ဘယ်သူကမှ ဘယ်သူ့ကို အုပ်ချုပ်လို့ မရဘူးဆိုတဲ့ အနေထား အမြန် ရောက်သွားမယ်

နန်းလွင်နှင်းပွင့်
ALP ဒုဥက္ကဌ ဒေါ်စောမြရာဇာလင်း / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ၌ ရေးဆွဲထားသည့် နိုင်ငံ ရေး ဆွေးနွေးပွဲ မူ ဘောင်များ အရ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ရာစု ပင်လုံ အစည်း အဝေးများကို ၃ လတကြိမ် ကျင်းပရမည် ဖြစ်သော်လည်း တတိယ အကြိမ် ပင်လုံညီလာခံကိုမူ ကျင်းပရမည့် အချိန်ထက် ၆ လ ဝန်းကျင် ကျော်လွန်နေပြီ ဖြစ်သည်။

တတိယ အကြိမ် ပင်လုံညီလာခံ မကျင်းပနိုင်ရခြင်းမှာ NCA ရေးထိုးထားသည့် အဖွဲ့များအနက် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) နှင့် ရခိုင်ပြည် အမျိုးသား လွတ်မြောက် ရေး ပါတီ (ALP) တို့ အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ မကျင်းပနိုင်ခြင်းကြောင့် ဟုဆိုကာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဘက်မှ နောက်ဆုတ်ခဲ့ခြင်း ဖြစ်သည်။

RCSS သည် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပရန် ခွင့်ပြုချက်ရသော်လည်း တပ်မ တော်က လူထုတွေ့ဆုံပွဲ များကို လိုက်လံ တားဆီးခဲ့သဖြင့် ပွဲပျက်သွားရခြင်း ဖြစ်ပြီး ALP ကမူ ရခိုင်ပြည်နယ်သည် ထိလွယ်ရှလွယ် ဧရိယာ ဖြစ်နေ သည်ဟု ဆိုကာ လူထုတွေ့ဆုံပွဲနှင့် နိုင်ငံရေး ဆိုင်ရာပွဲများ လုပ်ခွင့်ကို အစိုးရဘက်မှ တားမြစ်ထား၍ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မလုပ်နိုင်ခြင်း ဖြစ်သည်။

ယခုအခါ တတိယအကြိမ် ပင်လုံညီလာခံကို ဇွန်လ ၃၀ ရက်၌ ပြန်လည် ကျင်းပရေးအတွက် အစိုးရနှင့် NCA ထိုးထား သည့် တိုင်း ရင်းသား လက်နက်ကိုင် ခေါင်းဆောင်များကြား သဘောတူညီထားပြီး ညီလာခံ ကျင်းပနိုင်ရန် ပြင်ဆင်လျှက် ရှိသည်။

တတိယအကြိမ် ပင်လုံညီလာခံ အတွက် ပြင်ဆင်မှုများနှင့် ပတ်သက်၍ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ မပြုလုပ် ရသေးသည့် ရခိုင်ပြည် အမျိုးသား လွတ်မြောက်ရေး ပါတီ (ALP) အနေဖြင့် မည်သို့ ပါဝင်သွားမည်ကို ALP ဒုဥက္ကဌ ဒေါ်စောမြရာဇာလင်း ကို ဧရာဝတီ အကြီးတန်း သတင်း ထောက် နန်းလွင်နှင်းပွင့်က ဆက်သွယ် မေးမြန်းထားပါသည်။

မေး။ ။ တတိယ ပင်လုံညီလာခံ အတွက် ဘာတွေ ပြင်ဆင်နေကြပြီလဲ။

ဖြေ။ ။ အခုက NCAထိုးထားသည့် အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST )အစည်းအဝေး ကျင်းပဦးမယ်။ တတိယအကြိမ် ပင်လုံ မတိုင်ခင်မှာတော့ လုပ်ငန်း ကော်မတီတွေ အစည်းအဝေးလည်း လုပ်ဖို့ ရှိတယ်။ PPST အစည်းအဝေး အပေါ်မှာ မူတည်ပြီးတော့ ပင်လုံရက်စွဲကို အစိုးရဘက်က ပြောထားတဲ့ ဇွန်လ ၃၀ ။ ဒါပေမယ့် EAOs (အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များ)ဖက်မှာကျတော့ အချိန်က တော်တော်ကျပ်နေ တယ်။ အဲဒီ အနေအထားတွေ ရှိနေတော့ အားလုံး ပြန်ညှိရဦးမယ့် အနေအထားပါ။

မေး။ ။ ကနဦးက ALPနဲ့ RCSS က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ မလုပ်ရသေးလို့ ဆိုပြီး ပင်လုံညီလာခံ ကို ရွှေ့ခဲ့ကြတယ်။ အခုတော့ ဆွေးနွေးပွဲတွေလည်း မလုပ်ရသေးဘူး။ ဘယ်လို သဘောတူညီမှုနဲ့ ညီလာခံသွားကြမလဲ။

ဖြေ။ ။ အခုကတော့ ရခိုင်နဲ့ ပတ်သက်လာရင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတင် မကဘူး။ နိုင်ငံရေးနဲ့ ပတ်သက် ရင် ဘယ်ပွဲမှ လုပ်လို့ မရမယ့် အနေအထားတွေ ရှိပါတယ်။ အဲဒီလိုအခက်အခဲ တွေတော့ ရှိတယ်။ ဒီလိုမျိုး ပိတ်ဆို့နေမယ့် အစား နည်းလမ်း ရှာတယ်။ နည်းလမ်းရှာတယ် ဆိုရင်လည်း မူဝါဒရေးရာ စာတမ်း တွေ ထွက်ဖို့အတွက် အရေးကြီးတယ်။

အဲဒီလို ထွက်ဖို့ အရေးကြီးတော့ ကိုယ့်ရဲ့ပါတီတွင်းမှာပဲ မူဝါဒရေးရာ စာတမ်းကို ALP က လုပ်လိုက် တာ ရှိတယ်။ ဥပမာ-ပင်လုံဆိုရင် ပင်လုံ လို့တော့ နိုင်ငံတော်အတိုင်ပင်ခံ ခေါင်းဆောင်ကြီး တက် လာပြီး ၂၁ ရာစုပင်လုံလို့ သုံးတာပေါ့ နော်။ စခဲ့တာ ကတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပေါ့။

နိုင်ငံရေးကို စားပွဲခုံမှာ တင်ပြီး စကားပြောဖို့ လိုလို့ ငြိမ်းချမ်းရေး လက်မှတ်ထိုးခဲ့ကြတယ်။ တိုင်းပြည် တည်ဆောက်ရေး လုပ်ငန်းတွေ ပြုပြင်ပြောင်းလဲဖို့ လိုတယ်ဆိုတဲ့ ရည်မှန်းချက်တွေကြောင့် လက်မှတ်ထိုးခဲ့တယ်။ ပိတ်ဆို့နေတာတွေကို အပေးအယူမျှအောင် လုပ်နိုင်အောင် စားပွဲခုံပေါ်ကို သွားနိုင်မှာ ဖြစ်တယ်။ အခုက အလွတ်သဘော သွားနေရတဲ့ သဘော ရှိတယ်။ တရားဝင် သွားနေလို့ ပိတ်ဆို့တယ်ဆိုရင် ဟိုဘက်အတွက်ရော ဒီဘက်အတွက်ရော အမြင်မကောင်းဘူး။

အမှန်က ဒီတိုင်းပြည်ကြီး တခုလုံးကို သာတူညီမျှ ဖြစ်ဖို့ ဘယ်လိုလုပ်မလဲ ဆိုတဲ့ စဉ်းစားချက်တွေ အပေါ်မှာ ရှေ့ကို တလှမ်းတိုးနိုင်ဖို့ ပင်လုံလို့ ခေါ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ကျင်းပဖို့ မဖြစ်မနေ လိုအပ်တယ်ဆိုတာ အစိုးရ ဘက်ကရော တိုင်းရင်းသားတွေ ဘက်ကရော မြင်ကြတယ်။

နောက်ဆုတ်ရင်း ဆုတ်ရင်းနဲ့လည်း အချိန်တွေက တအား ကြာသွားပြီ။ အမှန်ကတော့ ရက် ၉၀ အတွင်းမှာ နိုင်ငံရေး ဆွေး နွေးပွဲတွေ ကျင်းပမယ်ဆိုတာ မူဘောင်မှာ ရှိခဲ့တာ။ အခုက ရွှေ့ရင်းရွှေ့ရင်း ကြာသွားတော့ ထပ်မဖြစ်ရအောင် ဆိုပြီး အလွတ်သဘော ဆွေးနွေးပွဲမှာ သဘောတူညီ ခဲ့ကြတာပါ။

မေး။ ။ ALP ဘက်က မူဝါဒရေးရာ စာတမ်းကိုဘယ်လို ရေးဆွဲထားပါသလဲ။ လူထုနဲ့ မတွေ့ရတော့ လူထုအသံပါလား။

ဖြေ။ ။ ကျမတို့ လူထုအသံကို ချပြချင်လို့ လူထုအသံစုချင်လို့ အများကြီး ကြိုးပမ်းခဲ့ပါတယ်။ ဒါပေ မယ့် အဆင်မပြေခဲ့ဘူး။ ရခိုင်ပြည်ရဲ့ အနောက်ဘက် ဒေသမှာ ရှိနေတဲ့ အခြေအနေ တင်းမာမှုတွေ ကိုပဲ အကြောင်းပြခဲ့တာ ရှိတယ်။ တင်းမာတာ တော့ တင်းမာတယ်။ ဒါပေမယ့် Issue မတူဘူး။ အကြောင်း အရာက မတူဘူး။ ဒါပေမယ့် အဲဒီ အကြောင်းအရာပေါ်မှာ မူ တည်ပြီး ပြောတော့ အများကြီး ရွှေ့ခဲ့ရတယ်။ စောင့်ခဲ့ရတယ်။

ဒါပေမယ့် ရှေ့ကို တိုးစောင့်လို့လည်း မထူးနိုင်တော့ဘူး။ မထူးနိုင်တော့တဲ့ အနေအထား ရောက်လာ တော့ ပါတီကနေပြီး တော့မှ ပါတီတွင်းက မူဝါဒရေးရာစာတမ်း ကိုပဲ အရင်ဆွဲ လိုက်တာရှိတယ်။ တချိန်ချိန် တနေ့နေ့မှာတော့ ပြည်သူကို ချပြနိုင်မယ်လို့ အများကြီး ယုံကြည်တယ်။ တနည်းအားဖြင့် ပြောရင် ALP က ၁၉၉၅ ခုနှစ် ဝန်းကျင်လောက်တည်းက ပြည် ထောင်စု တည်ဆောက်ရေး ဆိုင်ရာ အခြေခံမူ ရေးဆွဲပွဲတွေမှာ အများကြီး ပါခဲ့တယ်။

မေး။ ။ ဒီ စာတမ်းက ပင်လုံမှာ ဆွေးနွေးမယ့် ကဏ္ဍ ၅ ခုလုံးကို ရေးဆွဲထားတာလား။ ဘာတွေ ပါပါသလဲ ။

ဖြေ။ ။ ကဏ္ဍ ၅ ခုလုံးအတွက် ရေးဆွဲထားတာပါ။ ကျမတို့ လုပ်ငန်း ကော်မတီကို တင်သွားမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ မေ လ ၁၅ ရက်ကနေ ၁၈ ရက် မှာ ၄ ရက်တိုင်တိုင် ကျမတို့ ရေးဆွဲတာပါ။ အဓိကအားဖြင့် တိုင်းရင်းသား လူထု တရပ်လုံးနဲ့ ဆွဲခဲ့တဲ့ ပြည်ထောင်စု တည်ဆောက်ရေး အခြေခံမူ ၁၀ ချက်ကို ရေးဆွဲတာ ပါတယ်။

နောက် စီးပွားရေးနဲ့ ဆိုင်တဲ့ ပြည်နယ်က လုပ်ပိုင်ခွင့်တွေ ပြည်နယ်နဲ့ ပတ်သက်လာရင် လုပ်ပိုင်ခွင့် တွေ ဘာရှိမလဲ။ ပြည်နယ်မှာ ရှိအပ်တဲ့ စီးပွားရေးဆိုင်ရာ မူဝါဒ၊ နောက် ပြည်ထောင်စုနဲ့ ပြည်နယ်နဲ့ ကြားက မျှယူပြီး လုပ်ရမယ့် မူဝါဒတွေ စီးပွားရေးဆိုင်ရာ မူဝါဒတွေကို ရေးဆွဲ တယ်။

ပြီးရင် ဒေသန္တရ အစိုးရရဲ့ ပိုင်ဆိုင်ခွင့်တွေ လုပ်ပိုင်ခွင့် မူဝါဒတွေကို စီးပွားရေးပိုင်းမှာ ရေးဆွဲတယ်။ နောက် မြေယာနဲ့ သဘာဝ၊ သယံဇာတ ဆိုရင်လည်း သူ့ကဏ္ဍနဲ့သူ ရေးဆွဲတာ ရှိတယ်။ လူမှုရေး ကဏ္ဍဆိုရင်လည်း ရခိုင်ပြည်နယ် အတွင်း မှာ ရှိနေတဲ့ စာပေ၊ ယဉ်ကျေးမှု ၊ အနုပညာ၊ ရိုးရာ အမွေအနှစ် ထိန်းသိမ်းရေး ကိစ္စတွေ အပြင် ရွှေ့ပြောင်း အလုပ်သမား တွေကိစ္စ အားလုံး ပါဝင်ပါ တယ်။

မေး။ ။ မူဝါဒရေးရာစာတမ်း ရေးဆွဲတုန်းမှာ ရခိုင်နိုင်ငံရေး ပါတီတွေဘက်နဲ့ရော ပူးပေါင်းထားပါ သလား။

ဖြေ။ ။ ကျမတို့ကတော့ ကိုယ်တို့မှာ အကြမ်းဖျင်း လုပ်ထားတဲ့ ကိစ္စတွေကို ပါတီတိုင်းကို ပေးပါ တယ်။ ပါတီတိုင်းကို ပေးပြီး သူတို့ဆီက အကြံပြုချက်တွေရလို့ ရှိရင်လည်း ကောင်းတာပေါ့။ ကျမတို့က အားလုံးနေရာမှာလည်း သွားပြီး ပေးပြီးပါပြီ။ အခုကတော့ ALP ရဲ့ မူဝါဒရေးရာစာတမ်း အနေနဲ့ပဲ ဖြစ်သွားမှာပါ။ တခြားသော တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ တခြားသော တိုင်းရင်းသားတွေ ရေးဆွဲတာနဲ့တော့ တအားကြီးကွာမှာ မဟုတ်ပါဘူး။ ပြည်သူရဲ့ ဆန္ဒနဲ့လည်း အများကြီး ကွာဟမှာ မဟုတ်ပါဘူး။

မေး။ ။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ မလုပ်သေးရင် တတိယ ပင်လုံ မလုပ်ဘူး ဆိုပြီး ဇန်နဝါရီလက ဆုံး ဖြတ်ခဲ့လို့ ခုထိကြာသွားတယ်နော်။ အခုက ဆွေးနွေးပွဲတွေ မလုပ်ရသေးဘဲ ပင်လုံညီလာခံ လုပ်မယ် ဆိုတော့ အစိုးရ သဘောကို EAOs တွေဘက်က လျော့ပေးလိုက်တဲ့ သဘောလား အခုက။

ဖြေ။ ။ အဲဒီလိုမျိုး မြင်ကြတာတွေတော့ ရှိပါတယ်။ အမှန်မှာတော့ ကျမတို့ လျှော့ပေးခဲ့တာ မရှိပါဘူး။ တခါတခါကျတော့ အစည်းအဝေးတွေမှာ နှစ်ဖက်စလုံးက တင်းမာမှုတွေ ရှိကြတယ်။ နှစ်ဖက်စလုံးက တင်းနေရင် ကြိုးဆွဲသလို ပြတ်ထွက် သွားရုံပဲ ရှိတယ်။ အဲဒီလို ပြတ်ထွက်သွားမယ့် အနေအထားတွေ ကို မရောက်စေချင်ကြတာကတော့ နှစ်ဖက်စလုံးပဲ။

တိုင်းရင်းသားတွေ ဘက်ချည်းကပဲ အလျော့ပေးတယ်ဆိုတာ မဟုတ်ပါဘူး။ အပေးအယူတော့ လုပ်ရ တာပေါ့။ တိုင်းရင်း သားတွေ ဘက်ကလည်း ပြောသင့်တာတွေ အများကြီး ပြောကြတယ်။ ဒါပေမယ့် ကျမတို့ရဲ့ ပြောသံဆိုသံ တွေက ဖန်သား ပြင်မှာ ပေါ်လို့ မရသေးတော့ ပြည်သူတွေက အားမလို အားမရ ဖြစ်တာ ရှိတယ်။ ကျမတို့ကလည်း ဖန်သားပြင်ပေါ်မှာ ပြောပြနိုင်တဲ့ အနေအထား တခုကို မြန်မြန်ရောက်စေချင် ပါတယ်။

မေး။ ။ PPST အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးမလဲ ။

ဖြေ။ ။ အခု တတိယ ပင်လုံကို လျာထားတဲ့ ရက်တွေ အကြောင်းပါမယ်။ ပြီးရင် လာမယ့် ၂၁ ရာစု ပင်လုံ – ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံမှာ ဘာတွေ ပြောမလဲ ဘာတွေ တင်သွင်းကြမလဲ ဆိုတဲ့ ခေါင်းစဉ် လျာထားချက်တွေ ဖြစ်နိုင်ပါ တယ်။

ပင်လုံရက်စွဲနဲ့ ပတ်သက်ပြီးတော့က EAOs ဘက်က အဆိုပြုဖို့ ရက်သတ်မှတ်ချက်လို့ပဲ သိထားပါ တယ်။ အစိုးရကတော့ ဇွန် ၃၀ လောက်ကို စချင်တယ်။ တအားကြီးလည်း ကြာသွားပြီဆိုတော့ ။ တဖွဲ့တည်းလည်း မဟုတ်ဘူး။ ၁၀ဖွဲ့ ညှိရတော့ အခက်အခဲတွေ ရှိတယ်။ EAOs တွေထဲမှာ ရှိနေတဲ့ လုပ်ငန်းကော်မတီတွေ ပြန်တွေ့ကြဖို့ ကလည်း အများကြီး လိုအပ်နေ ပါသေးတယ်။

တတိယ ပင်လုံမှာ ဆွေးနွေးမယ့် ခေါင်းစဉ်တွေကလည်း အတည်မပြုရသေးဘူး။ လျာထားချက်တွေပဲ ရှိသေးတယ်။ PPST အစည်းအဝေးပြီးတော့မှ တိုင်းရင်းသားတွေဘက်က ဘာတွေ ဆွေးနွေးမလဲ ဆိုတာကို တိကျတဲ့ အဖြေတွေ ထွက်လာမှာ ပါ။ အဲဒါတွေကို အစိုးရဘက်ကို အဆိုပြုချက် တွေ ပြန်ပေးရမယ်။

မေး။ ။ တတိယ ပင်လုံလုပ်ဖို့အတွက် ကြာသွားတာ ၆ လလောက် ဖြစ်သွားတယ်။ ကြားထဲမှာ ငြိမ်းချမ်းရေးကလည်း အသံတွေ တိတ်နေတော့ ခုဘယ်အခြေအနေကို ရောက်နေပြီလဲ စာဖတ်သူ တွေကို ရှင်းပြပါဦး။

ဖြေ။ ။ ဒါက အရေးကြီးပါတယ်။ ကျမ ပြောချင်တာက နှစ်ပေါင်း ၇၀ ကြာခဲ့တဲ့ အချိန်တွေကိုလည်း တခါတခါ ပြန်သတိရ ရတာပေါ့။ ကျမတို့ စတင်ကြိုးစားတာ၂၀၁၃ ခုနှစ်မှာ NCA ကို ရေးဆွဲဖို့ အတွက် ကြိုးစားခဲ့ကြတယ်။ ၂၀၁၃ ခုနှစ်ကနေ ၂၀၁၇ ခုနှစ် အထိ ၄ နှစ်စာကတော့ ကုန်သွားပြီ။ ၂၀၁၈ ကလည်း နှစ်ဝက်ကုန်သွားတော့ ၅ နှစ်အတွင်းကို ရောက်လာပြီ။ အဲဒီလို အနေအထားကို ကြာတယ်ဆိုပြီး စဉ်းစား ကြည့်ပြန်တော့ ကြာတာပေါ့။ ကျမတို့ဆိုလည်း ဒီနေ့ ပြီးလို့ ရရင် ဒီနေ့ မနက်ဖြန် ပြီးချင်တယ်။

ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပြီးလို့ ရရင် မြန်မြန် ပြီးချင်တယ်။ တိုင်းပြည်အတွင်းမှာ ကျမတို့ တိုက်ပွဲသံတွေ မကြားချင် တော့ဘူး။ သွေးထွက်သံယိုမှုတွေ ကျမတို့ မကြားချင်တော့ဘူး။ တိုင်းရင်း သားတွေရဲ့ ပိုင်ဆိုင်မှုကို ဘယ်သူကမှ လက်ဝါး ကြီးချုပ် အုပ်ချုပ်တာကို မမြင်ချင်တော့ဘူး။ အဲဒါ ကြောင့် အမြန်ဆုံး ပြီးချင်တယ်။ ပြီးမယ်ဆို နှစ်ဖက်စလုံးက လျော့ရမယ်။

တနည်းအားဖြင့် Civilian supremacy လို့ ခေါ်တဲ့ အရပ်သားအုပ်ချုပ်တဲ့ အနေအထားတခုကို ရောက်ဖို့ ဆိုရင် နှစ်ဖက် လုံးက လက်နက်တွေ မရှိတဲ့အချိန်မှ ရောက်မှာပေါ့ ။ အဲဒါတွေက တခါတည်းနဲ့ တထိုင်တည်းပြီးတဲ့ ကိစ္စ မဟုတ်ဘူး။ ရေရှည်သွားရမယ့် ကိစ္စ ဖြစ်နေတယ်။ အဲဒီအပေါ်မှာတော့ ပြည်သူတွေဘက်က နားလည်ပေးဖို့ လိုအပ်တယ်။

ပြည်သူတွေကတော့ အများအားဖြင့် ဝိုင်းထဲကို လှမ်းပြီး ကြည့်နေတဲ့ လူထုတွေ ဖြစ်တာပေါ့လေ။ သူတို့တွေကလည်း အားမလို အားမရတွေ ဖြစ်တယ်။ ဒါပေမယ့် လုပ်ရကိုင်ရတဲ့ သူတွေဘက်ကလည်း အင်မတန်မှ အခက်အခဲ ရှိပါတယ်။ အဲဒါကြောင့် ကြိုးတော့ ကြိုးစားနေကြဆဲပါပဲ ။ အရမ်းကြီးတော့ လျော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ၅ နှစ်အတွင်းမှာတော့ သူတို့ (ပြည်သူတွေ) လိုတာ အားလုံးရဖို့ အတွက် ကျမ အခိုင်အမာ မယုံကြည်ဘူး။

ဘာလို့လည်းဆိုတော့ စိတ်အပြောင်းအလဲတွေနဲ့ ဓလေ့တွေလေ။ အရိုးစွဲလာတဲ့ ဓလေ့တွေကို ဖျောက်ဖျက်ဖို့ဆိုတာ မလွယ်ကူလှတဲ့ ကိစ္စဖြစ်နေတယ်။ ဥပမာ ပြောရရင် ကျမတို့ ၁၉၉၂ခုနှစ် လောက်မှာ စပြောတဲ့ Gender ဆိုတဲ့ စကား တခွန်း၊ Gender လို့ပြောလိုက်ရင်တော့ နားမထောင်ချင်တဲ့ လူတွေ အရမ်းများတယ်။ Gender ဆိုရင် ထပြေးချင်တဲ့ လူ တွေများတယ်။ အခုတော့ အားလုံး ပြောလာကြပြီ။

နိယာမတရားကို လက်ခံဖို့ အရေးကြီးတယ်။ အရင်က ဖက်ဒရယ်ဆိုရင် ပါးစပ်ဟလို့ မရဘူး ပြည်တွင်းထဲမှာ။ ဖက်ဒရယ် ဆိုရင် အဖမ်းခံရမယ် ကြောက်ခဲ့ကြတယ်။ ၁၉၉၅ မှာ အခြေခံမူကို ကျမတို့ စပြီး စဉ်းစားလာခဲ့ကြတယ်။၂၀၀၅ ခုနှစ်မှာ ကျမတို့ တိုင်းရင်းသား ခေါင်းဆောင်တွေကြား ဖက်ဒရယ် အခြေခံမူ အားလုံးကို အတည်ပြုနိုင်ခဲ့ကြတယ်။ အဲဒီလို အနေ အထားတွေကြောင့် ကျမတို့ တဖြည်းဖြည်းချင်း သွားနေရတဲ့ ပုံစံတွေ ရှိပါတယ်။

မေး။ ။ နိုင်ငံတော် အတိုင်ပင်ခံက ဖက်ဒရယ်မူတွေကို ဒီနှစ်ပိုင်းထဲ အပြီးသတ်ချင်တယ်လို့ ပြောထားတယ်။ အခု အခြေအနေ ဘယ်လိုရှိပါသလဲ ။

ဖြေ။ ။ ဘယ်လောက်ထိ မြန်မြန်ဆန်ဆန် သွားနိုင်လဲ ဆိုတာက အကောင်းဆုံးပဲ။ ကျမတို့ကလည်း ပြီးချင်တယ်။ ပြီးချင် တယ်ဆိုတိုင်း အစိုးရ ပြောသမျှကို လိုက်ပြောနေတယ် ဆိုရင်လည်း လိုတာ မရဘဲ ဖြစ်နိုင်တယ်။ တိုင်းပြည်ကို တည် ဆောက်ဖို့ ကြိုးစားတဲ့ အခါမှာ EAOs တွေက အဓိက အင်အားစုတွေ။ တိုင်းပြည်ကို ပြောင်းလဲဖို့ အဓိက စဉ်းစားနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ ဘယ်သူမှ ငြင်းလို့ မရဘူး။

ဒီတိုင်းပြည်ကြီးက မပြောင်းလဲလို့ မရတော့ဘူး မပြောင်းလဲသမျှ တိုက်ပွဲတွေ ရှိနေမယ်။ သွေးထွက် သံယိုမှုတွေ ရှိနေမယ်။ ဒါကို တိုင်းရင်းသားတွေက အခိုင်အမာယုံကြည် ထားတယ်။ တိုက်ပွဲတွေ ရပ်ရလိမ့်မယ်။ ဖက်ဒရယ်ကို လွယ်လွယ်ပြောရ မယ်ဆို ညီညီမျှမျှ အုပ်ချုပ်ရေး စနစ်ပဲ ။ ဘယ်သူကမှ ဘယ်သူ့ကို အုပ်ချုပ်လို့ မရဘူးဆိုတဲ့ အနေအထားကိုတော့ အားလုံး က စဉ်းစားနိုင်ရင် အမြန်ဆုံး ရောက်သွားမှာပါ ။

မေး။ ။ အင်အားကြီး လက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ မြောက်ပိုင်းအဖွဲ့တွေ ပါမလာသေးတော့ ဖက်ဒရယ်မူ ရေးဖို့ ဆွေးနွေး ဖို့ အခြေအနေကရော ပြီးမြောက်ပါ့မလား။

ဖြေ။ ။ တဖြည်းဖြည်းချင်းတော့ ရအောင် ကြိုးစားရမှာပါ။ ကျမတို့မှာလည်း တာဝန်ရှိပါတယ်။ ငြိမ်းချမ်းရေး စားပွဲဝိုင်းကို ရောက်နှင့်နေပြီးသား သူတွေက မပါရသေးတဲ့ သူတွေကို ပါလာဖို့ လုပ်ဖို့ အရေးကြီးပါတယ်။ ပါလာဖို့ အရေးကြီးတယ် ဆိုတာကလည်း တကယ့်ကို နှလုံးသားထဲက စဉ်းစား ချက်တွေ ရှိပါတယ်။ အားလုံးပါဖို့ ကြိုးစားကြရမှာပါ။

အစိုးရဘက်ကလည်း သူတို့ Bilateral သွားနေတဲ့ ပုံတွေ ရှိတယ်။ တိုင်းရင်းသား ခေါင်းဆောင်ကြီး တွေ ကြားထဲမှာလည်း ပြောနေကြတာတွေ ရှိပါတယ်။ ကျမတို့ကတော့ အားလုံးနဲ့ တွေ့ဆုံဖို့ အရေးကြီးတယ် ဆိုတဲ့ မူတော့ ရှိတယ်။ အားလုံး ပါဝင်ဖို့လည်း ကျမတို့ EAOs တွေက စဉ်းစားပြီးသား ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading