ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ လစ်လပ်နေသည့် လွှတ်တော်အမတ် ၁၃ နေရာ အတွက် ပြန်လည် ရွေးချယ်ရန် ကြားဖြတ် ရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၃ ရက်တွင် ကျင်းပသွားမည် ဖြစ်သည်။ ဝင်ရောက် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများက စာရင်းတင်သွင်းခြင်းကို ဇွန်လ ၁၁ ရက် နောက်ဆုံးထား ပေးပို့ထား ကြပြီး ဖြစ်သည်။
ထိုထဲ၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အတွက် အမျိုးသား လွှတ်တော် လစ်လပ်နေရာ တနေရာ ပါဝင်ပြီး ထိုနေရာ အတွက် ယှဉ်ပြိုင်ရန် ကချင်ပါတီ ၃ ခု ပေါင်းစည်းရေး ကော်မတီ က ပြင်ဆင်လျက်ရှိသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကချင်ပြည်နယ် အတွင်း နေရာအနည်းငယ်သာ အနိုင်ရခဲ့သည့် ကချင် ပြည်နယ် ဒီမိုကရေစီ ပါတီ (KSDP)၊ ကချင် ဒီမိုကရက်တစ်ပါတီ (KDP) နှင့် ကချင် အမျိုးသားများ ဒီမိုကရေစီ ကွန်ကရက် ပါတီ (KNCD) တို့က ၃ပါတီ ပေါင်းစည်းပြီး ယှဉ်ပြိုင်ရန် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေသည်။ ထိုအခြေအနေများနှင့် ပတ်သက်၍ ကချင် ၃ ပါတီ ပေါင်းစည်းရေး အတွင်းရေးမှူးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဦးတူးရော်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့် က ဆက်သွယ် မေးမြန်းထားသည်။
မေး ။ ။ ကြားဖြတ် ရွေးကောက်ပွဲမှာ အန်ကယ်တို့ ကချင်ပါတီ ပူးပေါင်းဖို့ လုပ်ထားတဲ့ ၃ ပါတီက ၁ ပါတီချင်းစီ ဝင်ပြိုင်မှာ လား။ တယောက်တည်းပဲ ပြိုင်မှာလား ရှင်းပြပေးပါဦး။
ဖြေ ။ ။ ကျနော်တို့က ၃ ပါတီ အနေနဲ့ စုပေါင်းပြီး တယောက် ရွေးလိုက်ပါတယ်။ တယောက်ရွေးလိုက်တဲ့ အခါမှာ ကချင် ဒီမိုကရက်တစ် ပါတီ (KDP) ဥက္ကဋ္ဌ ဦးအောင်ခမ်းကို ကျနော်တို့ အားလုံး သဘောတူညီမှုနဲ့ ကြားဖြတ် ရွေးကောက်ပွဲ ယှဉ်ပြိုင်ဖို့ လုပ်ထားပြီးပါပြီ။ ကချင်ပါတီ ပေါင်းစည်းရေးကနေ သူတယောက်တည်းပဲ ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း စာရင်း တင်လိုက်ပါတယ်။ကျနော်တို့ ရွေးတုန်းက ၃ပါတီမှာ ပထမ ဦးစားပေးက ဥက္ကဋ္ဌ ၃ ယောက်ထဲကနေ တယောက်ပေါ့။ သူတို့ မယှဉ်ပြိုင်ရင် အတွင်းရေးမှူး အဖွဲ့တွေပေါ့ ။ အဲဒီ ဥက္ကဋ္ဌ အဖွဲ့ထဲမှာ KDP ဥက္ကဋ္ဌ ဦးအောင်ခမ်းက ယှဉ်ပြိုင်ဖို့ အစီအစဉ်ရှိလို့ ကျနော်တို့ ၃ ပါတီလုံးက သူ့ကိုပဲ ထောက်ခံလိုက်ကြတာပါ။
မေး ။ ။ ကြားဖြတ်ရွေးကောက်ပွဲ အမျိုးသား လွှတ်တော်နေရာကို ဘာလို့ ဝင်ပြိုင်တာလဲ။
ဖြေ ။ ။ ကျနော်တို့ ကချင်ပြည်နယ်က အဓိက စစ်ပွဲနေရာ ဖြစ်လို့ ငြိမ်းချမ်းရေးကို အဓိက ဦးတည်သွားချင်လို့ပါ။ ဒုတိယ အဆင့်က IDPs ကိစ္စ ပြန်လည် ထူထောင်ရေး၊ ပြန်လည် နေရာချထားရေးကိုလည်း ကျနော်တို့ ဦးတည် လုပ်ချင်တယ်။ နောက်တဆင့်က ပြည်တွင်း ငြိမ်းချမ်းရေး သာမက မြန်မာ တပြည်လုံး ငြိမ်းချမ်းရေး အတွက် ကျနော်တို့ လက်လှမ်းမီ သ လောက် လုပ်ဖို့ အလားအလာ ရှိပါတယ်။ ကဏ္ဍ အသီးသီးပါ။
မေး ။ ။ ပြီးခဲ့တဲ့၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတုန်းက ကချင် ပါတီတွေ နေရာ တော်တော်များများ ရှုံးထားတယ်နော်။ အခု ကြားဖြတ်မှာရော ဘယ်လို မျှော်လင့်ထားလဲ။
ဖြေ ။ ။ ၂၀၁၅ တုန်းက အပြောင်းအလဲ တခုကိုပဲ လိုချင်တဲ့ အတွက်ကြောင့် ကချင်ပြည်နယ်မှာ ရှိတဲ့ အားလုံးက NLD ကိုပဲ မဲပေးခဲ့ရတာပါ။ အခု ကြားကာလ ၂ နှစ်ကျော်အတွင်းမှာ အပြောင်းအလဲ က သိပ်မလုပ်ပေးနိုင်ဘူး။ ကျနော်တို့ ကချင် ပြည်နယ်ကိုပဲ ဆိုလိုတာပါ။ ကချင်ပြည်နယ်မှာ စစ်ပွဲပိုဆိုး လာတယ်။ သယံဇာတ ထွက်ရှိတဲ့ နေရာတွေလည်း ပိုပြီး ထိုးစစ်ဆင်မှု ဖြစ်လာတော့ ပြည်သူတွေ အတွက်လည်း အခက်အခဲတွေနဲ့ စီးပွားရေး ကျပ်တည်းမှုတွေ ရှိလာတယ်။ နောက်ပြီး ၂၀၁၅ တုန်းက ကချင်ပါတီတွေက ၇ ပါတီလောက် ဖြစ်ပြီး အရမ်းများနေတယ်။ အခုတော့ ကျနော်တို့ ၃ ပါတီ က ပြန်ပေါင်းစည်းတယ်။ ပြည်သူလူထုကလည်း ဒါကို သဘောကျတယ်။ ကျနော်တို့က အခု ကြားဖြတ် ရွေးကောက်ပွဲ ရော လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကြီးမှာရော အားလုံး မျှော်လင့်တောင့်တ ထားကြတယ်။ဒါပေမယ့် ကြားကာလမှာ တော့ ဘာတွေ ဖြစ်လာဦးမလဲ မသိသေးဘူး။ ဒီကြားဖြတ် ရွေးကောက်ပွဲမှာလည်း ကျနော်တို့ ကချင်ပါတီတွေကို ပြည်သူ လူထုကလည်း သိပြီးသား ဆိုတော့ ဝိုင်းဝန်း ကူညီကြမယ့် အလားအလာ ရှိမယ်လို့ပဲ မျှော်လင့် ပါတယ်။
မေး ။ ။ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် ဘယ်လို မျှော်လင့်ထားလဲ။ ဘာတွေ ပြင်ဆင်နေလဲ။
ဖြေ ။ ။ ကျနော်တို့က ဒီကြားထဲမှာ ဘာသာရေး ခေါင်းဆောင်တွေရော ယဉ်ကျေးမှုစတဲ့ ကဏ္ဍ အသီးသီး ဒါတွေကို ကျနော်တို့ ပါတီ ၃ ပါတီက ဥက္ကဋ္ဌ တွေ ကိုယ်တိုင် သွားတွေ့ပြီး ကြားဖြတ် ရွေးကောက်ပွဲမှာ ဘယ်သူ ယှဉ်ပြိုင်မယ်ဆိုတဲ့ အကြောင်းတွေ အမျိုးသား လွှတ်တော်မှာ ဆိုရင် ဘယ်လို ဦးဆောင်သွားလို့ ရမယ်ဆိုတဲ့ အကြောင်းတွေ ကျနော်တို့ ချပြ ပါတယ်။ ပြည်သူလူထု ထောက်ခံမှုလည်း အပြည့်အဝ ရှိမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ကျနော်တို့က ၂၀၁၅ တုန်းက ကချင်ပါတီက များသောအားဖြင့် လွှတ်တော်မှာ မရောက်ခဲ့တာ တပိုင်း၊ နောက် ကချင်ပါတီ တွေ များလာတော့ မဲတွေ ကျဆုံးခဲ့ပါတယ်။ ခုတော့ ကျနော်တို့ ပေါင်းစည်းရေး လုပ်တဲ့ အခါမှာ ပြည်သူလူထု အားလုံးက ကြိုဆို ထောက်ခံတဲ့ အပိုင်းတွေ ရှိတယ်။ ဒီတော့ ကျနော်တို့ ကချင်ပါတီက ကြားဖြတ်ရွေးကောက်ပွဲမှာ နိုင်မယ်လို့ ယုံ ကြည်တယ်။ပြီးတော့ ပြည်နယ်သူ ပြည်နယ်သားတွေ အတွက်လည်း အဆိုတင်သွင်းဖို့ ပြည်သူတွေ အတွက် အကောင်အထည်ဖော် တဲ့ အပိုင်းတွေ နောက် နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းတွေကြား မြန်မာတပြည်လုံးမှာ ရှိတဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု တွေ ကြားမှာလည်း ကျနော်တို့ တိုက်တွန်းသွားဖို့ ရှိပါတယ်။ ကျနော်တို့ အောင်မြင်မယ်လို့လည်း ယုံကြည်ပါတယ်။
မေး ။ ။ ပါတီ ၃ ခု ပေါင်းစည်းရေး ကရော ဘယ်လိုအခြေအနေရှိလဲ ။
ဖြေ ။ ။ လွန်ခဲ့တဲ့ ဧပြီလက ကျနော်တို့ ကချင်ပြည်သူ လူထုနဲ့ ပါတီ ၄ ခုက ညီလာခံ လုပ်ပါတယ်။ ပေါင်းစည်းရေး အခန်း ကဏ္ဍ အတွက် လူထုတွေ့ဆုံပွဲ လုပ်တယ်။ အဲဒီမှာ ကျနော်တို့ MOU ထိုးခဲ့ပါတယ်။ ထိုးတဲ့အခါ ပထမပိုင်းမှာ ဦးဆောင် ကော်မတီ ၁၇ ဦး ဖွဲ့စည်းတယ်။ ကျနော်တို့ ပါတီ အလံတွေ တံဆိပ်တွေကို ဘယ်လို ရွေးချယ်မလဲ ဆိုတာ အတွက် ကော်မတီ မှာ ၁၇ ဦးကို ဖွဲ့စည်းခဲ့တာ။ဒါပေမယ့် အကျိုးအကြောင်း မသိတဲ့ သူတွေ များလာတော့ နောက်ပိုင်းမှာ ၃ ပါတီ အနေနဲ့ ထပ်ပြီး လိုအပ်တဲ့ အလံ၊ တံဆိပ်တွေကို ရွေးချယ်ကြတယ်။ ကျနော်တို့လည်း အမျိုးသား အလံမှာ ပါတဲ့ အရောင်ကိုပဲ ရွေးချယ်လိုက်တယ်။ ပါတီအလံရော တံဆိပ်ရော ဒီတခုကိုပဲ ကိုင်ဖို့ အတွက် ရွေးလိုက်တယ်။ ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) အနေနဲ့ပဲ အဆိုပြုပါတယ်။ ၁၇ ဦးကော်မတီ အနေနဲ့ အဆိုပြုထားပါတယ်။ ၁၇ ဦးကော်မတီအနေနဲ့ ရပြီဆိုရင် အခန်းကဏ္ဍ အားလုံး က လက်ခံပြီဆိုရင် ကျနော်တို့က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ကို မှတ်ပုံတင်ဖို့ ရှိပါတယ်။ ကျနော်တို့ အားလုံးက KSPP ကို အားလုံး သဘောတူပြီးသား ဆိုတော့ ရွေးကောက်ပွဲ အတွက်ပဲ ဆက်လုပ်ကြဖို့ ရှိပါတယ် ။ ပါတီ ပေါင်းစည်းရေး ကော်မတီကလည်း အပတ်တိုင်း တွေ့ဆုံပြီး အစည်းအဝေး လုပ်နေပါတယ်။ ယာယီ ကော်မတီတွေ ဖွဲ့ပြီး ဥက္ကဋ္ဌ တွေ ပါဝင်တဲ့ ဦးဆောင်ကော်မတီ ၅ ဦးစီ ဖွဲ့ထားပြီ။ ဦးဆောင် ကော်မတီ ရှိတယ်။ နောက် အမျိုးသမီး အခန်း ကဏ္ဍ၊ လူငယ် အခန်းကဏ္ဍ၊ ဘဏ္ဍာ ရှာဖွေရေး၊ လူမျိုးစု နယ်မြေ ကော်မတီတွေ ကဏ္ဍအသီးသီးကို ဖွဲ့စည်းထား ပြီးပါပြီ။ ပါတီ မူဝါဒတွေ ရေးဆွဲဖို့လည်း အားလုံးလုပ်ထားပြီးပြီ။ ရေးလည်း ရေးနေပါပြီ။ ပြည်သူလူထုနဲ့ တွေ့ဆုံဖို့လည်း ကြားထဲမှာ စိပ်စိပ်လေး လုပ်နေပါတယ်။
မေး ။ ။ ရွေးကောက်ပွဲတွေမှာ ကချင်ပါတီတွေ အဓိက ယှဉ်ပြိုင်ဘက်က ဘယ်ပါတီလို့ သတ်မှတ်ထားလဲ ။
ဖြေ ။ ။ ကျနော်တို့က NLD နဲ့ USDP ကိုပဲ အဓိက ပစ်မှတ်(Target )ထား ယှဉ်ပြိုင်ဖို့ပဲ ရှိပါတယ်။ ဒါပေမယ့် USDP ကိုတော့ ကျနော်တို့ ကချင်တွေက ထောက်ခံမှု မရှိပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်ကို ကြည့်လိုက်ရင်ပဲ ပြည်ခိုင်ဖြိုးကို ထောက်ခံမှု မရှိဘူးဆိုတာ မြင်ရတယ်။ အဓိက ပိုပြီးယှဉ်ပြိုင်ရမှာကတော့ ကျနော်တို့ ကချင်ပါတီက NLD နဲ့ တကယ့် ဖိုက်ရမယ့် အခန်းကဏ္ဍရှိပါတယ်။ နှစ်ဖက် စိန်ခေါ်မှုတွေနဲ့ တကယ့် အကြိတ်အနယ် ယှဉ်ပြိုင်ရမယ့် သဘောရှိပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာလည်း NLD နဲ့ပဲ အဓိက ယှဉ်ပြိုင်ရမှာပါ။