OMNI FOCUS ကုမ္ပဏီ၏ ယာဉ်ရပ်နား စခန်းအတွင်း ဧပြီ လကုန်ပိုင်းက YBS ၂၀ ယာဉ်နှစ်စီး အချင်းချင်း တိုက်မိပြီး ယာဉ်အစိတ်အပိုင်း တချို့ ပျက်စီးသွားခြင်းကြောင့် ဒရိုက်ဘာ ယာဉ်မောင်းကို လစာဖြတ်၊ အလုပ်ထုတ်သည့် အပြင် ကိုယ်ထိလက်ရောက် ရိုက်နှက်သည်ဟု ဆိုကာ ကားဒရိုင်ဘာက ယာဉ်လိုင်း ပိုင်ရှင်များ ဖြစ်သည့် ဦးကျော်နေဝင်း နှင့် ဦးဇွဲနေဝင်း တို့အား လှိုင်သာယာ တရားရုံး၌ ဦးတိုက် လျှောက်ကာ တရားစွဲဆိုထားသည်။
တရားစွဲဆို ခံထားရသည့် ဦးကျော်နေဝင်းနှင့် ဦးဇွဲနေဝင်း တို့သည် မြန်မာနိုင်ငံကို အာဏာသိမ်းပြီး စစ်အုပ်ချုပ်ရေး ပြုလုပ်ခဲ့သည့် ဗိုလ်ချုပ် နေဝင်း၏ မြေးများ ဖြစ်ကြသည်။
ရိုက်နှက်ခံရသည့် ယာဉ်မောင်း ဦးအောင်မြတ် ကိုလည်း OMNI FOCUS YBS ၂၀ ရုံးက ယာဉ်မဆင်မခြင် မောင်းနှင်မှု ဆိုင်ရာ ပုဒ်မ ၂၇၉ ဖြင့် အမှုဖွင့်ကာ တရားစွဲထားသည်။
တိုက်မိထားသည့် YBS ၂၀ ကား ၂ စီးသည် AMI အာမခံကုမ္ပဏီ၌ အလုံးစုံ အာမခံထားသည့် ယာဉ်များဖြစ်သဖြင့် ပျက်စီးသည့် ကုန်ကျစရိတ်များကို AMI ကသာ ပေးလျော်မည် ဖြစ်ကြောင်း သိရသည်။
ဖြစ်ပွားခဲ့သည့် ဖြစ်စဉ် အပါအဝင် တရားစွဲဆိုမှုများနှင့် ပတ်သက်၍ ယာဉ်မောင်းဖြစ်သူ ဦးအောင်မြတ်အား ဧရာဝတီ သတင်းထောက် နန်းလွင်နှင်းပွင့်က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ အဲဒီနေ့က ဖြစ်စဉ်ကို ပြောပြပါဦး။
ဖြေ။ ။ ကျနော်က ဝပ်ရှော့ကနေ ကားပြင်ပြီးတော့ ပြန်ထွက်လာတာ။ အဲဒီမှာ အကွေ့မှာ တဖက်ယာဉ်နဲ့ ကျနော်လည်း အတတ်နိုင်ဆုံး ရှောင်ပေမယ့် ရှောင်တိမ်းလို့ မလွတ်တော့ မတော်တဆ ထိခိုက်မိသွားပါတယ်။ တဖက်ယာဉ်ကလည်း YBS 20 ပါပဲ။ ကျနော့်ဘက်က မှန် ၂ ချပ် ကွဲသွားတယ်။ အောက်က ဆေးနည်းနည်း ပွန်းသွားပါတယ်။ လေကာမှန် ကွဲသွားတာ။ အဲဒီလိုဖြစ်သွားတော့ ကျနော်တု့ိက ပြင်ဖို့ဆိုပြီး ဝပ်ရှော့ကို သွားပြန်ထိုးပါမယ်။
အဲဒီမှာ ဦးကျော်နေဝင်းနဲ့ ဦးဇွဲနေဝင်း က ကားအနက်နဲ့ ဝင်လာပြီးတော့ ကျော်မင်းထွန်းဆိုတဲ့ ယာဉ်မောင်းကို ထိုးမလို့ လုပ်နေတယ်။ ထိတော့ မထိဘူး။ ကျနော်ကျတော့ ခန္ဓာကိုယ် နည်းနည်း သေးတော့ ထိတယ်။ မင်းတို့ကောင်တွေ ကားကို ဘယ်လို မောင်းတာလဲ ဆိုပြီး ပြောတယ်။ ကျနော်တို့လည်း ဘယ်သူမှ မထိခိုက်ချင်ပါဘူး။ မတော်တဆ ဖြစ်သွားပြီး ထိခိုက်သွားတာ။
သူက (ဦးကျော်နေဝင်း) အဲဒီမှာ ခြေထောက်နဲ့ ကျနော့် နံရိုးကို ပိတ်ကန်တယ်။ အရှိုက်ကို ထိတယ်။ ကျနော် အသက် ရှု ကြပ်သွားတယ်။ သူက ကျနော့်ကို ကန်ပြီး လည်ပင်းကို ညှစ်တယ်။ မင်းတို့ ကောင်တွေ ဆိုပြီး ဆဲဆိုပြီး မကျေနပ် ရင် ကြိုက်တဲ့ နေရာတိုင် ဆိုပြီး လုပ်တာ။ ကျနော်က ရှောင်မလို့ လုပ်နေတဲ့ အချိန်မှာ သူ့တပည့် နှစ်ယောက်ကို ပြော တယ်။ ဒီကောင်တွေကို မလွတ်စေနဲ့ ဖမ်းထားဆိုပြီး ပြောရင်း ကျနော့်ကို ဆဲဆိုတယ်။ သူ့ညီက ကျနော့်ကို လက် နှစ်ဖက် နဲ့ ဘယ်ညာ နားရင်းအုပ်တယ်။
နောက် ဒီကောင်တွေကို လစာလည်း မပေးနဲ့ လိုင်စင်တွေကိုလည်း သိမ်းထား။ အမှုဖွင့်ပြီး အရေးယူလိုက် မင်းတို့ လည်း မကျေနပ်ရင် ကြိုက်တဲ့ နေရာသွားတိုင် ဆိုပြီး သူတို့ပြန်သွားတယ်။ နောက် မော်တော်ယာဉ်မှူးက ရောက်လာ ပြီး ဖြစ်ပျက်ခဲ့ တာတွေကို စစ်တယ်။ ကျနော်မောင်းတဲ့ ကီလိုကလည်း ၁၈ ပဲ ရှိပါတယ်။ တဖက်ယာဉ်က ဝင်လာတာ ၈ ကီလိုပဲ ရှိတယ်။ ဖြစ်ဖြစ်ချင်း ၄ လပိုင်း ၂၈ ရက်မှာ မော်တော်ယာဉ်မှူး ရောက်လာပြီး လှိုင်သာယာ ပြည်သူ့ဆေးရုံ ကို ပို့ပေးပါတယ်။ ကျနော် အဲဒီမှာ အခု ဆေးကုသမှု ခံယူနေရပါတယ်။
နှစ်ဖက် တိုက်မိတဲ့ ကျနော်တို့ ယာဉ်မောင်း ၂ ဦးစလုံးကိုလည်း အလုပ်ထုတ်ပါတယ်။ ဧပြီလ ၁ လလုံး လစာလည်း မပေး ပါဘူး။
မေး။ ။ အကန်ခံရတဲ့ နေရာက ဘာဖြစ်သွားသလဲ ။ ဆေးရုံက ဘာပြောလဲ။
ဖြေ။ ။ ဆရာဝန်ကြီးကတော့ ကြွက်သား နာကျင်သွားတယ်လို့ပဲ ပြောတယ်။ ဒီမှာတော့ မျက်မြင် ကိုယ်တွေ့ပဲ ကျနော့် ရင်ဘတ်မှာ ငေါထွက်နေတယ် ရောင်နေတယ်။ နောက် ဧပြီ ၂၉ မှာ ကျနော်တို့ မန်နေဂျာနဲ့ ဖုန်းပြောတော့ ဆေး ကုသ နေရတယ် ဆိုတော့ လှမ်းခေါ်ပြီး ဆေးဖိုး ၄ သောင်းကို ကုမ္ပဏီက ထုတ်ပေးပါတယ်။ ကျနော့်မှာ မိသားစု စားဝတ် နေရေးနဲ့ ဆေးကုသစရိတ် ရှိနေတယ်။ အခု အလုပ်လည်း မလုပ်နိုင်သေးဘူး။ ဧပြီလ တလလုံး လစာလည်း မရထားဘူး။ လိုင်စင်လည်း သိမ်းခံထားရတော့ ကျနော့်ကို မှီခိုစားသောက်နေရတဲ့ မိသားစုအတွက် သူတို့ ပေးတဲ့ ဆေးဖိုး ပိုက်ဆံ ၄ သောင်းကို ယူရတယ်။
မေး။ ။ ကုမ္ပဏီက လစာမပေးဘူးဆိုတာက ဘာကြောင့်လဲ။ အလုပ်စဝင်တော့ အခုလို စည်းကမ်းချက်တွေ ပြောထား တာ ရှိပါသလား။
ဖြေ။ ။ အလုပ်စဝင်တုန်းကတော့ ကြီးကြီးမားမား ပြဿနာ ၃ ကြိမ်ဖြစ်ရင် အလုပ်ထုတ်ပယ်ခံရမယ် ဆိုတာတော့ ပြော တယ်။ ဒါပေမယ့် ကျနော်တို့ အခု ဖြစ်တာ ပထမဦးဆုံးပဲ။ မှန်တွေကွဲတယ်ဆိုတာ ပထမဆုံးပါ။ ကျနော်တို့ အမြဲ စည်းကမ်း ရှိရှိနဲ့ မောင်းခဲ့တာပါ။ ခရီးသွား ပြည်သူတွေ ၁၅၀ ကျော် ၂၀၀ လောက်ကို နေ့တိုင်း ပို့ပေးနေတာပါ။ လုမောင်းတာလည်း မလုပ်ခဲ့ဖူးဘူး။
ပြဿနာ ဖြစ်ရင် လစာ ဖြတ်မယ်ဆိုတာ ကျနော် အလုပ် စဝင်တုန်းက မသိဘူး။ ဒါပေမယ့် ခွင့်မဲ့ ၁ ရက်ပျက်ရင်တော့ ၃သောင်း ဖြတ်ပါတယ်။ ကျနော်တို့က တလကို ၂၅ ရက် ပြည့်အောင် ဆင်းပေးရပါတယ်။ ၂၅ရက် ပြည့်ရင် လခ ၃ သိန်း ရပါတယ်။ ၂၅ ရက် မပြည့်ရင် လစာ အပြည့် မရပါဘူး။ YBS 20 မှာ အလုပ်ဝင်တာ ကျနော် ၄လ ကျော်ပါပြီ။ ကျနော် ယာဉ်မောင်း အလုပ်နဲ့ အသက်မွေးဝမ်းကျောင်း လုပ်တာ ၁၀ နှစ်လောက် ရှိပါပြီ။
မေး။ ။ ပြဿနာဖြစ်တော့ ကန်ကြောက်ခံရလို့ တရားစွဲမယ်လို့ တွေးလိုက်တာလား။
ဖြေ။ ။ ဖြစ်ဖြစ်ချင်းက နာကျင်နေတော့ ကျနော် မတွေးမိဘူး။ အသက်ရှုက ကြပ်လို့ ဆေးခန်းပြရတယ်။ အနားယူနေရ တယ်။ နောက် သူတို့ က ၁၀ ရက်လောက် နေရင် မော်တော်ယာဉ်မှူးဆီမှာ လိုင်စင်သိမ်းထားတာ အကြောင်းပြန်မယ် ဆိုလို့ ကျနော် သွားတော့ အမှုက တရားရုံးရောက်မှ သိရမယ် ဆိုတော့ အချိန်ကို စောင့်ခဲ့ပါတယ်။ လုပ်ခဲ့တဲ့ လစာ လုပ်အားခတွေလည်း ပေါ်မလာတော့ ကျနော့်ဘက်မှာလည်း နာကျင်နေတယ်။ တကယ်လည်း အကန်ခံခဲ့ရတယ်။
တာဝန်ရှိတဲ့ ရဲတွေကို လည်း ကျနော် ပြောထားတယ်။ အမှုဖွင့်လိုက်တယ်။ တရားရုံးက ကျနော့်ကို ပုဒ်မ ၂၀၂ နဲ့ အမှု ဖွင့် ပေးပါတယ်။ မေလ ၂၅ ရက်မှာ ရုံးချိန်း ရှိပါတယ်။ လှိုင်သာယာ တရားရုံး မှာပါ။
ကျနော် အခု တရားစွဲတယ်ဆိုတာက အလုပ်ရှင်တွေက အလုပ်သမားတွေကို နောက်နောင် ဒါမျိုး မလုပ်ကြအောင် သတိ ပေးတဲ့ အနေနဲ့ပါပဲ။ ကျနော်တို့မှာ မရှိတာ အမှန်ပါ။ သူတို့လို မချမ်းသာပေမယ့် ကျနော်တို့ စိတ်ဓာတ်တွေက အဲဒီလောက် မဟုတ်ဘူး။ ကျနော်တို့ ကောင်းကောင်းမွန်မွန် လုပ်စားတယ်။ ကျနော်တို့က ၁ လပြည့်မှ လစာရတာ။
အခု ပြဿနာ ဖြစ်တော့ မိသားစု စားဝတ်နေရေးက ခက်ခဲတယ်။ ဒီလိုင်စင်ရယ် လုပ်ခ လစာရယ်ရမှ အဆင်ပြေမှာ ဒါ့ ကြောင့် တရားစွဲတာပါ။ သူ့ကို နစ်နာပါစေဆိုပြီး ကျနော် စိတ်မရှိဘူး။ ဒါပေမယ့် နောက်နောင်မှာတော့ အလုပ်ရှင်က အလုပ်သမားတွေကို အနိုင်မကျင့်စေချင်ဘူး။ အဓိကက အဲဒါပါပဲ။
ဘယ်သူပဲဖြစ်ဖြစ် လုပ်ငန်းရှင် တယောက်က ကိုယ့်ဘက်က လုပ်မိလျက်နဲ့ မလုပ်ဘူး ဆိုတာကတော့ နည်းလမ်း မကျ ဘူး။ တကယ် ကိုယ်လုပ်ခဲ့ရင် ငါ့အလုပ်သမားကိုတော့ ဒီလို လုပ်ခဲ့မိတယ် ဆိုတာကို ပြောရင်တောင် လက်ခံတယ်။ ကျနော့်ကို အချိန်မရွေး ခေါ်ပြောလို့ ရတယ်။ ဒါပေမယ့် ကျနော်တို့လို အလုပ်သမားတွေကို အလုပ်ရှင်က ရိုင်းစိုင်းတဲ့ အပြုအမူတွေ မလုပ်မိပါစေနဲ့ ဆိုပြီး သိအောင်ပါ။
မေး။ ။ ဖြစ်ခဲ့တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး ကာကယံရှင် အနေနဲ့ ဘယ်လို ဖြစ်စေချင်လဲ။
ဖြေ။ ။ ကျနော်က အမှန်တိုင်း ဖြစ်စေချင်တယ်။ ကျနော့်မှာ မိသားစုနဲ့ စားဝတ်နေရေးလည်း ရှိတယ်။ ဆေးကုသခံနေ ရ တယ်။ အနာကလည်း မပျောက်သေးဘူး။ ကျနော် ဖြစ်စေချင်တာ သူမှားရင် မှားတယ်လို့ ဝန်ခံလိုက် ရတယ်။ ပြည်သူ ပြည်သားအပေါ်မှာ ငါကတော့ ငါ့အလုပ်သမားကို ရိုင်းစိုင်းစွာ လုပ်ပြီး ကန်ခဲ့မိတယ် ဆိုပြီး ဝန်ချ တောင်းပန် လိုက် ပါ။
တောင်းပန်တယ် ဆိုတာ ရှက်စရာ မဟုတ်ပါဘူး။ ကိုယ်လုပ်ရဲရင် ခံရဲရပါတယ်။ ကျနော်တို့လည်း သူများကို အခုလို မဟုတ်ဘဲ ဟုတ်တယ်လို့ မပြောရဲပါဘူး။ ပြောလည်း မပြောသလို ပြောခွင့်လည်း မရှိဘူး။
ဒါပေမယ့် ကိုယ်ခံခဲ့ရလို့ ကျနော် တင်ပြတာပါ။ ကျနော် တကယ်လည်း အကန်ခံခဲ့ရပါတယ်။ သူကန်တာ သူအသိဆုံး ပါ။ အမှန်တရားဆိုတာ ဘယ်တော့မှ ဖုံးကွယ်လို့ မရပါဘူး။ ကျနော် အကန်ခံရလို့ လည်ပင်းညှစ်ခံရလို့ နားရင်းတွေ အုပ်ခံရလို့ ကျနော် ခံရကြောင်း အမှန်တိုင်း ပြောတာပါ။
ကျနော်တို့ အလုပ်သမားတွေဆိုတာ ချမ်းသာလို့ သွားလုပ်တာ မဟုတ်ဘူး။ စားဝတ်နေရေးကြောင့် အခြေအနေတွေ ကြောင့် သွားလုပ်ကိုင်နေတာပါ။ ကျနော်တို့ ရိုးရိုးသားသား လုပ်ကိုင်နေတာပါ။ သူတို့ ညီအစ်ကို နှစ်ယောက်က အလုပ်သမားကို ရိုက်တယ် ဆိုတာ သဘာဝမကျပါဘူး။
တာဝန်ရှိတဲ့သူတွေက ကျနော့်ကို အတတ်နိုင်ဆုံး ကူညီပေးကြပါ။ ပြည်သူပြည်သားတွေ အားလုံးအပေါ် လုပ်ငန်းရှင် တယောက်က အခုလို နောက်နောင် မပြုမိအောင် ကျနော် သတိပေးခြင်း ဖြစ်ပါတယ်။ ။