အကျဉ်းထောင် ၈ ခုက အကျဉ်းသား အကျဉ်းသူ၊ အချုပ်သားများ ယခုနှစ် (၂၀၁၇ – ၂၀၁၈ ခုနှစ်) တက္ကသိုလ် ဝင်တန်း စားမေးပွဲ ဝင်ရောက်ဖြေဆိုရာမှာ အောင်မြင်သူ ၄၇ ဦး ရှိပြီး အောင်ချက် ရာခိုင်နှုန်း အားဖြင့် ၄၅ ဒသမ ၁၉ ရာခိုင်နှုန်း ရှိတယ်လို့ အကျဉ်း ဦးစီးဌာနက သိရပါတယ်။
အဲဒီလို ဖြေဆိုသူ အားလုံးပေါင်း ကျား ၉၆ ဦး၊ မ ၈ ဦး စုစုပေါင်း ၁၀၄ ဦးရှိရာမှာ ကျား ၄၃ ဦး၊ မ ၄ ဦး စုစုပေါင်း ၄၇ ဦး အောင်မြင်ခဲ့ပါတယ်။
အောင်မြင်သူတွေထဲမှာမှ ၃ ဘာသာ ဂုဏ်ထူးရှင် ၅ ဦး၊ ၂ ဘာသာ ဂုဏ်ထူးရှင် ၅ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၁၈ ဦး တို့ ပါဝင်ကြောင်း သိရပါတယ်။
ယခုနှစ် ပညာသင်နှစ်မှာ အင်းစိန် အကျဉ်းထောင်တွင်းကနေ တက္ကသိုလ် ဝင်တန်း စာမေးပွဲကို ဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်ခဲ့သူ ၁၉ ဦးရှိနေပါတယ်။ ဒီအထဲကမှ လုယက်မှုနဲ့ ထောင်ဒဏ် ၆ နှစ်ချခံထားရပြီး တက္ကသိုလ်ဝင်တန်းကို ဂုဏ်ထူး ၃ ဘာသာနဲ့ အောင်မြင်ခဲ့တဲ့ မောင်ဉာဏ်လင်းမောင် ကို ဧရာဝတီ သတင်းထောက် ထွန်းထွန်း က တွေ့ဆုံ မေးမြန်း ထားပါတယ်။
မေး။ ။ ဂုဏ်ထူးရ ဘာသာတွေ ပြောပြပါဦး။
ဖြေ။ ။ ဂုဏ်ထူးရတာတွေက ရူပဗေဒရယ်၊ ဓာတုဗေဒရယ်၊ ဘောဂဗေဒရယ်ပါ၊ စုစု ပေါင်း ရမှတ် က ၄၅၈ မှတ်ပါ။
မေး။ ။ အောင်မြင်ဖို့အတွက် ထောင်ထဲမှာ ဘယ်လို ကြိုးစားခဲ့ရလဲ။
ဖြေ။ ။ အဓိက ကတော့ ဆရာတွေရဲ့ ဂရုတစိုက် သင်ကြားပေးမှု အရမ်းကို ကောင်းပါတယ်။ ကျနော်တို့ကို ဂုဏ်ထူး ပါဖို့ အထိပါ မျှော်မှန်းပြီးတော့ သင်ကြားပေးခဲ့ကြတာပါ။ သူတို့ရဲ့ လမ်းညွန်မှုနဲ့ လိုက်နာ ကြိုးစားခဲ့ပါတယ်။
မေး။ ။ ကျောင်း ဆက်တက်ဖို့ရော မျှော်လင့်ထားသလား။
ဖြေ။ ။ မျှော်မှန်းထားတာကတော့ ကျနော် ဖြစ်နိုင်ရင် အပြင်မှာ ဒီထက်မြင့်တဲ့ ပညာတွေ သင်ကြားချင်ပါတယ်။ အပြင်ဆို ရင် ကျနော့် အမှတ်နဲ့ ကိုက်ညီတဲ့ ဘွဲ့တွေ ယူချင်ပါသေးတယ်။ ဒီထက်လည်း အောင်မြင်အောင် ကြိုးစားချင်ပါသေးတယ်။ နိုင်ငံအတွက် အကျိုးမယုတ်တဲ့ သူတယောက်ဖြစ်အောင် ကြိုးစားသွားချင်တယ်။
မေး။ ။ ဒီ ထောင်တွင်းကို ဘယ်လို အကြောင်းတွေနဲ့ ရောက်လာခဲ့တာလဲ။
ဖြေ။ ။ ကျနော်က လုယက်မှုနဲ့ ပြစ်ဒဏ် ၆ နှစ်ကျခံနေရတာ ဖြစ်ပါတယ်။ အကျဉ်းသားဘဝနဲ့ နေနေရတာ ၃ နှစ်နဲ့ ၇ လ ရှိနေပါပြီ။ ရန်ကုန်မြို့ ရန်ကင်းကပါ။ အပြင်မှာ ဖြစ်ခဲ့တာတွေကိုတော့ ပြန်မပြောပြချင်တော့ဘူး။
မေး။ ။ အရင်နှစ်က ဂုဏ်ထူးရ အကျဉ်းသားတွေကို သမ္မတက လွတ်ငြိမ်းခွင့် ပေးထားတော့ ဒီနှစ်ကော ညီလေးအနေနဲ့ မျှော်လင့်ထားသလား။
ဖြေ။ ။ ကျနော်ကတော့ သမ္မတကြီးရဲ့ လွတ်ငြိမ်းချမ်းသာပေးတာကို မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ကြိုးစား နေကြပါပြီ။ ဒီအထဲမှာ ထက်စာရင် အပြင်မှာက ဒီထက် အဆင့်မြင်တဲ့ ပညာတွေကို သင်ယူနိုင်မှာပါ။ ကျနော်တို့ ကိုလည်း ပေးစေချင်ပါတယ်။ အပြင်မှာ သင်ကြားခွင့် မရခဲ့ရင်လည်း ဒီကနေပဲ အဝေးသင်နဲ့ ကျောင်းဆက်တက်သွားမှာပါ။
မေး။ ။ အပြင်မှာဖြစ်ခဲ့တာတွေ အတွက် နောင်တရမိလား။
ဖြေ။ ။ ကျနော် အပြင်မှာတုန်းက ဖြစ်ခဲ့တာတွေ အတွက် နောင်တရမိပါတယ်။ အဲဒီ နောင်တရတဲ့ စိတ်နဲ့ပဲ အခုလိုကြိုးစား ခဲ့တာပါ။ ကျနော့် အမှားတွေ အတွက် ပြင်ဆင်နေပါတယ်။ အဓိကကတော့ အရှုံးတွေထဲက အမြတ်တခုပေါ့။ အဲဒီအတွက် ကျနော်ကြိုးစားခဲ့တာပါ။
မေး။ ။ ဒီအောင်မြင်မှု အတွက် ဘာပြောချင်သလဲ။
ဖြေ။ ။ ဒီ အောင်မြင်မှုက သေရာပါပါပဲ။ ကျနော့် ဘဝမှာလည်း အောင်မြင်မှုဆိုတာ ဒါက ပထမဆုံး အောင်မြင်မှုပါပဲ။ ဆယ် တန်းအောင်တယ် ဆိုတာ သိရပြီး ဂုဏ်ထူးဘာသာပါတယ်ဆိုတာ သိရတဲ့အချိန်မှာ ကျနော်ပျော်လွန်းလို့ မျက်ရည်တောင် ကျမိတယ်။ လုံးဝကို မေ့လို့မရတဲ့ အမှတ်တရပါပဲ။
မေး။ ။ အပြင်မှာတုန်းကရော ဆယ်တန်း ဖြေခဲ့သေးလား။
ဖြေ။ ။ အပြင်မှာတုန်းက ကျနော်၂၀၁၁-၁၂ ခုနှစ်မှာ ဆယ်တန်းကို စဖြေခဲ့ပါသေးတယ်၊ အဲဒီတုန်းက ကျခဲ့တယ်။ ဒီအထဲ ကို ရောက်လာတော့ ကျနော်တို့လို ဘဝတူ လူငယ်တွေ ကျောင်း ဆက်တက်ခွင့်ရတယ်။ ပညာရေး တပိုင်းတစဖြစ်ခဲ့တဲ့ ကျနော် တို့အတွက် ကျောင်းတက်ခွင့်ရှိတာ သိရလို့ တာဝန်ရှိသူတွေထံ ခွင့်တောင်းပြီး ကျောင်း ဆက်တက်ခဲ့တာပါ။ ပြီးခဲ့ တဲ့နှစ်မှာ ကျနော်ပြန်ဖြေခဲ့ပြီး ဂုဏ်ထူးနဲ့အောင်ခဲ့တာပါ။
မေး။ ။ ဘာများ ဖြည့်စွက် ပြောချင်သေးလဲ။
ဖြေ။ ။ ကျနော်တို့လို လူငယ်တွေကို ကြိုးစားကြပါလို့ ပြောချင်ပါတယ်။ ကျနော်တို့ အတွက်ကတော့ အရှုံးထဲက အမြတ် ပါပဲ။ ထောင်ကျခဲ့တာက ကျနော်တို့အတွက် အမည်းစက်ကြီး တခုပါပဲ။ အခုတော့ ဘာပဲဖြစ်ဖြစ် အပြင် ပြန်ရောက် သွားတဲ့ အခါမှာ အောင်မြင်မှုလေး တခုနဲ့ ပြန်လာနိုင်ခဲ့တာပေါ့။ ။