သဘာဝ ဘေးအန္တရာယ် ကြုံတွေ့နိုင်ခြေ အများဆုံး နိုင်ငံများ စာရင်း၌ မြန်မာနိုင်ငံသည်လည်း ပါဝင်နေပြီး စိုက်ပျိုး တောင် သူများသည် နှစ်စဉ်ဆိုသလို သဘာဝ ဘေးဒဏ်များကြောင့် နစ်နာဆုံးရှုံးမှုများကို ရင်ဆိုင် ကြုံ တွေ့နေရသည်။ တဖက်တွင်လည်း စိုက်ပျိုးရေး အခြေခံ စီးပွားရေးသည် မြန်မာနိုင်ငံဖွံ့ဖြိုးရေးအတွက် အဓိကဖြစ်နေရာ တောင်သူများ အထိနာခြင်း သည်ပင် မြန်မာ့စီးပွားရေး အတွက် ထိုးနှက်ချက် တရပ်ပင် ဖြစ်နေလေသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး ဆိုင်ရာ မိုးလေဝသ ဇလဗေဒနှင့် ပတ်သက်၍ မည်သို့ ဆောင်ရွက်နေသည်ကို သိရှိစေရန် အတွက် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန စိုက်ပျိုးရေး မိုးလေဝသဌာနခွဲ လက်ထောက် ညွှန်ကြား ရေးမှူး ဒေါ်စိန်စိန်ရီ ကို ဧရာဝတီ သတင်းဌာနမှ သတင်းထောက် သဇင်လှိုင် က တွေ့ဆုံမေးမြန်းထားသည်။
မေး ။ ။ အရင်ဆုံး စိုက်ပျိုးရေး မိုးလေဝသဆိုတာကို ရှင်းပြပေးပါဦးရှင့်။
ဖြေ ။ ။ ကျမတို့ စိုက်ပျိုးရေး မိုးလေဝသ ဌာနဆိုတာတော့ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဌာနခွဲ တခု ဖြစ်ပါတယ်။ ကျမတို့ ဌာနခွဲက အဓိက ကတော့ တောင်သူလယ်သမား ပြည်သူလူထု အတွက် စိုက်ပျိုးရေး မိုးလေဝသ ခန့်မှန်းချက်တွေ ကို ၁ လကို ၃ ကြိမ် ထုတ်ပြန်ပေးတယ်။ လရဲ့ ၁၀ ရက်၊ ရက် ၂၀၊ လကုန်ရက်တွေ ဖြစ်တဲ့ ၂၈၊ ၃၀၊ ၃၁ ရက် တို့မှာပေါ့။
မေး ။ ။ စိုက်ပျိုးရေး မိုးလေဝသနဲ့ ကြေညာနေကျဖြစ်တဲ့ မိုးလေဝသကြားမှာ အဓိက ကွာခြားတာက ဘာတွေလဲ။
ဖြေ ။ ။ မိုးလေဝသ ခန့်မှန်းချက်မှာ ဆိုရင် မုန်တိုင်းသတင်းတွေရှိမယ် မိုးရေချိန် ခန့်မှန်းချက် နေ့အပူချိန် ခန့်မှန်းချက်တွေ ရှိတယ်။ ကျမတို့ စိုက်ပျိုးရေး မိုးလေဝသဌာနခွဲက ပိုပါလာတဲ့ အချက်က မြေဆီလွှာအောင်းရေတို့ စိုထိုင်းဆတို့ အဲဒါတွေ ပိုလာပါတယ်။ နားလည်အောင် ပြောရမယ်ဆိုရင် စိုထိုင်းဆဆိုတာက လေထုထဲမှာ ရေငွေ့ပါဝင်မှု အခြေအနေပေါ့။
မေး ။ ။ စိုက်ပျိုးမိုးလေဝသ ခန့်မှန်းချက်တွေက တောင်သူလယ်သမားတွေ အတွက် ဘယ်လို အကျိုးပြုနိုင်လဲ။
ဖြေ ။ ။ ထုတ်ပြန်တဲ့ ခန့်မှန်းချက်တွေကို စိုက်ပျိုးရေး ဦးစီးဌာနကို ထုတ်ပြန်တယ်။ မိုးရေချိန်တွေ ခန့်မှန်းလိုက်တဲ့အခါမှာ လယ်သမားတွေအတွက် ရွှေမိုးဖြစ်သလို အဖျက်မိုးလည်း ဖြစ်နိုင်တယ်။ သူတို့ ကျမတို့ရဲ့ ခန့်မှန်းချက်တွေကို သိတဲ့အခါ မှာ ကြိုတင်ပြင်ဆင်နိုင်တာပေါ့။ အခုလိုမျိုး ရာသီဥတု ဆိုးရွားတဲ့ ဖြစ်စဉ်တွေ ဖြစ်တဲ့အခါမှာ ကြိုတင်ပြင်ဆင်ထားတဲ့ အတွက် အပျက်အစီး လျော့ပါးစေနိုင်တာပေါ့။
မေး ။ ။ ဌာနအနေနဲ့ ဘာကို အဓိက ဦးတည်ပြီး အကြံပြုပေးပါသလဲ။ ခန့်မှန်းချက်တွေကို ဘယ်လို ပုံစံမျိုး ထုတ်ပြန် နေသလဲရှင့်။
ဖြေ ။ ။ ကျမတို့တွေရဲ့ စိုက်ပျိုး မိုးလေဝသ အကြံပြုချက်တွေကို ၃ ရက် ခန့်မှန်းချက် ၁၀ ရက်ခန့်မှန်းချက်တွေကို ဦးတည် တဲ့ ဧရိယာအနေနဲ့ Dry Zone (မိုးနည်းရပ်ဝန်း) တွေမှာ ပြုလုပ်နေပါတယ်။ ဥပမာ ညောင်ဦး၊ မုံရွာ နောက်ထပ်လည်း တပြည်လုံးမှာ ပျံ့ပျံ့နှံ့နှံ့ ဖြစ်သွားအောင် လုပ်ဖို့ လျာထားတာ ရှိပါတယ်။ စိုက်ပျိုးရေးနဲ့ ပတ်သက်တဲ့ အကြံပြုချက် ဆို တာ ဘယ်မှာ မိုး ဘယ်လောက် ရွာနိုင်တယ် ဆိုတာမျိုးပေါ့။ ဥပမာ ရက် ၁၀၀ စိုက်ပျိုးမယ့်အခါ ရက် ၁၀၀ မှာ မိုး အလုံ အလောက် မရဘူးဆိုရင် ရက် ၆၀ ပဲ ရမယ်ဆိုတဲ့ အကြံပေး ခန့်မှန်းချက်တွေကို လုပ်နေပါတယ်။
မေး ။ ။ ဒီလိုခန့်မှန်းချက်တွေကို ဘယ်ဌာနတွေကို ပို့ပြီးတော့ တောင်သူလယ်သမားတွေ အထိ ရောက်အောင် ဘယ်လို ပုံစံမျိုးနဲ့ အသိပေးပါသလဲ။
ဖြေ ။ ။ သက်ဆိုင်ရာ စိုက်ပျိုးရေးဝန်ကြီးဌာနတို့ ၊ စီမံကိန်းနဲ့ စာရင်းအင်းတို့ ၊သယံဇာတနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနတို့ အဲဒီတွေကိုပေးပါတယ်။ အထူးသဖြင့်တော့ စိုက်ပျိုးရေး ဦးစီးဌာနကို ဖြန့်ဝေလိုက်တယ်။ စိုက်ပျိုးရေး ဦးစီး ဌာနကတော့ အမှန်တကယ် လယ်သမားတွေနဲ့ ပိုထိတွေ့မှုရှိတာပေါ့။ Dry Zone မှာ ပရောဂျက်တွေနဲ့ ဖိုရမ်တွေ သွား လုပ်တဲ့အခါ တွေ့ရတာက စိုက်ပျိုးရေး ဦးစီးဌာနက သောကြာနေ့တိုင်း လယ်သမားတွေကို ပညာပေးတာမျိုးတွေ လုပ် တယ်။
မေး ။ ။ Dry Zone ကို ဘယ်လိုသတ်မှတ်ပြီးတော့ ဘယ်နေရာတွေ ပါဝင်ပါလဲ။
ဖြေ ။ ။ Dry Zone ဆိုတာ ကျမတို့ မိုးလေဝသ သတ်မှတ်ချက်က စစ်ကိုင်းတိုင်း ဒေသကြီး အောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းဒေသကြီး အဲဒီ ၃ခုကို Dry Zone (မိုးနည်းရပ်ဝန်း) လို့ သတ်မှတ်ပါတယ်။
မေး ။ ။ စိုက်ပျိုး မိုးလေဝသ ခန့်မှန်းချက်တွေကို အွန်လိုင်းကနေတဆင့် ထုတ်ပြန်နေတာကို တွေ့ရပါတယ်။ ဒါပေမယ့် တချို့လယ်သမားတွေက အွန်လိုင်း မသုံးတာတွေ ရှိတဲ့အတွက် လယ်သမားတွေဆီကို တိုက်ရိုက်ရောက်မယ့် တခြား နည်းလမ်းတွေကိုရော သုံးဖို့ရှိပါသလား။
ဖြေ ။ ။ အခုဆိုရင်တော့ Mobile Application အနေနဲ့ လုပ်တဲ့အတွက် တောင်သူ လယ်သမားတွေကလည်း တော်တော် လေးကို လေ့လာတယ်။ ကြည့်ရှုတယ်။ ရေဒီယိုကနေ ကြေညာဖို့ကတော့ လောလောဆယ် အစီအစဉ်မရှိသေးပါဘူး။
မေး ။ ။ Mobile Application က ဘယ်တုန်းက ထုတ်လိုက်တာလဲ။ အဲဒီအတွက် အချက်အလက်တွေနဲ့ ဘယ်လို ဝန် ဆောင်မှုတွေပေးတာလဲ။
ဖြေ ။ ။ အဲဒါတွေကို ကျမတို့ရဲ့ မိုးလေဝသ Facebook မှာ ကြည့်လို့ရပါတယ်။ ကျမတို့တွေကနေပြီးတော့ RIME (Regional Integrated Multi-Hazard Early Warning System for Africa and Asia) က နည်းပညာတွေ ၊ UNESCAP (United Nations Economic and Social Commission for Asia and Pacific) က အထောက်အပံ့တွေနဲ့ ၂၀၁၄ ခုနှစ် လောက်က စပြီး လုပ်ခဲ့တာပါ။
အဲဒီ မိုဘိုင်း အပလီကေးရှင်းမှာဆိုရင် အင်္ဂလိပ်လိုကနေ မြန်မာလို ပြန်ထားပြီး မိုးရေချိန်ပါတယ်။ လေတိုက်နှုန်းတွေ၊ အပူ ချိန်တွေ ပါမယ်။ ၁၀ ရက်ခန့်မှန်းချက်တွေ ကြည့်ရှုနိုင်ပါတယ်။ တနိုင်ငံလုံးတော့ မရသေးဘူး။ စောစောက ပြောတဲ့ နေ ရာတွေပါပဲ။ တနိုင်ငံလုံး ရအောင် ကျမတို့ ဆောင်ရွက်နေပါတယ်။ အခုကတော့ ညောင်ဦး၊ ပုပ္ပားပေးနိုင်ပြီ။ နောက် မြင်းခြံ၊ ချောက်၊ ရွှေဘို တိုးချဲ့ ဧရိယာ ၉ ခု နောက်မှ တပြည်လုံးကို လုပ်ဖို့ ရှိပါတယ်။
မေး။ ။ အဲဒီ Mobile Application ကို ဘယ်မှာယူလို့ ရမလဲရှင့်။
ဖြေ ။ ။ စိုက်ပျိုးရေး ဦးစီးဌာနမှာ ယူလို့ရတယ်။ ခရိုင်ဂျာ(ခရိုင်မန်နေဂျာ) တို့၊ မြို့နယ်ဂျာ(မြို့နယ် မန်နေဂျာ)တို့က Extension worker လွှတ်ပေးတယ်။ သူတို့ လယ်ထဲအထိလည်း သွားပေးတာ ရှိတယ်။
မေး ။ ။ လတ်တလော ရာသီဥတုတွေ ဆိုးရွားတဲ့ အပေါ်မှာ တောင်သူတွေကို ဘာများ ပြောချင်ပါလဲ။
ဖြေ ။ ။ ဒီလို ရာသီဥတု ဆိုးရွားတဲ့ အတွက် ပျက်ဆီးဆုံးရှုံးမှုတွေ တွေ့တာကိုလည်း အရမ်းကို စိတ်မကောင်းပါဘူး။ လိုက် နာနိုင်တဲ့ သူတွေကတော့ ရွှေ့ပြောင်းတဲ့အတွက် နည်းနည်းလေး အကာအကွယ်ဖြစ်တာပေါ့။ ခန့်မှန်းချက်ကို သေချာ မလုပ်နိုင်တဲ့ သူတွေကတော့ ဆုံးရှုံးမှုတွေကို ကြုံတွေ့ရတာတွေ့ရပါတယ်။
ကျမတို့ထင်တာက ရေကျသွားမယ်ဆိုရင် နုန်းတွေ ကျန်ခဲ့မယ်ပေါ့ အဲဒီနုန်းတွေက စိုက်လိုက်ရင် အဆင်ပြေမယ်ပေါ့။ တကယ်တော့ မဟုတ်ဘူး။ ဒီမြေကြီးကို ပြန်ပြင် ဆင်ရမှာပါ။ နုန်းတွေကို ဖယ်ထုတ်ပစ်ရတာ ရှိပါတယ်။ အဲဒါကိုတော့ စိုက် ပျိုးရေးဦးစီးဌာနက ပိုသိမယ်ထင်ပါတယ်။ ကျမတို့ကတော့ မိုးလေဝသနဲ့ ဆိုင်တဲ့ Technical အပိုင်းပဲ အကြံပေး တာပေါ့။
မေး ။ ။ စိုက်ပျိုးရေး မိုးလေဝသက ထုတ်ပြန်ချက်တွေကို တောင်သူတွေကရော နားလည်မယ်လို့ ယူဆလား။
ဖြေ ။ ။ အကုန်လုံး နားလည်တယ်လို့တော့ ပြောလို့မရပေမယ့် ကျမအမြင်ကတော့ ၈၀ ရာခိုင်နှုန်းလောက်ကိုတော့ နား လည်ပါတယ်။ တောင်သူလယ်သမားတွေ အတွက် Dry Zone ဧရိယာဆိုရင်လည်း သွားပြီးတော့ ပညာပေးပို့ချတာတွေ လုပ်ပေးတယ်။ စိုက်ပျိုးရေး မိုးလေဝသက လူတွေက သင်ပေးတယ်။ သူတို့ကနေ တဆင့် ပြန်ပြီးတော့ ပို့ချတဲ့အတွက် နားလည်မယ်လို့ ယုံကြည်ပါတယ်။
မေး ။ ။ စိုက်ပျိုးရေး မိုးလေဝသက တောင်သူ အတွက် ဘယ်လောက်အရေးပါသလဲရှင့်။
ဖြေ ။ ။ ကျမတို့ နိုင်ငံက စိုက်ပျိုးရေး နိုင်ငံပေါ့နော်။ အဲဒါကြောင့် လယ်သမားတွေဟာ ဆိုရင် စိုက်ပျိုးရေး အောင်မြင်တော့ မှ သူတို့ရဲ့ ဝင်ငွေတွေလည်း တိုးပွားမှာ ဖြစ်တဲ့အတွက် ကျမတို့ စိုက်ပျိုးရေး မိုးလေဝသကဏ္ဍက အရမ်း အရေးပါတယ် လို့ ထင်ပါတယ်။
မေး ။ ။ စိုက်ပျိုး မိုးလေဝသက ဌာနကကော တောင်သူတွေ အတွက် ဘယ်လောက်အထိ အကျိုးရှိအောင် လုပ်ပေးနိုင်ပြီ လို့ ထင်ပါသလဲ။
ဖြေ ။ ။ ကျမတို့ဘက်ကတော့ ခုနက ပြောသလို Dry Zone လောက်ကိုပဲ လုပ်နိုင်သေးတယ်။ နောက်မှ တပြည်လုံးကို လုပ်ဖို့ အစီအစဉ် ရှိတာ ဖြစ်တဲ့ အတွက် အတိုင်းအတာအနေနဲ့ ကတော့ တိတိကျကျ မပြောနိုင်သေးပါဘူး။
မေး ။ ။ တောင်သူတွေကိုရော စိုက်ပျိုး မိုးလေဝသ နဲ့ ပတ်သက်ပြီး ဘာပြောချင်တာရှိလဲ။
ဖြေ ။ ။ ကျမတို့ မိုးလေဝသက ထုတ်ပြန်တဲ့ စိုက်ပျိုးရေး မိုးလဝသ ခန့်မှန်းချက်များကိုလည်း သေသေချာချာ နားထောင်ပါ။ သေသေချာချာ လိုက်နာပါ။ အဲဒါဆိုရင် ပျက်စီး ဆုံးရှုံးမှု လျော့ပါးနိုင်မယ်လို့ အကြံပြုချင်ပါတယ်။