မြန်မာပြည်ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလ NLD အစိုးရလက်ထက် သတင်းမီဒီယာများနှင့် ပတ်သက်၍ သတင်းထောက်များ ဖမ်းဆီးထောင်ချခံရခြင်း၊ သတင်းလွတ်လပ်ခွင့် အခြေအနေ၊ ဒီမိုကရေစီအစိုးရ လက်ထက်တွင် ပြန်ကြားရေး ဝန်ကြီးဌာန အခန်းကဏ္ဍ၊ ပုဂ္ဂလိက သတင်းစာလုပ်ငန်းများ ရှင်သန်ရပ်တည်နိုင်ရေးတို့နှင့် ရခိုင်ပြည်နယ်အရေး နိုင်ငံတကာ ဝေဖန်ပြောဆိုချက်များ အကြောင်းကို သတင်းစာဆရာဘဝမှ ပြန်ကြားရေး ဒုတိယဝန်ကြီး ဖြစ်လာသူ ဦးအောင်လှထွန်းကို ဧရာဝတီသတင်းဌာနမှ ထက်နိုင်ဇော်နှင့် မိုးမိုး တို့က သီးသန့်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး။ ။ ဆရာကိုယ်တိုင် သတင်းစာဆရာကနေ ဝန်ကြီး ဖြစ်လာပြီ အဲဒီတော့ စိတ်ကူးထားတာတွေလည်း ရှိမှာပေါ့။ ဘာတွေကိုတော့ ပြုပြင်ပြောင်းလဲမယ်၊ အဲဒါတွေကို တကယ်လက်တွေ့ အကောင်အထည်ဖော်တဲ့ အခါမှာ ဘယ်လို စိန်ခေါ်မှုမျိုးတွေ ကြုံတွေနေရလဲ။
ဖြေ။ ။စိန်ခေါ်မှုကအများကြီးပဲ။ တကယ့်ကိုအများကြီး။ လုပ်ချင်တာတွေလည်း အများကြီးပဲ။ လုပ်ချင်တာတွေကို အရင်ပြောရင် ကောင်းမယ်နော်။ လုပ်ချင်တာတွေများပေမယ့် အခုမှလုပ်နိုင်တာကို။ နှစ်ပေါင်း၃၀ လောက်ထိ ဒီလောကမှာ ကျင်လည်ခဲ့တာလေ။ အစိုးရအယ်ဒီတာလည်း ၁၁ နှစ်လုပ်ခဲ့တယ်။ ကမ္ဘာ့အကြီးဆုံး သတင်းဌာနလို့ ခေါ်တဲ့ Reuters မှာလည်း ၂၂ လုပ်ခဲ့တယ်။ အပြင်ကနေ အများကြီး မြင်တွေ့ခဲ့ရတယ်။
အခုအတွင်းကို ပြန်ဝင်လာတယ်။ အဲဒီအချိန်မှာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာလည်း အရမ်းထိခိုက်နေပြီ၊ တဘက်က ကြည့်ရင် ပြည်တွင်းမီဒီယာရော၊ နိုင်ငံပိုင်မီဒီယာရော၊ ပုဂ္ဂလိက မီဒီယာရော နှစ်ပေါင်း ၅၀ အတွင်းမှာ လုံးဝကို ခါးပိုင်းပြတ်သွားပြီ။
တို့ငယ်ငယ်က သတင်းစာ ၅ စောင်နဲ့ကြီးပြင်းလာခဲ့ရတယ်။ မမွေးခင်က သတင်းစာ အစောင် ၄၀ ရှိခဲ့တာ။ ဒါပေမယ့် အဲဒီအခါတုန်းက နိုင်ငံတကာ အသိုင်းအဝိုင်းမှာ မြန်မာနိုင်ငံရဲ့ဆွဲဆောင်မှုက သိပ်မရှိသေးဘူး။ ဒီနေ့အခါကျတေ့ာ နိုင်ငံတကာမီဒီယာနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက အာရုံစူးစိုက်မှုကို အများကြီးခံနေရတယ်။ အဲဒီဟာကို Handle လုပ်ဖို့ ပြည်တွင်းမီဒီယာက မလုံလောက်ဘူး။ လုံးဝမကိုင်တွယ်နိုင်ဘူး။
အဲဒါ ပြည်တွင်းမီဒီယာကို အပြစ်ပြောတာ မဟုတ်ဘူး။ ပြည်တွင်းမီဒီယာဆိုတာ အစိုးရမီဒီယာရှိတယ်။ ပုဂ္ဂလိကမီဒီယာရှိတယ်။ အစိုးရမီဒီယာဆိုရင် သက်တမ်း ၅၀ ကျော်ရှိပေမယ့် လုံးဝခါးတပိုင်း ပြတ်သွားပြီ။ အဲဒါကတေ့ာ တုန်လှုပ်ချောက်ခြားစရာ တွေ့ခဲ့ရတာပဲ။ တကယ့် ပရော်ဖယ်ရှင်နယ် ဂျာနယ်လစ်တွေက လုံးဝမရှိသလောက် ဖြစ်သွားပြီ။ အရင်အစိုးရလက်ထက်က ထားခဲ့တဲ့ အနေအထားက တစစီ ဖြစ်နေတယ်။
လောလောဆယ်တော့ နိုင်ငံပိုင်မီဒီယာ အခန်းကဏ္ဍကို တိုးတက်အောင် အရင်လုပ်နေတယ်။ ဒါလည်းအရေးကြီးတာကိုး။ ဘာကြောင့်လဲဆိုတော့ ဖျက်သိမ်းလို့ မရသေးဘူး။ ကိုယ်က လုပ်စရာတခုပဲရှိတယ်။ တကယ်ကို News Value ရှိအောင်၊ Quality Product ကို ပေးရတော့မယ်။အဲဒီအတွက် ကြိုးစားနေတယ်။ အဲဒီမှာလည်းစိန်ခေါ်မှုတွေရှိတယ်။
အခုကခါးပြတ်သွားပြီ။ Western Sanction နဲ့လည်း ဆိုင်တယ်။ ၈၈ မှာ ပြန်လာတော့ အဲဒီနှစ်ကစပြီး စီးပွားရေး ပိတ်ဆို့လိုက်တယ်။ အနောက် ဥရောပက ခေါ်တာတွေ မရှိတော့ဘူး။ အဲဒါတခုရှိတယ်။
နောက်တခုက ပြည်တွင်းပုဂ္ဂလိက မီဒီယာတွေကို သိပ်ပြီး အားကောင်း မောင်းသန် ဖြစ်အောင်လုပ်ဖို့ လိုတယ်။ အဲဒါကိုလည်း ကျနော်တို့ အရမ်း စိတ်ဝင်စားပါတယ်။ ဖြစ်သင့်တယ်ဆိုတာ အရမ်းယုံကြည်တယ်။ ဘာလို့လဲဆိုတော့ ဒါကို အစိုးရမီဒီယာတခုတည်းနဲ့ လုပ်လို့မရဘူး။ နိုင်ငံတကာအလေ့အထအရလည်း အစိုးရဘက်က ပြောတာဆိုရင်သိပ်လက်မခံချင်ဘူး။
အစိုးရဘက်က လုပ်ရမှာက သတင်းတွေ ထုတ်ပြန်ဖို့။ ဌာနဆိုင်ရာတွေကလည်းလုပ်ရမယ်။ အဲဒါတွေအားလုံးကို ပြန်ကြားရေးဝန်ကြီးဌာန တခုတည်း လုပ်လို့မရဘူး။ ဌာနဆိုင်ရာတိုင်းမှာလည်း သတင်းထုတ်ပြန်ရေး အရာရှိတွေရှိရတော့မယ်။ ဆွေးနွေးဖို့သုံးသပ်ဖို့ Spokesperson တွေထားရတော့မယ်။ ထုတ်ပြန်သင့်တာကို ထုတ်ပြန်ဖို့ မေးမြန်းတာကို ထွက်ပြေးမနေဖို့။ အိမ်စာ ကောင်းကောင်းလုပ်ဖို့ ပြောထားတယ်။ ဒါပေမယ့်အဟန့်အတားတွေရှိတုန်းပဲ။
ပြည်တွင်း မီဒီယာတွေကို ကူညီဖို့ကျတော့ စိန်ခေါ်မှု တော်တော်ရှိတယ်။ သိပါတယ်။ ပြည်တွင်းမီဒီယာတချို့က ဘဏ္ဍာရေးအရ အခက်အခဲရှိတယ်။ စောင်ရေတွေကျလာတယ်။ Commercial လည်းကျလာတယ်။ အဲဒါကိုတချို့ကအစိုးရကိုပဲ အပြစ်တင် ကျတယ်။ ကျနော် လေ့လာကြည့်သလောက် ပြောရရင်ဒစ်ဂျစ်တယ်ဘက်ကို ပြောင်းသင့်တယ်။ Commercial ကလည်း အွန်လိုင်းဘက်ကို ပြောင်းနေတာ အများကြီးပဲ။
ကျနော်လည်းဒီမှာ အမြဲတန်းပြောတယ်။ ကျနေ်ာတို့ အရင်လို လက်ဝါးကြီးအုပ်လို့ မရတော့ဘူး။ သတင်းစာ၃ စောင် ရှိချင်တယ် ဆိုရင် Quality ကို ပေးရတော့မယ်။ အင်္ဂလိပ်သတင်းစာမှာလည်း ဆရာ CTO ရဲ့ အင်္ဂလိပ်စာကို ကျနော်ပဲ ထည့်ခိုင်းတာ။ ၃ပတ်ရှိပြီ။ ဝယ်ရကျိုးနပ်အောင်လုပ်ဖို့ တိုက်တွန်းနေရတယ်။ ကျနော်ကတော့ မြန်မာသတင်းစာ၂ စောင်မလိုအပ်ဘူးလို့ထင်တယ်။ တစောင်ကို PPP လုပ်ချင်တယ်။ အင်္ဂလိပ်သတင်းစာကိုလည်း အရည်အသွေးရှိတဲ့ လူတယောက်ယောက်ကို အပ်လိုက်ချင်တယ်။ မြန်မာသတင်းစာ ၂ စောင်ကို ဖြစ်နိုင်ရင်လေ။ တစောင်ကို ပုဂ္ဂလိကလက်ကို အပ်ချင်တယ်။ ဖြစ်နိုင်ရင်ပြောတာပေါ့။
မေး။ ။ သတင်းစာတစောင်ဆိုတာ တိုင်းပြည်ရဲ့မျက်စိနဲ့နားပဲလေ။ တိုင်းပြည်ကို ပုံဖော်နေတာ။ နိုင်ငံပိုင်သတင်းစာတွေဟာဆိုရင်လည်း စစ်အစိုးရခေတ်၊ ဒီမိုကရေစီအစိုးရခေတ်မှာလည်း သိပ်ထူးခြားမှုမရှိဘူး။ နောက်တခုက National Newspaper မရှိဘူး။
ဖြေ။ ။ကျနော်အဲဒါကို လက်ခံတယ်။ ကျနော်လည်း ခံစားရပါတယ်။ အစိုးရပိုင်ဆိုပြီးတော့ နာမည်ခံသာ ရှိနေတယ်။ စီးပွားရေးအရသာပိုင်တာ။ တကယ့်ကို မထင်ရဘူး။ ဥပမာThe Straits Times တို့လို တကယ့်ကို Reflect ဖြစ်စေချင်တယ်။ အဲဒီအပိုင်းကိုလည်း လုပ်ဖို့လိုပါတယ်။ အင်္ဂလိပ်သတင်းစာကတော့ ပိုပြီး ဒေါင်ဒေါင်မြည်ဖို့ လိုတယ်။ အရေးအသားက အစ အစစအရာရာ ပေါ့လေ။ လုပ်စရာတွေက အများကြီးပဲ။
နောက်တခုကတေ့ာ အင်တာနေရှင်နယ် မီဒီယာတွေကို ဒီမှာရုံးခန်းဖွင့်စေချင်တယ်။ ဒီဟာကဆိုးကျိုးထက် ကောင်းကျိုးကို ဖြစ်စေတယ်ဆိုတာ ကျနော်နားလည်တယ်။ နိုင်ငံတိုင်းမှာ လိုက်နာရမည့် Dos and Don’ts တွေရှိတယ်။ သူတို့ကိုလည်း Level Playing Field ဖြစ်အောင်လုပ်ပေးထားမယ်။ မှန်ကန်သော Playing ဖြစ်ရမယ်။ Access To Information က ပေးကိုပေးရမယ်။ ရှောင်လို့မရဘူး။ Conflict Area မှာလည်း ပေးရမယ်။ လုံခြုံရေးစီစဉ်ပေးရမယ်။ Guided Tour ပေါ့။ တနေရာတည်း ထပ်တလဲလဲ ပြနေတာကလည်း အဓိပ္ပါယ်မရှိဘူး။ ပျော်ပွဲစားထွက်တာမှမဟုတ်တာ။ သူသွားချင်တဲ့ နေရာနဲ့ ကိုယ်ပြချင်တဲ့နေရာတွေကို ညှိနှိုင်းရမယ်။
တချို့နေရာဆို လေယာဉ်နဲ့သွားရမယ်။ သွားရေးလာရေးခက်ခဲတယ်။ လုံခြုံရေးပိုင်းကတေ့ာ ပြဿနာပဲ၊ ဟိုအဖွဲ့တွေက ဗုံးလုပ်နည်းတွေ သင်ထားတယ်။ အဲဒါကိုလည်း စဉ်းစားရတာပေါ့လေ။ အဲဒီတခုတည်းကို စဉ်းစားပြီးတော့အမြဲတန်း နိုးနိုး ခံလုပ်နေလို့မရဘူး။ အဲဒီ ၂ ခုကြားမှာ အဖြေရှာရမယ်။ နည်းလမ်းရှာရမယ်။
မေး။ ။ရခိုင်ကိစ္စနဲ့ပတ်သက်ပြီး အနောက်နိုင်ငံက ရေးတာတွေက အမြင်အမျိုးမျိုးရှိကြတယ်။ မြန်မာပြည်နဲ့ ပတ်သက်ပြီးဘာမှ နားမလည်ပဲနဲ့ ရေးတယ်။ One Sided Informationတွေ ဖြစ်တယ်။ လက်တွေ့အခြေအနေတွေကို Black and White လုပ်ပြီးရေးတယ်။ အဲဒါနဲ့ပတ်သက်ပြီး ဘာပြောချင်လဲ။
ဖြေ။ ။ နိုင်ငံတကာနဲ့ ပတ်သက်ရင် ကျနော်ကိုယ်တိုင်လည်း ဝင်လုပ်ခဲ့တယ်။ ဘာတွေရလဲဆိုတော့ တချို့လူတွေဟာ ကျနော်တို့ရဲ့ Underlying Process တွေက အရမ်းရှုပ်ထွေးတယ်။ ဖြစ်ရပ်တခုကို လေ့လာရင် ၂ ခုရှိတာပေါ့။ တခုက ချက်ခြင်းဖြစ်တဲ့ လတ်တလော အကြောင်းအရင်း၊ နောက်တခုက တော်တော်ကြာကြာဖြစ်ခဲ့ပြီးတဲ့ ကိစ္စတွေ အရမ်းရှုပ်ထွေးပါတယ်။
ကျနော်ဆိုရင် ကျနော့်ရဲ့ နိုင်ငံခြား သား မိတ်ဆွေသတင်းသမားရော၊ သံတမန်တွေကိုရော အကြံပေးမယ်။ မင်းတို့ဗမာပြည်အကြောင်း စာအုပ်လေးတအုပ် နှစ်အုပ်ဖတ်ပြီး ကျေနပ်မနေနဲ့လို့။ သွားကြည့်ပါဦး၊ မြင်ကြည့်ပါဦး။ ဒီမှာ၁၀ နှစ်ကျော်လောက် အနေကြာတဲ့ သံတမန် မိတ်ဆွေတယောက်ကဆိုရင် ဗမာပြည်အကြောင်းက တခါမှ လေ့လာလို့မကုန်နိုင်ဘူးလို့ ပြောတယ်။ စိတ်ဝင်စားစရာတွေ အရမ်းများတယ်။ အရမ်းရှုပ်ထွေးတယ်။
နှစ်ပေါင်းများစွာTransparency မရှိခဲ့တော့ပိုရှုပ်ထွေးတယ်။ Transparency နည်းခြင်းက ရှုပ်ထွေးမှုကို ပိုဖြစ်စေတယ်။ သံသယကိုလည်း ပိုကြီးထွားစေတယ်။ Transparency ရှိမှ Misinformation တို့ Fake News တို့ကင်းမှာ။ အဲဒီအပိုင်းမှာကျနော်တို့ သိပ်အားနည်းပါတယ်။ အနောက်နိုင်ငံက ရေးတဲ့ဟာတွေက တချို့ဟာတွေ Bias ဖြစ်တယ်လို့ ကျနော်လုံးဝယုံကြည်တယ်။
လူအများ အထိတ်တလန့်နဲ့ စိတ်ဝင်စားအောင်ပေါ့ စာလုံးကြီးကြီးနဲ့ ရွေးချယ်ပြီးတော့သုံးကြတယ်။ နောက်တခုက အင်တာနေရှင်နယ် မီဒီယာပိုင်းသည် Agenda setting လုပ်ပါတယ်။ ကိုယ်လိုချင်တဲ့ဟာကို နှပ်ကြောင်းပေးပြီး Issue ဖြစ်အောင် လုပ်တယ်။ ကိုယ်ပြချင်တာကိုပဲ Highlight လုပ်တာပေါ့။ အဲဒီ Conclusion ကိုဆွဲခိုင်းတာပေါ့။ သူတို့မှာ Agenda ရှိတယ်။
တချို့ဟာတွေက တော်တော် တုန်လှုပ်ခြောက်ခြားစရာ ကောင်းတယ်။ မပြောသင့် မရေးသင့်တာမျိုးတွေ။ ရခိုင်မှာ မသီတာထွေးကိစ္စ အကြောင်းပြုပြီးတော့ ဘူးသီးတောင်နှင့် မောင်တောမှာ ပြဿနာတွေ ဖြစ်တယ်။ အဲဒီဟာမတိုင်ခင် မီဒီယာတော်တော်များများ သိကြတယ်။ ကမ္ဘာ့ထိပ်တန်း မီဒီယာကြီးတချို့ဟာ ဒီအရေးအခင်း ဖြစ်မယ်ဆိုတာကို တပါတ်လောက်ကြိုသိတယ်။ သူတို့လာတယ်။ ဗီဇာ လျောက်ထားမှုအနေအထား။ ဖြစ်တာနဲ့ ဟိုဘက်ကို လစ်ကြတယ်။ ဟိုဘက်က ဝင်တယ်။ တစုံတရာ Well Organized လို့တောင် ပြောလို့ရတယ်။
ဒူချီယာတန်းဆိုလည်း ဘာမှမဖြစ်ဘူးလေ။ ဒါပေမယ့်ဘယ်သူမှလည်း မတောင်းပန်ဘူး။ သို့သော်ကျနော်တို့ရဲ့ ပြဿနာက ဒီဘက်ကလည်း ကိုင်တွယ်တာညံ့တယ်။ အမှန်ကို မပြနိုင်ရင်တောင်မှ အမှားမှန်းသိတာကို ထုတ်ပြန်ရမယ်။ ချက်ချင်းကို ပြောရမယ်။ ပြီးတော့အမှန်ကို ပြောရမယ်။ တောင်းပန်ခိုင်းရမယ်။ အဲဒီ Process ကိုသူတို့နားမလည်ဘူး။
ကျနော်အတွေ့အကြုံအရ သတင်းအမှားတွေကို ကျတော့အ ားလုံးက Share လုပ်ကြတယ်။ ပြင်ဆင်ချက်ကို မှားတဲ့လူကလည်း အလွယ်တကူ မလုပ်ချင်ဘူး။ အမှားကို ပြင်ဆင်တာဟာ ရှက်စရာကောင်းတာ မဟုတ်ဘူး။ လက်တွေ့မှာ လုပ်ဖို့ကျတော့ ခက်နေကြတယ်။ အမှားပြင်ဆင်ချက်ကိုကျတော့ မဝယ်ကြတော့ဘူး။ ပထမဆုံး ပို့လိုက်တဲ့ အမှားကိုပဲ အခြေခံပြီးတော့ ပေါ်လစီတွေ ချကြတယ်။ ဆဲကြတယ်။ ဆိုကြတယ်။ အဲဒါကိုပဲ ဝေဖန်ကြတယ်။ တိုင်းပြည်လည်း ထိခိုက်နစ်နာရတယ်။
မေး။ ။ လက်ရှိမှာ Reuters သတင်းထောက်တွေ ဖြစ်တဲ့ ကိုဝလုံးတို့ အဖမ်းခံရတယ်။ သတင်းထောက်တွေ အဖမ်းခံရတော့ သတင်းရယူခွင့်၊ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဒီအစိုးရလက်ထက်မှာ မေးခွန်းတော်တော် ထုတ်ကြတယ်။ အဲဒီအပေါ်မှာ ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ဘာတွေကူညီ ဆောင်ရွက်ပေးနိုင်တာရှိလဲ။
ဖြေ။ ။ အဲဒီကိစ္စမှာ အဖမ်းမခံရခင် အခင်းအကျင်းလေးကို အရင်ပြောချင်တယ်။ သတင်းထောက်တွေကို အဖမ်းဆီးများတာ တကယ်စိတ်မကောင်းပါဘူး။ ဘာလို့ဆို ဥပဒေက ရှိနေတာကိုး။ အဲဒီအပိုင်းမှာ တချို့က ပြောကြတာ။ အဲဒီလိုအဖမ်းအဆီးများတာဟာ Freedom of Press နည်းလာလို့တဲ့။ ကျနော် ပြောချင်တာက သိပ်လက်မခံချင်သလို ပြောတော့တချို့လည်းကျနော်ကိုဆဲကြတယ်။
သတင်းသမားဟာပရော်ဖယ်ရှင်နယ် ဖြစ်ဖို့လိုတယ်။ Ethics ကိုသိရမယ်။ သတင်းသမားနဲ့ ပတ်သက်ရင် ကျနော် ၃ ခု ပြောချင်တယ်။ ကျနော်ရပ်တည်ခဲ့တာကို ပြောတာ။ Ethics ရှိရမယ်။ ပရော်ဖယ်ရှင်နယ် ဖြစ်ရမယ်။ တည်ဆဲဥပဒေနားလည်ဖို့လိုတယ်။
ပရော်ဖက်ရှင်နယ် ကျွမ်းရမယ်လို့ဘာလို့ ပြောလဲဆိုရင် ကျနော် Press Council ဥက္ကဋ္ဌ ဘဝမှာ အမှုတွေ အများကြီးကိုင်ရတယ်။ တပ်မတော်သား တယောက်ဟာ ဓါးပြမှုကျူးလွန်တယ်ဆိုပြီး ရေးတယ်။ ထားဝယ်မှာ။ ဟိုဘက်က တိုင်တယ်။ တိုင်တော့အဲဒီအဖွဲ့ကို ခေါ်စစ်တယ်။ အယ်ဒီတာရော အကုန်ပါတယ်။ သူတို့ကဘာပြောလဲဆိုတော့ တပ်မတော်သားက ယူနီဖောင်းဝတ်ထားတယ်တဲ့။ ယူနီဖောင်းဝတ်ထားတိုင်း တပ်မတော်သားလားလို့။ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့တခုခုဆီကိုစုံစမ်း မေးမြန်းတာမျိုး လုပ်သေးလားလို့။ သူသာပါးနပ်ခဲ့ရင် တပ်မတော်ယူနီဖောင်းဝတ်ထားသူတဦးလို့ ရေးရမှာ။ အဲဒါမှ Professionalism လေ။
နောက်တခုက တပ်မတော်လေယာဉ်ပျက်ကျတဲ့ သတင်း။ ကျနော်က သတင်းသမား၊ သတင်းပိုးပါတော့ သတင်းတွေ အမြဲတန်း ဖတ်တယ်။ လေယာဉ်ပျက်ကျတယ်ဆိုတော့မှန်တယ်။ နောက်နာရီဝက်လောက်ကြတော့ လေယာဉ်က လေထဲမှာအင်မတန်ကြီးတဲ့ ပေါက်ကွဲမှုတခု ဖြစ်တယ်တဲ့။ နောက်နာရီဝက် လေးဆယ့်ငါးမိနစ်လောက် အကြာမှာ ထပ်တက်လာတာက လူ ၁၉ ဦး အသက်ရှင်တယ်တဲ့။ ဟာဆိုပြီးအံသြလို့တောင်မဆုံးဘူး။ ဖုန်းလာပါရော။
ဆရာရေ အရမ်းလွန်လာပြီ။ သိပါသလားတဲ့။ အရေးယူရတော့မယ်တဲ့။ အရေးမယူခင်ဆရာတို့ကို အရင်ဆက်သွယ်ပါဆိုလို့ ဆက်တာပါတဲ့။
ကျနော် The Lady ဂျာနယ်ကို ဖုန်းဆက်တယ်။ ခင်ဗျားတို့တော့ ၆၆ ဃ နဲ့ တွေ့တော့မယ်လို့။ အဲဒီမှာသူတို့က ဘာပြောလဲဆိုတော့ ဟုတ်တယ်လေတဲ့။ လူတိုင်းသိတာပဲတဲ့။ မပျက်ဘူးလားတဲ့။ ပျက်တာမှန်တယ်လို့။ အမျိုးသမီး တယောက်ပဲ။ ပေါက်ကွဲမှုကရော ဆိုတော့လူတိုင်း ပြောနေတာပဲတဲ့။ နောက်ခရီးသည် ၁၉ ယောက် အသက်ရှင်တာကရောဆိုတော့ အဲဒါလည်း ကျမတို့မှာ အထောက်အထား မရှိပေမယ့်ရှိတဲ့လူတွေမှာရှိတယ်လို့ ပြောတယ်။
ပြောတဲ့လူကို တွေ့ဖူးလားဆိုတော့ မတွေ့ဖူးဘူးတဲ့။ အဲဒါဆိုတပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကို ဖုန်းဆက်သေးလားဆိုတော့ ဖုန်းဆက်ရင်လည်း သူတို့က မဖြေဘူးတဲ့။ ဟာမဖြေရင်မဖြေတဲ့အကြောင်း ရေးရတယ်လို့။ ကျနော်တို့ ၃ ခါဆက်တယ်။ မကိုင်ဘူးလို့ ရေးတယ်။ တခါတခါ ၂ ရက်စောင့်တယ်။ မကိုင်ဘူး။ ၂ ပတ်စောင့်တယ်။ မကိုင်ဘူး။ ရေးလို့ရတယ်။ ဒါကပရော်ဖက်ရှင်နယ်ပိုင်းကို ပြောတာ။
Ethics ပိုင်းဆိုရင် Balance ဖြစ်ရမယ်။ အဲဒီပိုင်းမှာ ဌာနဆိုင်ရာတွေက သိပ်အရေးကြီးပါတယ်။ သတင်းသမားက တခုခုကြားတယ်။ လူကြီးမင်းတို့ဌာနက ဘယ်လိုဘယ်လို ဖြစ်တယ်ဆိုတာကို မဖြေဘူး လို့ဇွတ်ငြင်းတယ်လေ။ ကျနော်လည်း သင်တန်းတွေမှာ ပြောတယ်။ အဘကိုယ်တိုင်ကိုင်ပြီးတော့ အဘမရှိပါဘူးလို့တော့ မလုပ်ပါနဲ့လို့။ မသိရင်မသိဘူးလို့ပြောလိုက်ပေါ့။
နောက်တခုကျနော်ပြောချင်တာက တည်ဆဲဥပဒေတွေပဲ။ အဲဒါသိပ်အရေးကြီးတယ်။ ကျနော်တို့တုန်းကလည်း ရေးခဲ့တာပဲ။ နေပြည်တော်ကြီး စရွေ့တုန်းကလည်း အရင်ဆုံး ရေးခဲ့တယ်။ အဲဒီတုန်းက ဗိုလ်ချုပ်မောင်ဦးနဲ့တောင် ရန်ဖြစ်ခဲ့ရတယ်။ မပြောင်းခင် ၃ လ လောက်က ကျနော်က အဲဒါကို ပြောပြတာ။ ကျနော်က Reuters မှာ။ တချို့က Nuclear Reactor လို့ထင်ကြတယ်။ ကျနော်တို့ မဟုတ်ဘူးလို့ ပြောတယ်။ ကျနော်သိထားတဲ့ သတင်းတွေနဲ့ ပေါင်းစပ်လိုက်တဲ့ အခါမဟုတ်ဘူး ဆိုတာသိတယ်။
Reuters ရုံးက ထင်တာက စစ်ဌာနချုပ်ကိုပဲ ပြောင်းမယ်လို့ထင်တာ။ အစိုးရပြောင်းမယ်လို့ မထင်ဘူး။ ကျနော်အဲဒါပြောချင်တာ။
ကျနော်တုန်းကလည်း နေပြည်တော် Ghost Town လို့သုံးလို့ဆိုပြီး အကြီးအကျယ် ခေါ်ပြီးလုပ်တာ။ Reuters ကလည်း နမူနာ ၃၀ လောက်ထုတ်ပြတယ်။ ဒါဟာဝိညဉ်လောကနဲ့ မဆိုင်ပါဘူး။ Ghost Town ဆိုတာ စည်ကားရမယ့် အစားမစည်ကားတဲ့နေရာလို့ ပြောတာ။
အဲဒီစတိုရီကို ရေးဖြစ်တာက ကျနော်ဒီကိုလာတယ်။ ရေပန်းဥယျာဉ်ကို ရောက်တယ်။ အင်မတန်သာယာလှပတဲ့နေရာ။ ဒါပေမယ့် အတွဲတောင် တယောက်မှမရှိဘူး။ အဲဒီနေ့က ကျနော်တယောက်တည်း သင်္ဂဟဟိုတယ်လမ်းလျှောက်ပြန်လာတယ်။ အဝိုင်းနားမှာရဲကင်းလေးတခု တွေ့တယ်။ ရဲကလည်းငိုက်နေတာလား။ ဘာလားမသိ။ ကျနော်ကသူ့တွေ့တော့ ညီလေး မပြန်သေးဘူးလားဆိုတော့ လူကြီးလမ်းကြောင်းတခု ရှိလို့တဲ့။ အဲဒီမှာပဲ Ghost Town ဆိုတဲ့အိုင်ဒီယာလေး ပေါ်လာတယ်။
ရာဇာဌာနေ လမ်းမကြီးကိုလည်း မာဆတ်ဌာနေလမ်းမကြီးလို့ ခေါ်တယ်ဆိုပြီး ကားသမားတယောက်က ပြောပြတယ်။ ဂျာနယ်လစ်ဇင်သဘောကလည်း တချို့ဟာလေးတွေကို ပါးပါးလေးလုပ်ရတယ်။ ကျနော်မှာ နိုင်ငံခြား သတင်းထောက်ကတ် ကသက်တမ်းတိုးမပေးဘူးလေ။ အဲဒါကိုသတိတွေ ပေးနေတယ်။ ဆရာရဲ့ကတ်သက်တမ်းက သက်တမ်းလွန်နေပြီတဲ့။ ဒါပေမယ့် ဘယ်တော့မှကိုယ့်ရဲ့ ကြောက်စိတ်ကြောင့်အပေးအယူ မလုပ်ခဲ့ဘူး။
ဂျာနယ်လစ်ဇင်ဆိုတာပိုးပါပဲ။ အဲဒီပိုးဝင်သွားရင် ချွတ်ဖို့မလွယ်တော့ဘူး။ အဲဒါကြောင့် တည်ဆဲဥပဒေတွေကို သိဖို့လိုတယ်။ အဲဒီ ၃ ခုမှမသိတဲ့ အခါကျတော့ သတင်းသမား အရည်အတွက်ကလည်း များလာတယ်လေ။ အရင်က၅၀၊ ၁၀၀ ပဲရှိတာကိုး။ အခု ၄၊ ၅ ထောင်လောက်ရှိတယ်။
မေး။ ။ အဲဒီအတွေ့အကြုံတွေနဲ့ ရိုက်တာမှာ လုပ်ခဲ့တာတွေရော။ အရင်ကသတင်းစာဆရာ တယောက် ဖြစ်ခဲ့တာတွေရောပေါ့။ အခုဆိုရင် ပြန်ကြားရေးဝန်ကြီး ဌာနမှာ ဒုတိယ နေရာကိုယူရတယ်။
ဖြေ။ ။အဲဒီအတွက်လည်း မျှော်လင့်ထားတယ်။ မျှော်လင့်နေဆဲပဲ။ အခုမှ ၃ လပဲရှိသေးတယ်။ မျှော်လင့်လျက်ပါ။ ကျနော်စိတ်ဓါတ် လုံးဝမလျော့သေးပါဘူး။ ကျနော်က တိုင်းပြည်ကို Serve လုပ်နေတယ်လို့ ယုံကြည်တယ်။ အဲဒီသံဓိဌာန်နဲ့ပဲလာတာပါ။ တိုင်းပြည်ရဲ့ ပုံရိပ်က အရမ်းကျဆင်းနေတယ်။ ဘာကြောင့်လဲဆိုတော့ တိုင်းပြည်ကို စနစ်တကျရှင်းလင်း တင်ပြနိုင်ခြင်း၊ Narrative ကို မလုပ်ခဲ့ဘူးပေါ့။
အဲလိုတချိန်တည်းမှာပဲ ကျနော်တု့ိ နိုင်ငံအတွက်စိန်ခေါ်မှုတွေက တခုပြီးတခု ပေါ်လာတယ်။ အဲဒါလည်း သိပ်ဝမ်းနည်းဖို့ ကောင်းတယ် သတင်းမီဒီယာကလည်း ထိုးမဖောက်နိုင်ဘူး။ အစိုးရရဲ့Transitional Period ကလည်း အရမ်းကို စိန်ခေါ်မှုတွေများတယ်။ ဒီစိန်ခေါ်မှုတွေအားလုံးကိုကျနော်လေ့လာတယ်။ အားလုံးက အမွေဆိုးတွေပဲ။ နေရာတိုင်းမှာပဲ။
အင်္ဂလိပ်ဆိုရိုးစကားတခုကို သတိရတယ်။ အရိုးထဲမှာ မွေးထားတာကို အသားထဲကနေ ထုတ်လို့မရဘူးတဲ့။ Mindset တွေ ပြောင်းရမယ်။ ပြုပြင်ရမယ်။ ပြန်ကြားရေးဝန်ကြီးဌာနတခုတည်းတင်မဟုတ်ဘူး။ ဝန်ကြီးဌာနအားလုံးမှာ ဒီနေ့ကြုံတွေ့နေရတာတွေက အဲဒါ တွေချည်းပဲ။ အားလုံးပေါင်းစပ်ပြီးတော့လေ။
မေး။ ။ ဆရာပြောသွားတဲ့အထဲမှာ နိုင်ငံပိုင်သတင်းစာကိစ္စတော့ ပါသွားပြီပေါ့လေ။ NLD ကိုယ်တိုင်လည်း သူအစိုးရမဖြစ်ခင်က နိုင်ငံပိုင်သတင်းစာဆိုတာ မရှိသင့်ဘူးဆိုပြီး ထုတ်ဖော်ခဲ့တာရှိတယ်။ ဒီဘက်သူတို့ဝင်လုပ်တဲ့ အခါမှာတော့ ဆက်ထားခဲ့တယ်။ နောက်တခုက ဒီမိုကရေစီအစိုးရမှာ ပြန်ကြားရေးဝန်ကြီးဌာနမျိုးက လိုလား။ သူ့အခန်းကဏ္ဍကဘာလဲ။
ဖြေ။ ။ အဲဒါကတေ့ာ ဒီမိုကရေစီ ဘယ်လောက်ရင့်သန်သလဲဆိုတဲ့ အပေါ်မူတည်တယ်။ ကျနော်ဆိုလည်း ဒီမိုကရေစီရင့်သန်တဲ့ နိုင်ငံတွေကို သွားဖူးလာဖူး ထိတွေဆက်ဆံဖူးတယ်။ Well Established နိုင်ငံတွေဆိုရင်တော့ မလိုတော့ဘူး။ ဒိန်းမတ်က Press Council ဥက္ကဋ္ဌ နဲ့ တွေ့တယ်။ သူတို့ဆီမှာ အားလုံးလုပ်လို့ရတယ်။ နောက်တခုက ပြန်ကြားရေးဝန်ကြီးဌာနလို တယ်ဆိုတာက ခုနကလို ကိစ္စမျိုးတွေကြောင့်။ တချို့ကလည်းကျနော့်ကို ငြင်းကြတယ်။ တရုတ်ပြည်မှာ မရှိဘူးလားတဲ့။ တရုတ်မှာ ပေါ်လစ်ဗျူရိုအဆင့်တောင် ရှိတယ်။ ဝန်ကြီးက ပေါ်လစ်ဗျုရိုအဆင့်။ တော်တော်ကို အဆင့်မြင့်တယ်။ ပြန်ကြားရေးဝန်ကြီးဌာနက သာမန် ကက်ဘိနက်ထက် ပိုမြင့်တယ်။ တချို့နိုင်ငံတွေမှာ တွေ့ရတာက ကျနော်ပွင့်လင်းစွာပဲ ပြောမယ်။ ပြန်ကြားရေးဝန်ကြီးဌာနထားတဲ့ပုံစံ မှားနေတယ်။
ပြန်ကြားရေးဝန်ကြီးဌာန ထားတဲ့ပုံကိုက မှားနေတာ ကျနော်ပွင်လင်းစွာပဲ ပြောပါတယ်။ အခုလည်းပြောပါတယ်။ Information Ministry သတ်သတ်တခု ထားမယ်ဆိုရင် ပိုပြီးတေ့ာ ထိရောက်မယ်ထင်တယ်။ Telecommunication နဲ့တွဲရမှာ။ အခုက Telecommunication ကိုမီးရထားနဲ့ သွားတွဲထားတယ်။ အဲဒီဟာက ၁၉ ရာစု အနှောင်းပိုင်းက ပုံစံ။ ၂၀ ရာစု အစောပိုင်းမှာ မီးရထားကို ဖွံ့ဖြိုးအောင် လုပ်တာ အဲဒီခေတ်က ပုံစံ။ ကျနော့်မိတ်ဆွေ နိုင်ငံတချို့ကလည်းပြောတယ်။ Telecom ကို Information နဲ့ တွဲရမှာတဲ့။ Information Ministry ဆိုတာ Minister သတ်သတ်မဟုတ်ဘူး။ အဲလိုဆိုပိုပြီးထိရောက်မယ်ထင်တယ်။
မေး။ ။ ထပ်မေးရမယ်ဆိုရင်တော့ Information Ministry ရှိတဲ့ နိုင်ငံတွေရှိတယ်။ အဲဒါကအာဏာရှင်နိုင်ငံတွေ ဖြစ်နိုင်သလို ကွန်မြူနစ်နိုင်ငံတွေလည်း ဖြစ်နိုင်တယ်။ သူတို့က The Most Powerful Ministry ပဲ။ သူတို့ Information ပေးတဲ့ပုံစံမျိုးက ဘယ်နေရာမှာပဲ ဖြစ်ဖြစ် စိတ်ဝင်စားဖို့ကောင်းတယ်။ အခုလည်းကြည့်မယ်ဆိုရင် ပြန်ကြားရေးဝန်ကြီးဌာနကို ပြည်သူတွေရဲ့ အမြင်မကောင်းဘူး။ ဘာတွေပြင်ရမယ်ထင်လဲ။
ဖြေ။ ။ ပြင်ရမယ်ဆိုရင်တော့ ကျနော်တို့ နာမည်နဲ့ ညီအောင်လုပ်ရမှာပေါ့။ ပြန်ကြားရေး ဝန်ကြီးဌာနဆိုတာ။ ကျနော်တို့ရဲ့ဝန်ကြီးဌာနမှာအခု ပြန်ကြားရေးရှိတယ်။ Education ရှိတယ်။ ကျနော်တို့ရဲ့အရေးအကြီးဆုံးက ပြန်ကြားရေးပဲ။ ကျနော်သာ အကြံဉာဏ်ပေးခွင့်ရမယ်ဆိုရင် အခုတိုင်းရင်းသားရေးရာ ဝန်ကြီးဌာနဆိုတာ ပေါ်လာတယ်။ နောက်ယဉ်ကျေးမှုနှင့် သာသနာရေးဝန်ကြီးဌာန ဆိုတာရှိတယ်။ ပြန်ကြားရေးရဲ့အလုပ် တချို့ကို အဲဒီ ၂ ခုက လုပ်လို့ရတာတွေရှိတယ်။
ကျနော်တို့က ပြန်ကြားရေးကိုပဲ ကောင်းကောင်း Handle လုပ်ရရင် ပိုကောင်းမယ်။ အရေးအကြီးဆုံးက ပြန်ကြားရေးပဲ Information အပိုင်းကိုပဲ ကောင်းအောင်လုပ်ဖို့လိုတယ်။ ခံစစ်ကမနိုင်တော့ဘူး ဖြစ်နေတာ ဟိုဘက်က ထိုးစစ်ကအရမ်းကို ကောင်းလာပြီ။ ကျနော်တို့ဘက်က တစုံတရာလေး Proactive လုပ်ဖို့လိုတယ်။
မေးအောင်မစောင့်ပါနဲ့။ တချို့ဟာတွေသတင်းဦး ဖြစ်လာပြီလေ၊ အမြန်ဆုံး ထုတ်ပြန်ရမယ်။ အမြန်ဆုံး။ အနီးစပ်ဆုံး။ အမှန်ကန်ဆုံး ထုတ်ပြန်ရမယ်။ ပြီးမှ Follow up ဆက်လုပ်ရမယ်။ ကျနော်ဆိုရင် တောက်လျောက် ကြိုးစားခဲ့တာ။ သတင်းကြားတာနဲ့။ ကျနော် ၅ နာရီမှာ ထတယ်။ အားလုံးကို လျောက်ကြည့်ထားတယ်။ မိုးလင်းအောင် မစောင့်ဘူး။ YMCA ရှေ့မှာသတင်းစာကို သွားယူတယ်။ ခရေပင်အောက်မှာ တခါတည်း ထိုင်ဖတ်တယ်။ သူများတွေ နိုးတဲ့ အချိန် ဖုန်းဆက်ပြီးပြီ။ သတင်းသမား Speed က သိပ်အရေးကြီးတယ်။ သတင်းသမားက သတင်းအတွက်ပဲ လုပ်တယ်။ သတင်းအတွက်ပဲ မေးတယ်။ သတင်းအတွက်ပဲ ရေးတယ်။ ခုနကပြောတာ အဲဒါပါပဲ။ လုပ်ခွင့်ရမယ်ဆိုရင် လုပ်ချင်တာတွေ၊ လုပ်စရာတွေက အများကြီးပဲ။