ကိုလိုနီခေတ်က တောင်ပေါ်စခန်းမြို့လေး တခုဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ကလောမြို့ဟာ ကောင်းမွန်တဲ့ ရာသီဥ တု၊ လမ်းပန်း ဆက်သွယ်ရေး အပြင် ရင်သပ်ရှုမောဖွယ် သဘာဝ တောတောင် ရှုခင်းများ ပိုင်ဆိုင်ထားတဲ့ အတွက် ပြည်တွင်း၊ ပြည်ပခရီးသွား အများစု လာလည်ဖို့ မျက်စိကျတဲ့ မြို့တမြို့ ဖြစ်ပါတယ်။ အခု နှစ်အနည်းငယ် အတွင်းမှာ ကလော အခြေစိုက် ခရီးသွား ကဏ္ဍမှာ ပါဝင်နေသူတွေရဲ့ ဆန်းသစ်တဲ့ အစီအစဉ်သစ်တွေကြောင့် ခရီးသွားအများစု ပိုပြီး အာရုံစိုက် လာကြပါတယ်။ အဲဒီလို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာတာနဲ့ အမျှ မြို့ငယ်လေးမှာ စိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့နေရ တယ်လို့ သိရပါတယ်။ ဒီမြို့ရဲ့ သဘာဝက ပေးထားတဲ့ ရှိရင်းစွဲ အလှတရားတွေကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ အတွက် ကလော ခရီးသွားအဖွဲ့ (Kalaw Tourism Organization) ဆိုတဲ့ အဖွဲ့တဖွဲ့ကို မနှစ်က စတင် ဖွဲ့စည်းခဲ့ပါ တယ်။ အဲဒီအဖွဲ့ရဲ့ Co-founder ဖြစ်သူ ကိုကျော်စိုးဟန် ကို ကလောမြို့ရဲ့ လက်ရှိ ခရီးသွား ကဏ္ဍ အခြေအနေ စိန်ခေါ်မှု အကြောင်းတွေကို ဧရာဝတီ သတင်းထောက် မြတ်ပြည့်ဖြိုးက သီးသန့်တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ Kalaw Tourism Organization (KTO -ကလော ခရီးသွားအဖွဲ့) ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ဖွဲ့ဖြစ်ခဲ့တယ် ဆိုတာ အရင် သိပါရစေ။
ဖြေ။ ။၂၀၁၇ ခုနှစ် နှစ်လယ်ပိုင်းလောက်က စဖွဲ့ဖြစ်ခဲ့တယ်။ စဖွဲ့တယ်ဆိုတာထက် ဒါမျိုးလုပ်ဖို့ ပထမဆုံး အကြံဉာဏ် ပေးတာကတော့ Kalaw Heritage Hotel က General Manager Mr. Ole Rehlaender ဖြစ်တယ်။ ဟိုးအရင်တုန်း ကတည်းက ကလောမြို့ရဲ့ အဓိက စီးပွားရေးဟာ ခရီးသွားလာရေး လုပ်ငန်းကို အမှီပြုနေတဲ့ မြို့ဖြစ်တယ်။ အဲဒါအပြင် လက်ရှိ ကလောမြို့ရဲ့သဘာဝ အနှစ်သာရနဲ့ မူရင်း အခြေအနေလေးတွေက မပျက်သေးဘူး။ အဲဒါကို ရေရှည် ထိန်း သိမ်းစောင့်ရှောက်ဖို့ အတွက် အဖွဲ့အစည်းလေး တခုတော့ ရှိဖို့လိုအပ်တယ်ဆိုပြီး သူက အကြံစပေးခဲ့ပြီး နောက်ပိုင်း အခုလို ဖွဲ့ဖြစ်သွားတာပါ။
အရင်ဆုံးတော့ ကိုယ်နဲ့ တွဲဖက်ဖြစ်နေတဲ့ ဟိုတယ်တွေဆီ သွားတယ်။ ဟိုတယ် မန်နေဂျာတွေနဲ့ တွေ့တယ်။ သွားစည်း ရုံး ကြတာပေါ့။ ဘာကြောင့် ဒီလိုလုပ်ချင်တယ် ဆိုတာကို ရှင်းပြတယ်။ ကလောဟာ သမိုင်း နောက်ခံရှိသလို သဘာဝ အခြေခံ ခရီးသွားလုပ်ငန်းလည်း အများကြီး လုပ်လို့ရတယ်။ အဲဒါနဲ့ အတူ ယဉ်ကျေးမှု အမွေအနှစ်တွေ၊ တောတောင် ရေမြေတွေကို ထိန်းသိမ်းကြဖို့ အရေးကြီးတဲ့အတွက် ဒီအဖွဲ့ကို ဖွဲ့ဖြစ်ခဲ့တာပါ။
အဲဒီနောက် အဖွဲ့နဲ့ပတ်သက်တဲ့ လိုဂိုလေးကို ရွေးကြတယ်။ ကလောမြို့ကို အများက ထင်းရှုးမြေ (Pine Land) လို့ သိကြတယ်။ အဲဒါကြောင့် ထင်းရှုးမြေကို ကိုယ်စားပြုတဲ့အနေနဲ့ ထင်းရှုးသီးလေးကို ရွေးလိုက်တယ်။ နောက်တချက် အနေနဲ့ကတော့ ထင်းရှုးသီးလေးမှာ အစိတ်အပိုင်း အလွှာလေးတွေ အများကြီးပါဝင်သလို အခုလို ထပ်ပြီး စုပေါင်း လိုက်မယ်ဆိုရင်တော့ လှပတဲ့ ထင်းရှုးသီးလေး တလုံး ဖြစ်သွားမယ်။ ကလောမြို့ကို ဖွံ့ဖြိုးတိုးတက်အောင် ထိန်းသိမ်း စောင့်ရှောက်မဲ့ ဒီအဖွဲ့အစည်းမှာ ကိုယ်စီ ကိုယ့်ကဏ္ဍ အလိုက် ပါဝင်လာကြမယ် ဆိုရင် ဒီမြို့ကို ခရီးသွား ဆွဲဆောင်မှု ရှိတဲ့ မြို့အဖြစ် သွားနိုင်မယ်ဆိုတဲ့ ပန်းတိုင်ကို ရည်ရွယ်ပြီး ရွေးချယ် အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
မေး။ ။ အဖွဲ့မှာ ဘယ်လိုလူတွေ ပါဝင် ဖွဲ့စည်းထားပြီး အင်အား ဘယ်လောက်ရှိပါပြီလဲ။
ဖြေ။ ။ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းတွေက မန်နေဂျာတွေ၊ ပိုင်ရှင်တွေပါတယ်။ စားသောက်ဆိုင်တွေ၊ ဧည့်လမ်း ညွှန်အဖွဲ့တွေလည်း ပါဝင်လာကြပါပြီ။ ကျနော်တို့ အဖွဲ့ရဲ့ ရည်ရွယ်ချက်ကိုက ပူးပေါင်းပါဝင်ဖို့ အဓိကဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်းနဲ့ ပတ်သက် ဆက်နွှယ်နေတဲ့သူတွေ အားလုံး ကိုဖိတ်ခေါ်ပါတယ်။ နောက်ဆုံးအဆင့် ဆိုင်ကယ် ကယ်ရီက အစ ပါဝင်ခွင့်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ခရီးသွားတွေ လာရင်း သူတို့နဲ့လည်း ချိတ်ဆက် သွားလာရ တာတွေ ရှိတယ်လေ။
ဒါကြောင့် ခရီး သွားကဏ္ဍတခုလုံးနဲ့ ဆက်စပ်တဲ့သူတွေ အားလုံး ပူးပေါင်းပါဝင်လို့ ရပါတယ်။ ပြီးတော့ အဖွ့ဲမှာ ဘယ် သူက ဥက္ကဋ္ဌ၊ ဘယ်သူက အတွင်းရေးမှူး ဆိုတာ မရှိပါဘူး။ အဖွဲ့ဝင် အင်အားကတော့ လောလောဆယ်မှာ အဖွဲ့ဝင် ကြေး ပုံစံမျိုးနဲ့ မဟုတ်သေးတော့ အရေအတွက် အတိအကျ ပြောဖို့ခက်ပါတယ်။ နောက်ပိုင်းမှာတော့ အဖွဲ့ဝင်ကြေး ပုံစံစနစ်ကို လုပ်ဖို့တော့ အစီအစဉ်ရှိပါတယ်။
မေး။ ။ KTO အဖွဲ့ သက်တမ်း ၁ နှစ်နီးပါး အချိန်အတွင်း ကလောဒေသ ခရီးသွားလုပ်ငန်း အတွက် ဘယ်ကဏ္ဍကို အဓိက ဦးတည်လုပ်ဆောင်နေတယ် ဆိုတာလည်း သိပါရစေ။
ဖြေ။ ။ ကျနော်တို့အဖွဲ့ရဲ့ ရည်ရွယ်ချက် တခုဖြစ်တဲ့ ကလောမြို့က ရှေးဟောင်း ကိုလိုနီ အဆောက်အအုံတွေကို Yangon Heritage Trust အကူအညီနဲ့ ဘယ်လိုထိန်းသိမ်း စောင့်ရှောက်ကြမလဲဆိုတဲ့ အပိုင်းကို လုပ်နေပါတယ်။ အခု လောလောဆယ်မှာတော့ အဆောက်အအုံ အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာ စာရင်းတွေ ကောက်ယူ နေပါတယ်။ အခုလက်ရှိ ပြည်တွင်း ခရီးသွားတော်ရုံတန်ရုံက ဒါတွေကို သိပ်မသိကြသေးဘူး။ သူတို့အနေနဲ့ ကလော လာမယ်ဆိုရင် ဓာတ်ပုံရိုက်မယ်၊ ဗျူးပွိုင့်သွားမယ်။ ဈေးပတ်မယ်။ ဘုရားသွားမယ်။ အဲဒီလောက်ပဲ ရှိကြတယ်။
ဒီအဆောက်အအုံကြီးတွေက ပြောမယ်ဆိုရင် ပြခန်းကြီးတခုပါပဲ။ အဲဒီခေတ်ကာလက ဘယ်သူတွေနေကြလဲ။ ဘယ် လိုပုံစံတွေ ဆောက်ထားကြလဲဆိုတာ လေ့လာစရာတွေ အများကြီးရှိပါတယ်။ Kalaw Heritage Hotel ဆိုရင် မြန်မာ ပြည်ရဲ့ ဒုတိယ အသက်အကြီးဆုံး ဟိုတယ်ကြီးဖြစ်တယ်။ ကိုလိုနီ အဆောက်အအုံတခုလည်း ဖြစ်တယ်။ အဲဒါ ကြောင့် ကိုလိုနီခေတ် ဗိသုကာ လက်ရာတွေကို လေ့လာလို့ရနိုင်မယ်။ ဒါကို သေချာ အကောင်အထည် ဖော်နိုင်မယ် ဆိုရင် မြို့ခရီးသွားလုပ်ငန်း အတွက် ဆွဲဆောင်မှု တခုဖြစ်လာနိုင်မယ်။
နောက်တခုက ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ဆောင်မှုအပိုင်းမှာ လူသား အရင်းအမြစ် မြင့်တက်လာအောင် လုပ် နိုင်ဖို့ အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ရော၊ နိုင်ငံတကာ အဖွဲ့အစည်းတချို့နဲ့ ချိတ်ဆက်ပြီး သင်တန်းတွေ ပေးနေ ပါတယ်။ ဒီနေ့အထိတော့ သင်တန်း ၄ ကြိမ်ပေးပြီး သွားပါပြီ။ ပြီးတော့ ကလောမြေပုံကိုလည်း လုပ်ဖြစ်ခဲ့ပါတယ်။ ဒီမြေပုံမှာဆိုရင် ကလောမှာ ခရီးသွားဧည့်သည် တယောက်အနေနဲ့ ဘယ်နေရာတွေ သွားလည် ပတ်သင့်တယ် ဆို တာကို အလွယ်တကူ သိနိုင်အောင် High light လုပ်ပေးထားတာလေးတွေ ပါပါတယ်။
ဒါကိုကြည့်လိုက်ခြင်းအားဖြင့် ဧည့်သည်တယောက်က ဒီနေရာတွေ သွားရဦးမယ် ဆိုပြီး တညလောက်နေမဲ့သူက နှစ် ည၊ သုံးညလောက် နေဖြစ်သွားတာမျိုး ဖြစ်အောင်ပါ။ ဒါကလည်း ခရီးသွားလုပ်ငန်းအတွက် ဈေးကွက်မြှင့်တင်ခြင်း တမျိုးပါပဲ။
မေး။ ။ အဖွဲ့စတင်တဲ့ အချိန်တုန်းက ဘယ်လိုအခက်အခဲတွေ တွေ့ရပါသလဲ။
ဖြေ။ ။ အဖွဲ့အနေနဲ့ လှုပ်ရှားမှုတွေစလုပ်တုန်းကတော့ ဟိုတယ်တွေပဲ ရှိခဲ့တယ်။ ကျနော်တို့ တမြို့လုံး စုပေါင်း အမှိုက် ကောက်တဲ့အချိန်က လူတွေက ဒါတွေကို ဟိုတယ်တွေပဲ လုပ်ရတဲ့ အလုပ်လို့ မြင်နေကြတယ်။ ဒါပေမဲ့ နောက်ပိုင်း အဲဒီလိုလုပ်ပြရင်း လုပ်ပြရင်းနဲ့ အခုဆိုရင် တည်းခိုခန်း၊ မိုတယ်တွေ၊ ဧည့်လမ်းညွှန် အသင်းတွေ၊ စားသောက်ဆိုင်တွေ စတဲ့ တခြား ပူးပေါင်းပါဝင်မှုတွေပါ တဖြည်းဖြည်းနဲ့ ရလာခဲ့ပြီ ဖြစ်ပါတယ်။ လူတွေရဲ့ စိတ်ထဲမှာ လုပ်ရမယ်ဆိုတာလေး ရှိပါတယ်။ အဲဒီစိတ်လေးကို နည်းနည်းလေးလှုံ့ဆော်ပေးဖို့ပဲ လိုတာပါ။ ကိုယ့်မြို့အတွက် အားလုံးက လုပ်ကြမှာပါ။ တဖြေးဖြေးချင်းတော့ ပူးပေါင်းပါဝင်မှုက ပိုများလာပါပြီ။
မေး။ ။ အကိုတို့ အဖွဲ့ကို ကူညီပေးနေတဲ့ အဖွဲ့အစည်းတွေရှိရင်လည်း သိပါရစေ။
ဖြေ။ ။ ကျနော်တို့အဖွဲ့ကို မနှစ်က Tourism ဖိုရမ်မှာ စတင် မိတ်ဆက်ခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ဂျာမနီအခြေစိုက် အဖွဲ့အစည်း တခုဖြစ်တဲ့ GIZ အဖွဲ့က ဆက်သွယ်လာပြီး လိုအပ်တဲ့ အကူအညီတွေ၊ အကြံဉာဏ်တွေကို ပေးခဲ့ပါ တယ်။ အဖွဲ့ရဲ့ Vision, mission တွေကို GIZ က format ချပေးခဲ့ပါတယ်။
မေး။ ။ ကလောမြို့ရဲ့ လက်ရှိ ခရီးသွားလာရေး အခြေအနေကိုလည်း မေးချင်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်နဲ့ ယှဉ်ရင် ကလောမြို့ကို လာလည်တဲ့ ခရီးသွားအများစုက ဘယ်လိုပုံစံမျိုးကို စိတ်ဝင်စားလာကြသလဲ။
ဖြေ။ ။ အရင်တုန်းကတည်းက ကလောကို နိုင်ငံခြားသား ခရီးသွားတွေက Trekking (ခြေလျင်တောင်တက် ခရီး ကြမ်း) အနေနဲ့ စိတ်ဝင်စားကြတယ်။ ဒါပေမဲ့ ဒီနှစ်အနည်းငယ်အတွင်းမှာ ပြည်တွင်း ခရီးသွားတွေကပါ စိတ်ဝင်စား လာကြသလို ပြည်တွင်း ခရီးသွားဈေးကွက်က အရမ်း တိုးတက်လာတာကို တွေ့ရတယ်။ ပြီးတော့ ကလောရဲ့ ခရီး သွားပုံစံက ပုဂံလို ယဉ်ကျေးမှုကို အခြေခံတာ မဟုတ်ဘဲ Adventure ဘက်ကို သွားတယ်။
အဲဒါကြောင့်မို့ လူငယ်တွေက ပိုစိတ်ဝင်စား လာကြတယ်။ အထူးသဖြင့် မြို့ကြီးပြကြီးက လူငယ်ပိုင်းတွေ ပိုများလာ တယ်။ အရင်ကဆို ပွင့်လင်းရာသီလောက်ပဲ လူများတယ်။ အခုတော့ လူငယ်တွေက သူတို့အားလပ်ရပ်နဲ့ အလျဉ်း သင့်တဲ့ အချိန် ရောက်လာကြတာကို တွေ့ရတယ်။
မေး။ ။ အဲဒါဆိုရင် ကလောကို လာလည်ကြတဲ့ ပြည်တွင်း၊ ပြည်ပခရီးသွားတွေမှာ ဘယ်ဟာကပို များပါသလဲ။
ဖြေ။ ။ အရင်ကတော့ နိုင်ငံခြားသားက ပိုများတယ်။ အခု နှစ်အတောအတွင်းမှာတော့ ပြည်တွင်းတွေလည်း လာလည် တာများလာတဲ့ အတွက် မျှသွားတယ်လို့ ပြောလို့ရပါတယ်။
မေး။ ။ ကလောမြို့က ခရီးသွားလုပ်ငန်းအတွက် အလားအလာတွေ အများကြီးရှိတဲ့ မြို့တမြို့ဖြစ်လာတဲ့ အတွက် အဓိက စိန်ခေါ်မှုကရော ဘာဖြစ်မလဲ။
ဖြေ။ ။ ကျနော့် အမြင်ကိုပြောရရင် လောလောဆယ်မှာ Local Awareness အရေးကြီးတယ်လို့ မြင်တယ်။ ဒေသမှာ ရှိနေတဲ့လူတွေရဲ့ ခရီးသွားလုပ်ငန်းအပေါ် အသိအမြင် ရှိမှုလည်းလိုအပ်သလို ပူးပေါင်းပါဝင်ဖို့လည်း လိုအပ်မယ်လို့ မြင်ပါတယ်။
ဒါပေမဲ့ အချို့ကိစ္စလေးတွေမှာတော့ ပြောင်းလဲလာတာလေးတွေ ရှိလာပါပြီ။ ဥပမာအားဖြင့်ဆိုရင် အရင်တုန်းက ဒီမြို့ မှာ အမှိုက်သိမ်းတဲ့စနစ် မရှိဘူး။ ညနေဆိုရင် အမှိုက်တွေကို မီးရှို့ကြတယ်။ အခုနောက်ပိုင်း မြူနီစပယ် (မြို့နယ်စည် ပင်) အကူအညီနဲ့ အမှိုက်သိမ်းတဲ့ စနစ်တွေ လုပ်လာတာကြောင့် အခုဆို မီးခိုးတလူလူနဲ့ အမှိုက်မီးရှို့တဲ့ စနစ်မရှိ တော့ပါဘူး။ နောက်တခုက သစ်ပင်၊ သစ်တောနဲ့ ထင်းရှုးသုံးစွဲမှုကို လျော့ချပေးကြဖို့လည်း မေတ္တာရပ်ခံချင်ပါတယ်။ ထင်းရှုးသုံးစွဲမှုကို မရပ်တန့်နိုင်ရင် ထင်းရှုးမြေလို့ လူသိများတဲ့ဒီမြို့လေးရဲ့ နာမည်ဟာ ပျောက်သွားနိုင်ပါတယ်။ အဲဒီလိုပဲ သဘာဝအရင်း အမြစ် သယံဇာတဖြစ်တဲ့ သစ်တော၊ သစ်ပင်တွေကို မထိန်းသိမ်းရင် မြို့ရဲ့သဘာဝက ပေးထားတဲ့ အနှစ်သာရတွေ ပျက်ယွင်းသွားမှာပါ။ ဒီဒေသက တောတောင်တွေကို ထိန်းသိမ်းခြင်းရဲ့ အကျိုးဆက်က အင်းလေး ကန်ပေါ်မှာ သက်ရောက်စေပါတယ်။
ဘာကြောင့်လဲဆိုတော့ ကလောမှာရှိတဲ့ တောတောင် ရေမြေတွေဟာ အင်းလေးကန်ရဲ့ ရေဝေရေလဲ ဧရိယာမှာ ပါပါ တယ်။ ဒါကြောင့် ဒီတခုကို လုပ်ခြင်းအားဖြင့် တဖက်မှာလည်း ဆက်စပ် အကျိုးကျေးဇူး အများကြီးရရှိမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အကျိုးဆက်လို့ ပြောချင်ပြောကြမယ်။
နောက်ထပ်တခုက ဒီမြို့လေးမှာ အထပ်မြင့်အဆောက်အအုံတွေ ရှိလာတာကို မဖြစ်စေချင်ဘူးဗျ။ ဘာလို့လဲဆိုတော့ အထပ်မြင့်တွေသာ ရှိလာမယ်ဆိုရင် ဒီမြို့လေးရဲ့ သဘာဝက ပေးထားတဲ့ အလှတရားနဲ့ အရသာ ပျက်စီးသွားပါလိမ့် မယ်။ အဲဒီအခါ ကျ ပြောကြလိမ့်မယ်။ ဒါတွေက ဖွံ့ဖြိုးတိုးတက်မှုရဲ့အကျိုးဆက်တွေပါလို့။ ဒါပေမဲ့ ဒီမြို့ရဲ့သဘော သဘာဝကိုက အထပ်မြင့် အဆောက်အအုံတွေနဲ့ လုံးဝလိုက်ဖက်မှု မရှိပါဘူး။ အဲဒီလို ပြောရတဲ့အတွက်လည်း ရင်းနှီး မြုပ်နှံသူတွေကို ထိခိုက်စေလိုတဲ့ သဘောမဟုတ်ပေမယ့် သဘာဝ အလှတရားနဲ့ လိုက်လျောညီထွေ ရှိတဲ့အရာလေး တွေကိုတော့ ပြန် ကြည့် ပေးစေလိုတဲ့ သဘောပါ။
မေး။ ။ ခရီးသွားလာရေး လုပ်ငန်း ဖွံ့ဖြိုးလာတာနဲ့ အမျှ နောက်ဆက်တွဲ အကျိုးဆက်တွေကလည်း ရှိလာမှာပါ။ အဲဒီ အထဲမှာ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပြဿနာတွေ ရှိနေပါသလဲ။
ဖြေ။ ။ သဘာဝ ပတ်ဝန်းကျင်ကိစ္စ နမူနာအနေနဲ့ ပြောရမယ်ဆိုရင် Trekking မှာဆို အမှိုက်ချတဲ့ကိစ္စ။ နိုင်ငံခြားသား အများစုက အဲဒီအပေါ်မှာ အလေးထားမှု ရှိကြပေမယ့် ပြည်တွင်း ခရီးသွားတွေကျတော့ Awareness နည်းနည်းလို သေးတယ်လို့ မြင်ပါတယ်။ အကယ်၍ အမှိုက်ချတဲ့သူကို မချဖို့ပြောရင်တောင် သိပ်မကြိုက်ချင်ကြတဲ့ သဘောလေး တွေ ရှိတတ်တာများတယ်။ ဒါကတော့ တဦးချင်းစီရဲ့သဘောထားလေးတွေကို ပြောင်းလဲမှရမယ်လို့ မြင်ပါတယ်။ ဒါမှလည်း သဘာဝ ပတ်ဝန်းကျင်မှာ ဆိုးကျိုးတွေ လျှော့ချလို့ရမှာပါ။
မေး။ ။ ကလော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိ ဌာနတွေအားပေးမှုကရော ဘယ်လိုရှိပါ သလဲ။
ဖြေ။ ။ အရမ်းအားပေးပါတယ်။ ဟိုတယ်နှင့် ခရီးရော၊ မြို့နယ်စည်ပင် အပါအဝင် တခြားအဖွဲ့အစည်းတွေရော ခရီးသွား ကဏ္ဍတိုးတက်ဖို့နဲ့ ပတ်သက်တာဆိုရင် လိုအပ်တာတွေတင်ပြပါ။ ပူးပေါင်းပါဝင်ပါမယ်။ အကူအညီပေးပါမယ်လို့ ပြော ကြပါတယ်။
မေး။ ။ ကလောခရီးသွား ကဏ္ဍနဲ့ ပတ်သက်ပြီး တခြားဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။
ဖြေ။ ။ ခရီးသွားလုပ်ငန်းကို အမှီပြုနေရတဲ့မြို့လေး ဖြစ်တဲ့အတွက် ခရီးသွားတွေ မျက်စိကျတဲ့ လာချင်စဖွယ်၊ ဆွဲဆောင်မှုရှိတဲ့မြို့လေးဖြစ်အောင် အားလုံး ပူးပေါင်းပါဝင်ပေးကြဖို့ တိုက်တွန်းချင်ပါတယ်။