့ဘူး။ မရှိခဲ့တဲ့ အပေါ်မှာ ထိထိရောက်ရောက် ဆောင်ရွက် နိုင်တာမရှိဘူး။ မရှိလို့လည်းကျနော်တို့ နှစ်ဖက် တွေ့ဆုံမှုအပိုင်း အားနည်းချက်တွေရော အကောင် အထည်ဖော်မှုပိုင်းမှာ အားနည်းချက်တွေရှိလို့ အခု နှစ်ဖက်ဆက်ဆံရေးဖွဲ့ ထားတဲ့ အပေါ်မှာမလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် ပုံမှန်တွေ့ဆုံမှု လိုအပ်တယ် ဆိုတဲ့ အပေါ်မှာ ပြန်ပြီးဆွေးနွေးလာတဲ့ သဘောဖြစ်ပါတယ်။
မေး။ ။ နှစ်ဖက် ဆက်ဆံရေးအတွက် ဆက်ဆံရေးတာဝန်ခံတွေ ထားရှိဖို့ကရော တခါတည်း အစည်းအဝေးမှာ သဘောတူဖြစ်ပါသလား။
ဖြေ ။ ။ ဆက်ဆံရေးတာဝန်ခံတွေ ပြန်လည်ထားရှိဖို့ဆိုတာ ဒီလိုဗျ။ အရင်တုန်းက သက်တမ်းမှာကျတော့ ကျနော်တို့ကို ပြည်ထောင်စုဝန်ကြီး တပါးက ကျနော်တို့နဲ့ ဆက်သွယ်ရေးတာဝန်ခံ သဘောမျိုးထားပေးတာပေါ့။ အခုကျတော့ ဒီအစိုးရ တက်လာပြီးတဲ့ နောက်မှာ ဒီကိစ္စကြီးက ပြတ်တောက်သလို ဖြစ်သွားတယ်။ အခုကအစိုးရဘက်ကလည်း စဉ်းစားတယ်။ ပြည်ထောင်စုအဆင့်မှာ တယောက်ထားဖို့ သူတို့ သဘောတူပါတယ်။ ကျနော်တို့ တိုက်ရိုက် ထိတွေ့ဆက်ဆံဖို့ပါ။
မေး ။ ။ အရင်အစိုးရလက်ထက်တုန်းက ကြားခံဆက်သွယ်ရေး တာဝန်ခံထားပေးရင် ဘယ်အဆင့်ထိတိုက်ရိုက် ဆက်ဆံပြောဆိုလို့ ရပါသလဲ။
ဖြေ ။ ။ အရင်အစိုးရ လက်ထက်တုန်းကဆိုရင် အခုလက်ရှိကြံ့ခိုင်ရေး ဥက္ကဋ္ဌကြီးက ကျနော်တို့ရဲ့ Focal Minister ဖြစ်ပါတယ်။ အရင်ကစွမ်းအင်ဝန်ကြီး ဘဝမှာရော ကျနော်တို့နဲ့ တိုက်ရိုက်ဆက်ဆံတဲ့ ပြည်ထောင်စုဝန်ကြီးအဖြစ် ထားပေးတာ ဖြစ်ပါတယ်။
အဲ့တုန်းက ဦးအောင်မင်းတို့ လက်ထက်ကိုး၊ ဦးအောင်မင်းကျတော့ နိုင်ငံတော် သမ္မတရုံးဝန်ကြီး ဖြစ်လို့ သမ္မတထိ ပေါက်ရောက်တဲ့ အဆင့်ကျတော့ ကျနော်တို့က ဦးအောင်မင်းနဲ့ ဆွေးနွေးရပါတယ်။ ပြည်ထောင်စု အဆင့်မှာ ကျနော်တို့ ပြောစရာဆိုစရာရှိတဲ့ ကိစ္စလေးတွေဆိုရင်တော့ ခုဏပြောတဲ့ Focal Minister နဲ့ ဆွေးနွေးတယ်။ သမ္မတဆီတဆင့် ရောက်ဖို့ဆိုရင်တော့ ဦးအောင်မင်းတို့နဲ့ ဆွေးနွေးတာပေါ့ ။ ဒီလိုတော့ ကွာပါတယ်။
မေး။ ။ ဒီဆွေးနွေးပွဲမှာရော ကြားခံဆက်ဆံရေး တာဝန်ခံထားဖို့ သဘောတူညီမှု ရပြီလား။
ဖြေ ။ ။ ထားဖို့ကိုလျာထားပြီးပါပြီ။ ကျနော် ထင်တာကတော့ ငြိမ်းချမ်းရေးကော်မရှင် PC ကော်မတီဝင် အဖွဲ့ဝင်တဦး NLD ရဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်တဲ့ တဦးကို ကြားခံဆက်ဆံရေးအနေနဲ့ ထားပေးမှာပါ။
ကျနော်တို့ အမြင်ကတော့ PC ကိုတိုက်ရိုက်သွားမယ်ဆိုရင် သူကနေတဆင့်သွားတာတို့ PC ပဲဖြစ်ဖြစ် NRPC ပဲ ဖြစ်ဖြစ်ပေါ့လေ။ အဲ့လိုရှိသလိုဦးဇော်ဌေးတို့ကလည်းကျနော်တို့ကိုပြောတယ်။ လိုအပ်ရင် NRPC လမ်းကြောင်းကိုသူကနေတဆင့် လိုအပ်သလိုချိတ်ဆက် ပြောဆိုလို့ ရပါတယ် ဆိုတာလည်းဆွေးနွေးပွဲမှာ ပြောဆို ဆွေးနွေးခဲ့တာတွေလည်း ရှိပါတယ်။
မေး ။ ။ ဦးသိန်းစိန် လက်ထက်ကလို ကြားခံဆက်ဆံရေး တာဝန်ထားပေးဖို့ကိုဘာလို့ ပြန်တောင်းဆိုတာလဲ။ ကြားခံဆက်ဆံရေး ရှိတာနဲ့ မရှိတာနဲ့ ငြိမ်းချမ်းရေး စကားပြောရတဲ့အခါ ဘာများကွာခြားလို့ပါလဲ။
ဖြေ ။ ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ပြီးခဲ့တဲ့ အစိုးရကျတော့ တိုက်ရိုက် ထိတွေ့ဆက်ဆံလို့ ရတယ်။ ပြည်ထောင်စု ဝန်ကြီးတွေ ဆိုလည်း သူ့ကဏ္ဍအလိုက် အချိန်မရွေး နေပြည်တော်ကို လာတိုင်းလိုအပ်တဲ့ အကူအညီတွေ ဆိုရင် Focal Minister ကနေတဆင့် ဖြစ်ဖြစ် ဆက်ဆံလို့ ရတယ်။ အခုအစိုးရကျတော့ ကျနော်တို့ ပြည်ထောင်စု အဆင့်ကို ဘယ်သူ့ကို စကားပြောရမယ်မှန်း မေးခွင့် မရှိဘူး။ အဲ့တော့ တချို့ကိစ္စ တွေ ဆိုရင် မလိုလားအပ်တဲ့ ဖြေရှင်းတဲ့ နေရာမှာ နှောင့်နှေး ကြန့်ကြာမှုတွေ မဖြစ်အောင် လိုတယ်။ အထူးသဖြင့် ကျနော်တို့နဲ့ အဆက်ဆံလုပ်ဖို့ လိုတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာသွားချင်ရင် ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်ပတ်သတ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အစိုးရအနေနဲ့ ထိထိရောက်ရောက် ဆက်ဆံတာတို့ ဆက်ဆံရေးချန်နယ်ကို ဖွင့်ပေးတာတို့ လိုတယ်။ အဲ့တာကိုကျနော်တို့ ထောက်ပြလို့ သူတို့ ဘက်ကလည်း စီစဉ်ပေးတာပါ။
မေး။ ။ အခု ကြားခံကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေတာက ဘယ်သူလဲ။
ဖြေ ။ ။ ဦးအောင်စိုး (ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင်၊ လွှတ်တော်ကိုယ်စားလှယ်) ကိုသူတို့ ထားပေးပါတယ်။ သူကတော့ ဝန်ကြီးမဟုတ်ပါဘူး။
မေး။ ။ နှစ်ဖက်သတင်း ထုတ်ပြန်ချက်မှာ တပ်ပိုင်းဆိုင်ရာကိစ္စတွေ ဆွေးနွေးတာတိုးတတ်မှု ရှိတယ်လို့ ရေးထားတာတွေ့ပါတယ်။ အဲ့တာကိုလည်းရှင်းပြပါဦး။
ဖြေ ။ ။ ရှေ့တလောကာလတွေမှာ တပ်ဘက်ကလည်း ကျနော်တို့ ပေါ်မှာယုံကြည်မှုတွေ ကျဆင်းပြီးတော့မှ ကျနော်တို့ရဲ့ စစ်ရေးရှုထောင့်အရ ကြည့်ရင် ပြန်ပြီးလှုပ်ရှားလာတဲ့ပုံစံမျိုးတွေ သွားလာတာတွေ တွေ့ရတယ်။ ကျနော်တို့ ဘက်မှာလည်း ပြီးခဲ့တဲ့ ဖြစ်ထားတဲ့ ပဋိပက္ခကြောင့် ကျနော်တို့ လက်နက်ကိုင်အဖွဲ့တွေကလည်းတောထဲမှာ ပြန်ဝင်သွားတဲ့ သဘောရှိတော့ အဲ့တာတွေက သေချာမထိန်းရင် မလိုလားအပ်တဲ့ ထိတွေ့မှု ဖြစ်ရင်လက်ရှိအချိန်ကို ပျက်စီးသွားနိုင်တယ်။ အဲ့တာကိုကျနော်တို့ ဆွေးနွေးတော့ တပ်ကလည်း ဟိုးနဂိုမူလက Bilateral Agreement တွေမှာသဘောတူခဲ့သလို စောင့်ထိန်းပြီးတော့မှ ရှေ့ကာလ အတွက် တည်ငြိမ်အောင် သွားကြမယ်ဆိုပြီး ပြောဆိုဆွေးနွေးတာတွေ့တော့ ကျနော်တို့ အပြုသဘောဆောင်တဲ့ တိုးတတ်မှု ဖြစ်တယ်လို့ ကျနော်တို့ ပြောတာ ဖြစ်ပါတယ်။
မေး။ ။ ဒီတခေါက်တွေ့ဆုံမှု အပြီးမှာ KNPP ဘက်က NCA အပေါ် သဘောထားဘယ်လိုရှိပါသလဲ။ ဒီဆွေးနွေးပွဲက နှစ်ဖက် ယုံကြည်မှု ပြန်လည် တည်ဆောက်နိုင်ခဲ့ပါသလား။
ဖြေ ။ ။ မူလကကျနော်တို့ မတွေ့တာ ကြာပြီ။ ကျနော်တို့ ကြားထဲမှာ ဆက်ဆံရေးအေးခဲမှုတွေ ဖြစ်လာတယ်။ ဒီတကြိမ် တွေ့လိုက်တဲ့ အပိုင်းကျတော့ အစိုးရဖက်က တိုက်ရိုက်ချန်နယ်တွေ ဖွင့်ပေးသလိုတပ်ဘက် ကလည်း ပြီးခဲ့တဲ့ ကတိကဝတ်တွေ ပြန်စောင့်ထိန်းပြီး ပြည်နယ်ရဲ့ တည်ငြိမ်းအေးချမ်းရေးကိုထိန်းသွားမယ်ဆိုတဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ တွေ့ရတဲ့ အတွက်ကြောင့် NCA နဲ့ပတ်သတ်လို့ အရင်တုန်းက ဖြစ်ခဲ့တာထက်စာရင် တခြားသောအခြေအနေတွေ လိုသေးပေမယ့် တွေ့ဆုံပွဲကနေတဆင့်ဖြစ်ပေါ် တိုးတတ်မှု ရတယ်လို့ ပြောနိုင်ပါတယ်။
မေး ။ ။ အခုဆွေးနွေးပွဲက NCA ကိစ္စ ပြောဆိုပါသလား။ ဒါမှမဟုတ် ဖြစ်ခဲ့တဲ့ ပြဿနာတွေ အတွက် ယုံကြည်မှု ပြန်လည် တည်ဆောက်ရေး ဆွေးနွေးပွဲလို့ပဲ ပြောလို့ ရပါသလား။
ဖြေ ။ ။ NCA နဲ့ပတ်သတ်လို့ကတော့ အစိုးရဘက်ကတော့ ဒါကို ဆန္ဒရှိတာပေါ့။ အစည်းအဝေးမှာလည်း မျှော်လင့်ချက် ကြီးကြီး မားမားထားတယ်။ ကျနော်တို့ကျတော့ ခုနပြောသလို တချို့သောအချက်အလက်တွေ လိုသေးတယ်။ လိုသေးလို့ ကျနော်တို့ကို အချိန်ပေးဖို့ လိုသေးတယ်လို့ ပြောတဲ့ အပေါ်မှာလည်းသူတို့ လက်ခံပါတယ်။ လက်ခံတဲ့ အတွက်ကြောင့် ဒီအစည်း အဝေးမှာ NCA နဲ့ပတ်သတ်လို့ အစိုးရဘက်က ဆွေးနွေးခဲ့ပေမယ့် ကျနော်တို့ တင်ပြခဲ့တဲ့ အပေါ်မှာ လက်ခံတဲ့ အတွက်ကြောင့် သူတို့ဘက်ကတော့ တတ်နိုင်ရင် NCA ကိုအမြန်ဆုံးထိုးဖို့ အတွက်တော့ ကြိုးစားပါလို့ တိုက်တွန်း ပြောဆိုတာတွေ ရှိပါတယ်။
မေး ။ ။ ဒီဆွေးနွေးပွဲမှာ နှစ်ဖက်ပြေလည်ကြတယ် ဆိုတော့ ဒီကတဆင့် ဘယ်ကိုဆက်သွားကြမလဲ။ ငြိမ်းချမ်းရေးနဲ့ ပတ်သတ်ပြီး ဘာတွေ ဆက်လုပ်ကြမလဲ။
ဖြေ ။ ။ ကျနော်တို့ အနေနဲ့ကျတော့ လောလောဆယ်မှာ ကျနော်တို့ NCA ထိုးနိုင်သည် ဖြစ်စေ၊ မထိုးနိုင်သည် ဖြစ်စေ လောလောဆယ်မှာ အရေးကြီးဆုံးက ကိုယ့်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်နယ် အတွင်းမှာ လူထုဘဝဖူလုံ သာယာရေး အဆင့်က လက်တွေ့ကျတယ်။ အဲ့တာတွေဖြစ်လာ မြင်လာသိလာမှ ကျနော်တို့ အဲ့ကနေတဆင့် NCA အနေအထားကလည်း ပိုပြီးတော့ ခိုင်မာတဲ့ လုပ်ထုံးလုပ်နည်းတွေ ပိုပြီးလက်တွေ့ကျတဲ့ နိုင်ငံရေးလုပ်ဆောင်ချက်တွေ အတွက် လမ်းဖွင့်မှုတွေ ဖြစ်လာမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ကျနော်တို့ ယုံကြည်မှု တည်ဆောက်တဲ့ အဆင့်မြင့်လာရင် NCA က ပိုနီးစပ်လာမှာပါ။ ယုံကြည်မှု တည်ဆောက်ရေး လုပ်ငန်းစဉ်ကတော့ ဆက်လုပ်သွားဖို့ လိုအပ်ပါတယ်။