မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီသည် မြန်မာနိုင်ငံ မှုခင်း သတင်းထောက်များ အသင်း (MCRA) ကို သတင်း မီဒီယာ အဖွဲ့ အဖြစ် လက်မခံကြောင်း ဇွန်လ ၄ ရက်က ထုတ်ပြန် ကြေညာခဲ့သည်။
ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဦးသက်နိုင်ဦး ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် MCRA သည် သတင်းမီဒီယာ ဥပဒေ၊ နည်းဥပဒေ၊ ကျင့်ဝတ်နှင့် စည်းကမ်းများကို လေးစားလိုက်နာခြင်း မရှိသော အသင်းအဖွဲ့ ဖြစ်သည်ဟု သတင်း မီဒီယာ ပုဒ်မများနှင့် အတူ ဖော်ပြထားသည်။
ထိုနေ့တွင်ပင် MCRA ဘက်က ထုတ်ပြန်သည့် တုံ့ပြန် ကြေညာချက်တွင် ကောင်စီ၏ ထုတ်ပြန်မှုသည် ပုဂ္ဂိုလ်ရေး မုန်း တီး မှုကြောင့် MCRA ကို နစ်နာစေလိုသော ရည်ရွယ်ချက်ဖြင့် ထုတ်ပြန်ခဲ့ခြင်း ဖြစ်၍ ကန့်ကွက် ရှုတ်ချကြောင်း MCRA သည် ကောင်စီ လက်အောက်ခံ အဖွဲ့အစည်း မဟုတ်သောကြောင့် ယင်းထုတ်ပြန်ချက်သည် ၎င်းတို့အပေါ် အကျိုး သက်ရောက်မှု ရှိမည်မဟုတ်ကြောင်း စသည်တို့ကို ဖော်ပြထားသည်။
မှုခင်း သတင်းထောက် အမည်ခံ ခြိမ်းခြောက် ငွေကြေး တောင်းခံခြင်းများကို စိစစ် အရေးယူပေးရန် ကောင်စီက ပြည်ထဲ ရေး ဝန်ကြီးဌာနသို့ မေလ ၁၇ ရက်တွင် စာပေးပို့ခဲ့မှုနှင့် ပတ်သက်ပြီး ကောင်စီဝင် ဖြစ်သူ ဦးဇေယျာလှိုင်က မီဒီယာများ ၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်မှ အစပြု၍ ယခု အပြန်အလှန် ကြေညာချက် ထုတ်ပြန်မှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး သတင်း မီဒီယာ ကောင်စီဝင် ဦးဇေယျာလှိုင်ကို ဧရာဝတီ သတင်းထောက် ဇူးဇူး က ဆက်သွယ် မေးမြန်း ထားပါသည်။
မေး။ ။ ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ ပုဂ္ဂိုလ်ရေး မုန်းတီးမှုဖြင့်လို့ MCRA ဘက်က ပြန်လည် တုံ့ပြန်ထားတာ တွေ့ရ တယ်။ ဒါနဲ့ ပတ်သက်လို့ ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ သူ (MCRA အမှုဆောင်အရာရှိချုပ် ဦးသက်နိုင်ဦး)နဲ့ ကျနော့်ကြားမှာ သူကသာ ပုဂ္ဂိုလ်ရေးလို့သာ မြင်တာ။ ကျနော်က ဘာမှမရှိဘူး။ ဘာလို့ဆို မေ ၁၇ ရက်မှာ ကောင်စီက ပြည်ထဲရေးကို လှမ်းပြီး စာပို့မေးထားတာ တခုရှိ တယ်။ အဲဒီ အသင်းက ပြည်ထဲရေးမှာ မှတ်ပုံတင်ထားတယ် ဆိုလို့ ပြည်ထဲရေးကို လှမ်းမေးပြီးတော့မှ ဒီအသင်းရဲ့ ရည်ရွယ် ချက်ထဲမှာ မီဒီယာကျင့်ဝတ်ကို ချိုးဖောက်နေတာ ပါတဲ့ အတွက် သတင်းထောက် အသင်းအဖြစ် အသိအမှတ် မပြုနိုင် ဘူး။ သတင်းထောက် အသင်းအဖြစ် Register လုပ်တယ်ဆို ပြန်ပြီးရှင်းလင်းဖို့ လိုတယ်ဆိုတာ ပို့ထားတာ ရှိတယ်။ ဒီအကြောင်းကို မီဒီယာကမေးလို့ ကျနော်က အခုလိုပဲ ရှင်းပြလိုက်တယ်။ ဒါကို သူက ကျနော့်ကို ခေါင်းတပ်ပြီး တိုင် တယ်။
ကျနော်က မီဒီယာကောင်စီဝင် အလုပ်ကို မီဒီယာကောင်စီဝင် တယောက်အနေနဲ့ လုပ်တာ။ သူနဲ့ကျနော်နဲ့ ကြားက ပုဂ္ဂိုလ်ရေး တခုမှမရှိဘူး။ သူနဲ့ကျနော်ကြားက ပြဿနာလို့ ရှုမြင်တာကိုက မှားနေတယ်။ သူနဲ့ကျနော် ပုဂ္ဂိုလ်ရေး ကိစ္စ ဘာမှ ပတ်သက်စရာ မရှိဘူး။ သူ့ကို ကျနော် သိလည်း မသိဘူး။ ကျနော့်ကိုလည်း သူ သိချင်မှ သိလိမ့်မယ်။
မေး။ ။ MCRA ရဲ့ တုံ့ပြန်ကြေညာချက်နဲ့ ပတ်သက်လို့ အစ်ကို့အနေနဲ့ ဘယ်လိုများ သဘောထားမှတ်ချက် ပေးချင်ပါ သလဲ။
ဖြေ။ ။ ကျနော့်ရဲ့ သဘောထားမှတ်ချက် ဆိုတာထက် လုပ်လို့ရတဲ့ ဥပဒေ စည်းမျဉ်း နည်းလမ်းအတိုင်း သွားမှာပါ။ မီဒီယာ ဥပဒေ ပုဒ်မ ၂၇ ကို ဖတ်ကြည့်လို့ရှိရင် သဘောပေါက် ပါလိမ့်မယ်။ အဲဒီအတိုင်းပဲ ဆက်လက် ဆောင်ရွက် သွား မယ်။ နောက်ပြီးတော့မှ သူ့အနေနဲ့ ကောင်စီကို သေးသိမ်အောင် ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီးတော့မှ ဆက်လက် ပြီး တရား ဥပဒေအတိုင်း ဆောင်ရွက်သွားဖို့လည်း ရှိပါတယ်။
မေး။ ။ သတင်းထောက်အမည်ခံ ခြိမ်းခြောက် ပိုက်ဆံတောင်းနေတာတွေနဲ့ ပတ်သက်လို့ ကောင်စီဝင် တဦးအနေနဲ့ ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲတိုင်းမှာ အဲဒီကိစ္စတွေ ဆွေးနွေးပါတယ်။ သတင်းထောက်ပါလို့ အမည်ခံ ထားရင် သတင်းရေးသား ထုတ်လုပ်မှု တခုခုရှိရမယ်။ အဲဒီရေးသား ထုတ်လုပ်မှုကလည်း ကျင့်ဝတ်နဲ့ အညီ ဖြစ်ရမယ်။ သတင်းထောက်လို့ အမည်ခံရင် သတင်းမီဒီယာဥပဒေ စည်းမျဉ်းစည်းကမ်း ကျင့်ဝတ်တွေ လိုက်နာရမယ်။ မလိုက်နာ နိုင်ဘူးဆိုရင်တော့ သတင်းစာဆရာ မလုပ်တာ ကောင်းတယ်။
ရိုးရိုးလေးပဲ မေးခွန်းထုတ်လို့ရတယ်။ အသင်းအဖွဲ့ဝင် သူတို့မှာ အသင်းသား ၉ သောင်းရှိတယ် ပြောတယ်။ အဲဒီ ၉ သောင်း လုံးမှာ သတင်းရေးလားလို့ပဲ ကျနော်က မေးချင်တယ်။ သတင်းမရေးဘူး ဆိုရင်တော့ သတင်းထောက်လို့ အမည်ခံမနေနဲ့။ အဲဒါ အယောင်ဆောင်တာပဲ။ သတင်းထောက်ကို အရေခြုံတာပဲ။ ရိုးရိုးလေးပဲ။ ပရဟိတ ကူညီချင်ရင် ပရဟိတအသင်း ဆိုပြီးမှ သူ့ရည်ရွယ်ချက်မှာ ပရဟိတလုပ်မယ်လို့ပဲ ရေးထားလိုက် ပွဲကပြီးနေပြီ။ ဒါကို အဓိက သွားပြီး မှ မေးခွန်းထုတ်လိုက်ရင် အဖြေက ရှင်းနေပြီ။
ကောင်စီအနေနဲ့တော့ မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲတွေမှာ အုပ်ချုပ်ရေး အဖွဲ့တွေ၊ တရားစီရင်ရေးက ပုဂ္ဂိုလ်တွေ၊ တာဝန် ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ ညှိနှိုင်း ဆွေးနွေးပြီးတော့မှ လွတ်လပ်ခွင့်တွေ ရအောင်လုပ်ပေးသလို မီဒီယာကျင့်ဝတ်တွေ ပိုပြီး မြင့်မား လာအောင် လုပ်ဆောင်တာတွေလည်း ရှိပါတယ်။ တိုင်းနဲ့ ပြည်နယ် ၈ ခုမှာ မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲတွေ ပြီးပါ ပြီ။ အခုလည်း ဆက်လုပ်ဖို့ အစီအစဉ်တွေ ရှိနေတယ်။ သင်တန်းတွေလည်း ဆက်လက်ပေးဖို့ ရှိပါတယ်။
မေး။ ။ သတင်းသမား အမည်ခံတွေကိစ္စနဲ့ ပတ်သက်လို့ ကောင်စီကို တိုင်ကြားမှု ဘယ်လောက် ရှိပါသလဲ။
ဖြေ။ ။ ရှိပါတယ်။ တိုင်ကြားမှုတွေ အသေးစိတ် သိချင်ရင်တော့ ကောင်စီရုံးအဖွဲ့ကို မေးမှရမယ်။ စာရင်းတွေက ရာနဲ့ချီ ရှိတော့ အလွတ်မရဘူး။ နယ်သွားတဲ့အခါမှာ လွှတ်တော် ကိုယ်စားလှယ်တွေက တိုင်တန်းတာမျိုး ရှိသလို အရာရှိတွေ တရားရေး ဝန်ထမ်းတွေက တိုင်တန်းတာမျိုးလည်း ရှိတယ်။ ကောင်စီကို တိုက်ရိုက်စာ ပေးပို့တိုင်ကြားမှုတွေလည်း ရှိ တယ်။ တိုင်ကြားမှုက မျိုးစုံပေါ့လေ။ ဒီတိုင်ကြားမှုတွေကို စိစစ်တယ်။ တွေ့ရှိတဲ့ အချက်အလက်တွေကို သတင်းတွေ မှာလည်း တွေ့ပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်တွေကပဲ ဘင်္ဂါလီတွေ ခိုးသွင်းလာတာ အဲဒီ မှုခင်းရှုထောင့် သတင်းက သတင်း ထောက် ကတ်ကိုင်ထားတဲ့သူ ဖြစ်နေတာမျိုး စသဖြင့်ပေါ့လေ။
မေး။ ။ တိုင်တန်းမှုတွေ အရ သတင်းထောက်အမည်ခံ လုပ်စားနေကြတာမျိုးတွေကို ဘယ်ဒေသတွေမှာ အများဆုံး တွေ့ရ လဲ။
ဖြေ။ ။ တနိုင်ငံလုံးနီးပါးတော့ တွေ့ရတယ်။ ဒါပေမယ့် ပဲခူးတိုင်းဘက်ကတော့ တော်တော်လေး များပုံရတယ်။ ကျနော် တို့ ရရှိတဲ့ အချက်အလက် အရပေါ့။ တခြားနေရာတွေကလည်း ရှိချင်ရှိမယ်။ ကျနော်တို့ အချက်အလက် မရတာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
မေး။ ။ ကောင်စီအနေနဲ့ ဒီဖြစ်ရပ်တွေ ပပျောက်သွားအောင် ရှေ့ဆက် ဘာတွေ လုပ်ဆောင်သွားဖို့ ရှိမလဲ။
ဖြေ။ ။ ကျနော်တို့လည်း အမြဲတမ်းပြောပါတယ်။ အရင်နှစ်တွေကတည်းက စပါတယ်။ အဲဒီလိုမျိုး ခြိမ်းခြောက် ငွေ တောင်း အယောင်ဆောင် လှည့်ဖျားတယ် ဆိုရင် ကောင်စီကို တိုင်ပါ။ သတင်းစာ ဆရာတွေကလည်း တွေ့ရင်တွေ့တဲ့ နေရာမှာ မှတ်တမ်း တင်ထားပြီး ကောင်စီကို တင်ပေးပါလို့ ပြောထားတာရှိတယ်။ ဘာဖြစ်လို့လဲဆို နေရာတိုင်းမှာ ကျနော်တို့က မရှိနိုင်ဘူး။
အခမ်းအနားတွေ ပွဲတွေမှာဆို တွေ့နိုင်တယ်။ သတင်းထောက်ပါလို့ ပြောပြီး သတင်း လုပ်ငန်း မလုပ်ဘဲ ရဲလိုလို ရဲ သတင်း ပေးလိုလို လုပ်တယ်ဆိုရင် သတင်းထောက် မဟုတ်တော့ဘူး။ နောက်ရှိသေးတယ်။ ဂိတ်တွေမှာ တားပြီးတော့မှ သတင်းထောက်ပါလို့ ပြောပြီးတော့ ပိုက်ဆံ တောင်းနေတဲ့ကိစ္စမျိုး တွေ့လို့ရှိရင် တိုင်ကြပါလို့ ပြောထားတာ ရှိတယ်။
အဲဒီလိုနည်းတွေနဲ့ သက်ဆိုင်ရာ ဥပဒေတွေ နည်းလမ်းတွေနဲ့ လုပ်သွားဖို့လိုသလို သက်ဆိုင်ရာ တာဝန်ရှိတဲ့ပုဂ္ဂိုလ် အထူးသဖြင့် ပြည်ထဲရေးမှာ တာဝန်ရှိတယ်။ ပြည်ထဲရေးက ဒါကို စိစစ်ရမယ်။
အခုလိုမျိုး နိုင်ငံ့ဝန်ထမ်း ယူနီဖောင်းနဲ့ ဆင်တူယိုးမှားလို ပုံစံမျိုး လုပ်ထားတာမျိုးက မဖြစ်သင့်တဲ့ ကိစ္စ။ သာမန် ပြည်သူ လူထု ကတော့ ဘာမှန်းသိမှာ မဟုတ်ဘူး။ အခုလည်း တွေ့နေရတယ်။ ယာဉ်စည်းကမ်း လမ်းစည်းကမ်း ပညာပေး ဘာညာ ဆိုတော့ သူလည်း ပြည်သူထဲက ပြည်သူ ပညာပေးစရာမှ မလိုဘဲ။ အဲဒါမျိုးတွေမှာ လုပ်နေတာကို သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်တွေ အနေနဲ့ ကြပ်မတ် ထိန်းသိမ်းဖို့လိုတယ်။ ဒါမှသာ ပပျောက်မှာ။ ကျနော်တို့ တဖွဲ့ တည်း နဲ့ လုပ်လို့မရဘူး။
မေး။ ။ ဒီကိစ္စတွေကို ကောင်စီအနေနဲ့ ကိုင်တွယ်တဲ့အခါ ဘယ်လိုအားနည်းချက် ရှိနေပါသလဲ။
ဖြေ။ ။ အဓိကက ဥပဒေပဲ။ ဥပဒေက သတင်းမီဒီယာ ကျင့်ဝတ်နဲ့ မညီလို့ရှိရင် စိစစ်ပြီး ထုတ်ပြန် ကြေညာနိုင်သည် လို့ပဲ ပါတယ်။ အဲဒီလို ကြေညာတယ်ဆိုရင် သက်ဆိုင်ရာ ဌာနတွေက အရေးတယူ ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ဒါမှသာလျှင် ခုနကပြောသလို ပပျောက်မှာ။ အဓိကက မီဒီယာဥပဒေပါပဲ။
မေး။ ။ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ပါစင်နယ် ရေးသားမှုတွေနဲ့ ပတ်သက်လို့ရော အစ်ကို့ဘက်က တခုခု ပြန်လည် တုံ့ပြန် ဆောင်ရွက် သွားဖို့ ရှိပါသလား။
ဖြေ ။ ။ ကျနော်က ဒီကိစ္စကို ကောင်စီဝင် တယောက်အနေနဲ့ပဲ ဆောင်ရွက်တာဖြစ်တယ်။ သူ့ကိုကျနော် အပြင်မှာ လည်း မမြင်ဖူးဘူး။ လူချင်းလည်း မသိဘူး။ သူကသာ ကျနော့်ကို အွန်လိုင်းမှာ မိုက်မိုက်ရိုင်းရိုင်းတွေ ရေးသား စွပ်စွဲ တာတွေ တွေ့တာ။ ဒါနဲ့ ပတ်သက်ပြီးလို့ရှိရင် ကျနော်က သူ့ကို ပါစင်နယ် အမှုဖွင့် အရေးယူလို့ ရနေပြီ။ ဒါပေမယ့် ကျနော်တို့ရဲ့ ပါစင်နယ် အလုပ် မဟုတ်သေးတဲ့အတွက် ကောင်စီဝင် တယောက်အနေနဲ့ပဲ ကောင်စီ ရဲ့ဆုံးဖြတ်ချက် အတိုင်း သွားဖို့ပဲ ရှိပါတယ်။
လူကြီးလူကောင်း ဆန်ဆန် အောက်တန်းမကျဘဲ ဘာမှ ယုတ်မာရိုင်းစိုင်းတာတွေ ကျနော့် ဖေ့စ်ဘုတ်ပေါ်မှာ ပြန်မရေး ပါဘူး။ သူ့ဖေ့စ်ဘုတ် အောက်မှာလည်း ကျနော် ကွန်မန့် သွားမရေးပါဘူး။ လူကြီးလူကောင်း ဆန်အောင် နေပါတယ်။ ကောင်စီဝင်ရဲ့လုပ်ငန်းနဲ့ပဲလုပ်မှာ ဖြစ်ပါတယ်။ သူဘာရေးရေး ကျနော်က သိပ်ပြီးခေါင်းထဲထည့်မှာ မဟုတ်ဘူး။ နောက် တခု ကျနော်က သူ့ကို တရားစွဲမယ်ဆိုရင် ၆၆ (ဃ)နဲ့ စွဲလို့ရနေပြီ။ ဒါပေမယ့် အဲဒီအလုပ်ကို အောက်တန်း ကျတယ် ထင်လို့ ကျနော် မလုပ်ပါဘူး။
နောက်တခု ရှိသေးတယ်။ ဒီပြဿနာက သူနဲ့ကျနော်ကြားက ပုဂ္ဂလိကပြဿနာ လုံးဝ မဟုတ်ဘူး ဆိုတာကိုလည်း ရှုမြင်စေ ချင်တယ်။ ကောင်စီဝင် တယောက်က ကောင်စီဝင်အလုပ်ကို လုပ်တယ်။ အဲဒါကို သူက ပုံဖျက်ဖို့ ကြိုးစား တယ်။ ဒီအနေအထားပဲ ရှိတယ်။ ကျနော့်အနေနဲ့ အဲဒီလောက်ထိ နင်လား ငါလား ဟိုဘက်ဒီဘက် ပြန်လှန် ပြောရ လောက်အောင်လည်း အောက်တန်း မကျဘူး။
မေး။ ။ လက်ရှိဖြစ်နေတာတွေနဲ့ ပတ်သက်လို့ ဘာများဖြည့်စွက် ပြောချင်ပါသေးလဲ။
ဖြေ။ ။ ကျနော်တို့က စတုတ္ထမဏ္ဍိုင်လို့ ပြောမယ်ဆိုရင် ကျန်တဲ့ မဏ္ဍိုင်ကြီး သုံးရပ်ကို လုံးဝ စောင့်ကြည့်ရတဲ့ အနေ အထားမှာ ဖြစ်တယ်။ အခုနက ပြောတဲ့ ရဲလိုလို ဘာလိုလိုဆိုတာ အုပ်ချုပ်တဲ့ မဏ္ဍိုင်အောက်ကို ခေါင်းထိုး ဝင်နေ တာ ဖြစ်တယ်။ အဲဒါက လွတ်လပ်တဲ့ သတင်းသမား မဟုတ်ဘဲနဲ့ ကျန်တဲ့အဖွဲ့အောက်ကို ခေါင်းထိုးဝင်နေတာ ဖြစ်တယ်။
အဲဒီလိုမျိုး စတုတ္ထမဏ္ဍိုင် မပီသဘူးဆိုရင် ကျနော်တို့ရဲ့လူ့အဖွဲ့အစည်းကြီးဟာ အမြဲတမ်းပဲ နောက်ကောက် ကျနေပြီ ပေါ့။ စတုတ္ထမဏ္ဍိုင်ဆိုတာ ပြည်သူ့ မျက်စိ ပြည်သူ့နား ဆိုတဲ့အတိုင်းပဲ ပြည်သူကိုပဲ အစီရင်ခံဖို့ ရှိတယ်။ အုပ်ချုပ်ရေး မဏ္ဍိုင် အောက် ခေါင်းဝင်လျှိုချင်တယ် ဆိုတာက စတုတ္ထမဏ္ဍိုင်ကို ပုံဖျက်ချင်တဲ့ ရဲသတင်းပေး နောက်လိုက် ဆန်ဆန် ဖြစ်တယ်။ အဲဒီလိုနောက်လိုက် အဆင့်နဲ့တော့ စတုတ္ထမဏ္ဍိုင်လို့ ပြောလို့မရသလို သူတို့လည်း ဘာမှ ကောင်းကျိုး ဖြစ် လာမှာ မဟုတ်ဘူး။
ဒါကြောင့် သတင်းစာဆရာလို့ ခံယူတဲ့ ပုဂ္ဂိုလ်အကုန်လုံး သတိနဲ့ယှဉ်ပြီးတော့မှ ကိုယ်တိုင်လည်း မမှားအောင်လို့ မှားတဲ့ သူ တွေ့လို့ရှိရင်လည်း ရှင်းထုတ်ပစ်ဖို့ လိုပါတယ်။ ကောင်စီတခုတည်းမှာ တာဝန်ရှိတာ မဟုတ်ပါဘူး။ သတင်းမီဒီယာ လောကသား အားလုံးမှာ တာဝန်ရှိပါတယ်။ ဒါမှသာ စတုတ္ထမဏ္ဍိုင် ပီသပြီး လူ့အဖွဲ့အစည်း အတွင်းမှာ ကောင်းမွန်တဲ့ သတင်း အချက်အလက်တွေ ပေးနိုင်မှာ ဖြစ်ပါတယ်။ ။