စီမံ/ဘဏ္ဍာဝန်ကြီးအဖြစ် ဦးစိုးဝင်းကို အဆိုပြုသည့်အပေါ် အမြင်များ

ဇူးဇူး & သဇင်လှိုင်
စီမံ/ဘဏ္ဍာဝန်ကြီးအဖြစ် အဆိုပြုခံရသည့် ဦးစိုးဝင်း / ဦးစိုးဝင်း facebook
Want create site? Find Free WordPress Themes and plugins.

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး အဖြစ် NLD စီးပွားရေးကော်မတီမှ ဦးစိုးဝင်း ကို ခန့်အပ်ရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့ ပြည်ထောင်စုလွှတ်တော်တွင် တင်သွင်းခဲ့သည်။ အသက် ၈၀ နှစ် ရှိပြီဖြစ်သည့် ဦးစိုးဝင်းသည် မြန်မာနိုင်ငံ၏ အခွန်၊ ရင်းနှီးမြှပ်နှံမှုဥပဒေများနှင့် ဘဏ်လုပ်ငန်းကဏ္ဍတို့တွင် အကြံပေးရာ၌ ပြည်တွင်းပြည်ပ ကျွမ်းကျင်အဆင့် နှစ်ပေါင်း ၄၆ နှစ်အပါအဝင် အတွေ့အကြုံများစွာရှိသူဖြစ်သည်။ သို့ဖြစ်ရာ နိုင်ငံစီးပွားရေးကဏ္ဍအတွက် အရေးပါသည့် နေရာတခုဖြစ်သည့် စီမံ/ဘဏ္ဍာဝန်ကြီးနေရာအတွက် ဦးစိုးဝင်း အား အဆိုပြုသည့်အပေါ် နယ်ပယ်အသီးသီးမှ အမြင်များကို ဧရာဝတီသတင်းထောက် ဇူးဇူးနှင့် သဇင်လှိုင်က ဆက်သွယ်မေးမြန်းထားပါသည်။

ဦးညိုမြင့် (Senior Managing Director – KBZ)

ကျနော်တို့ကတော့ ထောက်ခံပါတယ်။ ဆရာက financial ပိုင်းမှာ တော်တော်များများ အတွေ့အကြုံလည်းရှိတယ်။ စိတ်ထားလည်း ကောင်းမွန်တယ်။ ပြောသမျှလည်း အားလုံး သေချာလေ့လာနားထောင်ပြီးတော့မှ လုပ်တယ်ဆိုတော့ သင့်တော်ပါတယ်။

အသက်အရွယ်ကတော့ ကျန်းမာရေးနဲ့ ဆိုင်ပါတယ်။ ကျနော်တို့ ဗဟိုဘဏ်ဥက္ကဋ္ဌဆို အသက် ၈၂ ရှိပြီလေ။ ဝန်ကြီးအနေနဲ့ ပေါ်လစီ ချမှတ်နိုင်လောက်ပဲလုပ်ပြီး အောက်ကအသေးစိတ်အကောင်အထည်ဖော်ရမယ့်သူတွေ၊ တာဝန်ရှိတဲ့သူတွေ၊ ဒုဝန်ကြီးတွေ၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ဝိုင်းပြီးတော့ တက်ညီလက်ညီလုုပ်ဖို့ အရေးကြီးပါတယ်။

ဆရာက စာတွေတအားဖတ်ပါတယ်။ သင်တန်းတွေမှာလည်း ပို့ချပေးတယ်။ နိုင်ငံတကာဆွေးနွေးပွဲတွေမှာလည်း အမြဲတမ်း panel ထိုင်ပြီး ပြောပေးတဲ့ အကြံဉာဏ်တွေလည်း တော်တော်ကောင်းပါတယ်။ စီးပွားရေးကော်မတီမှာ လုုပ်နေတာ ဆိုတော့ အတွေ့အကြုံလည်းများခဲ့ပြီ။ သူကိုယ်တိုင်ကလည်း ရိုးသားဖြောင့်မတ်တဲ့သူဆိုတော့ သူ ပိုကောင်းအောင်လုုပ်နိုင်မယ်လို့ ကျနော့်အနေနဲ့ ယူဆပါတယ်။

သို့သော် သူ တယောက်တည်းတော့ မရဘူး။ ဒါတော့ အရေးကြီးပါတယ်။ သူ့ကို support လုပ်ပေးမယ့် ဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေ သူနဲ့အတူ အတိအကျ လိုက်နာဆောင်ရွက်ရမယ့် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း ဆိုင်ပါတယ်။ လက်ရှိ ကျနော်တို့မှာ အခုလို ပုဂ္ဂိုလ်ရှာရတာ ခက်တယ်ဆိုတာ သိပါတယ်။ အတွေ့အကြုံရှိတဲ့သူတိုင်းကလည်း ရိုးသားတည်ကြည်မှုရှိ ဖို့လိုပါတယ်။ ဒီတော့ အတွေ့အကြုံလည်းရှိ။ ရိုးသားတည်ကြည်မှုလည်းရှိ။ လက်ရှိလည်း လုုပ်နေတဲ့သူ။ ကျန်းမာရေးကလည်း ကျနော်တို့သိသလောက် တော်တော်ကောင်းပါတယ်။ ဒါကြောင့် အကောင်းပဲ မြင်ပါတယ်။

ဒေါ်ဇာခြည်ညိမ်း (လူ့အခွင့်အရေးလှုပ်ရှားသူ)

အတွေ့အကြုံများတယ်၊ ပညာရှိတယ်ဆိုတာ ငြင်းစရာအကြောင်းမရှိပါဘူး။ ဒီလိုလူမျိုး တိုင်းပြည်အတွက်လည်း လိုပါတယ်။ ဒါပေမယ့် ဝန်ကြီးလိုနေရာမျိုးက တိုက်စစ်မှူးလိုနေရာမျိုးလေ။ သူ(ဦးစိုးဝင်း)က နည်းပြလိုနေရာမှာ နေရမှာ။ သူ့ အသက်အရွယ်နဲ့ တကွင်းလုံးလှည့်ကန်နေရတဲ့ တိုက်စစ်မှူးနေရာယူမယ့်အစား အကြံပေးအဖွဲ့ (think tank) ထဲမှာနေ။ အရွယ်ကောင်း ထက်မြက်တဲ့ လူလတ်တယောက်ကို ဝန်ကြီးခန့်တာ ပိုမကောင်းဘူးလား။ လက်ရှိဝန်ကြီးထဲမှာ အသက် ၆၀ အောက် ဘယ်နှစ်ယောက်ရှိလဲ။

သူတို့ ပထမတင်တဲ့အထဲမှာ ဦးဆက်အောင်ပါတယ်ကြားတယ်။ ဦးဆက်အောင်ဆို လူတော်ပဲဟာ။ သူဆို လက်ရှိ ဒုဝန်ကြီး အရင် ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ။ ပညာရော အတွေ့အကြုံရော ရှိတယ်။ ဘာလို့ လူငယ်တွေကို နေရာမပေးချင်တာလဲ မသိဘူး။ ဦးစိုးဝင်းကို စီးပွားရေးအကြံပေး ခန့်လိုက်ရင် ပိုသင့်တော်မယ်။ အခုတော့ အစိုးရအဖွဲ့က ကာတွန်းဆရာ ရေးသလိုပဲ အဘိုး အဘွားတို့ ဦးစီးသော ဒီမိုကရေစီ နိုင်ငံတော်ဖြစ်နေပြီ။

သူ့အနေနဲ့ လက်ရှိမြန်မာ့စီးပွားရေးကို ဦးမော့အောင် စွမ်းဆောင်နိုင်မလားဆိုတာတော့ မပြောတတ်ဘူး။ အသက်ကြီးရုံ အတွေ့အကြုံများရုံနဲ့တော့ မရလောက်ဘူး။ စွန့်စားရဲတဲ့ လုပ်ရည်ကိုင်ရည်၊ အမှားကိုမကြောက်ဘဲ အမှန်ပြင်ရဲတဲ့ သတ္တိ ဒါ တွေရှိဖို့ လိုတယ်။ နောက်ပြီး လမ်းသစ်ဖောက်ဖို့ လိုတယ်။ ပြတ်သားရဲဖို့ လိုတယ်။ အတွေးအခေါ် ထက်မြက်ဖို့ လိုတယ်လို့ ထင်တယ်။

ဦးထွန်းထွန်းလင်း (အင်ဂျင်နီယာ/လယ်သမား)

အသက်အရွယ်အရတော့ အတော်ကြီးပါပြီ။ လုပ်ငန်းအတွေ့အကြုံအရ ကောင်းမှာပါ။ ဒါပေမယ့် ဝန်ကြီးအဖြစ်လုပ်ဖို့ မ ကောင်းတော့ပါဘူး။ အထူးအကြံပေးအဖြစ်သာ ထားရှိသင့်ပါတယ်။ သွက်လက်ချက်ချာတဲ့ လူလတ်ပိုင်းကို ခန့်သင့်တယ် လို့ မြင်တယ်။

သူအနေနဲ့ ဘာတွေလုပ်ပေးနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ ပြည်သူလူထု အလုပ်အကိုင်ပေါများအောင် မြန်မာ့ စီးပွားရေးကို အခြေခံကျကျ ဘယ်အရာကနေ စလုပ်ကိုင်ရမလဲဆိုတာ အရင်စဉ်းစားပြီး လုပ်ပေးစေချင်ပါတယ်။ အခုလို ရွေးချယ်ခန့်အပ်တာကတော့ NLD မှာ လူရှားတယ်ထင်ပါတယ်။ ဒါပေမယ့် လူလတ်ပိုင်း တတ်သိပညာရှင်တွေ မြန်မာပြည် မှာရှိတာမို့ လူကြီးတွေက တွဲခေါ်ပြီး လုပ်သင့်ပါတယ်။

ဒေါက်တာသက်သက်ခိုင် ( ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

ကောင်းပါတယ်။ လူမှန်နေရာမှန်ဖြစ်ပါတယ်။ အသက်က ကြည့်တဲ့အပိုင်းတော့ ရောက်နေပြီပေါ့နော်။ အသက် ၈၀ ဆိုတော့လည်း ကြီးပြီပေါ့လေ။ အသက်အရွယ်အားဖြင့်တော့ လုပ်ရမယ့် အလုပ်ကလည်း များတယ်။ ကောင်းတယ်ဆိုတာ ကတော့ လူမှန်နေရာမှန်ဖြစ်တယ်။ ကြိုက်တယ်ဆိုတာကတော့ အတွေ့အကြုံတွေ ကောင်းတယ်ပေါ့။ သူက အစိုးရအလုပ်လည်း လုပ်ခဲ့ဖူးတယ် ပုဂ္ဂလိက ကဏ္ဍဘက် အစိုးရအပြင်ဘက် အလုပ်လည်း လုပ်တယ်။ ပြည်တွင်းမှာလည်း လုပ်ဖူးတယ် နိုင်ငံတကာအဖွဲ့အစည်းနဲ့လည်း လုပ်ဖူးတယ်ဆိုတော့ အဲဒါတွေကတော့ ကောင်းတာပေါ့။

သို့သော်လည်း အသက်အရွယ်ကတော့ လုပ်ရမယ့် အလုပ်နဲ့ ကျန်တဲ့အချိန်နဲ့ အချိန်ကလည်း စကားပြောသေးတာကိုး။ ဖြည်းဖြည်းဆေးဆေး လုပ်ရမှာထက် အခုက ၅နှစ်မှာမှ ၂ နှစ်ကကျော်သွားပြီ ဆိုတော့ အချိန်လည်းနည်းတယ်။ အသက်ကြီးတာလည်းရှိတယ်။ ဒါပေမယ့် အခုထက်ထိ အလုပ်လုပ်နေတုန်း တခြားနေရာကနေပြီးတော့မှ အလုပ်ထွက်လိုက်ပြီး ဒီဘက်ကိုလာတယ်ဆိုတော့ အလုပ် လုပ်နိုင်ကိုင်နိုင်တုန်းပေါ့။ အသက်ကြီးပေမယ့် ကျန်းမာတုန်းပေါ့။ အဲဒီလိုဖြစ်မှာပါရှင့်။

စီးပွားရေးဆိုတာတော့ ချက်ချင်းကြီး ပြောင်းလဲဖို့ဆိုတာတော့ ခက်တယ်။ ဒါပေမယ့် သေသေချာချာ စနစ်တကျ မဟာဗျူဟာ မြောက်မြောက် လုပ်နိုင်ရင်တော့ ကောင်းတယ်လို့ ယူဆရပါတယ်ရှင့်။ အခုကတော့ အချိန်ကလည်း နည်းနေတာပေါ့ ၃ နှစ်တောင် အပြည့်မရတော့ဘူးဆိုတဲ့ သဘောမှာ ရှိနေတာကိုး။

ဒေါက်တာစိုးထွန်း (မြန်မာနိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ)

ကျနော်တို့ကတော့ မျှော်လင့်ပါတယ်။ တိုင်းပြည်စီးပွားရေး ပိုကောင်းအောင် လုပ်ပေးနိုင်မယ်လို့ မျှော်လင့်နိုင်ပါတယ်။ အသက်က နည်းနည်းလေး ပြောစရာတော့ ရှိတာပေါ့လေ။ ဒါပေမယ့် ဘာပဲပြောပြော လုပ်နိုင်မယ်ထင်လို့ သမ္မတ ခန့်အပ်တဲ့ လူထဲမှာ ပါတာလေ။ စီးပွားရေးက အပြောင်းအလဲ ဖြစ်မယ်လို့တော့ ထင်ပါတယ်။ အရင် ဘဏ္ဍာဝန်ကြီး ဦးကျော်ဝင်းထက်စာရင် ပိုပြီးကောင်းတယ်။ သင့်တော်တဲ့ သူတယောက်လို့ မြင်ပါတယ်။

ဒေါက်တာမောင်မောင်လေး (ကုန်သည်စက်မှု အသင်းချုပ် ဒုတိယဥက္ကဋ္ဌ)

ဦးစိုးဝင်းကို တင်လိုက်တာ ကြိုဆိုတယ်။ မြန်မာနိုင်ငံမှာ အစစအရာရာ သဘာနဲ့ ယှဉ်ပြီး ဦးဆောင်နိုင်တဲ့ သဘာရှိတဲ့သူ လိုတယ်လေ။ နိုင်ငံခြား consultant (အကြံပေး) တွေ ဘာတွေ လုပ်ပြီး အရည်အချင်းရှိတဲ့သူ တယောက်ပေါ့။ မြန်မာနိုင်ငံတိုးတက်ရာ တိုးတက်ကြောင်း ခုန်ပျံကျော်လွှားပြီး လုပ်နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ သို့သော်လည်း သူတစ်ယောက်တည်းလည်း ဥုံဖွ လုပ်လို့ မရပါဘူး။ မိုးပေါ်က သိကြားမင်းတောင် မရမယ့် ကိစ္စကိုး။ သူ့တယောက်ထဲလည်း အားထားပြီး လုပ်လို့ မရပါဘူး။ အားလုံးက ပူးပေါင်းစွမ်းဆောင်ပြီးမှ ရပါမယ်။

ဘာကြောင့်လဲဆိုတော့ ဗျူရိုကရေစီ ယန္တရားက ပြုပြင်ပြောင်းလဲမှုရဲ့ အခြေခံတွေ မရှိခဲ့တဲ့အတွက် အကုန်လုံးက ပြောင်းလဲဖို့ လိုပါတယ်။ နိုင်ငံတကာအတွေ့အကြုံ၊ နိုင်ငံတကာ ငွေရေးကြေးရေးကို နားလည်တဲ့သူ။ နိုင်ငံခြားကုမ္ပဏီတွေရဲ့ အတိုင်ပင်ခံ လုပ်ခဲ့တဲ့သူ၊ နိုင်ငံခြားမှာတောင် ဦးဆောင်ပြီး အတိုင်ပင်ခံ လုပ်ပေးနိုင်လောက်အောင် အရည်အချင်းရှိတဲ့သူတယောက်ပါ။ဘာမှပြောဖို့တောင် မလိုတော့ပါဘူး။

မလေးရှားက မဟာသီတောင် အသက် ၉၀ ကျော် ထပြီး လုပ်နိုင်သေးတာပဲ အသက်အရွယ်၊ ဗဟုသုတရှိတဲ့ သဘာရင့်တဲ့အပေါ်မှာ ရှေ့မီ၊ နောက်မီဖြစ်တဲ့အတွက် ကောင်းပါတယ်။ အကောင်းကို မျှော်လင့်ထားပါတယ်။ ဝိုင်းဝန်းပံ့ပိုးပေးဖို့ပဲ လိုပါတယ်။ ဒါမှမဟုတ်ရင် တက်မလာနိုင်ပါဘူး။

Did you find apk for android? You can find new Free Android Games and apps.
Loading