ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ တင်သွင်းခဲ့သည့် ၂ဝ၁၈-၂ဝ၁၉ ခုနှစ် ရသုံး ခန့်မှန်းခြေ ငွေစာရင်း (လျာထားချက်)တွင် ဝန်ကြီးများ အတွက် Ford ကား ဝယ်ယူမည့် ကိစ္စနှင့် စည်ပင်ဘဏ်တွင် နိုင်ငံခြားဘဏ် လုပ်ငန်းလုပ်ကိုင်ရန် ရင်းနှီမြှုပ်နှံမည့် ငွေကျပ်သန်း ၆၈၀၀ ကိုလည်း အဆိုပြု လျာထား စာရင်းမှ ထုတ်ပယ်သည့် ကိစ္စ အပေါ် တိုင်းအစိုးရဘက် ကလည်း အလျော့မပေးခဲ့ပါ။
ယင်းသု့ိ ဒုတိယအကြိမ် လွှတ်တော် ဆဋ္ဌမ ပုံမှန်အစည်းအဝေး၌ ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် လွှတ်တော်တို့ အကြား ပွတ်တိုက်မှုများ များပြားလာခြင်းကို ပြည်သူလူထုက စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိရာ အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဇေယျ အား ဧရာဝတီ သတင်း ထောက် သဇင်လှိုင် က တွေ့ဆုံမေးမြန်းထားသည်။
မေး ။ ။ တိုင်းအစိုးရက အစိုးရသက်တမ်း တဝက်မှာ နှစ်ရှည် စီမံကိန်း တော်တော်များများ လွှတ်တော်ကို တင်သွင်းတာ တွေ့ရပါတယ်။ ဘာကြောင့် အဲဒီလောက် များပြားတဲ့ စီမံကိန်းတွေကို တိုင်းအစိုးရက အကောင် အထည်ဖော်ချင်နေ တယ်လို့ ယူဆပါသလဲ။
ဖြေ ။ ။ ကျနော်တို့ မျှော်မှန်းတာက ရန်ကုန်မြို့သစ်စီမံကိန်းပေါ့ လူတွေကလည်း စိတ်ဝင်စားတယ်။ ရန်ကုန်မြို့သစ် စီမံကိန်းကို ရန်ကုန်တိုင်းအစိုးရက ဘယ်တော့တင်မလဲ လွှတ်တော်ကိုယ်စားလှယ်တွေက ဘယ်တော့ ဆွေးနွေးရမလဲ ဆိုတာကို အန်ကယ်တို့က မျှော်လင့်ကြတယ်။ အခုဆဋ္ဌမပုံမှန်အစည်းအဝေးမှာ ဆွေးနွေးခွင့်ရတယ်။ ဆွေးနွေးခွင့် လည်းရရော အန်ကယ်အမြင်နဲ့ ပြောရရင် တိုင်းအစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကို ရွဲ့ပြီးတော့ စီမံကိန်း တွေ တောက်လျှောက် တင်နေသလားလို့ ထင်ရတယ်။
ပြည်တွင်း၊ ပြည်ပရင်းနှီးမြုပ်နှံမှုနဲ့ လုပ်မယ့် စီမံကိန်းတွေ ပါတယ် နောက်စိုက်ပျိုးရေး ဖွံ့ဖြိုးမှု စီမံကိန်းတွေ ပါတယ်။ ရေနက် ဆိပ်ကမ်းတွေ ပါတယ်။ နောက်မြို့ပြဖွံ့ဖြိုးမှု စီမံကိန်း ၄၊ ၅ ခုကို ဆက်တိုက်ကို ဆွေးနွေးရတာပေါ့နော်။ စီမံကိန်း တွေ တင်သော်လည်း စီမံကိန်းများက လွှတ်တော် ကိုယ်စားလှယ်များ အနေနဲ့ လက်ခံနိုင်ဖွယ်ရာ မရှိဘူး ပြည့်ပြည့်စုံစုံ မရှိတဲ့ အတွက် အသေးစိတ်ပြန်လည် တင်ပြဖို့ မှတ်တမ်း သဘောမျိုး ဝင်သွားတဲ့ အနေအထားတွေ ရှိပါတယ်။
မေး ။ ။ စီမံကိန်းတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ လက်ခံနိုင်ဖွယ်ရာ မရှိဘူးဆိုတာက ဘယ်လိုအချက် တွေကြောင့်လဲ။
ဖြေ ။ ။ သက်တမ်းက ထက်ဝက် ကျိုးသွားပြီဆိုတော့ တင်ပြလာတဲ့စီမံကိန်းများက ရေရှည်စီမံကိန်းတွေ များနေတယ်။ ရေတိုမပါဘူး။ အန်ကယ်တို့ ဖြစ်စေချင်တာ ကိုယ်တာဝန်ယူရတဲ့ အချိန်လေးအတွင်းမှာ သိသာထင်ရှားတဲ့ ရေတိုစီမံကိန်း မျိုးပေါ့ ပြည်သူလူထုကလည်း လက်ခံမယ် ဖြစ်ဖြစ်မြောက်မြောက်နဲ့ ဒီအစိုးရသက်တမ်း မတိုင်ခင် ပြီးစေချင်တာ။ အဲဒီလို အကောင်အထည်ဖော်မယ့် ရေတိုစီမံကိန်းမျိုးကိုပဲ လိုလားတယ်။ လိုချင်တာက ထင်သာမြင်သာတဲ့ ရေတိုစီမံကိန်းကို လိုချင်တယ် တိုင်းအစိုးရအဖွဲ့က ရေရှည် Long time plan တွေကိုပဲ တင်နေတယ်။ အဲဒါ လွဲနေတယ်လို့ ပြောချင်တယ်။
မေး ။ ။ လွှတ်တော်မှာ တင်လာတဲ့ တိုင်းဒေသကြီးအစိုးရ စီမံကိန်းတွေရဲ့ အဓိကအားနည်းချက်က ဘာတွေဖြစ်မလဲရှင့်။
ဖြေ ။ ။ စီမံကိန်းတွေ တင်တဲ့အခါမှာ ဘယ်စီမံကိန်းဖြစ်ဖြစ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က အများပိုင်ကုမ္ပဏီနဲ့ လုပ်မယ်။ အထူးကုမ္ပဏီအက်နဲ့ ဖွဲ့ပြီး လုပ်မယ့် ကုမ္ပဏီတွေနဲ့ လုပ်မှာ နောက်တခါ သူတို့ပြောတဲ့ အားလုံးပါဝင်တဲ့PPP စနစ်နဲ့ လုပ်မယ် ဆိုတာက နားထောင်လို့တော့ ကောင်းတယ်။ ဒီ PPP စနစ်ကို အကောင်အထည်ဖော်တဲ့ နေရာမှာ ဘယ်လိုမူဝါဒ နဲ့ အကောင် အထည်ဖော်မှာလဲ ဒါလေးတွေက အသေးစိတ်လုပ်သင့်တာ။
အများပိုင်ကုမ္ပဏီဖွဲ့ရင် အထူးကုမ္ပဏီ အက်အရ နိုင်ငံတော်သမ္မတရဲ့ အမိန့်ကြေညာစာ ထွက်ကိုထွက်ပေးရမယ်။ အဲဒီ အမိန့် ကြေညာစာ ထွက်ပြီလားလို့ မေးတော့ အစိုးရ က မဖြေဘူးလေ။ အဲဒါတွေ မပြောနိုင်ဘူး တကယ့် ဥပဒေ မူဝါဒ တိတိကျကျ မရှိဘဲနဲ့ ကုမ္ပဏီတွေ ဖွဲ့တယ်။
မေး ။ ။ YBS ကို နမူနာယူပြီး တိုင်းအစိုးရဟာ သူတို့ ပြောသလောက် အကောင်အထည်ဖော် နိုင်စွမ်း မရှိဘူးလို့ ပြည်သူ အချို့ကတော့ ယူဆကြတယ်။ လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ အမြင်ကရော ဘယ်လို ရှိသလဲ။
ဖြေ ။ ။ အိပ်မက်လှလှမက်တယ်ဆိုတာ အဲဒါပဲ။ YBS ပြောင်းတဲ့ အခါမှာ ဝန်ကြီးချုပ်ကြီး ကိုယ်တိုင်ပြောတယ်။ YBS စနစ် ဟာ တနှစ်ပေါ့။ ဒေါ်နီလာကျော်လည်း ပြောသွားပါတယ် စောင့်ကြည့်ပါ တနှစ်ပြည့်ရင် သူရဲ့ရည်မှန်းချက် အိပ်မက်က ဝန်ကြီးချုပ် အိပ်မက်တာနော်။ ဘယ်လိုအိပ်မက်မျိုးလည်းဆိုတော့ YBS ရဲ့ ဝန်ဆောင်မှု ကောင်းမွန်မှု၊ အချိန်မှန် တိကျမှု တို့ကြောင့် ရန်ကုန်မြို့ပေါ်မှာရှိတဲ့ ကိုယ်ပိုင်ကား ပိုင်ဆိုင်တဲ့ သူဌေးများ မိမိကားကို အိမ်မှာ ထားပြီးတော့ YBS ကို စီးပါ လိမ့်မယ်။ ဒီအနေအထားဖြစ်ရင် သိပ်ကောင်းတယ် သိပ်ကြိုက်တယ်။
ဒီနေ့ ဒီအနေအထားဖြစ်ပြီလား ၁ နှစ်ခွဲရှိနေပြီ။ ဒါ အိပ်မက်မက်ခဲ့တာလေ။ YBS အောင်မြင်လားလို့ မေးရင် မဖြေဘူး။ တချက်ကြည့်ပါ ရုံးဆင်းရုံးတက်ချိန်မှာ ကားတွေချောင်နေပြီလား ကြားကား ပျောက်သွားပြီလား။ အဲဒီ ၂ ချက်ကိုပဲ ကြည့်လိုက်။ နောက် ငွေပေးနေရတာတွေ အဆင်ပြေသလား။ အကြွေ ရှားတယ်လေ ကတ်စနစ်က မသုံးနိုင်သေးဘူး။ အခက်အခဲ ရှိနေတုန်းပဲ။ YBS ကိုကြည့်ရမှာပဲလေ ဘာကြောင့်လဲဆိုတော့ YBS က ရန်ကုန် အစိုးရက ရဲရဲတင်းတင်း အကောင်အထည်ဖော်ခဲ့တဲ့ ဟာပါ။ ဒါက အောင်မြင်သလား ဆိုတော့ အောင်မြင်မှုနှေးတယ်။ ဘာလို့နှေးသလဲ ဆိုရင် စီမံမှု အစကတည်းက မကောင်းခဲ့ဘူး။
မေး ။ ။ အစိုးရတရပ်အနေနဲ့ ဘာမှမလုပ်ဘဲ ရပ်နေတာမျိုးကလည်း ရှေ့ရောက်မှာ မဟုတ်ပါဘူး။ အဲဒီတော့ လွှတ်တော် ကိုယ်စားလှယ် တယောက် အနေနဲ့ တိုင်းအစိုးရက ဘာတွေကို ဦးစားပေး လုပ်သင့်တယ်လို့ ထင်ပါသလဲ။
ဖြေ ။ ။ ၂ နှစ်ကျော်သွားပြီ လွဲနေတယ်။ ရှေ့နှစ်နှစ်ခွဲမှာ လွဲနေတာကို ၂ ဆမှန်အောင် လုပ်ရမယ်။ ထင်သာမြင်သာတဲ့ စီမံကိန်း တခုလုပ်ပြပါ။ အစကတည်းက ရန်ကုန်တိုင်းဒေကြီး အစိုးရအဖွဲ့က ကြိုးစားခဲ့တာ တခုရှိတယ်။ အန်ကယ်တို့ ရွေးကောက်ပွဲ ကြေညာစာတမ်းမှာလည်း ပါပြီးသား။ စီးပွားရေး အခြေအနေကြောင့် ဖြစ်စေ ရာသီဥတုကြောင့်ဖြစ်စေ အိုးမဲ့ အိမ်မဲ့ ဖြစ်နေသော ပြည်သူများကို လူ့အခွင့်အရေးနဲ့ လျော်ညီစွာ နေထိုင်နိုင်အောင် စီမံခန့်ခွဲပါ့မယ်ဆိုပြီးတော့ မဲစည်းရုံး ခဲ့တယ်။
အဲဒါကို အကောင်အထည်ဖော်နိုင်ဖို့ အတွက် ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ကျူးကျော်တွေ စာရင်းကောက်တယ်။ တဲပေါ်က နေတိုက်ပေါ် တင်နိုင်အောင် ရည်ရွယ်ချက်နဲ့။ အဲဒီကိစ္စတွေကို ခဏခဏ မေးတယ်။ ယခင် နယ်လုံဝန်ကြီး ဖြေသွားတယ်။ ကျူးကျော်တွေ အတွက် တိုက်ခန်းပေါင်း ၂ ထောင်ကျော် ပြီးသွားပါပြီတဲ့။ ၂ ထောင် ပြီးသွားရင် မိသားစု ၂ ထောင် တင်လို့ ရပြီလို့ သတ်မှတ်ရမှာပေါ့။ ဒီနေ့ထိ ကျူး ကျော် မိသားစု တစုမှ တိုက်ပေါ်တင်တယ် လို့ မကြားမိသေးဘူး။
သို့သော် ဒီနေ့ စာရင်းကောက်ထားတဲ့ ကျူးကျော်တွေ ဘယ်နှယောက်များ တိုက်ပေါ်တင်နိုင်ပြီလဲ ဘယ်နှယောက်များ နေ ထိုင်စရာ ပေးနိုင်ပြီလဲ။ စမတ်ကတ်တွေ ထုတ်ပေးထားတယ် ဒီနေ့ မျှော်တလင့်လင့်နဲ့ ဖြစ်နေတယ်။ ကျူးကျော်တွေ နေရာ ပေးဖို့ ကိစ္စကိုပဲ အောင်မြင်အောင် အကောင်အထည် ဖော်ပြလိုက်စမ်းပါ နောက်ကျန်တဲ့ နှစ်နှစ်ခွဲအတွင်းမှာ ရန်ကုန်တိုင်း အစိုးရကို ပြည်သူတွေ သဘောကျသွားလိမ့်မယ်။ ကျူးကျော်တွေ လမ်းဘေးက ရှင်းသွားလိမ့်မယ်။ ကျူးကျော်တွေ ရှင်း သွားရင် စက်မှုဇုန်တွေမှာလည်း တော်တော်လေး ဒုက္ခရောက်နေတာတွေ အဆင်ပြေသွားလိမ့်မယ်။ ဒီဟာမျိုးကို လုပ်စေ ချင်တယ်။
မေး ။ ။ ဒီလိုဆို ရန်ကုန်တိုင်းအစိုးရက စီမံခန့်ခွဲမှု အားမကောင်းတာ လို့ ယူဆနိုင်မလားရှင့်။
ဖြေ ။ ။ စီမံခန့်ခွဲမှု အားကောင်းနိုင်အောင် ဥပဒေ လိုမယ်။ လက်တွေ့လုပ်ရတဲ့သူက အများကြီး အခက်အခဲရှိပါတယ်။ ဒီဟာတွေကို ပါးစပ်ကပြောတော့ လွယ်တာပေါ့ တကယ် အကောင်အထည်ဖော်တာက ခက်ပါတယ်။ သို့သော်လည်းပဲ ဥပဒေနည်းလမ်းနဲ့ စနစ်တကျနဲ့ တဆင့်ပြီးတဆင့်ပေါ့။ စီမံတာ တွေကို ကြည့်လိုက်တာနဲ့ မြင်သာပါတယ်။
အခုစက်မှုဇုန်တွေ ၁၁ မြို့နယ် မှာလုပ်မယ်။ တပြိုင်နက်လုပ်တာ မဖြစ်ဘူး လား။ တခုပြီးမှတခု လုပ်ပါလား။ တကယ်တမ်း စီးပွားဖြစ်တယ်ဆိုရင် ပြင်ပ ရင်းနှီးမြှုပ်နှံမှုက လာမှာဘဲ။ အခုကျတော့ လက်ရှိ အနေ အထားကို စိတ်ပျက်ပြီး ဖြစ်နေတာ။ ရန်ကုန်တိုင်းက စီမံမှုတွေလိုသေးတယ် လက်တန်းစီမံချက်တွေ ဖြစ်နေတယ်။
မေး ။ ။ ဒါဆိုရင် တကယ်တမ်း လက်ရှိဖြစ်နေတဲ့ အခြေအနေကဘာတွေလဲရှင့်။
ဖြေ ။ ။ အန်ကယ်တို့ကို ဆွေးနွေးခွင့်ပေးလိုက်တဲ့ မြို့ပြဖွံ့ဖြိုးမှု အခြေခံအချက်အလက်များနဲ့ သက်ဆိုင်တဲ့ ဒီဟာက ယခင်အစိုးရ လက်ထက်ကတည်းက ပြုစုထားတဲ့ဟာ ဒါတွေက ယခင်ကတည်းက ငွေကြေးအကုန်အကျခံ အချိန်ကုန် အကျ ခံပြီးတော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းဌာနက လုပ်ထားတာ အဲဒါကို အကောင် အထည်ဖော်တဲ့ အခါကျတော့ ဘယ်လိုလုပ်နေသလဲ ယခင်အစိုးရတုန်းက မြို့သစ်တွေ ဖော်သွားတယ်။ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်တွေ ဖော်သွားတယ်။ အခြေခံလိုအပ်ချက်တွေ မပြည့်စုံဘူး ရေတွေ မီးတွေ မပြည့်စုံဘူး ဒီနေ့ထိ အိမ်တွေ မဆောက်နိုင်သေးဘူး။ မြေကွက်တွေ ချပေးထားတယ် ဒီမြို့တွေက စိုက်ပျိုးမြေတွေ စိုက်ပျိုးလို့လည်း မရ မြို့ပြ မြေ ဖြစ်နေတယ်။ ဒါတွေကို ဘယ်လိုလုပ်မလဲ။
ယခင်အစိုးရလက်ထက် က အားနည်းချက်တွေကို ငါတို့ ပြည့်စုံအောင် လုပ်ပေးမယ် ရွှေပြည်သာ လှိုင်သာယာ မပြည့်စုံ သေးဘူး ရွှေပြည်သာ လှိုင်သာယာလို နေရာမျိုးတောင် လျှပ်စစ်မီးမရသေးသော ကျေးရွာနှင့် ရပ်ကွက် များရှိပါသေးတယ် ဒါကို စည်ပင်ပြင်ပ မြို့နယ် တွေမှာ စက်မှုဇုန်ဆောက်မှာ ဆိုတော့ ဘယ်မှာလဲ လျှပ်စစ်။ အဲဒါလေးတွေက ယခင်အားနည်း ချက်တွေကိုသာ ပြည့်စုံအောင်လုပ်ပေးလိုက်ပါ ယခင်လမ်းတွေ မကောင်းဘူး အခုလည်း လုပ်တော့ လုပ်နေပါတယ်။ အဲဒီစီမံကိန်းကြီး တွေကို For show လုပ်ပြနေစရာ မလိုပါဘူး ပြည်သူလူထုတွေက သိတယ်။ သူတို့ ဘာတွေလိုအပ်သလဲ အစိုးရက ဘာတွေပေးနေသလဲ သိတယ်။
မေး ။ ။ အစိုးရနဲ့ လွှတ်တော်ကြား ပွတ်တိုက်မှုလေးတွေ တော်တော်များများ တွေ့လာရပါတယ်။ ဒါဟာ မကောင်းတဲ့ လက္ခဏာလား ကောင်းတဲ့ လက္ခဏာလား။ ဘယ်လို ယူဆပါသလဲရှင့်။
ဖြေ ။ ။ အန်ကယ်အမြင်နဲ့ ပြောရရင်တော့ လွှတ်တော်နဲ့ အစိုးရ၊ အစိုးရနဲ့ လွှတ်တော် အုပ်ချုပ်ရေးပိုင်းနဲ့ ဥပဒေပြုရေး အပိုင်း အပြန်အလှန်ထိန်းသိမ်း ကြပ်မတ်ရမယ် အစိုးရက ထိန်းသိမ်းကြပ်မတ်စရာ မလိုအောင် ပြီးပြည့်စုံသလောက် ၈၀ ရာခိုင်နှုန်းလောက်ဖြစ်ရင် လွှတ်တော်က ဘာမှပြောစရာမလိုဘူး။ ဒါပေမယ့် ထိန်းကျောင်းဖို့ လိုတယ်ဆိုရင်တော့ ပြောရ မယ်။ ထိန်းကျောင်းဖို့ လိုတဲ့အတွက်လည်း လွှတ်တော်ကပြောရတာ။
ဒီလိုအစိုးရက ထိန်းကျောင်းဖို့ လိုလာတဲ့ အခါမှာ တော့ လွှတ်တော်က ရဲရဲဝံ့ဝံ့ ထိန်းကျောင်းပြီး ထောက်ပြတာတော့ ကောင်းတာပေါ့။ ပြည်သူလူထုကလည်း များသော အားဖြင့် လက်ခံပါတယ်။
မေး ။ ။ ရန်ကုန်တိုင်း အစိုးရအနေနဲ့ စီးပွားရေး လုပ်ငန်းတွေ လုပ်နေတဲ့အပေါ် လွှတ်တော် ကိုယ်စားလှယ်တဦး အနေနဲ့ ဘယ်လိုမြင်ပါလဲ။
ဖြေ ။ ။ အစိုးရက စီးပွားရေး လုပ်တဲ့လုပ်ငန်းတွေမှာ အများပိုင် ကုမ္ပဏီတွေ ဖွဲ့တယ်။ ဒါမျိုးက တခြားတိုင်းနဲ့ ပြည်နယ် ၁၃ ခုမှာ ဒါမျိုး ကုမ္ပဏီတွေ မရှိဘူး။ လေ့လာပြီးပြီ။ ရန်ကုန်တိုင်းပဲ လုပ်နေတယ်။ စီးပွားရေး လုပ်သင့်သလား အန်ကယ်တို့ ပြန် မေးရမယ်။ အခု စည်ပင်မှာလည်းပဲ စီးပွားရေး လုပ်ငန်းတွေလုပ်ဖို့ သူတို့ ဥပဒေထဲမှာ ထည့်ထားတယ်။ အဲဒါတွေ ဆွေးနွေး မယ်။ အန်ကယ်အမြင်ကတော့ ကန့်ကွက်မှာပဲ။ အစိုးရက စီးပွားရေးလုပ်ငန်း မလုပ်ရ။ စည်ပင် ဆိုတာ ဝန်ဆောင်မှု လုပ်ငန်းလုပ်ရတယ်။ စည်ပင်က စီးပွားရေး တရားဝင် မလုပ်ဘဲနဲ့ တောင် အခက်အခဲတွေ့နေတာလေ။
အခက်အခဲက ဘာလဲဆိုရင် နှစ်တိုင်း နှစ်တိုင်း စည်ပင်ရဲ့ သုံးငွေက ရငွေကို မမှီဘူး။ ပြည်ထောင်စုက စိုက်ပြီးပေးနေရတာ အမှန်တော့ သူရငွေနဲ့သူ ရပ်တည်နိုင်သင့်တယ်။ သူတို့ အကြောင်းပြတာလည်း အဲဒါပဲ သူတို့ရငွေ တိုးတက်လာအောင် စီးပွားရေး လုပ်ငန်းတွေ လုပ်ပြမယ်ဆိုပြီး တာစူတာ အန်ကယ်တို့တော့ သိပ်မထင်ဘူး။ စီးပွားရေး လုပ်ငန်းတွေကို ခွင့်မပြု ချင်ဘူး။ ဥပဒေထဲမှာလည်း မရှိသင့်ဘူး။ ရန်ကုန်တိုင်း အစိုးရအဖွဲ့က စီးပွားရေး လုပ်နေတာတွေကလည်း ဒီအတိုင်းပါပဲ။
သို့သော်၂၀၀၈ ဥပဒေအရ စီးပွားရေး လုပ်လို့မရဘူးလားဆိုပြီး မေးတော့လည်း ရတယ်။ ပုဒ်မ ၁၈၈ ဇယား ၂ အရ စီးပွား ရေး လုပ်ငန်းတွေ လုပ်ကိုင်နိုင်တယ်။ လုပ်ကိုင်နိုင်တယ် ဆိုတာကလည်း ဥပဒေမဲ့ မဟုတ်ဘူး။ ဆွေးနွေးရဦးမှာ ဘာလုပ် ငန်း လုပ်ချင်တယ် ဥပမာ အများပိုင် ကုမ္ပဏီဖွဲ့တယ် ဒါရိုက်တာ အဖွဲ့ဝင်တွေက ဘယ်သူတွေပါတယ်။ အစိုးရဘက်က ဘယ်သူ၊ ရှယ်ယာတွေကို ဘယ်လောက်နဲ့ ရောင်းမယ် အဲဒါတွေက ဥပဒေတွေလိုတယ်။
အဲဒီလို ဥပဒေတွေ မရှိဘဲနဲ့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က လုပ်ဖို့ တာစူနေတာ။အဲဒီ ဥပဒေတွေ လုပ်ဖို့ အစိုးရက လွှတ်တော်ကို တင်ကို တင်ပြရမှာ။ သို့သော် အဲဒီ အများပိုင် ကုမ္ပဏီတွေက ဖွဲ့ပြီးသွားပြီ။ ဒါရိုက်တာ အဖွဲ့ဝင်က လုပ် ငန်းရှင်တောင် ပါနေတယ်။ ဒါတွေက အများကြီး ပြောစရာ ဖြစ်လာမယ်။
၂၀၂၀ မှာ အန်ကယ်တို့ ဆက်ပြီး တာဝန်ယူချင်ယူရမယ်။ သို့သော် အန်ကယ်တို့က ကိုယ်တာဝန်ယူတဲ့ ကာလမှာ ပိုင်ပိုင် နိုင်နိုင်နဲ့ လုပ်ပြပြီးတော့ နောက်လာမယ့် အစိုးရကို အခက်အခဲ မဖြစ်စေချင်ဘူး။ ကိုယ်ကတော့ အခက်အခဲနဲ့ လွှဲပြောင်းပြီး ယူခဲ့ရတယ်။ ကိုယ်က လွှဲမယ့်သူကိုလည်း အခက်အခဲ မရှိစေချင်ဘူး။ ကိုယ်ဆက်လက် တာဝန်ထမ်း ဆောင်မယ် ဆိုရင် လည်း အဆင်ပြေနေရမယ်။
ဒါလေးတွေက ထောက်ပြစရာတွေ အများကြီးဖြစ်သွားတယ်။ ထပ်လည်း ဆွေးနွေးနေတယ်။ နောက် ၂ နှစ်ကိုတော့ ရန်ကုန်တိုင်းအစိုးရနဲ့ လွှတ်တော်က အမှန်ဖက်ရောက်အောင် တော်တော်လေး ရုန်းကန်ရမယ့် အနေအထားရှိပါတယ်။
မေး ။ ။ အရင် စစ်အစိုးရလက်ထက်တုန်းက တပ်မတော်က စီးပွားရေးလုပ်ငန်းတွေမှာ ဝင်လုပ်တာ တွေရှိခဲ့တယ်။ အခု အစိုးရကလည်း စီးပွားရေး လုပ်ငန်းတွေ လုပ်လာတဲ့အပေါ်မှာ ပြည်သူတွေက ဝေဖန်ပြောဆိုမှုတွေ ရှိနေတယ်။ အဲဒီအပေါ် အန်ကယ့် အမြင် သဘောထား ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ တပ်မတော်က လုပ်တာကျတော့ တပ်မတော်သားတွေ အနေနဲ့ ရှယ်ယာပါတယ်။ သို့သော်လည်းပဲ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့လုပ်နေတာကတော့ တဦးချင်းရှယ်ယာနဲ့ ထုတ်ပြီးတော့ မရောင်းနိုင်သေးဘူး။ အဲဒီတော့ စီးပွားရေး လုပ်ငန်းတွေ လုပ်တော့ ပြည်သူတွေက စောင့်ကြည့်နေတယ် မနှစ်မြို့တာတွေ များနေတယ်ပေါ့။ ဒီလို စီးပွားရေး လုပ်ငန်း တွေ လုပ်ဖို့ တာစူနေတာကို အန်ကယ်တို့ အခုစပြီး ပိတ်ပြီလေ။
ဥပမာ- NYDC (ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီ) အတွက် ရန်ကုန်တိုင်းဝန်ကြီးချုပ်က ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ် ဆိုပြီးတော့ပြောထားတယ်။ အဲဒီ ၁၀ ဘီလီယံကို ဘယ်က ပိုက်ဆံနဲ့ လုပ်မှာလဲ။ ဘယ်မှာလဲ ခွင့်ပြုချက် ဘယ်သူက ခွင့်ပြု မှာလဲ မေးစရာတွေ အများကြီး ရှိလာတယ်။ အန်ကယ်တို့ အဲဒါတော့ ကာကွယ်သွားမှာပါ။ စီးပွားရေး လုပ်ငန်း လုပ်မယ် ဆိုလည်း ဥပဒေ အရသာ လုပ်ပိုင်ခွင့်ရှိတယ်။ ဥပဒေဘောင်ထဲကပဲ လုပ်နိုင်အောင် အန်ကယ်တို့ ကြိုးစားမယ်။ လွှတ်တော် က အစိုးရကို ရအောင် ထိန်းကျောင်းမယ် မရစရာ အကြောင်းမရှိပါဘူး ရန်ကုန်တိုင်း ဝန်ကြီးချုပ်လည်း အရင်က လွှတ် တော် ကိုယ်စားလှယ်ပဲလေ သူလည်း သဘောပေါက်မှာပါ။
မေး ။ ။ အန်ကယ်က တိုင်းစီးပွားရေး ကော်မတီရဲ့ အတွင်းရေးမှူးလည်း ဖြစ်တော့ အခုလက်ရှိ ရန်ကုန်တိုင်းစီးပွားရေး အခြေအနေအပေါ်ကို ဘယ်လိုသုံးသပ်မိသလဲ။
ဖြေ ။ ။ စီးပွားရေး အခြေအနေက သိတဲ့အတိုင်းပဲ ဘယ်နေရာပဲ သွားကြည့်ကြည့် ပြေလည်တယ် မရှိဘူး ညည်းနေကြတာပဲ။ ငွေလဲလှယ်နှုန်းက အစပေါ့ ဒါတွေက ထင်ဟပ်နေတာပေါ့။ အခု သမ္မတကြီးက ဝန်ထမ်းတွေကို လစာ တိုးပေးလိုက် တယ်။ သို့သော် ကုန်ဈေးနှုန်းတွေကလည်း မထိန်းနိုင်ဘူး ဖြစ်နေတယ်။ ကုန်ဈေးနှုန်း ထိန်းချုပ်ဖို့ ကျတော့ ဈေးကွက် စီးပွားရေး ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ ပြန်ပြီးတော့ နွယ်လာတယ်။ စီပွားရေး လုပ်ငန်းတွေကလည်း ရပ်တန့်နေတယ်။
အထပ်မြင့် အဆောက်အဦတွေ ဆောက်လုပ်ရေး လုပ်ငန်းတွေကအစပေါ့ အထပ်မြင့် အဆောက်အဦတွေ ရပ်လိုက်တာ က ခေါင်းလေးတော့ ပုတ်ထည့်လိုက်တာပဲ အမြီးတွေရမ်းပြီးတော့ အောက်ကအခြေခံ လုပ်သား အုတ်သယ် ကျောက် သယ်ကအစ ပန်းရံ၊ လက်သမား အလုပ်လက်မဲ့တွေ ဖြစ်သွားတယ်။
နောက်တခုက ကွန်တိန်နာကားတွေ ညပဲမောင်း နေ့မမောင်းနဲ့ဆိုတော့ ရပ်တန့်မှုတွေ ဖြစ်ပြီးတော့ အခက်အခဲတွေ ဖြစ် တယ်။ နောက်ပြန်ပြီးတော့ ဖြေလျှော့လိုက်ရတယ်။ ကုန်စည်စီးဆင်းမှုက ထိန်းချုပ်သလို ဖြစ်သွားတော့ အလွဲလေးတွေ ဖြစ်သွားတယ်။ စီးပွားရေး အခြေအနေလည်း ဒီနေ့ မကောင်းသေးဘူး။ ရန်ကုန်မှ မဟုတ်ပါဘူး ဆက်စပ်နေပါတယ်။ စီးပွား ရေး မကောင်းသေးလို့လည်း မြင်သာထင်သာအောင် ကျူးကျော်တွေ အလုပ်လက်မဲ့တွေကို အန်ကယ်တို့ မပေးနိုင်သေး ဘူး။
မေး ။ ။ အခု NLD အစိုးရ လက်ထက်မှာပဲ လုပ်ငန်းအသေးတွေ တော်တော်များများ မရပ်တည်နိုင်တော့လောက် အောင် ပြိုလဲတာတွေကြောင့် အလုပ်လက်မဲ့တွေလည်း တအားများလာတယ်။ အဲဒါတွေကဘာကြောင့်လဲရှင့်။
ဖြေ ။ ။ ဝန်ကြီးချုပ်က ပြောတယ် စီးပွားရေးအရှိန်ကို ထိန်းလိုက်တယ်တဲ့။ အဲဒီစကားကိုလည်း အန်ကယ် သိပ်သဘော မကျဘူး။ စီးပွားရေး အရှိန်ကို ဘာလို့ထိန်းလဲ။ နောက်ပြီး SME (အသေးစား အလတ်စား စီးပွားရေးလုပ်ငန်း) တွေကို ငွေထုတ် ချေးမယ်ပေါ့။ စက်မှုလက်မှု လုပ်ငန်း တွေကို ချေးမယ်ဆိုတော့ ဒါကရော တကယ်တမ်းကျတော့ မထိရောက်ဘူး။ မထိ ရောက်တဲ့အပြင် အခု စက်မှုဇုန်တွေ လုပ်ဦးမယ်ဆိုတော့ လယ်ယာမြေတွေ ဆုံးရှုံးရဦးမယ်။ စက်မှုဇုန် တွေကလည်း ပေါ်မ လာ လယ်လုပ်လို့လည်းမရ အလုပ်လက်မဲ့တွေဖြစ်တယ်။
လယ်သမားတွေကို စိုက်ပျိုးစရိတ် ချေးတာက အစ စနစ်မကျဘူး ဖြစ်နေတယ်။ စီးပွားရေးကတော့ မှန်ပါတယ် တက်မလာ သေးဘူး။ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးလည်း အသစ်ဖြစ်သွားပြီ အနေအထား ကတော့ စောင့်ကြည့်ရမှာပေါ့။ ဘယ်လို ဟန်ချက်ညီအောင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ လုပ်မလဲ၊ ပြည်ထောင်စုဝန်ကြီးက ဘယ်လိုဦးဆောင်ပြီးတော့ သူ့အစွမ်းနဲ့ လုပ်မလဲဆိုတာ စောင့်ကြည့်ရမယ့် အနေအထား ရှိပါတယ်။
မေး ။ ။ လက်ရှိအစိုးရက အတိုက်အခံအနေနဲ့တုန်းက ပြောခဲ့တာတွေ၊ လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ ပြောခဲ့တာတွေ က အစိုးရအဖွဲ့ထဲ ရောက်သွားတော့ အကောင်အထည်မဖော်နိုင် လုပ်ရပ်တွေခြားနားနေတော့ ပြည်သူတွေ အားမလို အားမရဖြစ်နေတာတွေ ရှိပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပြည်သူတွေကို ဘာများ ပြောချင်ပါလဲရှင့်။
ဖြေ ။ ။ ပြောင်းလဲချိန် တန်ပါပြီ ဘာညာ ရင်ဖွင့်ပြီး ကြွေးကြော်ခဲ့တာပဲ။ ယခင်အစိုးရ လက်ထက်က အနေအထားတွေကို ပြောမနေတော့နဲ့ ကိုယ်လုပ်မယ်ကိုင်မယ် ဆိုပြီး လုပ်လာတာ ကောင်းမွေဆိုးမွေကို ကိုယ်က ခံရမှာပဲ။ လက်ရှိ အစိုးရက ခံရမှာပဲ။ အခုတော့ ပြည်သူတွေက အားမရဘူး ၁၀ ယောက်မှာ ၈ ယောက်လောက်က အားမရဘူး။ အန်ကယ်တို့လည်း သိတယ်။ လွှတ်တော်ထဲမှာလည်း ဒီအတိုင်းပဲ။
၂၀၁၅ ကပြောတဲ့ စကားနဲ့ ၂၀၂၀ မှာ ဘယ်လောက် အကောင်အထည် ဖော်နိုင်မလဲဆိုတာကိုတော့ ၂၀၂၀ ကျရင်တော့ ပိုစကား ပြောလာမယ် ထင်တယ်။ ပြည်သူတွေက ပိုပြီးတော့ အသံကျယ်လာမယ်။ အန်ကယ်တို့ ပြောခဲ့ဆိုခဲ့တာ လောက် တော့ မလုပ်နိုင်သေးဘူး။ အဲဒါကို အထက်က အန်ကယ်တို့ အကြီးအကဲတွေလည်း လက်ခံထားပါတယ်။ အခက်အခဲတွေ အများကြီး ရှိတာပေါ့။ ဒီကြားထဲ တိုင်းပြည်က ငြိမ်းချမ်းရေးလည်း မရနိုင်သေးဘူး။ ရခိုင်ပြည်နယ်ကိစ္စကလည်း သိတဲ့ အတိုင်း ဒါတွေကလည်း ဆက်တိုက်ဖြစ်နေတော့ အဓိက ရိုက်ခတ်မှုတွေ ပါတာပေါ့။
သို့သော်လည်းပဲ လျှော့လို့တော့ မရဘူး ပြီးခဲ့တဲ့ ကြားဖြတ်ကိုပဲ ကြည့်လေ မဲနိုင်တော့ နိုင်တယ်။ မဲလာပေးတဲ့သူ နည်း သွားတယ်။ ဒါတွေဟာ ပါတီ အနေနဲ့ ကြည့်ရမှာတွေပါ။ တခြားပါတီလည်း မပေးချင်ဘူး NLD လည်း မပေးချင်ဘူးကွာ ဆိုပြီး မဲရုံမသွားတော့ မဲပေးတဲ့သူ နည်းတယ်။ အဲဒါ နိုင်ငံအတွက်လည်း အလားအလာမကောင်းဘူး။ အဲဒီအနေအထားက တကယ့်ကို သတိထားရမယ့် အနေအထားတော့ ရှိပါတယ်။
မေး ။ ။ ဒီလိုဆို ၂၀၂၀ ရွေးကောက်ပွဲကရော ဘယ်လိုဖြစ်လာမယ်လို့ ခန့်မှန်းထားသလဲ။
ဖြေ ။ ။ ၂၀၂၀ ဘယ်လိုဖြစ်လာမလဲဆိုတော့ ရန်ကုန်တိုင်းအနေနဲ့ပဲ ပြောပါ့မယ်။ ဒီနှစ်နှစ်ခွဲ ကျန်တဲ့ အချိန်မှာ ၂ ဆ လုပ်ပြရတော့မယ်။ ပြည်သူလူထု လက်ခံနိုင်ဖွယ်ရှိအောင် လုပ်ပြရတော့မယ်။ လုပ်မပြရင် သိပ်ပြီးတော့ မလွယ်ပါဘူး။ ခုဆို မဲလာပေးတဲ့သူ နည်းသွားတယ်။ အဲဒါ နိုင်ငံအတွက်တော့ အလားအလာ မကောင်းဘူး။ ပါတီအတွက်လည်း အလားအလာမကောင်းဘူး။
မေး ။ ။ တချို့ကတော့ အစိုးရလုပ်သမျှကို လွှတ်တော်က တမင်ဖျက်နေတာလို့ ပြောတယ်။ အဲဒီအပေါ်မှာ အန်ကယ် အနေနဲ့ ဘယ်လို တုန့်ပြန်ချင်သလဲရှင့်။
ဖြေ ။ ။ မှန်တယ်လေ။ ပြည်သူလူထု ၁၀ ယောက်မှာ ၂ ယောက်လောက်ကတော့ ရှိမှာပေါ့။ အမှန်တော့ ကန့်လန့်တိုက် တာမဟုတ်ဘူး။ တကယ်တမ်းက ပြည်သူလူထု ဆန္ဒကို ကောက်ခံကြည့် လွှတ်တော်ကို ထောက်ခံတယ်။ တိုင်းပြည် စီးပွားရေး ကောင်းသေးတာ မဟုတ်ဘူး။ ကိုယ့်ဝန်ကြီးတွေတော့ စီးစေချင်တယ်။ ခွင့်ပြုသင့်တယ်။ မှန်တာပေါ့ စီးပွားရေး ကောင်းနေလို့က အမေရိကန် Ford ကားမဟုတ်ဘူး။ ရဟတ်ယာဉ်၊ လေယာဉ်ပျံတွေ စီးရင်တောင် သဘောတူတယ်။ ကိုယ့်ဝန်ကြီးချုပ် ဘာဖြစ်လဲ စီးပါစေပေါ့။
လက်တွေ့ထင်ဟပ်တဲ့ နိုင်ငံရဲ့ အနေအထားနဲ့ ကျတော့ ဒီလိုလုပ်ရပ်က နည်းနည်း မှားတယ်။ ယခင် ကားတွေ အကြီးစား ပြင်ဆင်ပြီးတော့ မသုံးနိုင်ဘူးဆိုရင်လည်း လုပ်ထုံး လုပ်နည်းရှိပါတယ်။ ပြည်ထောင်စု ဘတ်ဂျက်ကတောင်း တိုင်းဒေသ ကြီး ဘတ်ဂျက်ကို မတို့နဲ့။ အဆောင်အယောင် ကားဆိုတာ ရသင့်တာ မှန်တာပေါ့။ လွှတ်တော်က ကန့်လန့်တိုက်တယ်လို့ ဝေဖန်တာ ရှိပေမယ့် ၁၀ ယောက်မှာ ၈ ယောက်လောက်ကတော့ လွှတ်တော်ကို သဘောကျ ပါတယ်။