After Shock သက်သက်ပဲ စိုးရိမ်ပူပန် မနေဖို့ တိုက်တွန်းချင်တယ်

သဇင်လှိုင်
မြန်မာနိုင်ငံ မြေငလျင်ကော်မတီ နာယကလည်းဖြစ်သူ ဒေါ်လှလှအောင် / သဇင်လှိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

၂၀၁၈ ခုနှစ်အတွင်း ငလျင်လှုပ်ခတ်မှုမှာ လေးလအတွင်း အကြိမ် ၇၀ ကျော် ထိ ရှိလာသည့်အတွက် ပြည်သူလူထု အနေနှင့် စိုးရိမ်ကြောင့်ကြမှုများ ဖြစ်ပေါ်လျက် ရှိသည်။ သို့ဖြစ်ရာ ငလျင်များ ဆက်တိုက်လှုပ်ခတ်နေရခြင်း အကြောင်းရင်းကို သိရှိနိုင်ရန် ဘူမိဗေဒပညာရှင် တဦးလည်းဖြစ် မြန်မာနိုင်ငံ မြေငလျင်ကော်မတီ နာယကလည်းဖြစ်သူ ဒေါ်လှလှအောင်ကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။ ။ လက်ရှိမှာ နေ့တိုင်းနီးပါး လှုပ်ခတ်နေတဲ့ ငလျင်တွေက ဆက်စပ်မှုတွေ ရှိပါသလားရှင့်။

ဖြေ။ ။ ငလျင်တွေ ဆက်စပ်မှုက ဇန်နဝါရီလ ၁၂ ရက်လောက်က စပြီး လှုပ်တဲ့ ပဲခူးရိုးမ ငလျင်တော့ ရှိတယ်။ ပဲခူး ရိုးမ ငလျင်ဆိုရင်သူ့ရဲ့ ဗဟိုချက်က ဖြူးရဲ့ အနောက်၊ အနောက်တောင်ဘက် ၂၉ မိုင်အကွာလို့ ပြောတယ်။ နေရာကို ကြည့်လိုက်တဲ့ အခါ အဲဒီမှာ ဘယ်ပြတ်ရွေ့က လှုပ်လဲဆိုတော့ ပဲခူးရိုးမမှာ ပြတ်ရွေ့တွေက အများကြီးပဲ။ အဲဒီ ပြတ်ရွေ့တွေ အများကြီးထဲမှာ တခုက ပြောင်းပြန်ပြတ်ရွေ့ ဒီလိုအထက်အောက် လှုပ်တာမှာ ပြောင်းပြန် ပြန်သွား တဲ့ ပုံစံနဲ့ ငလျင်လှုပ်သွားတဲ့ အခါကျတော့ သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ မြို့တွေ၊ ရွာတွေ၊ အိမ်တွေ မရှိဘူး။ ရိုးမထဲမှာ ဆိုတော့ ရိုးမကလည်း သိတဲ့အတိုင်း တောင်မြောက် ဆိုရင် မိုင် ၄၀၀၊ အရှေ့အနောက် ဆိုရင် မိုင် ၄၀ ရှည်လည်း ရှည်တယ်။ ကျယ်လည်း ကျယ်တယ်။ တောင်တွေနဲ့ သစ်ပင်တွေပဲ ရှိတယ်။ တောထူထပ်တယ်။ အဲဒီလို နေရာမှာ ငလျင်လှုပ်တာဆိုတော့ လှုပ်သွားတော့ သိပေမယ့် အိမ်တွေ ပျက်ဆီးတာ လူသေကြေတာ မရှိဘူး။ အဲဒီဒဏ်ကိုတော့ ခံစားရတာတွေ ရှိတယ်။ အနှံ့အပြား အကုန်လုံးကို ရောက်သွားစေ ၏တယ်။ အသေအပျောက် မရှိဘူး ဆိုတော့ နည်းနည်းတော့ သက်သာတယ်လို့ ပြောရတာပေါ့။

ဒါပေမယ့် ဘာလဲ ဆိုတော့ သူ့ငလျင်ဗဟိုက တောင်ပေါ်မှာ လှုပ်သွားတာဆိုတော့ တောင်ပေါ်မှာ ငလျင်လှုပ်လို့ ရှိရင် သူကထွက် လာတဲ့ ငလျင်လှိုင်းတွေက ၄ မျိုးလောက်ရှိတယ်။ အဲဒီလှိုင်းတွေက အင်အားပိုကြီးသွားတယ်။ မူလလှုပ်တဲ့ နှုန်းက ၆ ဒသမ ၀ ဆိုရင် တောင်ပေါ်မှာ လှုပ်တဲ့နှုန်းက ပိုပြီးကြီးသွားတယ်။ ပိုပြီးကြီးတော့ ပိုခါတယ်။ အဲဒါကြောင့် လည်း တနိုင်ငံလုံး ခံစားရတဲ့ သဘောဖြစ်သွားတယ်။

နောက်အဲဒါလှုပ်ပြီးတဲ့ အခါကျတော့ after shock လို့ ခေါ်တဲ့ ငလျင်တွေက အဲဒီနေရာမှာ ဆက်ပြီးလှုပ်သွားတယ်။ အင်အားတွေက ၅ ဒသမ၈၊ ၅ ဒသမ ၃ ဆက်တိုက် လှုပ်သွားတော့ ငလျင်ရဲ့ အင်အားဟာ ၆ ဒသမ ၀ ပဲ ဆိုပေမယ့်လို့ အရမ်းကို အင်အားကြီးသွားတယ်။ After Shock တွေကလည်း ဆက်တိုက်လိုက်လာတယ်။ အထူးသဖြင့် ဇန်နဝါရီ ၁၂ ရက်နေ့က လှုပ်တယ်ဆိုရင် ၁၃ ရက်နေ့ ရန်ကုန်မှာ လာလှုပ်တယ်။ အဲဒါပြီးတဲ့အခါကျတော့ မတ်လ ၈ ရက်နေ့မှာ နေပြည်တော်ကို လှုပ်တာတောင် မဟုတ်ဘူး။ နေပြည်တော်ရဲ့ အနောက်ဘက် မြို့မထဲမှာပဲ ၁၂ မိုင်လောက်ပဲ ဝေးတယ်။ နေပြည်တော်နဲ့ တော်တော်နီးတော့ နေပြည်တော်မှာဆိုရင် ဝန်ထမ်းအိမ်ရာတွေ ဘာတွေ ခါပြီးသွားတာ တွေ့တယ်။ အချို့ဆို လန့်ပြီး ပြေးကြတယ်။

အခုလှုပ်နေတဲ့ ငလျင်တွေရဲ့ သဘာဝက နည်းနည်းလေးထူးခြားတယ်။ မနက်ပိုင်းကိုပဲ လှုပ်တာ များတယ်။ အချို့ နေပြည်တော်အနီး ပတ်ဝန်းကျင်မှာ ရှိတဲ့ဘုရားတွေလည်း ပျက်ဆီးတယ်လို့ သိရတယ်။ သူ့ရဲ့ after shock က အဲဒီလောက်နဲ့ မပြီးသေးဘဲနဲ့ တခါတလေကျရင် နဂိုမူလနေရာကိုလည်း ပြန်လာလှုပ်တယ်။ အဲဒီလိုလှုပ်တဲ့အခါ ပထမတုန်းက လှုပ်တာ ၁၀ ကီလိုမီတာဆိုရင် အဲဒီလိုလှုပ်တဲ့ဟာက ၃၀ ကီလိုမီတာ နည်နည်းနက်သွားတယ်။ အဲဒီတော့ ဗဟိုချက်က အထဲရောက်သွားတော့ သိပ်ပြီး မသိသာတော့ဘူး။ အဲဒီလို အကြိမ်ကြိမ် လှုပ်ပြီးတဲ့အခါကျတော့ ရန်ကုန်မှာ သင်္ကြန်တွင်း ၁၃၊ ၁၄၊ ၁၅ တောက်လျှောက်မှာ လှုပ်တယ်။ အဲဒီလို လှုပ်ပြီးတဲ့အခါ ၁၈ ရက်နေ့ကျတော့ တွံတေးမြို့ရဲ့ အနောက်မြောက်ဘက်မှာ ဗဟိုပြုပြီး ငလျင်တခု လှုပ်လိုက်တယ်။ အဲဒီငလျင်ရဲ့ တုန်ခါမှုက အရမ်းပြင်းတယ်လို့ လူတိုင်းလည်း သိသိသာသာခံစားရတယ်။ ရန်ကုန်မြို့က လူတိုင်းလည်း သိသွားတယ်။

မေး ။ ။ After Shock ဆိုပေမယ့် ဘာကြောင့် နေရာအနှံအပြားမှာ လှုပ်ခတ်နေတာလဲရှင့်။

ဖြေ။ ။ အဲဒီလိုဟာတွေ ဖြစ်နေတယ်ဆိုတာ ဘာကြောင့်လဲ ဆိုရင် ပဲခူးရိုးမမှာ ဖြစ်သွားတဲ့ ငလျင်ရဲ့ After Shock တွေကြောင့် ဖြစ်သွားတာ သူရဲ့ အင်အားက အစောက ပြောသလို တောင်ပေါ်မှာ လှုပ်တဲ့အခါ မူလထက်ပိုပြီး အင်အားကြီးသွားတဲ့ အခါကျတော့ မူလထက်ကို ပိုပြီး အင်အားတွေက နေရာအနှံ့အပြားကို ရောက်သွားစေတယ်။ ရောက်တဲ့အခါမှာလည်း ဗရမ်းဗတာတွေ ရောက်တာ အားလုံးနားလည်အောင် ပြောရရင် ပြတ်ရွေ့တွေရှိတဲ့အတိုင်း ပြတ်ရွေ့ရဲ့ လားရာအတိုင်း ရောက်သွားတာ။ သူ့ရဲ့ ပြတ်ရွေ့က တောင်နဲ့ မြောက်ရှိ တာကိုး။ ပဲခူးရိုးမကလည်း တောင်နဲ့မြောက်ရှိတာဆိုတော့ မြောက်ဘက်ဆို နေပြည်တော်ရောက်သွားတယ်။ တောင်ဘက်ဆို ရန်ကုန်ရောက်သွားတယ်။ ပြတ်ရွေ့တခုကကျတော့ ကန့်လန့် ဆိုတော့ ပြည်ဘက်လည်း ရောက်တယ်။ အဲဒီလိုဖြစ်တော့ ဒေသဝန်းကျင်ကြီးတခုလုံးက မငြိမ်မသက်ဖြစ်ပြီး ဆက်တိုက် လှုပ်နေတာပေါ့။

အဲဒီလို လှုပ်နေရာက ၂၀၊ ၂၁၊ ၂၃ သုံးရက်လောက်ကတော့ မူလငလျင် ဗဟိုရဲ့ နေရာမှာပဲ ဖြူးမြို့ရဲ့ အနောက် တောင်ဘက်ကိုပဲ မိုင် ၂၀ အကွာဖြစ်လိုက် ၂၃ မိုင်အကွာဖြစ်လိုက်၊ ၂၆ မိုင်အကွာဖြစ်လိုက်နဲ့ နေရာလေးတွေ နည်းနည်းပြောင်းပြီးတော့ After Shock တွေက နေ့တိုင်းလိုလို ဖြစ်နေတယ်။ အစောက ပြောခဲ့တဲ့ အင်အားဘယ်လောက် ပြင်းသွားလဲဆိုရင် ယနေ့အချိန်အထိ After Shock တွေ ဖြစ်နေတယ်။ After Shock တွေရဲ့ ပမာဏက ဘယ်လောက်ဖြစ်လဲ ဆိုရင် ၅ ဒသမ ၃၊ ၅ ဒသမ ၁၊ ၄ ဒသမ ၈၊ အနက်က ၁၀ ကီလိုမီတာ။ ဒါတွေက ပဲခူးရိုးမငလျင်ကြီးရဲ့ နောက်ဆက်တွဲဖြစ်ပေါ်နေတဲ့ အခြေအနေတွေပေါ့။ ဒါကြောင့်မို့လည်း လူတွေ အားလုံး လန့်သွားတာပေါ့။

မေး။ ။ အစောပိုင်း ပြောသွားတဲ့အတိုင်းဆိုရင် ငလျင်တွေက ဆက်လှုပ်နိုင်ဦးမယ်လို့ ယူဆလို့ရမလားရှင့်။

ဖြေ။ ။ နောက်လှုပ်ဖို့ အနေအထားရှိလားလို့ မေးရင် သူကတော်တော်ကို အရမ်းကို active ဖြစ်နေတယ်။ ပြတ်ရွေ့က နေ့တိုင်းလှုပ်နေတော့ တည်ငြိမ်အောင် ခုခံအားတွေ အတော်နည်းနေတယ်လို့ ပြောလို့ ရတယ်။ ပြတ်ရွေ့တွေက တည်ငြိမ်နေရင် Friction (ပွတ်တိုက်အား) တွေက တင်းနေတယ်။ အရမ်းလှုပ်နေရင် Friction (ပွတ်တိုက်အား) တွေ တော်တော်လျော့တဲ့ သဘောရှိတယ်။ အဲဒီ တော့ တချိန်ချိန်မှာ တကယ်လို့ ပိုပြီး အင်အား ကြီးတဲ့ ငလျင်လှုပ်နိုင်ဖို့လည်း ရှိနိုင်တယ်လို့ ယူဆမိတယ်။ အဲဒီလိုစိုးရိမ် ရတယ်ပေါ့နော်။ ဒါပေမယ့်လည်း အဲဒီလို ပြောလိုက်ရင် လူတွေက အရမ်းစိုးရိမ်သွားနိုင်တယ်။ ပိုပြီး အင်အားကြီးတဲ့ ငလျင်မလှုပ်နိုင်ဘူးလို့လည်း ပြောနိုင်ပါတယ်။ မလှုပ်ဘဲနဲ့ ရပ်ချင်ရပ်သွားနိုင်တယ်။ ခန့်မှန်း လို့တော့ မရဘူးကိုး။ အဲဒီတော့ ဒါကို သတိထား ရမယ့် အနေအထား ရှိတယ်လို့ပဲ ပြောနိုင်ပါတယ်။

မေး။ ။ ဒီလိုဆိုရင် ဖြစ်နိုင်ချေက နှစ်မျိုးလုံးပဲလားရှင့်။

ဖြေ။ ။ လှုပ်နိုင်ချေလည်းရှိတယ်။ မလှုပ်ဘဲနဲ့ After Shock က လှုပ်နေရာကနေ တဖြည်းဖြည်း၊ တဖြည်းဖြည်း အင်အားလျော့သွားပြီး ရပ်သွားနိုင်တယ်။ သေသေချာချာဘယ်နေ့ ဘယ်ချိန်မှာ ငလျင်လှုပ်မယ်လို့ ပြောလို့ လည်း မရပါဘူး။ ခန့်မှန်းလို့လည်း မရနိုင်ပါဘူး။

မေး။ ။ လှုပ်နိုင်ချေရှိတယ်ဆိုရင် ဘယ်လိုနေရာတွေက လှုပ်နိုင်ချေရှိလဲ။ ဘယ်ပြတ်ရွေ့က ပိုလှုပ်နိုင်ချေများလည်း ဆိုတာကိုရော တွက်ချက်လို့ရပါလား။

ဖြေ။ ။ တခုရှိတာက Main Shock ကိုတော့ မပိုဘူး။ After shock က အမြဲ Main Shock ထက်နည်းတယ်။ နောက် ၅ဒသမ ၃ လောက်လှုပ်တယ်ဆိုရင် ၅ ဒသမ ၆၊ ၅ ဒသမ ၉ လောက်အထိတော့ လှုပ်နိုင်ခြေရှိတယ်ဆိုတာက သဘောတရားကို ပြောတာ။ လှုပ်ကိုလှုပ်မယ်ဆိုတဲ့ သဘောကိုတော့ အာရုံမစိုက်စေချင်ဘူး။ နေ့တိုင်းလို လှုပ်နေတာကိုတော့ ပိုပြီး သတိထားသင့်တယ်ပေါ့။

မေး။ ။ ဘယ်မြို့တွေအနေနဲ့ ပိုပြီး သတိထားသင့်သလဲ။

ဖြေ။ ။ အစောကလည်း ပြောထားတာရှိတယ်။ ပြတ်ရွေ့တွေရဲ့ အနေအထားက တောင်မြောက်လည်း ရှိတယ်။ အရှေ့ အနောက်လည်း ရှိတယ်။ သူသွားမယ့် Stress က တောင်မြောက်သွားမှာလား။ ကန့်လန့်ဖြတ်ပြီး အရှေ့တောင်၊ အရှေ့မြောက်သွားမှာလားဆိုတာ သူတို့ရဲ့ သဘာဝတွေကလည်း အမျိုးမျိုး ရှိတယ်ဆိုတော့ သတိထားရမယ်ဆိုတဲ့ အနေအထားကို ပြောရရင် ပဲခူးရိုးမကြီးရဲ့ တခုလုံးရော၊ ရန်ကုန်ရော စစ်ကိုင်းပြတ်ရွေ့ ကြီးပေါ်မှာ ရှိတဲ့ မြို့တွေရော အနောက်ဘက်က ဇီးကုန်းတို့ဘာတို့ ဒီဝန်းကျင်ကြီး တခုလုံးက သတိထားပြီး နေသင့်တယ်။

မေး။ ။ ငလျင်နဲ့ ပတ်သက်ပြီး အတိအကျ ပြောလို့ မရဘူးဆိုတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အနီးစပ်ဆုံး ခန့်မှန်းဖို့က နည်းပညာ အခြေအနေ၊ ကျွမ်းကျင်မှုတွေက ရော ဘယ်လိုရှိပါလဲ။

ဖြေ။ ။ အဲဒါကတော့ ငလျင်ကော်မတီက ရှိတဲ့ Geologist (ဘူမိဗေဒ ပညာရှင်) တွေရှိတယ်။ အင်ဂျင်နီယာတွေ ရှိတယ်။ အားလုံးက သုတေသနတွေ လုပ်နေတယ်။ နောက်တခုက အစောက ပြောသလို အခြားတိုင်းပြည်က အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အလုပ်လုပ်နေတော့လည်း သုတေသနကောင်းတွေလည်းရှိတယ်။ အဲဒီလိုလုပ်နေတဲ့အတွက် အကုန်လုံးက တကယ့်ကို ငလျင်ပညာရှင်တွေ နီးပါး ရှိပါတယ်။

မေး။ ။ ဒါဆိုရင် အနီးစပ်ဆုံး ခန့်မှန်းနိုင်စွမ်းရှိမလား။

ဖြေ။ ။ အနီးစပ်ဆုံး ခန့်မှန်းနိုင်ဖို့ ရှိတယ်လို့တော့ ပြောလို့မရဘူး။ ငလျင်နဲ့ ပတ်သက်လို့ ငလျင်ဆိုတဲ့ သဘော တရားက အင်မတန်သိမ်မွေ့တယ်။ ငလျင်တခု လှုပ်ဖို့က ပါဝင်တဲ့ အချက်အလက်တွေက အများကြီးပဲ။ ဥပမာ အနေနဲ့ ပြောရင် ပြတ်ရွေ့အနေအထား၊ ပြတ်ရွေ့ရဲ့ Stress၊ ဒီပြတ်ရွေ့က ကျောက်သား အမာထဲမှာလား။ ကျောက်သား အပွထဲမှာ ရှိလား။ ဘေးမှာ ရှိနေတဲ့ ကျောက်တွေရဲ့ အမျိုး အစား၊ ပြတ်ရွေ့တစ်ခုလှုပ်သွားအောင် ပေးနိုင်တဲ့အင်အားလည်း လိုအပ်တယ်။ ငလျင်တစ်ခုလှုပ်ဖို့ဆိုတာက ပါဝင်တဲ့ အချက်အလက်တွေများတဲ့အတွက် ငလျင်ဆိုတာကို ခန့်မှန်းလို့မရတာ။

တကယ်လို့ ဒီငလျင်နဲ့ ပတ်သက်လို့ လေ့လာနေတဲ့သူတွေရော၊ နိုင်ငံခြားမှာ ရှိတဲ့ ငလျင် ပညာရှင်တွေ အားလုံးက ဒီဟာကို သိတယ်။ နားလည် တယ်။ ခန့်မှန်းနိုင်မယ်ဆိုရင် ကမ္ဘာမှာ ငလျင်လှုပ်နေတာတွေ ကြောင့် ပျက်ဆီးတာတွေ ရှိမှာ မဟုတ်ဘူး။ အခု ဖြစ်သွားခဲ့ဖူးတဲ့ ၂၀၁၁ ဂျပန် အရှေ့ဘက်ကမ်းရိုးတမ်းမှာ လှုပ်သွားတဲ့ ငလျင်ဆိုရင် လူပေါင်း ၁၀၀၀၀ လောက် သေတယ်။ ဆူနာမီတက်လာလို့၊ အင်ဒိုနီးရှားဆိုရင် မနေ့တနေ့ကလည်း လှုပ်နေတယ်။ ဆူနာမီတော့ မရှိဘူး။ အီတလီမှာလည်း ၂၀၁၆ ခုနှစ်မှာလှုပ်တယ်။ ၂၀၁၇ မှာ မက္ကဆီကိုမှာ လှုပ်တယ်။ လူတွေသေတယ်။ ကလေးတွေ သေတယ်။ အဲဒီလိုဟာမျိုးတွေက ဒီကြိုတင်ခန့်မှန်းနိုင်မယ်ဆိုရင် ဖြစ်စရာအကြောင်းမရှိဘူး။ ခုချိန်အထိကတော့ ဘယ်လိုမှ မခန့်မှန်းနိုင်သေးဘူး။

ဒါပေမယ့် တိုးတက်တဲ့ တိုင်းပြည်တွေမှာ နည်းပညာတွေ ကြွယ်ဝလာ တယ်။ GPS တို့ Global Navigation Satellite System (ကမ္ဘာလုံးဆိုင်ရာ ဂြိုလ်တုအညွှန်းစနစ်) တို့ ရှိတယ်။ သူများ နိုင်ငံ တွေမှာတော့ နီးစပ်တဲ့ အနေအထားတော့ ရှိနေပါပြီ။ တီချယ်တို့ မြန်မာနိုင်ငံမှာက သိတဲ့ အတိုင်းပဲ နည်းပညာအားနည်းတယ်ဆိုတဲ့ အခါ မြန်မာနိုင်ငံမှာတော့ မလွယ်သေးပါဘူး။

မေး ။ ။ ပြည်သူလူထုအနေနဲ့ရော ငလျင်နဲ့ ပတ်သက်တဲ့ အသိပညာ လုံလုံလောက်လောက်ရှိတယ်လို့ ထင်လားရှင့်။

ဖြေ။ ။ အသိပညာကတော့ နည်းတယ်လို့ ပြောရမယ်။ ဘာလို့ဆိုတော့ ငလျင်ပေါ်မှာ အာရုံစိုက်ပြီး မနေနိုင်ဘူး။ မြန်မာနိုင်ငံရဲ့ အနေအထားက ကြွယ်ဝချမ်းသာခြင်း မရှိဘူး။ အများပြည်သူ ရန်ကုန်၊ မန္တလေး၊ မြို့ကြီးတွေကို ဖယ်ထားလိုက် ကျေးရွာတွေ၊ ဝေးလံတဲ့ အရပ်တွေမှာ ရှိနေတဲ့ နေရာတွေမှာ သူတို့ရဲ့ စားဝတ်နေရေးကိုပဲ အာရုံစိုက်နိုင်တယ်။ မနက်၊ ည စားနိုင်ဖို့ပဲ အာရုံစိုက်နိုင်တယ်။ ဒီလိုဟာမျိုးတွေကို လေ့လာအာရုံစိုက်ဖို့ သူတို့မှာ နည်းတယ်။ အခုဆိုလို့ရှိရင် တော်တော်များများတော့ သိလာတယ်။ မြို့ကြီးတွေပေ့ါ။ ဘာလို့လည်းဆိုရင် ငလျင်ကော်မတီကလည်း သွားပြီး ဟောပြောတာရှိတယ်။ အခြား INGO အဖွဲ့အစည်းတွေကလည်း ဟောပြောနေတာရှိတယ်။ ဟောပြောတဲ့အရပ်ကို ရောက်တဲ့သူလောက်ပဲ သိနိုင်တယ်။ ကျေးရွာတွေက မသိနိုင်ဘူး။ ဟောပြောတယ်ဆိုတာက မြို့တွေလောက်ပဲ အရမ်းကို ဝေးလံတဲ့နေရာတွေ မရောက်နိုင်တော့ အသိပညာ အနေနဲ့ နည်းပါသေးတယ်။ ဒါပေမယ့် ဟိုအရင်တုန်းထက်စာရင် တော်တော်လေးတော့ မဆိုးပါဘူး တတ်နိုင်သလောက်တော့ သိသွားပါပြီ။

မေး ။ ။ မြို့ကြီးတွေမှာလည်း လူထုအနေနဲ့တော့ ပေါ့ပေါ့ဆဆနေကြတယ်လို့ ထင်ကြတာလည်း ရှိတယ်။ ဘယ်လိုမျိုး မြင်မိပါသလဲရှင့်။

ဖြေ။ ။ လူတွေရဲ့ စားဝတ်နေရေး၊ သေချာစဉ်းစားကြည့် ရန်ကုန်မြို့မှာတောင်မှ သိတယ်ဆိုတဲ့သူက အဲဒါနဲ့ ဆက်စပ်နေတဲ့သူတွေ၊ တီချယ်တို့လို လေ့လာသုတေသနလုပ်နေတဲ့သူတွေ၊ ဆက်စပ်ပတ်သက်နေတဲ့သူတွေ လောက်ပဲ သိတယ်။ အခြားသူတွေက မသိဘူး။ ငလျင်ဆိုတာ ဘယ်လို၊ ဘာလုပ်သင့်တယ်ဆိုတာ မသိဘူး။ ငလျင်ဆိုတာ ဘယ်လိုကာကွယ်ရတယ်ဆိုတဲ့ အပိုင်းကို သိတာ တော်တော်နည်းတယ်။ တီချယ်ကိုယ်တိုင်လည်း မြို့နယ်တွေကို ဟောပြောပွဲတွေ သွားဖူးတယ်။ နောက်အခု မီဒီယာကနေ ရှင်းတာတွေရှိတော့ ကြည့်ဖြစ်တယ် ဆိုရင် နည်းနည်းပါးပါတော့ သိတယ်။ အလုပ်ပြီးရင် အိမ်ပြန်သွားမယ်။ အိမ်ပြန်ရောက်ရင် ပင်ပန်းလို့နားမယ်ဆိုတော့ ဘယ်လို အာရုံစိုက်နိုင်မလဲ။

မေး။ ။ ကာကွယ်ရေးအပိုင်းနဲ့ ပြောရင် ဘယ်လို နေထိုင်မယ်ဆို အကောင်းဆုံး ကာကွယ်နိုင်မလဲရှင့်။

ဖြေ။ ။ အဲဒါက ပိုအရေးကြီးတယ်။ ငလျင်ဆိုတာက ကြိုတင်ခန့်မှန်းလို့မရဘူူး။ ဘယ်နေ့ ဘယ်အချိန်လှုပ်မယ် ပြောလို့မရဘူး။ အိပ်တဲ့အချိန်လည်း လှုပ်သွားတာပဲ ဆိုတော့ ကောင်းတာကတော့ ကြိုတင်ပြင်ဆင်ခြင်းဆိုတာ အကောင်းဆုံးပဲ။ ကြိုတင်ပြင်ဆင်တာက လူထုသာမက အစိုးရပိုင်းကရော တိုင်းနဲ့ ပြည်နယ်အပိုင်းရော သုံးဆင့် ရှိတယ်ကွာ National Level , Regional Level, community level သုံးခုစလုံးမှာ ကြိုတင်ပြင်ဆင်ခြင်းကို ကောင်းကောင်းလုပ်ပေးရမယ်။

အဲဒီလိုလုပ်တဲ့အခါ ပြင်ဆင်ခြင်းကို ရေတို ရေရှည်လုပ်ပေးရမယ်။ ရေရှည်ဆိုတာကတော့ အစိုးရဌာနတွေရော ပြည်သူလူထုတွေရော အဖွဲ့အစည်းတွေရော ပူပေါင်းပြီး ငွေကြေးကိုလည်း သုံးရမယ်။ အပေါ်နဲ့ အောက်နဲ့ကို လည်း တဆင့်ဆီလုပ်ရမယ်။ အချိန်ကြာရမယ်။ ကိုယ့်ကိုကိုယ် ကာကွယ်မယ်ဆိုတာကတော့ ငလျင်လှုပ်ပြီလို့ ခံစားရတာနဲ့ ထွက်မပြေးဖို့ပဲ။

ငလျင်လှုပ်လိုက်တဲ့အတွက် အဆောက်အအုံတွေ ပြိုလို့ ပြုတ်ကျလာတာနဲ့ ကိုယ်ထွက်ပြေးတာနဲ့ တိုက်ဆိုင်မယ်ဆိုရင် ထိခိုက်မှု ဖြစ်နိုင်သလို အသက်လည်း ဆုံးရှုံးနိုင်တယ်။ ငလျင်လှုပ်တယ် ခံစားရတာနဲ့ ထိုင်ချလိုက်ပါ။ လက်နှစ်ဖက်ကို ခေါင်းပေါ်တင် ရှေ့ကို နည်းနည်းကုန်းပေးထား။ အနီးအနားမှာ ခုတင်တို့ ခုံတို့ စားပွဲတို့ ရှိတယ်ဆိုရင် အောက်ကို မြန်မြန်ဝင်။ သူတို့ရဲ့ ခြေထောက်ကို မြဲမြဲကိုင်ထား။ ရှေ့ကိုနည်းနည်းကုန်းပေးထားရင် ရှေ့ကို မထိခိုက်အောင် ခေါင်းကိုလည်း မထိအောင်နေ။ ငလျင်လှုပ်ပြီးသွားပြီ ဆိုရင် ကွင်းပြင်ရှိတယ်။ ဘောလုံးကွင်းလို ကျောင်းအားကစားကွင်း တို့ ရှိတယ်ဆိုရင် အဲဒီကို ရောက်အောင်သွား။ ဓာတ်တိုင်တို့ သစ်ပင်တို့ ပြုတ်ကျမှာကို စိုးရိမ်နေရတယ်။ အဲဒါကို အမြဲလေ့ကျင့်နေမယ်။ သိထားရုံတင်မကဘူး မိသားစုအတွင်းမှာ တပတ်တကြိမ်လေ့ကျင့်နေသင့်တယ်။ အဲဒါမှ ဖြစ်တယ် ဆိုတာနဲ့ ဘာလုပ်ရမယ် ချက်ချင်း အလေ့အကျင့်ရမယ်။

နောက်မိသားစုအတွင်းမှာ ငလျင်လှုပ်ရင် ငါတို့ ဘယ်အခန်းကို သွားနေမယ်။ တခန်းထဲ၊ ခုံတလုံးထဲမှာ အားလုံး ပုန်းလို့ မရတော့ ဘယ်လိုလုပ်မယ်ဆိုတာ ကိုယ့်ဟာကို စီစဉ်ရမယ်။ မလှုပ်ခင်မှာ ကျတော့ ကိုယ့်အိမ်ကို ခိုင်ခန့်အောင် ပြင်ထားရမယ်။ အဲဒီအခါကျတော့ ဆောက်ပြီးသား အိမ်ကို ပြင်ဆင်ဖို့ဆိုတာ ခက်ခဲသွားပြီ အဲဒီအပိုင်းကို ထားလိုက်တော့ အမှန်တော့ ဒီတချို့ နိုင်ငံတွေဘာတွေကျတော့ အင်ဂျင်နီယာနဲ့ ဘာနဲ့ တိုင်ပင်ပြီး ပြန်ပြင်တာတွေ ဘာတွေရှိတယ်။ အဲဒါတော့ ဒီမှာ လုပ်ဖို့ မလွယ်ဘူး။

နောက်တခုက မလှုပ်ခင်မှာ အရေးပေါ် ဆေးသေတ္တာ လေးတွေ ရှိရမယ်။ တယောက်ယောက် ထိခိုက်တယ်ဆိုရင် ဆရာဝန် မလာခင် ရှေးဦးသူနာ ပြုစုထားလို့ရတယ်။ အရေးကြီး စာရွက်စာတမ်းတွေ စုစည်းထားရမယ်။ မလှုပ်ခင် အချိန်မှာ ဘယ်လိုပြင်ဆင်ထားရမလဲဆိုရင် ကိုယ့်အိမ်ကို ခိုင်ခန့်အောင် လုပ်ရမယ်။ ကိုယ်ဆောက်ပြီးသား အိမ်ကို ပြန်ပြင်ဖို့တွေဘာတွေကျတော့ နည်းနည်း ခက်ခဲသွားပြီ အဲဒီအပိုင်းကိုထားလိုက်တော့ တချို့နိုင်ငံတွေက ငွေရေးကြေးရေး တတ်နိုင်တော့ အင်ဂျင်နီယာတွေနဲ့ တိုင်ပင်ပြီးတော့ ပြန်ပြင်တာတွေ ရှိတယ်ပေါ့။ ဒီမှာတော့ သိပ်လုပ်ဖို့ မလွယ်ဘူး။

ငလျင်လှုပ်ပြီးတဲ့ အခါမှာ ဘယ်လို လုပ်ရမယ်ဆိုတာလည်း သိရမယ်။ ကိုယ့်အိမ်က ဘယ်နားက ပြုတ်ကျနိုင်တယ် နောက်ရေပိုက်တွေ၊ မီးကြိုးတွေ ဘယ်လိုတွေရှိလဲဆိုတာကို ပြန်စစ်ရမယ်။

မေး။ ။ အခုရက်ပိုင်း ငလျင်တွေ ဆက်တိုက်လှုပ်နေတဲ့ အပေါ်မှာ စိုးရိမ်နေတဲ့ ပြည်သူတွေကို ငလျင်ပညာရှင် တယောက်အနေနဲ့ ဘာများ ပြောချင်ပါလဲရှင့်။

ဖြေ။ ။ ခုနကပြောခဲ့တဲ့ ငလျင်လှုပ်နေစဉ်မှာ ဘာလုပ်ရမလဲဆိုတာကို မိသားစု တယောက်နဲ့တယောက် စုစည်းပြီးတော့ တိုင်ပင်ထားပါ။ ပုန်းခိုမယ်ဆိုတဲ့ ကုတင်တွေ ကုလားထိုင်တွေ ဘယ်အခန်းမှာ ပိုပြီးလုံခြုံသလဲဆိုတာ မိသားစုအချင်းချင်း တိုင်ပင်ပြီးတော့ လုပ်ထားသင့်တယ်။ ဘာဖြစ်မယ်မှန်း မသိတဲ့၊ ဘယ်တော့များမှ လှုပ်မယ်မသိတဲ့ ဘေးကို တွေးပူမနေဘဲ လုပ်သင့်လုပ်ထိုက်တာကို လုပ်ပြီးတော့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့ ကြိုးစားကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်။

မေး ။ ။ ၂၀၁၇ တစ်နှစ်လုံးမှာ အကြိမ် ၇၀ ပဲလှုပ်တယ်။ ၂၀၁၈ ထဲမှာ ဧပြီအထိပဲ ရှိသေးတာ အကြိမ် ၇၀ ကျော်တောင် လှုပ်ပြီးပြီဆိုတော့ အဲဒါက ဘာကြောင့်လို့ ကောက်ချက်ချလို့ရမလဲရှင့်။

ဖြေ။ ။ ငလျင်လှုပ်တာက ဖြူးက ငလျင်လှုပ်ပြီးတဲ့ After Shock ကို အကြိမ် ၅၀ ကျော်လောက်ရှိတယ်။ အခြားနေရာနဲ့ ဘာနဲ့ အကုန်လုံးပေါင်းလိုက်တယ်ဆိုရင် စောစောက ပြောတဲ့ ၇၀ ကျော် ဖြစ်နိုင်တာပေါ့။ ဒီငလျင်ကြောင့်ပဲ After Shock က ၅၀ ကျော်၊ အခုဆိုရင် ၆၀ ကျော်လောက် ဖြစ်ရောပေါ့။ သူတို့ကတော့ အမြဲ Monitor လုပ်နေတာ။

မေး။ ။ အရင် ငလျင်ကြီးတွေ လှုပ်တုန်းကရော After Shock က များလားတတ်လားရှင့်။

ဖြေ။ ။ ရှိတာပဲ။ သပိတ်ကျင်း ငလျင်လှုပ်တုန်းကလည်း တစ်နှစ်နီးပါးလောက်အထိ လှုပ်တယ်။ ဒါပေမယ့် တခုက ဒီလိုကြီးကြီးမားမားတော့ မရှိဘူး။ After Shock က ငလျင်ကြီးလှုပ်ပြီးတိုင်းရှိတယ်။ တာလေ(တာချီလိတ်မြို့နယ်ခွဲ) ဆိုလို့ရှိရင် အတော်ကြာတဲ့အထိ ဆက်ပြီး တော့ ရှိနေတာပဲ။ တခါတလေဆိုရင် နှစ်ကြာပြီး အချိန်ဆွဲပြီး လှုပ်နေတာပေါ့။

မေး။ ။ အခုပြောခဲ့တဲ့ အားလုံးကို ခြုံငုံလိုက်မယ်ဆိုရင် ဆရာမကြီး ဆိုလိုချင်တာက ကြောက်စရာတော့ မဟုတ်ဘူး။ လက်ရှိငလျင်တွေက After Shock သက်သက်ပဲပေါ့။

ဖြေ။ ။ ဟုတ်ပါတယ်။ After Shock သက်သက်ပဲ ဒီလောက်ထိ စိုးရိမ်ပူပန်ပြီးတော့ မနေဖို့ တိုက်တွန်းချင်တယ်။ ကိုယ်လုပ်သင့်တဲ့ ကြိုတင်ပြင်ဆင်ခြင်းတွေကိုပဲ လုပ်ထားရင် ပျက်ဆီးမှု အနေအထား လျော့သွားမယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading