“ထိန်ပင်ကနောက် ၅ နှစ်ဆိုရင် အမှိုက်ပုံစရာနေရာမရှိတော့ဘူး”

သဇင်လှိုင်
ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့သည့်ရက်ပိုင်းက မီးလောင်ကျွမ်းခဲ့သော ဧက ၂၀၀ ကျော်ရှိသော ထိန်ပင်အမှိုက်ပုံသည် အမှိုက်များ တောင်ပုံရာပုံပြည့်နှက်နေသော အမှိုက်ပုံဖြစ်ပြီး ရန်ကုန်မြို့ရှိ ထွက်သမျှသော အမှိုက်များ စွန့်ပစ်ရာ အမှိုက်ပုံကြီးများအနက် တခုဖြစ်သည်။ တိုးတက်လာသော လူဦးအရေနှင့်အတူ အမှိုက်စွန့်ပစ်မှုမှာလည်း တနေ့ထက် တနေ့များပြားလာရာ အနာဂတ်တွင် ရန်ကုန်မြို့၏ အမှိုက်ထွက်ရှိမှု စွန့်ပစ်မှု၊ ထိန်းသိမ်းနိုင်မှု အခြေအနေများနှင့် ပတ်သက်ပြီး စီစဉ်ထားရှိမှုများကို သိရှိနိုင်ရန် ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော်နှင့် ဧရာဝတီသတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။

မေး။ ။ရန်ကုန်တမြို့လုံးရဲ့ အမှိုက်စွန့်ပစ်တဲ့ တန်ချိန်ဘယ်လောက်ရှိပါသလဲ။

ဖြေ။ ။ရန်ကုန်တမြို့လုံးဆို တန်ချိန် ယေဘုယျ ပမာဏကတော့ တန်ချိန် ၂၅၀၀ လောက်ရှိပါတယ်။ ကျနော်တို့ သိမ်းနိုင်တာကတော့ တရက်ကို တန် ၂၂၀၀ တချို့ရက်ကို တန်၂၃၀၀ အဲဒီလောက်ရှိပါတယ်။

မေး။ ။ဒီအမှိုက်တွေကို ထိန်ပင်မှာပဲ စွန့်ပစ်တာလား ကျန်တဲ့ဘယ်မှာရော စွန့်ပစ်လဲ။

ဖြေ။ ။ထိန်ပင်မှာကတော့ တရက်ကို တန် ၁ ထောင်စွန့်ပစ်တယ်။ ထားဝယ်ချောင်မှာတော့ တရက်ကို တန် ၈၀၀ ကျော်စွန့်ပစ်တယ်။ မင်္ဂလာဒုံမှာကတော့ အမှိုက်မီးရှို့စက် ရှိတယ် တန် ၆၀ ပေါ့။ နောက် ဒလနဲ့ ဆိတ်ကြီး ခနောင်တို တို့မှာ အားလုံးပေါင်းဆိုရင် ၂၀၀၀၊ ၂၂၀၀ လောက်ရှိတယ်။

မေး။ မီးရှို့စက်က ရွှေပြည်သာမှာလား မင်္ဂလာဒုံမှာလားရှင့်။ အမှိုက်ဖျက်ဆီးစက်ကရော ဒီတခုတည်း ရှိတာလား။

ဖြေ။ ။ ဒီလိုဗျ မင်္ဂလာဒုံက အမှိုက်ကို ရွှေပြည်သာမှာ မီးရှို့တာ။ နေရာကတော့ မင်္ဂလာဒုံနဲ့ ရွှေပြည်သာ စပ်ကြားလေးပဲ။ မရှိသေးဘူးဗျ။ တခြားတော့ မရှိသေးဘူး။ ဒီတန် ၆၀ စက်တလုံးပဲ ရှိသေးတယ်။

မေး။ ။ အမှိုက်မျိုးစုံမှာ တခြားနိုင်ငံတွေမှာ အမျိုးအစားခွဲခြားပြီး ပစ်တာမျိုး ရှိတယ်။ အခု လက်ရှိ ကျမတို့ နိုင်ငံမှာရော ဘယ်လို ပစ်လဲရှင့်။

ဖြေ။ ။ ၂၀၁၂ ခုနှစ်မှာ အမှိုက်စိုနဲ့ အမှိုက်ခြောက်ခွဲပစ်ဖို့အတွက် ကျနော်တို့ လုပ်ခဲ့တယ်။ အဲဒီလိုလုပ်တဲ့ အခါ အမှိုက်စိုကို အပြာအိတ်ထဲထည့်၊ အမှိုက်ခြောက်ကို အစိမ်းအိတ်ထဲထည့်ပြီး လွှင့်ပစ်ပါလို့ ကျနော်တို့ ပြောတယ်။ ပညာပေးလဲလုပ်တယ်။ Household တွေရော၊ Public ရော၊ ဒါပေမယ့် ရန်ကုန်တမြို့လုံး ခြုံကြည့် လိုက်ရင် ၄၀ ရာခိုင်နှုန်းက အိတ်နဲ့ စွန့်ပစ်တယ်။ ၆၀ ရာခိုင်နှုန်းက ဒီတိုင်းစွန့်ပစ်တယ်။ ဒါမျိုးအခြေအနေ ရှိတယ်။

မေး။ ။ အဲဒီတော့ အမှိုက်ကိုခွဲခြားပစ်ဖို့ မအောင်မြင်ဘူးဆိုတော့ အဓိက အခက်အခဲက ဘာတွေလဲ။

ဖြေ။ ။ Household တွေက အပြာအိတ်၊ အစိမ်းအိတ်တွေ မဝယ်ချင်ဘူး။ နောက်တခါ ခွဲခြားပစ်တဲ့ အလေ့ အကျင့် ရအောင် Awareness တော့လုပ်တယ်။ ဒီနေ့ထိလည်း လုပ်နေတုန်းပဲ။ ကျောင်းတွေမှာရော၊ Public ရော လုပ်တယ်။ ဒါပေမယ့်လည်း လိုက်နာမှု အားနည်းတာပေါ့နော်။ အဲဒီအပြင် Law Enforcement ဥပဒေအရ ထိထိရောက်ရောက် အရေးယူမှုကလည်း အားနည်းတယ်။

မေး။ ။ ၆၀ ရာခိုင်နှုန်းလောက်က အိတ်နဲ့တောင် မပစ်ဘူးဆိုတော့ အဓိက ဘယ်အချက်တွေ အားနည်း နေတာလဲ။

ဖြေ။ ။ Household တွေက သူများနိုင်ငံမှာဆိုရင် Volume Base ပေါ့။ Volume Base ဆိုတာ အမှိုက် အများကြီးပစ်ရင် ပိုက်ဆံအများကြီးကုန်တယ်။ အိတ်ကြီးကြီးဝယ်ရရင် ပိုက်ဆံအများကြီးကုန်တာပေါ့။ အမှိုက်ကို နည်းသထက်နည်းအောင်လုပ်တယ်။ ကျနော်တို့ဆီမှာတော့ အမှိုက်ကို အိတ်နဲ့ စွန့်ပစ်တဲ့ အလေ့အကျင့် မရှိဘူး မဟုတ်ဘူး ရှိတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ အရောင်အတိုင်း မဖြစ်ဘူး။ ခွဲခြားစွန့်ပစ်မှု မရှိဘူး။ ဒါကျနော် တို့ နိုင်ငံ၊ ကျနော်တို့ လူမျိုး၊ ကျနော်တို့ Household တွေမှာ လိုအပ်တဲ့အချက်ပဲ။

မေး။ ။ Awareness များများ ပေးရင်ရော ခုပြောတဲ့ အမှိုက်ခွဲခြားတဲ့ စနစ်အောင်မြင်လာမလား။

ဖြေ။ ။ Awareness ပေးရုံနဲ့ မရဘူး ။ ကျနော်တို့ကတော့ ပညာပေးလုပ်နေမှာပဲလေ။ ဒါပေမယ့် အိမ်ထောင်စုတွေ မှာ ရှိတဲ့လူတဦးချင်းဆီရဲ့ mindset change မှပဲ ရမယ်။ စိတ်ပြောင်းသွားမှပဲ ရမယ်။ စည်းကမ်းဥပဒေတခုကို လိုက်နာဖို့ဆိုတာ လူပေါ်မှာ မူတည်တယ်လေ။ စည်းကမ်းတကျ အမှိုက်စွန့်ပစ်ပေးရင် ဒီပြဿနာ မရှိဘူး။ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်တဲ့အခါကျတော့ နောက်ဖေးလမ်းကြားတွေမှာရော၊ လမ်းတွေမှာရော၊ မြို့တွေမှာရော မြန်မာတနိုင်ငံလုံးမှာ မြို့တွေမှာ လမ်းဘေးမှာ အမှိုက်တွေ ပလဲနေတာပဲ။ ဒါတွေသည် စည်းကမ်းမဲ့ စွန့်ပစ်တဲ့ အမှိုက်တွေ ဖြစ်တယ်။ ဒါတွေကိုသာ စည်းကမ်းတကျ စွန့်ပစ်မယ်ဆိုရင်။ ကျနော်ပြောသလို အိတ်နဲ့စွန့်ပစ်တာတို့ ဘာတို့ တဆင့်ပြီး တဆင့်သွားလို့ရတယ်။

မေး။ ။ လူတွေက Mindset တွေပြောင်းဖို့ လိုနေတာလား။

ဖြေ။ ။ မဟုတ်ဘူးဗျ။ သူတို့သိတယ်။ စည်းကမ်းမဲ့ မစွန့်ပစ်ရဘူးဆိုတာ သိတယ်။ ဒါပေမယ့် မလိုက်နာချင်တာ ။

မေး ။ ။ ခုနက ပြောခဲ့သလို အမှိုက်ထုပ် အရောင်တွေ ခွဲပြီး ပြည်သူလူထုက ပစ်မယ်ဆိုရင်တောင် အမှိုက်ပုံမှာ စုပြီး သိမ်းတာမဟုတ်ဘူးလား။

ဖြေ ။ ။ ဒါက Practice ဗျ။ ကျနော်တို့က ဥပမာပေါ့ဗျာ။ ပြည်သူတွေက ပြောမယ်။ ငါတို့ကတော့ အမှိုက်ကို ခွဲပြီး ပစ်တယ်။ မင်းတို့က အမှိုက်ကို စုသိမ်းတယ်။ ဒါက သိမ်းတဲ့အပိုင်းပါ။ ကျနော်တို့ရဲ့ ရန်ကုန်မြို့ရဲ့ အမှိုက်စွန့်ပစ်တဲ့စနစ်ကိုက နေ့တိုင်းစွန့်ပစ်တဲ့ စနစ်၊ ကျနော်တို့က အမြဲတမ်း အမှိုက်စို သိမ်းတယ်။ အမှိုက် ခြောက် သိမ်းတယ်ဆိုရင် အမှိုက်စိုဆိုရင် အမှိုက်စိုကို တရက်သိမ်းမယ်။ အမှိုက်ခြောက်ဆို တရက်သိမ်းမယ်။ ဒါဆို နှစ်ရက်တခါ အမှိုက်သိမ်းတဲ့ စနစ်ဖြစ်သွားမယ်။ ဒါပေမယ့်လည်း ပြည်သူတွေရဲ့ လက်ရှိအနေအထားက စနစ်တကျစွန့်ပစ်ဖို့တောင် မလိုက်နာတဲ့ အနေအထားဖြစ်နေတယ်။ အမှိုက်ပုံးထားပေးတယ်။ အမှိုက်ပုံးထဲ မထည့်ဘူး။ ဘေးနားထားသွားတယ်။ ဒါမျိုးတွေက အများကြီးပဲ။ ဒါတွေ Mindset တွေကို ချိန်းပြီးမှ အမှိုက်စနစ် တကျ စွန့်ပစ်တဲ့ စနစ်အောင်မြင်မှ အမှိုက်မီးရှို့တာတို့ လျှပ်စစ်ထုတ်တာတို့ မြေသြဇာထုတ်တာတို့ ဆက်လုပ်ရ မှာပါ။

မေး ။ ။ ဒါဆိုရင် ပထမဦးဆုံးအဆင့်က ခွဲခြား ပစ်တယ်တယ်လို့ ပြောလို့ရလား။

ဖြေ ။ ။ ဟုတ်တယ်။ ပြီးသွားမှ စက်ရုံတည်မယ်။ ခွဲခြားမပစ်ရင် စက်ရုံရောက်တဲ့သူက ဘယ်လိုလုပ်ရမလဲ။ ခွဲရမယ်။ ဒီမှာ ပိုက်ဆံကုန်မယ့်အစား အိမ်ကနေ ခွဲပစ်ပေးလိုက်ရင် မကောင်းဘူးလား။ ခွဲပြီးရင် ဒီမှာ တခါတည်း အလုပ်လုပ်လို့ရတယ်။

မေး ။ ။ နိုင်ငံတကာက မြို့တွေမှာဆို စုရပ်လေးတွေ ထားတယ်။ အဲဒီမှာ အဲဒီရက်မဟုတ်ဘဲ ပစ်လို့မရဘူး။ အဲဒီရက်မှာ စနစ်တကျ ပစ်ရတယ်။ မပစ်ရင် ဒဏ်ရိုက်တယ်ဆိုတာမျိုးတွေ လုပ်တယ်။ အဲဒီလို စနစ်တွေရော ကျင့်သုံးဖို့ မရှိဘူးလား။

ဖြေ။ ။ ခုလည်း အဲဒီလိုလုပ်တာပဲလေ။ ပြည်သူနဲ့ အစိုးရဆိုတာက အပြန်အလှန်ရှိကြတာကိုး။ အစိုးရချည်းပဲ လုပ်လို့မရပါဘူး။ ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ဖို့လိုပါတယ်။ စည်းကမ်းဥပဒေ၊ နည်းဥပဒေ လိုက်နာဖို့ လိုတယ်။

မေး။ ။ စည်ပင်အနေနဲ့ အမှိုက်သိမ်းတဲ့ စနစ်ကို ပြောင်းလဲဖို့ ရှိလား။

ဖြေ။ ။ အခုလက်ရှိတော့ ပြောင်းလဲဖို့ မရှိဘူး။ ဘာလို့လဲဆိုတော့ ကျနော်တို့သွားတာ မှန်နေတာပဲလေ။

မေး။ ။လမ်းတွေမှာ၊ နောက်ဖေးလမ်းကြားတွေမှာ အမှိုက်တွေကို စည်းကမ်းမဲ့ စွန့်ပစ်တာကို ဥပဒေနဲ့ ပြင်းပြင်းထန်ထန် ထိန်းသိမ်းဖို့ရော ရှိလား။

ဖြေ။ ။ကျနော်တို့ ဥပဒေထဲမှာတော့ ရှိတယ်။ အရင်တုန်းကတော့ ဥပဒေ၊ နည်းဥပဒေထဲမှာ အမှိုက်ကို စည်းကမ်းမဲ့ စွန့်ပစ်ရင် ဒဏ်ငွေ ၁၀၀၀၀ ပေါ့။ အခုနောက်ပိုင်းမှာ ဥပဒေ၊ နည်းဥပဒေ ပြန်ပြင်ရေးဆွဲတဲ့ အခါမှာ ဒဏ်ကြေးတွေမြင့်သွားတယ်။ ဒါပေမယ့် အကောင်အထည်ဖော်ဆောင်ရွက်မှုကတော့ မရှိသေးပါဘူး။ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ရင် လမ်းဘေးမှာပဲဖြစ်ဖြစ်၊ ဆိုင်တွေက ဖြစ်ဖြစ် ဒဏ်ငွေ ၁၀၀၀၀ တော့ အခု လက်ရှိ တော့ ရိုက်တော့ ရိုက်နေဆဲပဲ။

မေး။ ။ ဒဏ်ငွေ ရိုက်တယ်ဆိုပေမယ့်လည်း တကယ်တမ်းတော့ တကယ် ဒဏ်ငွေရိုက်တာ မတွေ့သလောက်ပဲ။ အဲဒါ ဘာဖြစ်လို့လဲရှင့်။

ဖြေ။ ။ ဒဏ်ငွေရိုက်ဖို့ဆိုတာ ကျနော်တို့မှာ ဒဏ်ငွေရိုက်တဲ့အဖွဲ့တွေရှိတယ်။ ဒီလောက်အကျယ်ကြီးဆိုတော့ လူအများကြီးလိုတယ်။ ဥပဒေကလည်း ခိုင်ခိုင်မာမာ ရှိဖို့လိုတယ်။ နောက်တခါ ဒီဥပဒေ ပြဋ္ဌာန်းထားတဲ့ အခါမှာ ပြည်သူကလည်း လိုက်နာတယ်။ ဒီဘက်ကလည်း ရဲရဲတင်းတင်း ဒဏ်ရိုက်တယ်။ ဒါပေမယ့် ဒဏ်ရိုက်တဲ့အခါမှာ ကျနော်တို့ဘက်မှာ ပြဿနာ နည်းနည်းရှိတယ်။ အမှုစွဲရတယ်။ အမှုစွဲတဲ့အခါမှာ ဒီအမှုကို ဆင်ပြီးမှ ဒဏ်က ချလိုက်တယ်။ သူများနိုင်ငံမှာလို On the spot ဒဏ်ရိုက်လိုက်တယ်။ စင်ကာပူဆို ခေါ်ပြီး ဒဏ်ရိုက်လိုက်တယ်။ ဒဏ်ရိုက်တဲ့အပြင် စည်ပင်ယူနီဖောင်းဝတ်ပြီး သန့်ရှင်းရေး လုပ်ခိုင်းလိုက်တယ်။ ဒါမှသာ လူတွေက လိုက်နာ ကြတယ်။

မေး။ ။ ခုပြောသလိုပေါ့ လူတွေဘက်ကလည်း လိုအပ်ချက်ရှိတယ်။ အဲဒီတော့ စည်ပင်ဘက်မှာကရော ဥပဒေအရ လုပ်ဖို့ အဆင်သင့်ဖြစ်ရဲ့လား။

ဖြေ။ ။ ဒဏ်ရိုက်တာ ဘာမှ မခက်ဘူး။ ဒါပေမယ့် ရန်ကုန်တိုင်း တတိုင်းလုံး ၃၃ မြို့နယ်လုံးကို နေရာစုံအောင် စောင့်ကြည့်ဖို့ မလွယ်ပါဘူး။ ဒဏ်ရိုက်တာထက် လူတွေက သူတို့ရဲ့ စွန့်ပစ်တဲ့ ပစ္စည်းကို စည်းကမ်းတကျ စွန့်ပစ်ရင် ပြီးသွားပြီ။ ဒဏ်ရိုက်တာကတော့ Law Enforcement အနေနဲ့ ရှိရမယ်။ ဒဏ်ရိုက်တဲ့ ဒဏ်ကြေး ကတော့ရှိရမှာပေါ့။ လူတဦးချင်းဆီကသာ စည်းကမ်းမဲ့ မစွန့်ပစ်ဘူးသာဆိုရင် ဒီပြဿနာ ရှင်းစရာကို မရှိတော့ ဘူး။ ကျနော်တို့ဆီမှာ စည်းကမ်းမဲ့စွန့်ပစ်တာတွေ အရမ်းများနေတာဗျ။

မေး။ ။ အမှိုက်တွေကို Recycle လုပ်တဲ့ စက်ရုံ အလုံမှာ ရှိခဲ့ဖူးတယ်လို့ သိရတယ်။ အဲဒါလေး ရှင်းပြပေးပါဦး။

ဖြေ။ ။ Recycle က အရင်တုန်းက ပလပ်စတစ်ပဲ လုပ်နိုင်ပါတယ်။ အစိုးရအတွက် ကျတော့လည်း တွက်ခြေမကိုက်တော့ ရှုံးတာပေါ့။ Recycle လုပ်ငန်းရှုံးတော့ ဆက်မလုပ်နိုင်တော့ဘူး။ ၂၀၁၅ – ၂၀၁၆ လောက် က ရပ်သွားတာ။

မေး။ ။ ထိန်ပင်အမှိုက်ပုံကကျတော့ ဘယ်နှစ်ခုနှစ်လောက်က စအသုံးပြုတာလဲ။

ဖြေ။ ။ ၂၀၀၁ ခုနှစ်လောက်က စသုံးတယ်။

မေး။ ။ ဒီထိန်ပင်အမှိုက်ပုံက အမှိုက်တွေကို ဒီတိုင်းပဲ ပစ်နေမယ်ဆိုရင် ဘယ်တော့လောက်ထိ အသုံးပြုနိုင်ဦး မလဲ။

ဖြေ။ ။ ဒီအမှိုက်ပုံက နောက် ၅ နှစ်ဆိုပြည့်ပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဧက ၂၀၀ ရှိတာကို ၁၅၀ က ပုံပြီးသား နေရာ တွေ ဖြစ်တယ်။ အခုဆိုရင် ထပ်ပုံနေတာက ဧက ၅၀ အသစ်နေရာကို ထပ်ပုံနေတာ။ ဒီအမှိုက်ပုံ အနေအထားနဲ့ ဆိုရင် တရက်ကို တန် ၁၀၀၀၊ ၁၀၀၀ ပုံနေတာ နောက် ၅ နှစ်ဆိုရင် ပုံစရာနေရာမရှိတော့ဘူး။

မေး။ ။ ဒီလိုပြည့်သွားရင် ဘယ်လို ဆက်လုပ်မလဲ။

ဖြေ။ ။ ၂၀၁၂ ခုနှစ်ကတည်းက Waste Energy လုပ်မယ်ဆိုပြီး တင်ဒါတွေ ဘာတွေ ခေါ်ထားတာရှိတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး။ အဆောက်အဦတွေ၊ ဘာတွေ ဆောက်တဲ့အထိကို အောင်မြင်မှု မရခဲ့ဘူး။ ဒါပေမယ့်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း Land Use အတွက်ကို စဉ်းစားပြီးတော့ ဆောင် ရွက်နေပါတယ်။

မေး ။ ။ နောက် ၅ နှစ်ဆိုတာ ခဏလေးပဲ ကြာမှာပါ။ အဲဒီတော့ အတိအကျ ဘယ်လိုလုပ်မယ်ဆိုတာ ပြောပြ ပေးနိုင်မလားရှင့်။

ဖြေ။ ။ အဲဒါကို အစိုးရက စီစဉ်နေတယ်။ အမှိုက်မီးရှို့စက်ပဲ ဖြစ်မလား။ ဒါမှ မဟုတ်လည်း Methane ထုတ်တဲ့ စက်ရုံပဲ ဖြစ်မလား တခုခုတော့ ဖြစ်သွားမှာပေါ့။

မေး ။ ။ မြန်မြန်လုပ်နိုင်မယ်လို့ ထင်ပါသလားရှင့်။

ဖြေ။ ။ လုပ်နိုင်ပါတယ်။ လုပ်နိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ Impact ကြီးတယ်လေ။ အမှိုက်တွေကို ဒီလို Open Type နည်းနဲ့ စွန့််ပစ်နေတာ ကာလကြာမြင့်တာနဲ့အမျှ အမှိုက်ပုံတွေက အိုဟောင်းလာပြီး ဒါမျိုး ပြဿနာတွေ ဖြစ်တတ်တယ်ဆိုတာ ကျနော်တို့အတွက် အသိတစ်ခုအနေနဲ့ ရလာတယ်။

မေး ။ ။ ဝန်ကြီးချုပ်ကတော့ အမှိုက်ကနေ လျှပ်စစ်ထုတ်တာ ရှုံးတယ်လို့ ပြောတယ်။ ပြည်သူတွေကတော့ အမှိုက်ကနေ လျှပ်စစ်ထုတ်သင့်တယ် ပြောတယ်။ ဆရာ့အနေနဲ့ ဘယ်လိုမြင်လဲ။

ဖြေ။ ။ ဒါက ဒီလိုဗျ ကျနော်တို့ နိုင်ငံက ဖွံ့ဖြိုးတိုးတက်ဆဲ နိုင်ငံဖြစ်တော့ ဒီလို စက်ရုံတွေ ဆောက်ဖို့ အင်အား မရှိဘူး။ ဒီလိုမျိုးဆောက်မယ်ဆိုရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက လာဆောက်မှ ရမယ်။ ကျနော်တို့က နေ့စဉ် အမှိုက်ရှင်းရတဲ့သူတွေကို ကျနော်တို့က အမှိုက်ကနေ လျှပ်စစ်ထုတ်တာကို သိပ်စိတ်မဝင်စားဘူး။ အမှိုက်ပုံကြီးက ဒီတိုင်းပဲဆိုရင် နောက် ၅ နှစ်ပဲခံမယ်။ ဒီနေရာမှာ အမှိုက်မီးရှို့စက်ကြီး တည်လိုက်ရင် နောက် အနှစ် ၃၀ ခံမယ်။ ဒီနေရာတခုမှာပဲ Extension လုပ်သွားတာပေါ့။ ဒီပေါ်မှာ ရင်းနှီးမြှုပ်နှံမှုသည် နိုင်ငံတော်က လုပ်မလား။ ကိုရီးယားလို နိုင်ငံမျိုးဆိုရင် နိုင်ငံတော်က လုပ်တယ်။ သူတို့က ချမ်းသာတာကိုး။ ကျနော်တို့ နိုင်ငံဆို ဘယ်လိုလုပ်မလဲပေါ့။ ဒါကတော့ စောင့်ကြည့်ရဦးမှာပေါ့။

မေး။ ။ အမှိုက်တွေက ထွက်လာတဲ့ မီသိန်းကို ထုတ်ပစ်တဲ့ နည်းပညာ၊ အမှိုက်ခွဲခြား မီးရှို့တဲ့နည်းပညာတွေ မရှိဘူးလို့ ဝန်ကြီးချုပ်က ပြောထားတယ်ဆိုတော့ အဲဒီအတွက် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အစီအစဉ် တွေရော ရှှိပါသလား။

ဖြေ။ ။ ရှိပါတယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းမှ ရမှာလေ။ ကျနော်တို့ချည်းပဲ မလုပ်နိုင်ဘူး။ အချိန်ကတော့ မှန်းလို့ မရဘူး။ ဒါ အစိုးရအဖွဲ့အစည်းက လုပ်သွားမယ့် ကိစ္စလေ။

မေး။ ။ အခု လက်တလော ဘယ်နိုင်ငံတွေက စိတ်ဝင်စားတာမျိုး ရှိလဲ။

ဖြေ။ ။ အကုန်စိတ်ဝင်စားတယ်။ ဟိုတစ်ခါ တင်ဒါခေါ်တုန်းက ၄၆ ခုလား ရတယ်။ ဒီတင်ဒါကိစ္စတွေက ကျနော် တို့ မသိဘူး။ တကယ်လို့ ဖြစ်မယ်ဆိုလို့ရှိရင်လည်း တိုင်းဒေသကြီး အစိုးရ အဖွဲ့ကို လာပြီးတော့မှ ကမ်းလှမ်းတဲ့ ကုမ္ပဏီတွေ၊ ကမ်းလှမ်းတဲ့ နိုင်ငံတွေ အများကြီးရှိပါတယ်။ အဲဒီထဲကနေပြီးတော့မှ ကျနော်တို့နိုင်ငံနဲ့ သင့်လျော်တဲ့ အရာတခုခုကတော့ ဖြစ်လာမှာပါ။

မေး ။ ။ အရင်တုန်းက မအောင်မြင်တာကရော ဘယ်လိုကြောင့်လဲ။ တင်ဒါကကော ပြန်ခေါ်ဖို့ရှိလားရှင့်။

ဖြေ။ ။ လျှပ်စစ်က တယူနစ် ၃၅ ကျပ်ပဲရှိတယ်လေ။ လျှပ်စစ်ထုတ်တဲ့ တန်ဖိုးကိုက တယူနစ် ၁၃၀ လောက်ရှိတယ်။ နိုင်ငံတော် အစိုးရက ၁၃၀ မပေးနိုင်ဘူး။ မပေးနိုင်တော့ အလုပ်မဖြစ်ဘူး။ တင်ဒါကတော့ ကျနော်မသိဘူး။ လုပ်တာကတော့ လုပ်ပါလိမ့်မယ်။

မေး ။ ။ အမှိုက်သိမ်းယာဉ် ဘယ်နှစ်စီးလောက်ရှိလဲ။ သန့်ရှင်းရေး ဝန်ထမ်းရော ဘယ်နှစ်ဦးရှိလဲ။ လုံလောက်မှု ရှိလား။

ဖြေ။ ။ အမှိုက်သိမ်းယာဉ် ၄၀၀ ကျော်တယ် ။ သန့်ရှင်းရေး ဝန်ထမ်း ၆၀၀၀ လောက်ရှိတယ်။ ဘယ်လုံလောက်မလဲ။ ဘယ်လောက်လိုအပ်သလဲတော့ မတွက်ကြည့်ရသေးဘူး။ တွက်ကြည့်ရင်တော့ အမှိုက်သိမ်းယာဉ်က ၈၀၀ လောက်လိုမယ်။ လူဦးရေက ၁၀၀၀၀ လောက် လိုမယ်။

မေး ။ ။ ပြည်သူလူထုကို အမှိုက်နဲ့ ပတ်သက်ပြီး ဘာများ ပြောချင်လဲ။

ဖြေ။ ။ အမှိုက်ကို စည်းကမ်းတကျ ပစ်ပေးပါ။ စည်းကမ်းတကျ များများ စွန့်ပစ်တာ များလေလေ စည်းကမ်းမဲ့ စွန့်ပစ်တာ နည်းလေလေပဲ။ စည်းကမ်းမဲ့စွန့်ပစ်တာ များလေလေ၊ စည်းကမ်းတကျ စွန့်ပစ်တာနည်းလေလေပဲ။ အဲဒီတော့ ဘယ်သူပဲဖြစ်ဖြစ်၊ မိသားစုအားလုံးပေါ့ မိမိအသုံးမလိုတဲ့ ပစ္စည်းတွေကို စွန့်ပစ်တဲ့အခါ သတ်မှတ် ထားတဲ့ အမှိုက်ပုံမှာ စည်းကမ်းတကျ စွန့်ပစ်ပေးတယ်ဆိုရင် လုပ်ရတယ် လွယ်တယ်။ သိမ်းရတာလွယ်တယ်။ ရှေ့ဆက်ပြီး အမှိုက်ခွဲခြား စွန့်ပစ်တဲ့ဆီ သွားလို့ရတယ်။ အမှိုက်ကို ခွဲခြားစွန့်ပစ်တဲ့ လုပ်ငန်းစဉ်ကို အောင်မြင်အောင် လုပ်နိုင်ရင် အဲဒီကနေ Recycle ပစ္စည်းတွေရမယ်။ ပြန်ပြီးတော့ သုံးလို့ရတယ်။ သဘာဝအရင်း အမြစ်ကို သက်သာစေတယ်။ ဒီလိုမျိုး အကျိုးကျေးဇူးတွေ အများကြီးရတယ်။

ဥရောပနိုင်ငံတွေမှာဆိုရင် အမှိုက် တန်ချိန် ၁၀၀ ထွက်ရင် ၁၀ တန်က ဒီလိုအမှိုက်ပုံတွေရောက်တယ်။ တန် ၉၀ က Recycle ပစ္စည်းရတယ်။ ဂျပန်လို နိုင်ငံမျိုး၊ ကိုရီးယားလို နိုင်ငံမျိုးဆိုရင် အမှိုက် တန် ၁၀၀ ထွက်ရင် တန် ၅၀ က Recycle ဖြစ်ပြီး တန် ၅၀က အမှိုက်ပုံရောက်တယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ အမှိုက် တန် ၁၀၀ ထွက်ရင် တန် ၉၀ လောက်က အမှိုက်ပုံရောက်ပြီး ၁၀ တန်က Recycle ပစ္စည်းရတယ်။ အဲဒီတော့ အမှိုက်ကို ခွဲပြီး စွန့်ပစ်နိုင်လေ Recycle ဖြစ်လေပဲ။ အဲဒီတော့ ပြည်သူလူထု အနေနဲ့ အမှိုက်ကို ခွဲခြားစွန့်ပစ်ပေးဖို့ရယ် စနစ်တကျ စွန့်ပစ်ပေးဖို့ရယ်။ အမှိုက်ပုံးထဲထိရောက်အောင် စွန့်ပစ်ပေးဖို့ရယ် တိုက်တွန်းချင်တယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading