“မအောင်မြင်ဘူးဆိုရင် လူတွေ သမိုင်းတရားခံ ဖြစ်မယ်”

မျိုးပပစန်း
ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဆိတ်ကြီး ခနောင်တို မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း / မျိုးပပစန်း / ဧရာဝတီ

ရန်ကုန်တိုင်း ဒေသကြီး အစိုးရဖွဲ့အနေဖြင့် ရန်ကုန်မြို့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မြို့သစ်စီမံကိန်းများ၊ တန်ဖိုးနည်း အိမ်ရာ စီမံကိန်းများ၊ စိုက်ပျိုးမွေးမြူရေးဇုန်များ၊ ကုန်းတွင်း ဆိပ်ကမ်းများ (ကုန်စည် သယ်ယူ ပို့ဆောင်ရေး ဆိပ်ကမ်း)၊ ကွမ်းခြံကုန်း မြို့ပြ စီမံကိန်းနှင့် ရေနက် ဆိပ်ကမ်းများ အစရှိသည့် စီမံကိန်းများကို လုပ်ဆောင်ရန် အတွက် ပြင်ဆင် ဆောင်ရွက်နေသည်။

ယင်းစီမံကိန်းများနှင့် ပတ်သက်၍ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ကလည်း ဆွေးနွေး ညိုနှိုင်းမှုများ ပြုလုပ်လျက် ရှိသည်။

သို့သော် ယင်းစီမံကိန်းများကို လက်တွေ့၌ မည်သို့မည်ပုံ အကောင်အထည်ဖော်မှု စတင်သွားမည် ဆိုသည်ကို အသေး စိတ် မသိရှိရသေး သကဲ့သို့ လွှတ်တော်သို့လည်း အသေးစိတ် အချက်အလက်များ တင်ပြထားမှုသည် အားနည်းလျက် ရှိသဖြင့် ကိုယ်စားလှယ်များက ဝေဖန်မှုများလည်း ရှိနေသည်။

မြို့ပြ ဖွံ့ဖြိုးရေး စီမံကိန်းများ လွှတ်တော်သို့ အသေးစိတ် အချက်အလက်များနှင့် တင်ပြ ဆွေးနွေးနိုင်ခြင်း ရှိ မရှိနှင့် ပတ်သက်ပြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ဆိတ်ကြီး ခနောင်တို မြို့နယ် မဲဆန္ဒနယ် အမှတ် ၁ လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းနှင့် ဧရာဝတီ သတင်းထောက် မျိုးပပစန်းက တွေ့ဆုံ မေးမြန်းထားသည်။

မေး။ ။ တိုင်းအစိုးရအနေနဲ့ မြို့ပြဖွံ့ဖြိုးရေး အတွက် ပြင်ဆင်နေတဲ့ စီမံကိန်းတွေလည်း ရှိတယ်။ အခု လွှတ်တော်မှာ တင်နေတာတွေလည်း ရှိတယ်။ အစိုးရအဖွဲ့ လုပ်ဆောင်မယ့် စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ကိုယ်စားလှယ် တယောက် အနေနဲ့ မြင်မိတဲ့ အားနည်းချက်တွေက ဘာတွေဖြစ်မလဲ။

ဖြေ။ ။ ၂၀၁၇ ဒီဇင်ဘာမှာ ရန်ကုန်တိုင်း ဒေသကြီးက လုပ်မယ့် စီမံကိန်းတွေကို လွှတ်တော်ကို တင်ပြလာတာ ရှိပါ တယ်။ ဒီတင်ပြလာတဲ့ အထဲမှာ လွတ်တော်ကိုယ်စားလှယ်တွေက တပိုင်း ဆွေးနွေးပြီးပြီ။ စီမံကိန်းတွေကို ၁၂ ယောက် ဆွေးနွေးမယ်ဆိုပြီး စာရင်းပေးထားတယ်။ တချို့တွေကလည်း ပြန်ထုတ်လိုက်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျမတို့ ရန်ကုန်တိုင်းဒေသကြီးက စီမံကိန်းကို ဆွေးနွေးခိုင်းတယ် ဆိုတာက စာအုပ်ကြီးပဲ ပေးလိုက်တယ်။

ကျမတို့ ကိုယ်စားလှယ်တွေရဲ့ သဘောထားက စီမံကိန်းကို တင်ပြလာရင် စီမံကိန်း တခုချင်းစီရဲ့လုပ်နိုင်စွမ်းအား အရည် အသွေးကို သိချင်တယ်။ ရင်းနှီးမြှုပ်နှံမှုက ဘယ်လောက်လုပ်မှာလဲ။ ဒါရဲ့ အကျိုးအပြစ်တွေပေါ့နော်။ ဒါတွေ အားလုံးကို အထူးသဖြင့်တော့ ကျမတို့က စီမံကိန်း တခုချင်းစီနဲ့ ပတ်သက်ပြီးတော့ သတင်း အချက်အလက်တွေ ပြည့်ပြည့် စုံစုံ သိချင်တယ်။

တိုင်းအစိုးရပိုင်းက စီမံကိန်းတွေ တင်လာတယ် ဆိုပေမယ့် သတင်းအချက်အလက် အပြည့်အစုံမပေးဘူး။ ဒီအတွက် ကိုယ်စားလှယ်တွေက တင်လာတဲ့ စီမံကိန်းတွေအပေါ်မှာ ဖျက်ချင်တဲ့ ဆန္ဒမရှိဘူး။ သဘောတူတယ်။ သို့သော်လည်း လွှတ်တော်မှာ အတည်မပြုပေးဘူး။ ဒါက ဘာဖြစ်လို့လဲဆိုတော့ စီမံကိန်းရဲ့ သတင်း အချက်အလက် အားလုံးကို အပြည့်အစုံမရတာ ဖြစ်တဲ့အတွက် လွှတ်တော် ကိုယ်စားလှယ်တွေက တချိန်မှာ ဒီစီမံကိန်းကြီးက အောင်မြင်သွားရင် ကောင်းရဲ့၊ မအောင်မြင်ဘူးဆိုရင် လူတွေ သမိုင်းတရားခံ ဖြစ်မယ်။

ဒါကြောင့်မို့လို့ သတင်းအချက်အလက် ပြည့်ပြည့်စုံစုံရရင် တိုင်းဒေသကြီး အစိုးရက ပေးတဲ့ စီမံကိန်းတွေကို ကျယ် ကျယ် ပြန့်ပြန့် ဆွေးနွေးချင်တယ်။ ဆွေးနွေးပြီးတော့မှ တိုင်းဒေသကြီး အစိုးရပေါ်မှာ ကျမတို့က Check & Balance လုပ်ချင်တယ်။

သဘောမတူလို့မဟုတ်ဘူး။ သတင်း အချက်အလက် ပြည့်စုံစွာ မပေးတဲ့အတွက် ယနေ့ထက်တိုင် စီမံကိန်းတွေပေါ်မှာ အတည်မပြုပေးတာ ဖြစ်တယ်။

မေး။ ။ အစိုးရက စီမံကိန်းတွေ လုပ်ဆောင်ဖို့ ပြောဆိုထားတာ ရှိပါတယ်။ ဥပမာ- ဒလ တံတားတို့ ရန်ကုန်မြို့သစ် စီမံကိန်း တို့ ရှိတယ်။ ဒါတွေ လက်ရှိအချိန်ထိ မစတင်နိုင်သေးတာ ဘာကြောင့်ပါလဲ။

ဖြေ။ ။ အများနဲ့ သက်ဆိုင်တဲ့ ငွေကြေးအားဖြင့် မီလီယံ၊ ဘီလီလံနဲ့ ချီတဲ့ စီမံကိန်းကြီးတွေက အရည်အသွေး သတ် မှတ် ချက် ရှိရတယ်။ ရင်းနှီးမြှုပ်နှံမယ့် သူတွေကို ခေါ်ရတယ်။ နောက်ပြီးတော့ Master Plan တွေ ရေးဆွဲရတယ်။ ဒီလို မျိုး ရေးဆွဲတယ် ဆိုတာ အနည်းဆုံး ၂ နှစ်နဲ့ ၃ နှစ်တော့ အမြဲတမ်း ကြာတတ်ပါတယ်။

ဘာလို့လဲ ဆိုတော့ ဒါက လမ်းဖောက်၊ တံတားဆောက်တဲ့ သေးသေးလေးတွေ မဟုတ်ဘူး။ လုပ်ငန်းသေးတဲ့ စီမံကိန်း ဆိုရင်တောင် ၁ နှစ်လောက် ပုံစံ ရေးဆွဲရတယ်။ အိမ်သေးသေးလေးဆောက်ဖို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC)ကို တင်ရင်တောင် ၁နှစ်လောက် အနည်းဆုံး ကြာတယ်။

ဒါကြောင့် ဒီလို စီမံကိန်း အကြီးကြီး လုပ်မယ်ဆိုရင် ဒေသခံ ပြည်သူတွေရဲ့ သဘောတူညီမှု ရ မရ၊ ဒေသခံပြည်သူ တွေ ရဲ့ မြေယာလျော်ကြေး ကိစ္စမျိုးတွေ ဒါမျိုးတွေ ဆွေးနွေးရတယ်။ တိုင်ပင်ရတယ်။ ကျေနပ်မှု ရတဲ့အခါကျတော့မှ Master Plan တွေ ရေးဆွဲတယ်။ ရေးဆွဲပြီးလို့ အကောင်အထည်ဖော်မယ် ဆိုမှ မမျှော်လင့်တဲ့ အခက်အခဲတွေ က လည်း သွားတွေ့လာ နိုင်တယ်။

ဒါကြောင့်မို့ စီမံကိန်းကြီးတခု လုပ်တော့မယ်ဆိုရင် ၂ နှစ်၊ ၃ နှစ်ဆိုတာ အမြဲတမ်း အချိန်ယူရပါတယ်။ ဒီလိုအချိန် ယူနေတဲ့ အခါမှာလည်း စီမံကိန်းတွေကို လွှတ်တော်ကို တင်ထားရတယ်။ ဒီအချိန်မှာ လွှတ်တော်က သဘောမတူဘူး ဆိုရင်လည်း ဒါက နှောင့်နှေးကြန့်ကြာ သွားတတ်တယ်။

ဒါကြောင့် စီမံကိန်းနဲ့ ပတ်သက်ပြီး အချက်အလက် အပြည့်အစုံရပြီး လွှတ်တော်ကို တင်လိုက်ပြီ ဆိုရင်တော့ မြန်ဆန် သွား လိမ့်မယ်။

မေး။ ။ လွှတ်တော်ကို ပေးထားတဲ့ စီမံကိန်းပေါင်း ဘယ်လောက် ရှိပါသလဲ။

ဖြေ။ ။ လွှတ်တော်ကို ပေးထားတာ စီမံကိန်းပေါင်း ၂၃ ခု ရှိတယ်။ ဒါက လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ဆောင်မယ့် ဆန်စက်တွေ၊ ပေါင်းဆန်စက်တွေ ဆိပ်ကမ်းတွေတော့ မပါသေးပါဘူး။

မေး။ ။ ဒီအစိုးရ လက်ထက်မှာပေါ့နော် အမတို့ဆီကို တင်ထားတဲ့ စီမံကိန်းတွေထဲက ဘယ်နှစ်ခုလောက် စနိုင်မယ်လို့ တင်ထားတာ ရှိပါသလဲ။

ဖြေ။ ။ အမှန်တိုင်းပြောရင် ၂၀၁၈ ခုနှစ်ကနေ ၂၀၂၀ အတွင်းမှာပေါ့နော် အနည်းဆုံး တင်ထားတဲ့ စီမံကိန်းတွေက ကုန်းတွင်း ဆိပ်ကမ်းလို စီမံကိန်းတွေလည်း ပါပါတယ်။ ဒါတွေအားလုံးကိုတော့ လွှတ်တော် ကနေ အတည်ပြုချက် ရတာ နဲ့ မြန်မြန်ဆန်ဆန် ရနိုင်ဖို့ လုပ်ဆောင်နေပါတယ်။ ရင်းနှီးမြှုပ်နှံသူလည်းရှိတယ်။ လွှတ်တော် ကလည်း အတည် ပြု ပေးထားတယ်ဆိုရင် စနိုင်မယ်။

သို့သော်လည်း ရန်ကုန်မြို့သစ်စီမံကိန်းလို အကြီးကြီးတွေဆိုရင် စနိုင်ဖို့က ခဲယဉ်းပါသေးတယ်။ ဘာလို့လဲဆိုရင်တော့ ရင်းနှီးမြှုပ်နှံမယ့်သူ ရှာဖို့ ဆိုတာက ဘယ်သူတွေ လာလုပ်ဦး မလဲ။ ဒီလို လာလုပ်တဲ့သူတွေကို ပွင့်လင်းမြင်သာတဲ့ တင်ဒါ ခေါ်ယူမှုတွေ ရှိရဦးမယ် ဆိုတော့ မြို့သစ်စီမံကိန်းလိုမျိုးက စနိုင်ဖု့ိ အဝေးကြီး လိုပါသေးတယ်။

ဒါပေမယ့် ကုန်တွင်းဆိပ်ကမ်းလို စီမံကိန်းမျိုးတွေ၊ အမြန်အဆန်လုပ်ရမယ့် စီမံကိန်းမျိုးတွေ ဆိုရင် သတင်း အချက် အလက်ပြည့်စုံစွာနဲ့ လွှတ်တော်ကို တင်မယ်။ လွှတ်တော်ကလည်း အတည်ပြုမယ်။ လုပ်ဆောင်မယ့် ရင်းနှီးမြှုပ်နှံသူ ကလည်း ရှိမယ်ဆိုရင်တော့ ဒီ၂၀၁၈ ခုနှစ်အတွင်းမှာပဲ အများကြီးစနိုင်ပါတယ်။

မေး။ ။ အခု အစိုးရ လက်ထက် အတွင်းမှာ စီးပွားရေး တုံ့ဆိုင်းနေတယ်။ ကျဆင်းတယ် ဆိုပြီး ပြောကြတယ်။ ပြန် တက် လာဖို့လည်း ရင်းနှီးမြုှပ်နှံမှုတွေ ဖိတ်ခေါ်တာတွေ ရှိတယ်ဆိုတော့ နောင်ကျန်တဲ့ အစိုးရသက်တမ်း ၃ နှစ် အတွင်းမှာ စီးပွားရေး အခြေအနေက ဘယ်လိုမျိုး ဖြစ်လာနိုင်မလဲ။

ဖြေ။ ။ အခု လက်ရှိ အခြေအနေမှာဆိုရင်တော့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက ကဏ္ဍအလိုက် အဘက်ဘက် က အကုန်လုံးကျဆင်းတယ်။ ဒါကဘာဖြစ်လို့လဲ ဆိုရင် နိုင်ငံတခုပေါ်မှာ ရင်းနှီးမြှုပ်နှံမှုလာလုပ်မယ် ဆိုရင် ရင်းနှီးမြှုပ်နှံ သူတွေ အရင်ဆုံးကြည့်တာက ရင်းနှီးမြှုပ်နှံတဲ့ ဥပဒေတွေ ဘာတွေ အသာထား။ ဒီနိုင်ငံမှာ နိုင်ငံရေး တည်ငြိမ်မှု ရှိလား ဆိုတာ အရင် ကြည့်ပါတယ်။

ဒါကြောင့် ကျမတို့ တိုင်းပြည်မှာ နိုင်ငံရေး တည်ငြိမ်မှု ရှိဖို့ အရမ်းကို အရေးကြီးပါတယ်။ ဟုတ်ပြီ မူဝါဒတွေ မတည်ငြိမ် ဘဲ နဲ့ တမျိုးပြီး တမျိုး မကြာခဏ ပြောင်းနေတယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှု လာလုပ်မယ့်သူတွေက အရမ်းကို ခက်ခဲပါ တယ်။

နောက်တခုက မူဝါဒတွေလည်း ရှိတယ်။ ဥပဒေတွေလည်း ရှိတယ်။ လာပြီး ရင်းနှီးမြှုပ်နံှမယ့် သူတွေမှာ မမျှော်လင့်တဲ့ အခက်အခဲတွေ ဖြစ်လာတယ်ဆိုရင် သူတို့ကို လက်ရှိ တိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ်များ ဝန်ကြီးများက ဘယ် လောက် အကာအကွယ်ပေးမလဲဆိုတာ အရေးကြီးပါတယ်။

ဒါတွေ အားလုံးကို မလုပ်နိုင်ဘူးဆိုရင်တော့ ရင်းနှီးမြှုပ်နှံမယ့်သူတွေက ဒီအစိုးရသည် သူတို့အနေနဲ့ ယုံကြည်အားကိုး ရတဲ့ အစိုးရဖြစ်တယ်ဆိုရင် မြန်မြန်ဆန်ဆန် ရင်းနှီးမြှုပ်နှံမှု လာလုပ်မယ်။ ဒါဆိုရင် ကျမတို့ရဲ့ စီးပွားရေးတိုးတက် လာနိုင် တယ်။ အစိုးရသည် ဒါမျိုး အချက်တွေကို ကာကွယ်ဆောင်ရွက်မှု မလုပ်နိုင်ဘူး။ လေပဲ ဖြစ်နေတယ်။ ပါးစပ် ကနေပဲ ရင်းနှီးမြှုပ်နှံမှုတွေလာပါပြောတယ်။ လက်တွေ့မှာတော့ မူဝါဒတွေ တည်ငြိမ်မှု မရှိဘူး။ လုပ်ဆောင်ချက်တွေ က သိပ်ကြာတယ်။ ကြိုးနီစနစ်တွေ များနေတယ် ဆိုရင်တော့ ရင်းနှီးမြှုပ်နှံသူတွေ လာဖို့ ခဲယဉ်းပါတယ်။

မေး။ ။ လွှတ်တော်ရဲ့အခန်းကဏ္ဍက အစိုးရရဲ့ ကြိုးဆွဲရာ ကနေတယ်လို့ ဝေဖန်တာမျိုးတွေ ရှိပါတယ်။ လွှတ်တော် Calendar မရှိဘူးတွေ ပြောနေတယ်။ ဒါနဲ့ ပတ်သက်ပြီး ဘာပြောချင်ပါသလဲ။

ဖြေ။ ။ လွှတ်တော်မှာ Calendar ရှိဘူး ဆိုတာက ပြည်ထောင်စု လွှတ်တော်မှာတောင် မရှိသေးပါဘူး။ ဒါဟာ ကျမတို့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ဘဝထဲကိုက လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် (လက်ရှိသမ္မတ) ကိုယ်တိုင် တချိန်လုံး ပြောပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာ တောင်မှ Calendar မဆွဲနိုင်သေးပါဘူး။

ဘယ်လွှတ်တော်မှာမှ မဆွဲနိုင်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်သည် တိုင်းဒေသကြီး ဝန်ကြီးများ အားတဲ့ အချိန်၊ အချိန်ပေးနိုင်တဲ့ အချိန်တွေပေါ်မှာ မူတည်ပြီးတော့ လွှတ်တော်ကို လုပ်နေရတာ ဖြစ်တဲ့အတွက် ဆွဲဖို့က အဆင် မပြေနိုင်သေးပါဘူး။

ဒါပေမယ့် တခု ပြောချင်တာက လွှတ်တော်ကတော့ တိုင်းဒေသကြီး အစိုးရတွေရဲ့ ကြိုးဆွဲရာ ကနေတာ မဟုတ်ပါဘူး။ အထူးသဖြင့်တော့ ကျမတို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရရဲ့ လွှတ်တော်ဟာ ရန်ကုန်တိုင်း အစိုးရကို ကောင်းကောင်း Check & Balance လုပ်ပေးနိုင်ပါတယ်။ ။

Loading