မြန်မာပြည်ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလ NLD အစိုးရလက်ထက် သတင်းမီဒီယာများနှင့် ပတ်သက်၍ သတင်းလွတ်လပ်ခွင့်၊ သတင်းရယူခွင့်၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ခရီးစဉ်၊ အမုန်းတရားဖြန့်ဝေမှု၊ ဒီမိုကရေစီအစိုးရ လက်ထက်တွင် ပြန်ကြားရေး ဝန်ကြီးဌာန အခန်းကဏ္ဍနှင့် ရခိုင်ပြည်နယ်အရေး နိုင်ငံတကာ ဝေဖန်ပြောဆိုချက်များ အကြောင်းကို သတင်းစာဆရာဘဝမှ ပြန်ကြားရေး ဒုတိယဝန်ကြီး ဖြစ်လာသူ ဦးအောင်လှထွန်းကို ဧရာဝတီသတင်းဌာနမှ ထက်နိုင်ဇော်နှင့် မိုးမိုး တို့က သီးသန့်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။
မေး ။ ။ သတင်းလွတ်လပ်ခွင့်လို့ပြောရင် သတင်းရယူခွင့်နဲ့ သတင်းထုတ်ပြန်မှုဆိုပြီး ၂ ပိုင်းရှိတယ်ပေါ့။ သတင်းထုတ်ပြန်မှု အပိုင်း မှာတော့ ရလာတဲ့သတင်းကို တာဝန်ယူမှု တာဝန်ခံမှုရှိရှိနဲ့ ထုတ်ပြန်ရဲတယ်။ သတင်းရယူခွင့်မှာတော့ တော်တော် ခက်ခဲနေတယ်။ Access to Information ပေါ့။ အဲဒါကိုဘယ်လိုလုပ်ပေးမလဲ။
ဖြေ ။ ။ အခုလဲ အဲ့ဒါလုပ်နေတာပေါ့။ ဌာနဆိုင်ရာတွေ အနေနဲ့လည်း မီဒီယာတွေကို ရဲရဲဝံ့ဝံ့ ဖြေရဲအောင် Engage လုပ်နေတယ်။ ပြသနာက ကျနော်ဒီထဲ ရောက်လာတဲ့ အခါမှာ ဘာတွေ့ရလဲ ဆိုတော့ ဌာနဆိုင်ရာက လူတွေက မီဒီယာကို ကြောက်နေကြတယ်။ မီဒီယာကြောက်စိတ် အရမ်းလွန်ကဲသွားပြီ။ ဘာလို့လဲဆိုတော့ အင်တာနေရှင်နယ် မီဒီယာ တချို့ဟာ အလွဲသုံးစားလုပ်ခဲ့တယ်။ ဥပမာတွေ အများကြီးပေါ့။ ဒုချီရာတန်း တို့ဘာတို့ဆိုရင် အများကြီးခံခဲ့ရတာပေါ့။
မေး ။ ။ ထပ်သိချင်တာက UNSC (ကုလသမဂ္ဂလုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့) ရဲ့ မြန်မာ ပြည်ခရီးစဉ်လည်း ပြီးသွားပြီ။ ဒီခရီးစဉ်ပြီးသွားရင်ကျနော်တို့ မြန်မာနိုင်ငံအတွက် နိုင်ငံတကာ ဖိအားတွေ ပိုတိုးလာမလား။ ပိုလျော့သွားမလား ဘယ်လိုခန့်မှန်းလဲ။
ဖြေ ။ ။ အားလုံးသိကြတဲ့ အတိုင်းပဲလေ။ ဒီလိုအခြေအနေတွေလည်း မျှော်လင့်ထားပြီး သားပါ။ စိုးရိမ်တာပေါ့။ သူတို့ UN အပေါ် မှာလည်း လွှမ်းမိုးမှုတွေ ရှိနေတာကို။ Security Council ပေါ်မှာလည်း လွှမ်းမိုးမှုတွေ ရှိနေတယ်။ ဒါကာမှာလည်း OIC ညီလာခံ လုပ်သွားတယ်။ အဲဒီက Message တွေလည်းကြားနေရတယ်။ ကြားသိသလောက်ကတော့ နည်းနည်း ကြပ်လာမယ့် သဘောရှိတယ်။ နောက်တခု ဝမ်းနည်းစိတ်မကောင်းဖြစ်တာက EU ကဆန်ရှင်ပြန်လုပ်မှာကိုလည်း စိတ်ပူတယ်။
ဆန်ရှင်တွေ ပြန်လုပ်ရင်လည်း မကောင်းဘူး။ ကောင်းကျိုးထက် ဆိုးကျိုးဖြစ်လိမ့်မယ်။ ဆန်ရှင် မလုပ်ခင်မှာ သူတို့ကို အကြိမ်ကြိမ် အခါခါ စဉ်းစားစေချင်တယ်။ ကျနော်တို့ရဲ့ အနေအထားဟာ တရုတ်နှင့် Western Power ကြားမှာ ရုံးကန်နေရတာ နားလည်ဖို့လိုတယ်။ ပြန်လာရင် Balance အောက်သွားမှာပေါ့။ နောက်တခုက အန်မတန်ကိုကြီးမားတဲ့ Domestic Impact ရှိတယ်။
ကျနော်ပေးချင်တဲ့ Message က သူတို့ကိုကျေးဇူးလည်းတင်ပါတယ်။ ဒီမိုကရေစီ ရုန်းကန်နေရတဲ့ ကာလမှာ သူတို့ရဲ့ ဖိအားပေးမှု တွေဟာ တစုံတရာသော အကျိုးသက်ရောက်မှုတွေ ရှိခဲ့တယ်။ အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် မလွတ် ခင်ကပေါ့။ နောက်ဆုံး ဦးသိန်းစိန်အာဏာရလာတဲ့ ၂၀၁၀ မှာတော့ ရခိုင်ကိစ္စတွေနဲ့ အရမ်းကို ရှုပ်ထွေးလာတယ်။ ကျနော်တို့က အဲဒီအချိန်မှာ အားနည်းနေတဲ့ အချိန်မှာ တဖက်သက် ပုံဖော်မှုတွေကို ခံခဲ့ရတယ်။
ရိုဟင်ဂျာဆိုတဲ့ စကားကို ဗြိတိသျှ အုပ်ချုပ်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်မှာ တခါမှ ရှာလို့ မတွေ့ခဲ့ဘူး။ ဒီလောက်ထိစေ့စပ်တဲ့ ဗြိတိသျှတွေ လက်ထက်မှာတောင် မတွေ့ခဲ့ဘူး။ တိုင်းမင်းကြီးတွေ ကော်မရှင်နာတွေဟာ မှတ်တမ်းပေါင်းများစွာ ရေးခဲ့တာပဲ။ တခါမှ မတွေ့ခဲ့ဘူး။ ဒါ တွေဟာ Coin လုပ်ထားတဲ့စကားလုံးပဲ။ သူတို့ကို လူသားချင်း စာနာမှုကတော့ရှိပါတယ်။ ရိုဟင်ဂျာလို့ပဲ ခေါ်ခေါ် ဘင်ဂါလီလို့ပဲခေါ်ခေါ်။ ကျနော့မှာ အင်မတန်မှ ရင်းနှီးတဲ့ မိတ်ဆွေတချို့ရှိပါတယ်။ Second Family လို့တောင် ပြောလို့ရတယ်။ တခါမှ သူတို့ကို ရိုဟင်ဂျာလား ဘင်ဂါလီလား မမေးခဲ့ဖူးဘူး။
သူလည်း ကျနော်တို့လိုပဲ ရှင်ပြုပွဲတွေမှာလည်း ဝင်လုပ်ပေးတယ်။ အတူတူပဲ စားတယ် သောက်တယ်။ ကျနော်တခု ပြောရဲတယ်။ သူတို့ ထဲက တချို့တွေဟာ နိုင်ငံသားဖြစ်ထိုက်သူတွေ ပါတယ်။ ဖြစ်ပြီးသားလည်း ရှိပါတယ်။ ကျနော်သူငယ်ချင်း တချို့ဆိုရင် ပြည်သူ့ ဝန်ထမ်းတွေ။ ဝန်ထမ်းကောင်းတွေပေါ့။ ဖြစ်ထိုက်တယ်။ သို့သော် နိုင်ငံသားနှင့် တိုင်းရင်းသားကိုတော့ ခွဲခြားပြောဖို့လိုပါတယ်။ ဒါကိုလည်း အနောက်နိုင်ငံသားတွေက နားမလည်ဘူး။
ကျနော်နဲ့ ရိုက်တာက အကြီးဆုံး တယောက်နဲ့ ရန်ဖြစ်တဲ့ အခါ အဲဒါပါတယ်။ မင်းက အမေရိကန် ဆိုတော့ နားလည်မှာမဟုတ်ဘူးလို့ မင်းဘယ်တုန်းက အမေရိကန် ဖြစ်လဲလို့မေးတော့ ငါမွေးကတည်းက အမေရိကန်တဲ့။ မင်းအမေကော ဒီမှာမွေးတာတဲ့။ မင်းအဖေ ကောဒီမှာမွေးတာတဲ့။ မင်းအဘိုးကော တယောက်ယောက်ကတော့ ဟိုဘက်က လာတာလို့ မင်းအဘိုးရဲ့ အဖေက ဟိုဘက်က လာတာ။ အဲဒါပဲ။ မင်းတို့မှာ Native အမေရိကန်ဆိုလို့ Red Indian တွေပဲရှိတယ်လို့။ ဒါပေမဲ့ မင်းတို့မှာ ခွဲခြားစိတ်မရှိဘူး။ ငါတို့မှာလည်း ခွဲခြားစိတ်မရှိဘူး။ င့ါသူငယ်ချင်း ဂေါ်ရခါး တွေအများကြီးရှိတယ်။ တရုတ်တွေလည်း အများကြီး။ အားလုံးအတူတူပဲ။ နိုင်ငံသားဟာ လူတိုင်းဖြစ်နိုင်တယ်။
မေး ။ ။ အရင်က ရိုက်တာသတင်းထောက် လုပ်ခဲ့တယ်။ နောက် Press Council ဥက္ကဋ္ဌ လုပ်ခဲ့တယ်။ ပြန်ကြားရေးမှာ ဒုဝန်ကြီးဖြစ်လာတယ်။ အဲဒီအချိန်မှာပဲ နိုင်ငံခြားသား တချို့က ဒုဝန်ကြီး ကို အပုတ်ချခဲ့မျိုးရှိတယ်။
ဖြေ ။ ။ ပြောရရင် ကျနော့်ကို Mandate ပေးလိုက်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လည်း ပြောတယ်။ ဒီတာဝန်ကိုပေးတော့ တခုပဲစိုးရိမ်တယ်တဲ့ သူက ကျန်တာ အရည်အချင်းတွေ အရည်အသွေးတွေ တိုင်းပြည် ချစ်စိတ်တွေ ဘာမှ မပြောပဲ။ တခုပဲမေးတယ်။ အဆဲခံနိုင်သလားဆိုတာ (ရယ်လျက်) ဘာကြောင့်လဲဆိုတော့ အကြီးအကျယ် တိုက်ကြလိမ့်မယ်တဲ့။ ဘာဖြစ်လို့ဆိုတော့ နိုင်ငံခြားသားတွေက ဟိုလိုဒီလိုတွေပြောနေတာ။ ကျနော်က ethics ကိုလုံးဝမချိုးဖောက်ဘူး။
မေး ။ ။ ကျနော်တို့ဆီမှာ Independent မီဒီယာတွေ သိပ်မရှိဘူး။ ဒီအချိန်မှာ လက်ချိုးရေလို့ရတယ်။ အဲဒီအချိန်မှာပဲ နိုင်ငံခြားသားတွေက ကျနော်တို့လို မီဒီယာတွေကို စာရေးပြီးတော့ တိုင်တာမျိုးရှိတယ်။ အပြီးသတ်တာပေါ့။
အဖြေ ။ ။ ကျနော်ကတော့ အဲဒါကို လုံး၀ မအံ့သြဘူး။ ကျနော်ကိုယ်တိုင်က အဲလိုတိုက်ခိုက်တာ ခံခဲ့ရလို့ပါ။ ရိုက်တာမှာ နောက် တယောက်ဆိုရင် ကျနော်နဲ့ တနှစ်ပဲ တွဲလုပ်ဖူးတယ်။ အဲဒီလူဟာ ကျနော့်ထက်လည်း အသက်အရွယ်ကြီးတယ်။ သူကဘာပြောလဲ ဆိုတော့ ငါက ဗီယက်နမ် စစ်ပြန်တဲ့။ ကျနော်က ဗီယက်နမ်စစ်ကို ကျူးကျော်စစ်လို့ သိပြီး ကြီးပြင်းလာတာ။ ဟိုချီမင်းကို အဖိုး တယောက်လို ချစ်တာ။ ပြီးတော့ သူက စာလည်းမတက်ဘူး။ တရုတ်လိုတော့ မွတ်နေတယ်။ အင်္ဂလိပ်စာ ရေးတာပြောလို့တောင် မကောင်းဘူး။
ပြီးတော့ ဆရာကြီးလုပ်တာပေါ့။ အဲဒါနဲ့ မင်းတိုင်ချင်တဲ့နေရာကိုတိုင် ကျနော်ကလည်း ထွက်ချင်နေတာကြာပြီ။ ၂၀၁၂ တည်းက ထွက် ချင်နေတာ။ ရုံးမှာလာရင် မှောက်ပြီးတော့ အိပ်နေပြီး အဲတာကြောင့် ကျနော်ရုံးမတက်ဘူး။ အိမ်မှာပဲနေတယ်။ နောက်တခုက ဗိုလ်တထောင် ကောလိပ်မှာသွားပြီးတော့ စာသွားသင်တယ်။ ဂျာနယ်လစ်ဇင်ပဲ။ တကယ့်ကို ဒါနပါ။ တက္ကစီခပါ ကိုယ့်ဟာကိုယ် စိုက်သွားတာ။ အဲဒါကို မသင်ခိုင်းဘူး။ ငါပညာမျှဝေတာလို့ ငါတို့မှာ ပြည်တွင်းဖြစ် ဒေါင်ဒေါင်မြည် သတင်းသမားတွေ လိုတယ်လို့။ အဲဒါကြောင့် နိုင်ငံခြားသားတွေ တိုက်တယ်ဆိုတာကို သိပ်မအံသြဘူး။ ကောင်းတဲ့သူလည်း ရှိတယ်။ ရှားတယ်။ သူတို့က ဆရာကြီးလုပ်ချင်တာ။
တချို့က ဗမာပြည်အကြောင်း နည်းနည်းပဲသိပြီး အများကြီး ရေးချင်တာ။ ဦးသန်းရွှေ အကြောင်းရေးတဲ့ တယောက်ဆို ကျနော်ရီ ချင်တယ်။ ဦးသန်းရွှေကို စာမတတ်ဘူးလို့ပြောကြတယ်။ ကျနော့်ကို အင်ဒိုနီးရှား သံအမတ်ကြီးက ပြောဘူးတယ်။ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး အလီ အလာတာ့စ် (Ali Alatas) လာတော့ ကျနော့် မိတ်ဆွေက လိုက်သွားတယ်။ သူပြန်လာတော့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ကိစ္စတခုကို ပြောပြတယ်။ ဟေ့ကောင်ရေတဲ့ ဦးသန်းရွှေက အင်္ဂလိပ်လို ကောင်းကောင်း ပြောတတ်တယ်။ မင်း ဒါဆန်းမှ မဆန်းတာဆိုတော့ ငါလုံးဝကို မထင်ထားဘူးတဲ့။
ပထမ ဦးခင်မောင်ဝင်းဆိုတဲ့ တယောက်ကို ဘာသာပြန်ဖို့ခေါ်ထားတာ။ ပြန်နေတုန်းမှာ ကျန်းမာရေးမကောင်းလို့ နောက်တယောက် MOFA ကနေ အစားလွှတ်ခိုင်းတယ်။ ခဏနားပြီးတော့ အစားလာတဲ့လူက ဘာသာပြန်တာရော၊ အသုံးအနှုန်းတွေရော အဆင် မပြေတော့ မင်းထိုင်နေကွာလို့ ပြောတယ်တဲ့။ အဲဒီအချိန်ကနေ ၄၅ မိနစ်ကြာတယ်။ အင်္ဂလိပ်လိုချည်းပဲ ပြောသွားတာ။ အကြောင်းကတော့ ဗိုလ်ချုပ် ခင်ညွှန့်မရှိပေမယ့် 7 Step Roadmap ကိုရှင်းပြတာ။ ဒီဟာက ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ မူမဟုတ်ဘူး။ ဝန်ကြီးချုပ်ဖြစ်လို့သာ ဒီနေရာပေးပြီး ခိုင်းထားတယ်ဆိုတာကိုပြောတာ။
ကျနော့်ကို သံအမတ်တယောက်ကလည်း ပြောဖူးတယ်။ သူနဲ့ ဦးသန်းရွှေ နဲ့ စကားပြောကြည့်တာ အောင်လှထွန်းရေတဲ့ မပြောပဲသာနေတာ အကုန်လုံးကို နားလည်တဲ့သူပဲလို့ မှတ်ချက်ပြုသွားတယ်။
မေး ။ ။ မြန်မာပြည်မှာ Facebook အသုံးပြုမှုနဲ့ ပတ်သက်ပြီးတော့ ဝေဖန်စရာတွေ ဖြစ်နေတယ်။ ပဋိပက္ခတွေ အဓိကရုဏ်း တွေမှာ ဆိုရှယ်မီဒီယာရဲ့ အခန်းကဏ္ဍက Hate Speech လို့ခေါ်တဲ့ အမုန်းစကားပွားတာတွေကြောင့် အခုဖြစ်နေတာတွေကို ပိုဆိုးသွားစေတယ်လို့ ထင်ကြတယ်။ UN ကိုယ်တိုင်က ဝင်ပြောရတဲ့ အဆင့်ဖြစ်လာတယ်။ အဲဒါတွေကို ဘယ်လိုတားကြမလဲ။
ဖြေ ။ ။ ကျနော်လည်း အရင်က သူတို့ကို အကြံဉာဏ်ပေးဖူးတယ်။ ကျနော့် အတွေ့အကြုံပေါ့လေ။ ဂျာကာတာမှာလည်းတွေ့ခဲ့တယ်။ အိန္ဒိယမှာလည်းတွေ့ခဲ့တယ်။ ကျနော်ကတော့ Educate လုပ်ချင်တယ်။ ဒါကရှောင်လို့ မရဘူးလေ။ ခေတ်နည်းပညာ အရ သွားနေတာကို။ ဒီမှာလည်း ကိုယ့်အချင်းချင်းပြောနေတယ်။ ကျောင်းသားတွေကို သင်တန်းပေးရမယ်။ Focal Ministry ကဘယ်သူဖြစ်မလဲမသိဘူး။ ၁၀ တန်းလောက်ကစပြီး လုပ်သင့်တယ်။
အလယ်တန်းလောက်က စမယ်ဆိုရင် လက်တွေ့မပါပဲ သီအိုရီတွေ သင်လို့ရတယ်။ စာမေးပွဲ မလုပ်ပဲ ဗဟုသုတ အတွက်ပဲပေါ့။ ကျနော် တယ်လီနောက မိတ်ဆွေတချို့နဲ့ပြောဖြစ်တယ်။ သူတို့လည်း သိပ်စိတ်ဝင်စားတယ်။ တာဝန်ယူရမယ့် Ministry တော့လိုမယ်။ ကျနော့်ကိုလည်း နိုင်ငံခြားသားတွေက ဆဲကြ၊ ဆိုကြနဲ့ Monster တယောက်လို ပုံဖော်တယ်။ ကျနော့်တပည့်မတွေဆိုရင်တော်တော် စိတ်မကောင်း ဖြစ်ကြတယ်။
ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း မျိုးစုံလုပ်နေတာပဲ။ သူ့ကိုလုပ်တယ်။ တိုင်းပြည်ကိုလုပ်တယ်။ ကျနော်တို့ကို ဘီလူးရုပ်ပေါ်အောင် ဘီလူးခေါင်း ဆောင်းပေးလိုက်တာပေါ့။
မေး ။ ။ ကျနော်မြင်တာက ဒီလို Fake Videos တွေ Hate Speech တွေကို မလေးရှား၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရ်ှ နိုင်ငံတွေဘက်က အများဆုံးလာတယ်လို့ထင်တယ်။ ဝိုင်းကူပေးကြတယ်။ Funding တွေရတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘယ်လိုမြင်လဲ။
ဖြေ ။ ။ အဲဒါက သိပ်ဝမ်းနည်းစရာကောင်းတယ်။ ကျနော်တို့ အမှန်တရားကို မဖော်ထုတ်နိုင်လို့ မပြောနိုင်လို့။ ကျနော်လည်း စာနယ်ဇင်း ကောင်စီရဲ့ ဒုတိယ ဥက္ကဋ္ဌ အနေနဲ့ ပြောပြဖူးပါတယ်။ တရုတ် စီရွမ် က ဘုန်းကြီးတွေ အလုပ်ခံရတာကို ဘင်္ဂလားဒေ့ရ်ှ မီဒီယာက မြန်မာပြည်မှာ ဆိုပြီးရေးတယ်။ တူရကီက ထပ်ကူးပြီးဖော်ပြတယ်။ ကလေးတယောက်ကို ရဲက ရိုက်နေတာကို မြန်မာပြည်မှာဆိုပြီး လုပ်တယ်။ အဲဒါမျိုးတွေက အများကြီးပဲ။ ကျနော်ကလည်း Press Council ဥက္ကဋ္ဌ အနေနဲ့ အများကြီး လုပ်လို့မရဘူး။ အဲဒီမှာလည်း Internal Politics တွေရှိတယ်။ တချို့က Activist သိပ်ဆန်တယ်။ အဲဒါလည်း အပြစ်မပြောလိုဘူး။ သူတို့ဟာ နိုင်ငံတကာက အဖွဲ့အစည်းတွေရဲ့ Funding နဲ့ လည်ပတ်နေကြတဲ့ အသက်မွေးဝမ်းကြောင်း ပြုနေရတာ။
မေး ။ ။ နယူးယောက်တိုင်းမ်တို့က ဘာရေးလဲဆိုရင် ကလေးတွေကို မီးပုံထဲ ပြစ်ထည့်တာမျိုး။ ဒီတခေါက် UNSC လာတဲ့အခါမှာလည်း One Sided Information တွေယူလာတယ်။ ဆိုရှယ်မီဒီယာက ဖြစ်ချင်ဖြစ်မယ်။ အဲဒီ Information တွေက လွန်ခဲ့တဲ့ ၆ လ လောက်ကတည်းက ရှိခဲ့တာ။ ဒီမှာရှိနေတဲ့ Spokesman တို့၊ ပြန်ကြားရေး ဝန်ကြီးဌာနတို့က ဘာလို့ မတုန့်ပြန်ခဲ့တာလဲ။
ဖြေ ။ ။ ကျနော့် အနေနဲ့ အဲဒါကို တုန့်ပြန်ခွင့် မရခဲ့တဲ့ အပေါ်တော်တော် ဝမ်းနည်းပါတယ်။ ဘာလို့ဆို ကျနော် ကောင်းကောင်း သိတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းဟာ နိုင်ငံတခုကို ပေါ်လစီချရင် နိုင်ငံတကာမီဒီယာတွေရဲ့ ပြောဆိုရေးသားချက်တွေ အပေါ်မှာပဲ အခြေခံတယ်။ ကျနော်တို့နိုင်ငံနဲ့ ပတ်သက်ရင် နိုင်ငံတကာ မီဒီယာဟာ လုံး၀ Ethical မဖြစ်ဘူး။
ရိုက်တာက ထွက်ဖို့ မဆုံးဖြတ်ခင် ထွက်စာမတင်ခင် ၁ ရက်က ကိုဖီအာနန်လာတယ်။ Traders ဟိုတယ်မှာ ကျနော့်ကို (ညနေ ၄ နာရီ) ခေါ်တွေ့တယ်။ သတင်းသမားတယောက် အနေနဲ့ မဟုတ်ဘူး။ ကိုဖီအာနန်ကို ကျနော်ရှင်းပြတယ်။ ကျနော် အရေး ကြီးတာ တခု မေတ္တာရပ်ခံချင်တယ်လို့။ တိုင်းရင်းသားနဲ့ နိုင်ငံသားကို ကွဲပြားဖို့ ကျနော်ပြောပြတယ်။ ကျနော်တို့နိုင်ငံနဲ့ ပတ်သက်လို့ ပေါ်လစီတွေ ချမှတ်တဲ့ အခါ နိုင်ငံတကာမီဒီယာတွေရဲ့ ရေးသားချက်တွေကို အခြေမခံပါနဲ့လို့ ဆိုတော့ ဘာဖြစ်လို့လဲတဲ့။ နိုင်ငံတကာ မီဒီယာတိုင်းဟာ မမှန်ပါဘူး။ မင်းဘယ်လိုသိလဲမေးတော့ ကျနော်ကိုယ်တိုင် လုပ်နေလို့ပါ။ ဘယ်မှာလုပ်နေတာလဲဆိုတော့ ရိုက်တာမှာ လုပ်နေတာ အခုထိလည်း လုပ်နေတုန်းပဲ။ ကျနော် ၂၂ နှစ် ရှိပါပြီလို့။ ကျနော် ရိုက်တာ သတင်းဌာနတခုတည်း မဟုတ်ပါဘူး။
ဒုချီရာတန်း တွေဖြစ်နေပြီ။ ဖြေရှင်းခွင့်မရဘူး။ သူအဲဒါကို ခေါင်းညိမ့်နေပါတယ်။ သူ့ရဲ့ အစီအစဉ်ကို ဘယ်လို သဘောထားလဲတဲ့။ ကျနော်ကတော့ အလုပ်ဖြစ်နိုင်တယ်ထင်တယ်လို့။ ကျနော် တခုမေးချင်တယ်။ လူကြီးမင်းတို့ နိုင်ငံသားဖြစ်ထိုက်သူ အားလုံးက နိုင်ငံသားဖြစ်မှာပါ။ သူတို့ကို လွတ်လွတ်လပ်လပ် ရွှေ့ပြောင်းသွားလာခွင့် ပြုမယ့်ဟာကို သဘောတူတယ်။ ရခိုင်တွေ အပေါ်မှာလည်း ဖိအားများနေပြီ။ သူတို့ကို နိုင်ငံသားလို့ သတ်မှတ်လိုက်ရင် လွတ်လွတ်လပ်လပ် ထွက်သွားလာခွင့် ပေးရမယ်။ ကျနော်တို့က ကိုင်တွယ် တာ မှားနေပြီလို့။ ကျနော်တို့က အထွက်ကိုလည်း ကိုင်တယ်။ အဝင်လည်း ကိုင်တယ်။ သူ့ဟာသူ ရေကြည်ရာမြက်နုရာ လွတ်လွတ် လပ်လပ် သွားပါစေပေါ့။
သူ့ကိုကျနော်ပြောပြတယ်။ နိုင်ငံသား မဖြစ်ထိုက်တဲ့ သူတွေ အတွက်လည်း နည်းလမ်း တခုရှိရမယ်ဆိုတော့ လူကြီးမင်း ဘာဖြစ်စေချင်လဲတဲ့။ အဲဒါဆိုရင်တော့ ကိုဖီအာနန် ဦးဆောင်တဲ့ အဖွဲ့က နိုင်ငံတကာမှာ သြဇာ အလွန်ကြီးပါတယ်လို့။ Third Country တခုခုမှာ စနစ်တကျ အခြေချဖို့ လုပ်ရင်ရောလို့ သူက ပြုံးပြီးတော့ ရီနေတယ်။ ဖြစ်နိုင်ပါ့မလားတဲ့။ ဖြစ်နိုင်ပါတယ် လို့။ ဘာလို့ဆိုတော့ ဆော်ဒီ အာရေဗျမှာ ၂ သိန်းခွဲလောက်ရှိတယ်။ မလေးရှားမှာ ၃ သိန်းလောက် ရှိတယ်။ ကျန်တာလည်း ၁ သန်းလောက်လေ။ အဲဒါကို ဖြန့်ဝေ ပြီးတော့ ဒီမှာနေချင်တဲ့ သူလည်း ရှိပါတယ်။
သူက ကျနော့်ကိုပြောတယ် နက်ဖြန်ဆိုရင် လူကြီးမင်းနေခဲ့တဲ့ ရခိုင်ပြည်ကို သွားမယ်။ စစ်တွေကိုတဲ့။ ဘာများ မှာချင်လဲတဲ့။ စစ်တွေ မှာတော့ ဆန္ဒပြဖို့လုပ်နေပြီလို့ ကြားတယ်။ အရမ်း စိတ်မကောင်းဘူးလို့ ကျနော်ကတော့ တွေ့စေချင်တယ်။ အဲဒါကို အားပေးပါလား။ တိုက်တွန်းပါလားတဲ့။ ဟိုဘက်ကအရမ်းတော်တယ်။ ပြောတာ ဆိုတာရော၊ ငိုတာရော Presentation ကအရမ်းကောင်းတယ်။ ဒီဘက်က ပေတေပြီး ခံစားချက်တွေ မြုံပြီးတော့နေတယ်။ ကွယ်ရာမှာပဲ မျက်ရည်ကျရင် ကျတဲ့လူမျိုး။ အဲဒါတွေက ရှုံးတာပေါ့။
ယန်ဟီးလီ နဲ့ လည်း (မြန်မာနိုင်ငံ ပထမဆုံး ခရီးစဉ်) ရောက်တဲ့နေ့မှာပဲ (ည ၈ နာရီခွဲ) တွေ့တယ်။ နည်းနည်းတော့ ကြာပြီ။ နတ်မောက်လမ်းက ကုလသမဂ္ဂရုံးမှာ အချိန် ၇ မိနစ်ပဲ ရမယ်တဲ့။ မဒမ်လို့တခု မေတ္တာရပ်ခံချင်တာက မစ္စတာ ကွင်တားနားရဲ့ လုပ်ပုံ ကိုင်ပုံတွေကို လေ့လာပါ။ သူ့ဆီက သင်ခန်းစာယူပါလို့။ ဘာဖြစ်လို့လဲတဲ့။ ဘာဖြစ်လို့လဲဆိုတော့ မစ္စတာ ကွင်တားနားက အကြိမ်ကြိမ်လာတယ်။ ကျနော်လည်း သူ့ကိုလည်း အရမ်းတန်ဖိုး ထားတယ်။ ကျနော်လိုပဲနိုင်ငံရေး အကျဉ်းသားမိသားစုကနေ မွေးဖွားလာတယ်။
သူလာတယ်။ ပထမ ၄ ကြိမ်လောက်မှာ သူ့ခရီးစဉ်ကြောင့် တိုးတက်မှုတွေ အရမ်းရှိခဲ့တယ်။ အကျဉ်းထောင်ထဲမှာလည်း တော်တော် တိုးတက်တယ်။ ကျနော်သူ့နောက်က လိုက်တာ။ နေရထိုင်ရတာရော၊ စာအုပ်တွေပါ သွင်းခွင့်ရလာတယ်။ နောက်ပိုင်းမှာ ဘင်္ဂလီ ကိစ္စ ပေါ်လာတယ်။ ဟိုဘက်ကပြောတာတွေကို တဖက်သတ် ဖိပြောတော့တာပဲ။ အဲဒါနဲ့ ဒီ လက်မခံတော့ဘူး။ ကျနော်သူ့ကို သတိ ပေးခဲ့တယ်။ သူကလည်း သတိပေးတာ ကျေးဇူးတင်တယ်။
မေး ။ ။ ပြည်တွင်းမီဒီယာတွေကိုရော၊ အစိုးရက မကူညီနိုင်တော့ဘူးလား။ မကြည့်တော့ဘူးလား။ နိုင်ငံ့ခေါင်းဆောင်တွေ ကလည်း Local မီဒီယာတွေကို အင်တာဗျုးမပေးဘူး။ သမ္မတ ဦးဝင်းမြင့် ဆိုရင် မီဒီယာကို ထည့်ပြောတာ ၂ ခေါက် ၃ ခေါက်ရှိတယ်။
ဖြေ ။ ။ ကျနော်တော်တော် စိတ်မကောင်းဘူး။ တကယ့်ကို အဖိုးတန်တဲ့ မီဒီယာတွေ မဟုတ်ရင် ဂျာနယ်လစ်တွေမှာလည်း လိုင်း ပြောင်းရမယ့် ပုံစံဖြစ်နေပြီ။ ကျနော် စောစောက ပြောခဲ့သလိုပါပဲ။ မြန်မာ Narrative ကိုလုပ်ဖို့ Local မီဒီယာတွေ အားကောင်းဖို့ လို့တယ်။ မြန်မာနိုင်ငံရဲ့ Boundary ကနေ ပြည်ပကို ထွက်ဖို့လိုတယ်။ အဲဒါမှ ကိုယ့်နိုင်ငံရဲ့ အကြောင်းကို defend လုပ်လို့ရမှာ။ အဲလို အချိန်ကျရင် ပြန်ကြားရေး ဝန်ကြီးဌာနဆိုတာ မလိုတော့ဘူး။
ကျနော်တို့ တခုတော့ လုပ်နိုင်ခဲ့တာ ရှိတယ်။ အရင်ကဆိုရင် ကြော်ငြာတွေကို စလစ်ဖောင်နဲ့ လက်ခံတယ်။ အခု အဲဒါကို ဖျက်လိုက်ပါပြီ။ နောက်တခုကတော့ Funding ပေးဖို့ကတော့ လုံးဝမဖြစ်နိုင်ဘူး။ ပေးလို့လည်း မကောင်းဘူး။ သူတို့ လုပ်ကိုင် စားသောက်လို့ ရအောင် ကြော်ငြာဈေးကွက်ကို Relax လုပ်ပေးရမယ်။ လုပ်လို့ရလိမ့်မယ်လို့လည်း ကျနော် ယုံကြည်တယ်။
နောက်တခုက Contents Provider ရုပ်သံမှာတော့ လုပ်နေပြီ။
ဆက်စပ်ဖတ်ရှုရန် – ပြန်ကြားရေး ဝန်ကြီးဌာန ထားတဲ့ပုံစံ မှားနေတယ် ဆိုတဲ့ ပြန်ကြားရေး ဒုဝန်ကြီးနှင့် တွေ့ဆုံခြင်း (အပိုင်း ၁)