တပ်မတော်အစိုးရ လက်ထက်က ပြဌာန်းခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်း ပြင်ဆင်ရေးကို ဦးတည်ကြွေးကြော်ရင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကြီးတွင် မဲအပြတ်အသတ် အနိုင်ရကာ ၂၀၁၆ ခုနှစ်မတ်လတွင် အစိုးရဖွဲ့နိုင်ခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးက ပြောရသည်မှာ လွယ်သလောက်၊ လုပ်ရန် ခက်ခဲကြောင်းကို NLD အစိုးရကသိရှိလာခဲ့ပြီ ဖြစ်သည်။ မြန်မာ့တပ်မတော်က ၎င်းတို့ ရေးဆွဲခဲ့သော ၂၀၀၈ အခြေခံဥပဒေ မူကြမ်းတွင် ၎င်းတို့အနေဖြင့် တိုင်းပြည်ကို ခေါင်းဆောင်ရမည့် အဓိက နေရာများ၌ ပါဝင်ခွင့်ရအောင် စနစ်တကျ ထည့်သွင်းခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အသီးသီးတွင် တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နိုင်ရန် ရေးဆွဲထားပြီး တိုင်းပြည်၏ အဓိကကျသော ဝန်ကြီးဌာနများ ဖြစ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေးဝန်ကြီးဌာနများတွင် တပ်မတော်ခေါင်းဆောင်များက ဦးဆောင်နေကာ ဒုတိယသမ္မတ တဦးကိုလည်း တပ်မတော်က ရွေးချယ်ခန့်ထားခွင့် ရရှိနေပြန်သည်။
ဒီမိုကရေစီနည်းလမ်းမကျသော အခြေခံဥပဒေက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတဖြစ်ခွင့် မရရန်လည်း ဟန့်တားထားသည်။
ယင်းအခြေခံဥပဒေ ပြဌာန်းပြီး ၁၀ နှစ်အကြာတွင် အစိုးရသက်တမ်း နှစ်နှစ်ပြည့်ပြီဖြစ်သည့် NLD အစိုးရအပေါ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်ကို ဧရာဝတီက တွေ့ဆုံမေးမြန်းချက်များအား ဖော်ပြလိုက်ပါသည်။
မေး။ ။ ဖွဲ့စည်းပုံ ၁၀နှစ်ပြည့်တော့မယ်။ ၂ နှစ်အတွင်း ဖွဲ့စည်းပုံပြင်ဆင်ရေး ဘယ်လောက်ထိ ခရီးရောက်နေပြီလဲ။
ဖြေ။ ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ အစိုးရအဖွဲ့က ဘာမှလုပ်ဆောင်မှု မရှိဘူးဆိုပြီးစိုးရိမ် ပူပန်မှုတွေရှိပါတယ်။ တကယ်တော့ ကျတော်တို့ လုပ်နေတဲ့ စည်းရုံးရေး၊ တပ်မတော်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်နေတာ၊ နိုင်ငံမှာ ပြည်သူတွေရဲ့ ယုံကြည်မှုရအောင်၊ ပြည်သူတွေရဲ့ နေ့စဉ် ဘဝတိုးတက်ဖို့ လုပ်နေတာ။ ဒါအားလုံးက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးပါ။
ဒီလိုအခြေခံတွေမရှိဘဲနဲ့ ပြင်ဆင်ဖို့ဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံကဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီအမျိုးသား ပြန်လည်သင့်မြတ်ရေး ကစပြီး ပြည်သူရဲ့ တခဲနက်ထောက်ခံမှုရအောင် လုပ်နေတာကျနော်တို့ အချိန်အခါကို စောင့်နေတာပါ။ နိုင်ငံရေးလုပ်တဲ့အခါမှာ တချိန်လုံး ကိုယ်လိုချင်တာကို တောင်းဆိုနေရုံနဲ့ မပြီးပါဘူး။ အချိန်အခါသင့် အခွင့်အခါသင့်တဲ့ အချိန်မှာ လုပ်ကိုင်ဖို့က အရေးအကြီးဆုံးပါပဲ။ အဲဒီလိုပဲကျနော်တို့ ပြောချင်ပါတယ်။
မေး။ ။ ဒါမယ့် ဒါက ၁၀ နှစ်တာရှိသွားပီ။ NLDအနေနဲ့ တောက်လျှောက် ပြောလာခဲ့တယ်။ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာကိုက ပါတယ်ဆိုတော့ အဓိကဘယ်လိုအခက်အခဲတွေရှိလဲ။
ဖြေ။ ။ အခုအချိန်မှာ ကျနော်တို့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လုပ်မယ်ဆိုရင် အောင်မြင်နိုင်တယ်၊ မအောင်မြင်နိုင်ဘူးက လေ့လာမှုရှိတဲ့ ပြည်သူက သဘောပေါက်ပါတယ်။ ဒီအခြေအနေမှာတော့ ဒီဟာကိုကျနော်တို့ ရှေ့တန်းတင်ပြီး ပြောဆိုခြင်း မရှိပါဘူး။ သို့ပေမယ့်လို့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာ ဘယ်တော့မှ ကျတော်တို့ဘက်က စွန့်လွှတ်ခဲ့တာမရှိဘူး။ နောက်ဆုတ်ခဲ့တာ မရှိဘူး။ သူ့ကိုအထောက် အကူပြုမယ့် လုပ်ငန်းတွေကို အစဉ်တစိုက်လုပ်နေတယ်လို့ ကျနော် ဆိုလိုချင်တာပါ။
မေး။ ။ ပြီးတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း အာဏာရပြီးနောက်ပိုင်း ငြိမ်းချမ်းရေးကိစ္စကို တောက်လျှောက် တွန်းလုပ်တာ တွေ့ရတယ်။ အရင်ကလည်း ဖွဲ့စည်းပုံပြင်မယ့်ကိစ္စတွေ ပြောခဲ့တာရှိတယ်ဆိုတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က Personally အရဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးဘာတွေ ညွှန်ကြားတာမျိုးရှိလဲ။
ဖြေ။ ။ အခြေအနေသင့်တဲ့အခါမှာ ဒီဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတာကို ကျယ်ကျယ်လောင်လောင် ပြောလာမှာ ဖြစ်ပါတယ်ခင်ဗျ။ အခုကတော့ ဒီအချိန်မှာ ပြောဖို့မသင့်သေးဘူးလို့ ကျတော်တို့ထင်လို့ မအောင်မြင်နိုင်ပါဘူးလို့ ယူဆတဲ့အတွက် လောလော ဆယ်မှာ ဒါကို မပြောတာဖြစ်ပါတယ်။ လတ်တလောစလုပ်ဖို့တော့ ညွှန်ကြားချက်မရှိသေးပါဘူး။ ဒါပေမယ့် မူဝါဒအားဖြင့် ခိုင်ခိုင်မြဲမြဲ ကိုင်ထားပါတယ်။ ဒါမယ့် ဒီကိစ္စကို ဦးတည်ပြီးပြောဖို့ဆိုဖို့ လတ်တလော ညွှန်ကြားချက်တော့ သီးခြားမရှိသေးပါဘူး။
မေး။ ။ ဖွဲ့စည်းပုံပြင်မယ်ဆိုပြီး မပြောပေမယ့် တောက်လျှောက် အဲ့ဒါကို အထောက်အကူ ဖြစ်မယ့်ဟာကို လုပ်နေတယ်ဆိုတဲ့ သဘောပေါ့။
ဖြေ။ ။ ဟုတ်ပါတယ်။
မေး။ ။ အစဉ်တစိုက် လုပ်နေတာမှာ ခုနတပ်မတော်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလိုမျိုးပါတယ်။ တခြားဘယ်လိုမျိုး ရှိသေးလဲ။
ဖြေ။ ။ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်နေတာလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် အရေးကြီးတဲ့ လုပ်ငန်းပါ ခင်ဗျ။ ငြိမ်းချမ်းရေးမှာ ထူးခြားတဲ့ တိုးတက်မှုရတာနဲ့အမျှ ဖွဲ့စည်းပုံပြင်ဆင်ရေးက လျင်လျင်မြန်မြန် အောင်မြင်မှာပါ။
မေး။ ။ ခုနကလို ဒီအချိန်က မအောင်မြင်နိုင်ဘူးလို့ ယူဆထားကြတယ်။ အဲဒါတွေကိုဘယ်လို ကျော်လွှားပြီး လုပ်မလဲ။
ဖြေ။ ။ အဓိကကတော့ ပြည်သူရဲ့ တခဲနက်ထောက်ခံမှုပါပဲ။ တကယ်တော့ တပ်မတော်ဆိုတာလည်း ပြည်သူပါ။ ပြည်သူတွေ၊ ပြည်သူကနေ ဖြစ်လာတဲ့ ဝန်ထမ်းအဖွဲ့အစည်း အသီးသီးတွေ အားလုံးဟာ ပြင်မှ ဖြစ်မယ်လို့ ဆုံးဖြတ်လိုက်တဲ့ နေ့မှာ ဒီဟာ အောင်အောင် မြင်မြင်ဖြစ်လာမှာပါ။
မေး။ ။ NLD က ဖွဲ့စည်းပုံပြင်ရေးကို အဓိကထားပြီး မဲဆွယ်ခဲ့တယ်။ အဲ့ဒါကို ယုံကြည်ခဲ့ကြတယ်။ ခုတော့အားမလို အားမရဖြစ်လာကြတယ်။ အဲဒီအပေါ်မှာ ဘယ်လိုတောင်းဆို တိုက်တွန်းချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့အပေါ်မှာ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို အင်မတန်ကို မြင့်မားတာကျနော်တို့ သိပါတယ်။ ကျနော်တို့ လုပ်နေတာကလည်း လုပ်သင့်လုပ်ထိုက်တဲ့ ဒီနှုန်းနဲ့ကတော့ လုပ်နေပါတယ်။ ဘယ်တုန်းကမှ ရွေးကောက်ပွဲ ကတိကဝတ် တွေကို စွန့်ခွာသွားတာမရှိဘူးလို့ ကျနော်တို့ ပြောချင်ပါတယ်။
မေး။ ။ ဖွဲ့စည်းပုံပြင်ရေးက မြန်မာ့ဒီမိုကရေစီ အကူးအပြောင်းမှာ အဓိကအဟန့်အတား ဖြစ်နေတယ်လို့ ပြောကြတာမျိုး ရှိတယ်။ အန်ကယ့်အမြင်ကရော ဘယ်လိုလဲမသိဘူး။
ဖြေ။ ။ ဟုတ်ပါတယ်ခင်ဗျာ။ ဖွဲ့စည်းပုံမပြင်နိုင်သမျှ စစ်မှန်တဲ့ ဒီမိုကရေစီထူထောင်နိုင်မှာ မဟုတ်ပါဘူး။ ဒီမိုကရေစီ မစစ်မှန်တဲ့ နိုင်ငံမှာဖက်ဒရယ်ကို ကျင့်သုံးလို့ မရနိုင်ပါဘူး။
ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော NLD ‘Waiting for the Right Time’ to Amend Constitution ကို ဘာသာပြန် ဖော်ပြခြင်းဖြစ်သည်။