မြန်မာနိုင်ငံ၌ ပြည်ထဲရေး ဝန်ကြီဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန (DI) လိုင်စင်ရ ယူထားသည့် အရက်ချက် စက်ရုံ ၇၂ ရုံကို Flow Meter တပ်ဆင် အသုံးပြုနိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ Flow Meter တပ်ဆင်ခြင်းဖြင့် အစိုးရက အရက်၊ ဘီယာစက်ရုံများတွင် ထုတ်လုပ်မှု ပမာဏကို မှန်ကန်စွာ သိရှိပြီး တိုင်းပြည် အခွန်ဘဏ္ဍာငွေ ကောက်ခံရရှိစေရန် အထောက်အကူဖြစ်စေနိုင်မည် ဖြစ်ကြောင်း သိရသည်။
ယင်းသို့ မီတာ တပ်ဆင်နိုင်ရေး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန လက်အောက်ရှိ ပြည်တွင်း အခွန်များ ဦးစီးဌာနှင့် မြန်မာနိုင်ငံ ယမကာ လုပ်ငန်းရှင်များ အသင်းတို့ ညိုနှိုင်းပြီး ဆောင်ရွက်လျက်ရှိသည်။
အရက်၊ ဘီယာချက်စက်ရုံ များ၌ Flow Meter တပ်ဆင်ခြင်းနှင့် ပတ်သက်၍ ပြည်တွင်း အခွန်များ ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင် ကို ဧရာဝတီ သတင်းထောက် မျိုးပပစန်း က တွေ့ဆုံ မေးမြန်းထားသည်။
မေး။ ။ အရက်၊ ဘီယာစက်ရုံများမှာ တပ်ဆင်မယ် ဆိုတဲ့ Flow Meter စနစ်အကြောင်း ရှင်းပြပေးပါရှင့်။ ဘယ်လို ပုံစံမျိုးနဲ့ လုပ်ဆောင်မလဲ။
ဖြေ။ ။ Flow Meter ဆိုသည်မှာက အရည်စီးဆင်းမှု ပမာဏကို တိုင်းတာတဲ့ ကိရိယာ တမျိုးဖြစ်ပြီး အရက်၊ ဘီယာ စက်ရုံ များမှာ ရှိတဲ့ စိမ်ရည်ကန်နှင့် အရက်သန့် (ကုန်ချော) ထွက်ရှိသည့် နေရာတွေမှာ တပ်ဆင်ထားရတာ ဖြစ်ပါတယ်။ Flow Meter များကို တပ်ဆင်ရာမှာ အခွန်ရုံးက Password (စကားဝှက်) နဲ့သာ ဖွင့်နိုင်အောင် ဆောင်ရွက်ထားပါတယ်။ ၂၀၁၅ ခုနှစ်က စပြီး ဘီယာစက်ရုံ ၅ ခုမှာ စတင် တပ်ဆင် ဆောင်ရွက်ခဲ့ ပါတယ်။
မေး။ ။ လက်ရှိ အရက်၊ ဘီယာချက် စက်ရုံများမှာ Flow Meter တပ်ဆင်မှု အခြေအနေ ဘယ်လို ရှိပါသလဲ။ စက်ရုံ ဘယ် လောက်ကို တပ်ဆင် ထားပါသလဲ။
ဖြေ။ ။ ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (DI) လိုင်စင်ရယူထားတဲ့ အရက်ချက်စက်ရုံ ၇၂ ရုံကို Flow Meter တပ်ဆင် အသုံးပြုနိုင်ရေး အတွက် မြန်မာနိုင်ငံ ယမကာ လုပ်ငန်းရှင်များအသင်းနဲ့ ညိုနှိုင်း ဆောင်ရွက်ခဲ့ပါ တယ်။ အထူး ကုန်စည်ခွန် ဆိုင်ရာ စစ်ဆေးရေးအဖွဲ့ကို ညွှန်ကြားရေးမှူး တဦးက ဦးဆောင်ဖွဲ့စည်းပြီး အရက်ချက် စက်ရုံ များကို ညွှန်ကြားချက်နဲ့ အညီ တပ်ဆင်မှု ရှိ/မရှိ စစ်ဆေး ဆောင်ရွက်လျက် ရှိပါတယ်။
အရက်ချက် လုပ်ငန်းလိုင်စင် (DI) ရယူထားသော စက်ရုံများ အနက် Flow Meter တပ်ဆင်ဆောင်ရွက်ရမယ့် အရက်ချက် စက်ရုံ ၃၇ ရုံသတ်မှတ်ထားပြီး Flow Meter ကို စနစ်တကျ သတ်မှတ်နေရာမှာ တပ်ဆင်ထားမှု ရှိ/မရှိ အခြေအနေများကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလနဲ့ မတ်လ အတွင်းက ၁ ကြိမ်စီ သွားရောက် စစ်ဆေးခဲ့ပြီး ဖြစ်ပါတယ်။
လက်ရှိ အနေအထားအရ Flow Meter တပ်ဆင်ရမယ့် အရက်ချက် စက်ရုံ ၃၇ ရုံထဲက လုပ်ငန်း လည်ပတ်လျက်ရှိတဲ့ စက်ရုံ ၃၃ ရုံကို သတ်မှတ် စံချိန်စံနှုန်းများနဲ့ အညီ တပ်ဆင်ထားပြီး ဖြစ်ပါတယ်။ ကျန်စက်ရုံ ၄ ရုံမှာလည်း မကြာခင် တပ် ဆင်သွားနိုင်မှာ ဖြစ်ပါတယ်။
မေး။ ။ ဒီ Flow Meter တပ်ဆင်လိုက်ရင် အခွန်ဘဏ္ဍာ ကောက်ခံရရှိမှုမှာ ဘယ်လိုမျိုး အကျိုးကျေးဇူး ရရှိစေပါသလဲ။
ဖြေ။ ။ Flow Meter တပ်ဆင်ခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့ အရက်၊ ဘီယာ ထုတ်လုပ်တဲ့ စက်ရုံတွေရဲ့ထုတ်လုပ်မှု ပမာဏကို မှန်ကန်စွာ သိရှိနိုင်ခြင်း၊ ယင်းပမာဏ အပေါ် ရသင့်ရထိုက်တဲ့ အခွန်ငွေကို မှန်ကန်စွာ ကောက်ခံနိုင်ခြင်းတို့ ဖြစ်ပါတယ်။ အခွန်ထမ်း ကိုယ်တိုင် အခွန်စည်းကြပ်ကောက်ခံတဲ့ စနစ် (SAS) အတွက်လည်း အထောက်အကူ ဖြစ်စေပါ တယ်။
မေး။ ။ Flow Meter တပ်ဆင်ပြီး နောက်ပိုင်း အခွန်ကောက်ခံရရှိမှုက ဘယ်လိုမျိုး ရှိပါသလဲ။ ယခင် မတပ်ဆင်က ဘယ် လို ပုံစံမျိုး အခွန်ဘဏ္ဍာ ရရှိစေခဲ့ပါသလဲ။
ဖြေ။ ။၂၀၁၅ ခုနှစ်က စပြီး ဘီယာစက်ရုံ ၅ ခုမှာ တပ်ဆင် ဆောင်ရွက်ခဲ့ပါတယ်။ ဘီယာစက်ရုံတွေကနေ အခွန်ကောက်ခံ ရရှိမှု အခြေအနေတွေကတော့ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၁၄၀ ဒသမ ၈၀၇ ဘီလီယံ ရရှိခဲ့ပါ တယ်။ အထူး ကုန်စည်ခွန်တော့ ရရှိခဲ့ခြင်း မရှိပါဘူး။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ် လုပ်ငန်းခွန် ကျပ် ၁၉ ဒသမ ၉၀၆ ဘီလီယံ နဲ့ အထူးကုန်စည်ခွန် ကျပ် ၁၄၈ ဒသမ ၅၉၉ ဘီလီယံ ရရှိခဲ့တယ်။ ၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်မှာတော့ ကုန်သွယ် လုပ်ငန်းခွန် ကျပ် ၂၈ ဒသမ ၉၅၂ ဘီလီ ယံနဲ့ အထူးကုန်စည်ခွန် ကျပ် ၁၉၆ ဒသမ ၀၆၄ ဘီလီယံ ရရှိခဲ့ပါတယ်။ ဒါတွေက ဘီယာကနေ ကောက်ခံရရှိတာတွေ ဖြစ် ပါတယ်။
နဂိုတုန်း ကတော့ အရက်တွေမှာ အခွန် အမှတ်တံဆိပ်တွေပါတယ်။ ဘီယာကျတော့ ရေခဲစိမ်တော့ အဲဒီလို ကပ်လို့မရဘူး။ ဝိုင်ပုလင်းတွေကတော့ အခုချိန်ထိ အခွန်ပြေစာ တံဆိပ်ခေါင်းနဲ့ ကောက်ခံလျက်ရှိပါတယ်။
မေး။ ။ လက်ရှိ မြန်မာနိုင်ငံမှာ အရက် အခွန်ဘဏ္ဍာငွေကရော ၁ နှစ်ကို ပျမ်းမျှ ဘယ်လောက် ရရှိပါသလဲ။ ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာနှစ်မှာလည်း အရက်ကနေ အခွန်ဘဏ္ဍာငွေ ဘယ်လောက်ရရှိထားပါသလဲ။
ဖြေ။ ။ အရက်နဲ့ ပတ်သက်ပြီး နှစ်အလိုက် ကောက်ခံရရှိမှု အခြေအနေကတော့ ပြီးခဲ့တဲ့ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာတော့ အရက်ကနေ ကုန်သွယ် လုပ်ငန်းခွန် ကျပ် ၁၈ ဒသမ ၄၇၉ ဘီလီယံနဲ့ အထူးကုန်စည်ခွန် ကျပ် ၇၅ ဒသမ ၆၃၅ ဘီလီယံ ရရှိပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာတော့ အရက်ကနေ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၂၀ ဒသမ ၀၇၂ ဘီလီယံ နဲ့ အထူးကုန်စည်ခွန်ကနေ ကျပ် ၁၁၄ ဒသမ ၃၈၃ ဘီလီယံ ကောက်ခံရရှိထားပါတယ်။
ယစ်မျိုးခွန်ကတော့ ပြည်ထဲရေး ဝန်ကြီးဌာနက ကောက်ခံတဲ့ အခွန်အမျိုးအစားဖြစ်ပါတယ်။
မေး။ ။ အရက်၊ ဘီယာတွေမှာပဲ Flow Meter တပ်ဆင်မှာလား။ တခြားကုန်ပစ္စည်းတွေမှာ တပ်ဆင်ဖို့ ရှိပါသလား။ ရှိရင် ကုန်ပစ္စည်း အမည်နဲ့ လုပ်ဆောင်မယ့် ပုံစံကို ရှင်းပြပေးပါ။
ဖြေ။ ။ လက်ရှိ အခြေအနေမှာတော့ ဘီယာစက်ရုံနဲ့ အကြီးစား အရက်ချက် စက်ရုံတွေမှာပဲ Flow Meter တပ်ဆင် ဆောင် ရွက်နိုင်ပါသေးတယ်။
မေး။ ။ Flow Meter မတပ်ဆင်တဲ့ အရက်၊ ဘီယာစက်ရုံတွေကိုလည်း ဘယ်လို အရေးယူ ဆောင်ရွက်သွားမလဲ။
ဖြေ။ ။ Flow Meter တပ်ဆင်ခြင်းနဲ့ စပ်လျဉ်းပြီး ဌာနရဲ့ သတ်မှတ်ချက်ကို လိုက်နာခြင်း မရှိပါက လိုင်စင်ပိတ်သိမ်းရန် ပြည်ထဲရေး ဝန်ကြီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနဲ့ ဆက်သွယ် ဆောင်ရွက်သွားမှာ ဖြစ်ပြီး လုပ်ငန်းရှင်တွေ အားလုံးကိုလည်း အသိပေးထားပါတယ်။
မေး။ ။ တခြားရော ဘာများ ဖြည့်စွက် ပြောကြားချင် ပါသလဲ။
ဖြေ။ ။ ဆက်လက်ပြီး အရက်ချက် စက်ရုံများရဲ့ အရက်ထုတ်လုပ်မှုကို အွန်လိုင်းကနေ ကြည့်ရှုစစ်ဆေးလို့ ရမယ့် Online Monitoring System ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး Data Logger တပ်ဆင်စေခြင်း လုပ်ငန်းကို စက်ရုံကြီး၊ စက်ရုံလတ်နှင့် စက်ရုံငယ်ဆိုပြီး အဆင့် A ၊ B နဲ့ C ခွဲခြားပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ A အဆင့် စက်ရုံကြီးများမှာတော့ ဦးစားပေး တပ်ဆင်နေပြီး Flow Meter စနစ်ကို အကောင်အထည်ဖော်နိုင်ရန် ဆောင်ရွက်လျက် ရှိပါတယ်။ ။