“အစိုးရသစ် လက်ထက်မှာ ထူးထူးခြားခြား ပြုစုလိုက်နိုင်တဲ့ ဥပဒေ ဖြစ်တယ်”

သဇင်လှိုင်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ စိစစ်ရေး ကော်မတီဝင် ဦးလှဌေး / သဇင်လှိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တော် စည်ပင် ဥပဒေသစ်ကို အတည်မပြုနိုင်သောကြောင့် စည်ပင် ကော်မတီ ဝင်များကို ထပ်မံ မရွေးချယ်နိုင် ဘဲ အစိုးရခန့် ကော်မတီဝင်များနှင့်သာ လုပ်ငန်းဆောင်ရွက် နေသည်မှာ NLD အစိုးရ သက်တမ်း ထက်ဝက် ကာလ သို့ ရောက်နေပြီ ဖြစ်သည်။

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ယခင် စည်ပင်ဥပဒေကို အပြောင်းအလဲ များစွာဖြင့် အတည်ပြု ပြဋ္ဌာန်းလိုက်ပြီ ဖြစ်ပြီး အဆိုပါ စည်ပင်ဥပဒေသည် ရန်ကုန်မြို့တော်နှင့် မြို့နေသူများအတွက် မည်သို့ အကျိုးသက်ရောက်မှု ရှိမည်ကို လေ့လာသူ များက စိတ်ဝင်တစား ရှိလာကြကြောင်း သိရသည်။

သို့ဖြစ်ရာ စည်ပင်ဥပဒေ၏ ထူးခြားသော အပြောင်းအလဲများနှင့် ပတ်သက်၍ မင်္ဂလာတောင်ညွန့်မြို့နယ် လွှတ်တော် ကိုယ် စားလှယ်ဖြစ်သည့် အပြင် စည်ပင်ဥပဒေ မူကြမ်းရေးဆွဲရေး ကော်မတီနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ စိစစ်ရေး ကော်မတီတွင် ပါဝင်သည့် ဦးလှဌေးကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။ ပထမဦးဆုံး မေးချင်တာက အတည်ပြုလိုက်ပြီ ဖြစ်တဲ့ စည်ပင်ဥပဒေရဲ့ အဓိက အကျဆုံး အပြောင်းအလဲက ဘာဖြစ် မလဲ ရှင့်။

ဖြေ။ ။ ၂ ပိုင်းပေါ့နော်။ တပိုင်းကတော့ ဥပဒေပြုရေးနဲ့ နောက်တပိုင်းကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ ဥပဒေမှာ လည်း ပြောင်းလဲထားတာ ရှိတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေနဲ့ပတ်သက်ပြီး ပထမဦးဆုံး အနေနဲ့ ပြောရ ရင်တော့ ကော်မတီတွေရဲ့ ဖွဲ့စည်းပုံတွေ ပြောင်းလဲသွားပါတယ်။ အရင်တုန်းက စည်ပင်မှာ ဌာန ၂၀ ကျော်နဲ့ လုပ်နေတဲ့ နေရာ မှာ အခု ဌာနတွေကို ပေါင်းစပ်ပြီးတော့ လုပ်ငန်း တာဝန်ခံ အဖွဲ့ ၇ ဖွဲ့ဆိုပြီးတော့ တာဝန်ယူဆောင်ရွက်ရမှာ ဖြစ်ပါ တယ်။

အဲဒီ အဖွဲ့ ၇ ဖွဲ့မှာလည်း ပြည်သူကနေ ရွေးချယ် တင်မြှောက်မယ့် ကော်မတီဝင် ၆ ဦးအနက် ၁ ဦးက လုပ်ငန်း တာဝန်ခံ အဖွဲ့ ဥက္ကဋ္ဌ အနေနဲ့ ဆောင်ရွက်ရမယ်။ စည်ပင်သာယာရေး ကော်မတီမှာ ရှိနေတဲ့ ဌာနဆိုင်ရာတွေထဲက အကြီးအကဲ တဦး က အတွင်းအရေးမှူး အဖြစ် တာဝန်ယူ ဆောင်ရွက်ရမယ်။ ပညာရှင် ၃ ဦးက အဖွဲ့ဝင်အနေနဲ့ တာဝန်ယူ ဆောင်ရွက် ပြီးတော့ လုပ်ငန်းတာဝန်ခံ အဖွဲ့ကို အဖွဲ့ဝင် ၅ ဦးနဲ့ ဖွဲ့စည်းပါမယ်။

အဓိက ထူးခြားချက်ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) မှာ ဥပဒေကနေပြီးတော့ ဒုတိယ မြို့တော်ဝန် တယောက်ကို ရွေးချယ်ဖို့ အတွက် ထည့်သွင်း ရေးဆွဲလိုက်တာ ပါတယ်။ ဒုတိယ မြို့တော်ဝန် ထည့်သွင်း လိုက်တယ် ဆိုတာတော့ လွယ်လွယ်လေးနဲ့ မရပါဘူး။ တဖက်က ဒုတိယ မြို့တော်ဝန်ကို မထည့်သွင်းချင်တဲ့ လူများလည်း ရှိပါတယ်။

အဲဒီလူတွေနဲ့ တော်တော်လေး အတိုက်အခံ ဆွေးနွေးရပါတယ်။ ၂ ကြိမ် ၃ ကြိမ်လောက်ကို ပြင်းပြင်းထန်ထန် ဆွေးနွေး ပြီးတော့မှ ထည့်သွင်းဖို့ ဆိုတဲ့ ဆုံးဖြတ်ချက်ကို လွှတ်တော် ကိုယ်စားလှယ်အများစုရဲ့ ဆုံးဖြတ်ချက်နဲ့ ချမှတ် နိုင်ခဲ့တာပါ။

ဒုတိယ မြို့တော်ဝန်ကို ဘာဖြစ်လို့ ထည့်ချင်တာလဲ ဆိုတော့ ရန်ကုန်တိုင်းမှာ စုစုပေါင်းဆို ၄၅ မြို့နယ်မှာ တပ်မြို့ဖြစ်တဲ့ အတွက် ကိုကိုးကျွန်းကို ထည့်မတွက်ဘူး။ ၄၄ မြို့နယ် ရှိတယ်။ YCDC မှာ ၃၃ မြို့နယ်ရှိတယ်။ ရန်ကုန်တိုင်း စည်ပင် နယ် နိမိတ်မှာ ၁၁ မြို့နယ်ရှိတယ်။

လက်ရှိ မြို့တော်ဝန်က YCDC မှာလည်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတယ်။ ရန်ကုန်တိုင်း စည်ပင် ဧရိယာမှာလည်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတယ်။ မြို့တော်ဝန်ဆိုတဲ့ တာဝန်ကိုလည်း ယူတဲ့အတွက်ကြောင့် သူတယောက်တည်းက ၃ နေရာ ကို တာဝန်ယူရတယ်။ ရန်ကုန်မြို့ရဲ့ ဧရိယာက တစတစ ကျယ်ပြန့်လာတယ်။

လူနေသိပ်သည်းမှု များလာတဲ့ အတွက် လုပ်ငန်းတာဝန်ကလည်း အရမ်းများလာတာကြောင့် မြို့တော်ဝန် တယောက် တည်းနဲ့ အင်အားက မလုံလောက် တော့ဘူး။ ဒု မြို့တော်ဝန်က ဝင်ပြီးတော့ တာဝန်ခွဲဝေပေးမယ် ဆိုရင် ပြည်သူလူထုရဲ့ အကျိုးကို ပိုပြီးတော့ ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်မယ်လို့ ယူဆတဲ့ အတွက် ဒု မြို့တော်ဝန် ရရှိအောင် ကြိုးစားခဲ့ တာ ဖြစ်တယ်။

မေး။ ။ ဒုတိယ မြို့တော်ဝန် ခန့်ထားနိုင်လိုက်တာက ပြည်သူအတွက် တကယ် အကျိုးသက်ရောက်မှု ရှိမယ်လို့ ယူဆပါ သလား။

ဖြေ။ ။ မြို့တော်ဝန်က ကဏ္ဍ ၃ ရပ်ကို တာဝန်ယူတဲ့ အခါ ဒုတိယမြို့တော်ဝန်က ကဏ္ဍ တခုကိုပဲ တာဝန်ယူပြီးတော့ လုပ်ပေး နိုင်ရင် ကဏ္ဍခွဲတွေမှာ မြို့တော်ဝန်ရော ဒု မြို့တော်ဝန်ရောက ပိုပြီးတော့ ဖိဖိစီးစီး တာဝန်ယူလုပ်နိုင်မယ့် အနေ အထား တွေ့ရပါတယ်။ အဲဒီ အတွက်ကြောင့် သူက ဒီတာဝန်တွေကို ဖိဖိစီးစီး လုပ်နိုင်မယ့် ပုဂ္ဂိုလ် တယောက် ဖြစ်ပါလိမ့် မယ်။

မေး။ ။ ဒုတိယ မြို့တော်ဝန်ကို ဘယ်လိုပုံစံမျိုးနဲ့ ရွေးချယ်မှာလဲ။

ဖြေ။ ။ ပြည်သူက ရွေးချယ်တဲ့ ကိုယ်စားလှယ် ၆ ဦးထဲက တဦးကို ကော်မတီဝင် ၁၁ ဦးက ဆန္ဒမဲပေးပြီးတော့ အများဆုံး ရတဲ့ ပုဂ္ဂိုလ်က ဒုတိယ မြို့တော်ဝန် ဖြစ်ပါလိမ့်မယ်။

မေး။ ။ လွှတ်တော်မှာတော့ ဒု မြို့တော်ဝန် ခန့်တာက မြို့တော်ဝန်ကို အထောက်အကူပြုဖို့လို့ ပြောတာပေါ့နော်။ ဒါပေ မယ့် နိုင်ငံတကာမှာလို မြို့တော်ဝန်ကို တိုက်ရိုက် တင်မြှောက်တဲ့ စနစ်ကို မပြောင်းလဲနိုင်သေးလို့ ကြားခံအဆင့်ကို သွားတာလို့ ပြောလို့ရမလား။

ဖြေ။ ။ ရည်ရွယ်ချက်ကတော့ ၂ ခုပေါ့။ ကျနော် ပြောခဲ့သလို လုပ်ငန်း တာဝန်တွေကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် နိုင်နင်းစွာ ထမ်းဆောင်နိုင်အောင်လို့ ရွေးတာလည်း ပါတယ်။ နောက်တခုကလည်း ပြည်သူ့ ဆန္ဒနဲ့ ရွေးချယ်ထားတဲ့ အကြီးအကဲ တယောက် လုပ်ပိုင်ခွင့်ရှိတဲ့ ပုဂ္ဂိုလ်တဦးကိုလည်း တင်မြှောက်ချင်တာရယ်ကြောင့်လည်း ပါပါတယ်။

မေး။ ။ ဖွဲ့စည်းပုံတွေ ပြောင်းလိုက်တယ်လို့ ပါတယ်ဆိုတော့ အဲဒီအပြောင်းအလဲကနေ ဘယ်လို အကျိုးသက်ရောက်မှု တွေကို မြင်တွေ့ရနိုင်လဲ။

ဖြေ။ ။ အရင်ကလို ဌာနတွေ ပြန့်ကျဲမှု မရှိတော့ဘူး။ အဲဒီ ဖွဲ့စည်းပုံအရ ဌာနတွေ ပေါင်းလိုက်တဲ့ အခါမှာ ကျစ်ကျစ် လျစ် လျစ် ဖြစ်တဲ့အတွက် လုပ်ကိုင်ရတဲ့ အနေအထားမှာ ပိုပြီးတော့ လျင်မြန် သွက်လက်လာမယ့် အနေအထား ရှိပါတယ်။ ဖွဲ့စည်းပုံမှာကလည်း တာဝန်ယူ ဆောင်ရွက်ရမယ့်သူက ကော်မတီဝင် တယောက်က ဥက္ကဋ္ဌ ဖြစ်တယ်။ ပြင်ပ ပညာရှင် ၃ ဦးကလည်း ပါလာတယ်။

နဂိုကတည်းက စည်ပင်မှာ ရှိနေတဲ့ လုပ်ငန်း ကျွမ်းကျင်တဲ့ အကြီးအကဲ တဦးကလည်း အတွင်းရေးမှူး ရာထူးနဲ့ ထမ်း ဆောင်မှာဆိုတော့ အဲဒီ ၅ ဦးစလုံးက အားကောင်းတဲ့ သူတွေ ဖြစ်တဲ့ အတွက် ဝန်ထမ်းတွေကို ကိုင်တွယ်ပြီးတော့ စီမံခန့်ခွဲတဲ့ အခါမှာ ပိုမိုပြီး လျင်မြန်သွက် လက်မယ် ပိုမိုပြီးတော့ ဖိဖိစီးစီး လုပ်နိုင်လာမယ့် အခြေအနေမျိုးကို ရရှိလိမ့်မယ် လို့ ယူဆထားပါတယ်။

မေး။ ။ အခု ဥပဒေအသစ်မှာ စည်ပင်က ကိုယ်ပိုင် စည်းကမ်း ထိန်သိမ်းရေး အဖွဲ့(စည်ပင်ရဲ) ကို ဖွဲ့စည်းလို့ရပြီ ဆိုတော့ ဘယ်လိုပုံစံနဲ့ ဖွဲ့စည်းမှာလဲ။

ဖြေ။ ။ ပြီးခဲ့တဲ့ ဥပဒေ ဟောင်းမှာက လုံခြုံရေးနဲ့ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့က မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကနေပြီးတော့ ခေါ်ယူ ထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်။ ရဲတပ်ဖွဲ့ဝင်တွေက ပြည်ထဲရေးရဲ့ လက်အောက်မှာ ရှိတဲ့အတွက် ပြည်ထဲရေး ရဲ့ အမိန့်နာခံမှု သူတို့မှာ ရှိနေတယ်။ YCDC ရဲ့ အမိန့်နာခံမှု ထိထိရောက်ရောက် မရှိပါဘူး။ ကျနော်တို့က အခု ကိုယ်ပိုင် လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး ဖွဲ့နိုင်ဖို့ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြုလိုက်တဲ့ အတွက် ကော်မတီရဲ့ ကိုယ်တိုင် အုပ်ချုပ် ထားနိုင်တဲ့ လုံခြုံရေးနဲ့ စည်းကမ်း ထိန်းသိမ်းရေး အဖွဲ့ ရရှိလာနိုင်မှာ ဖြစ်တယ်။

အဲဒီလို ဖြစ်တဲ့အတွက်ကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ လုပ်ငန်းတွေ စည်းမျဉ်း စည်းကမ်းတွေ လိုက်နာဖို့ ဒီဥပဒေသစ်မှာ ပါလာတဲ့ ပြစ်မှုပြစ်ဒဏ်တွေနဲ့ ပတ်သက်ပြီး ထိန်းသိမ်း စောင့်ရှောက်မှုတွေကို ပိုပြီးတော့ ကျယ် ကျယ်ပြန့်ပြန့်နဲ့ စိတ်တိုင်းကျ စည်ကမ်း ထိန်းသိမ်းနိုင်မယ့် အနေအထားကို ရောက်ရှိလာပါလိမ့်မယ်။

သို့သော်လည်း ဖွဲ့စည်းပုံအရတော့ YCDC က တိုက်ရိုက်ဖွဲ့စည်းထားတဲ့ လုံခြုံရေးနဲ့ စည်ကမ်း ထိန်းသိမ်းရေး အဖွဲ့ရှိမယ်။ ရဲကိုလည်း အရေအတွက် တခုတော့ ခေါ်ထားပြီး ဒီထဲမှာ ထည့်ထားတာလည်း ရှိတယ်။ ဘာဖြစ်လို့ ရဲကို ခေါ်ထားရလဲ ဆိုတော့ ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ နေရာတွေဆိုရင် ရဲတွေနဲ့ပဲ ကိုင်တွယ်လို့ ရမှာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီလို ပေါင်း စပ် ထားတာက လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က ကော်မတီရဲ့ တိုက်ရိုက် ထိန်းကျောင်းမှုနဲ့ အလုပ်ကို ပိုလုပ် နိုင် တဲ့ အနေအထားကို ရရှိမှာပါ။

မေး။ ။ အရင် ကာလတွေတုန်းက စည်ပင်ရဲတွေက စည်းကမ်း ထိန်းသိမ်းရေး အတွက်မဟုတ်ဘဲ ကိုယ်ကျိုးအတွက် ဆို တာမျိုး ဖြစ်ရပ်တွေ ရှိခဲ့တော့ အခု စည်ပင်ရဲတွေက ဘယ်လို ပုံစံမျိုး စည်းကမ်းတကျဖြစ်ဖို့ ဥပဒေမှာ ပြဋ္ဌာန်းထားလဲ။

ဖြေ။ ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ စည်ပင်ရဲ့ ဝန်ထမ်းတွေကို ထိန်းကျောင်းဖို့ ဥပဒေအသစ် တပိုဒ်ကို တိုးချဲ့ထားတာ ရှိ တယ်။

အဲဒီ ဥပဒေအသစ် တပိုဒ်ကတော့ ဤဥပဒေအရ ကော်မတီက ပေးအပ်ထားသော တာဝန်ဝတ္တရားများကို အလွဲသုံးစား ပြုလုပ်ပါက နိုင်ငံ့ဝန်ထမ်း ဥပဒေအရ ဖြစ်စေ၊ တည်ဆဲ ဥပဒေအရ ဖြစ်စေ အရေးယူ ဆောင်ရွက်နိုင်သည် ဆိုတဲ့ အပိုဒ် တပိုဒ် ကို ထည့်သွင်း ဖြည့်စွက်ထားတယ်။ အဲဒီမှာ ပေးအပ်ထားတဲ့ တာဝန်ကို အလွဲသုံးစားပြုတယ် ဆိုတဲ့ ရည်ညွှန်း ချက် က သူတို့ကို တာဝန်တခု ပေးထားတဲ့ အတိုင်း မထမ်းဆောင်ဘူး မသမာမှုတွေ လုပ်လာမယ်ဆိုရင်လည်း သူတို့ကို ဆောင်ရွက်မယ့် ဥပဒေ ရှိတယ်။

ပေးထားတဲ့ တာဝန်ကို ကျေပွန်အောင် မလုပ်ဘူး၊ လျစ်လျူရှုထားတယ် ဆိုတဲ့ အပိုင်းမျိုးတွေ ဖြစ်လာရင်လည်း သူတို့ကို နိုင်ငံ့ဝန်ထမ်း ဥပဒေအရ ဖြစ်စေ၊ တည်ဆဲ ဥပဒေအရ ဖြစ်စေ တခုခုနဲ့ အရေးယူ ဆောင်ရွက်ဖို့ အတွက်ကို ဒီဥပဒေမှာ သိသိသာသာ ထင်ထင်ရှားရှား ထည့်ပြီး ဖော်ပြထားတာ ရှိတယ်။

မေး။ ။ နိုင်ငံ့ဝန်ထမ်း ဥပဒေအရ ဘယ်လို အရေးယူမှုတွေလဲ ဆိုတာ ရှင်းပြပေးပါဦးရှင့်။

ဖြေ။ ။ ဥပမာအားဖြင့် သူတို့က ပြစ်မှု တစုံ တရာကို ကျူးလွန်တယ် ထင်ရှားတယ်ဆိုရင် ရာထူးတိုးဖို့ ဘယ်နှနှစ် ဆိုင်းငံ့ မယ် နောက် သတိပေး ပြစ်ဒဏ် ဘယ်နှကြိမ် စသဖြင့်ပေါ့။ တည်ဆဲ ဥပဒေအရကတော့ ဥပမာ လုပ်ငန်းတာဝန် ထမ်း ဆောင်ရင်းနဲ့ စိတ်အခန့်မသင့်လို့ တည်ဆဲဥပဒေ တရပ်ရပ်ကို ကျူးလွန်ပြီးတော့ လုပ်လိုက်တာမျိုး ဖြစ်ရင်တော့ နိုင်ငံ့ ဝန်ထမ်း ဥပဒေအရ မဟုတ်ဘဲနဲ့ တည်ဆဲဥပဒေ အရ အရေးယူနိုင်မယ့် ပြည်သူက ပြန်ပြီးတော့ Check and Balance လုပ်နိုင်မယ့် အခြေအနေမျိုးတွေ ထည့်သွင်း ထားပါတယ်။

မေး။ ။ အခု ပြဋ္ဌာန်းလိုက်တဲ့ စည်ပင်ဥပဒေသစ်က အသက်ဝင်မှု အားကောင်းပြီးတော့ အမှန်တကယ်ပဲ အကောင် အထည် ဖော်နိုင်မယ်လို့ ယူဆပါသလား။

ဖြေ။ ။ ဒီဥပဒေက အစိုးရသစ် လက်ထက်မှာ ရန်ကုန်တိုင်း လွှတ်တော်ကနေ ကိုယ်စားလှယ်တွေ အားလုံး ညီညီ ညွတ် ညွတ် နဲ့ အတည်ပြုလိုက်တဲ့ ထူးခြားတဲ့ ဥပဒေ အသစ် တရပ်ပေါ့။ နောက် လွှတ်တော် ကိုယ်စားလှယ်တွေတင် မကပါဘူး။ ဥပဒေ မူကြမ်းကို ပြုစုတဲ့ အချိန်တုန်းကလည်း နယ်ပယ် အသီးသီးမှာ ရှိတဲ့ ဌာနဆိုင်ရာတွေရဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ဥပဒေ ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်း ပါဝင်ပြီး လုပ်ထားတဲ့ ဥပဒေပါ။

တကယ်ကို အားကောင်းတဲ့ ဥပဒေ တခုအနေနဲ့ မြင်တွေ့ရပါတယ်။ သို့သော်လည်း ၁၀၀ ရာခိုင်နှုန်းတော့ မဟုတ်ဘူး။ လိုအပ်ချက်တွေ ရှိမယ်။ အဲဒီ လိုအပ်ချက်တွေကို လွှတ်တော် ကျင်းပနေရင်းနဲ့ လိုအပ်တဲ့ နေရာမှာ ကျနော်တို့ ပြင်ဆင် ချက်တွေ သွင်းသွားမယ်။

အဲဒီ ဥပဒေ ထွက်လာပြီး ပြည်သူရဲ့ အသံ လေ့လာ နားထောင်လိုက်တဲ့ အခါ ကျေနပ်မှု အသံတွေကို ကြားရတယ်။ တကယ်ကို အစိုးရသစ် လက်ထက်မှာ ထူးထူးခြားခြား ပြုစုလိုက်နိုင်တဲ့ ဥပဒေ ဖြစ်တယ်။ ကျနော်တို့ မူအရ ပြောရမယ်ဆို ရင်တော့ ပြောင်းလဲချိန်တန်ပြီလို့ ပြောခဲ့တဲ့ စကားရပ်အတိုင်း ပြောင်းလဲနိုင်မယ့် ဥပဒေလို့ ကျနော်ကမြင်တယ်။ အဲဒီလို ပြောင်းလဲအောင်လို့လည်း ရန်ကုန်တိုင်း လွှတ်တော် ကိုယ်စားလှယ်တွေကလည်း အင်းတိုက်အားတိုက် ဒါကို ဆက်ပြီး ဆောင်ရွက်သွားမယ်။

မေး။ ။ ဥပဒေအသစ်မှာ ဒဏ်ငွေတွေလည်း ပြောင်းလဲထားတယ်လို့ သိရပါတယ်။ ဘယ်လိုပုံစံနဲ့ ပြောင်းလဲထားတာလဲ။

ဖြေ။ ။ အရင်တုန်းကဆိုရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေက စီမံခန့်ခွဲမှု အရ အရေးယူတာပဲ ပါတာပေါ့။ စီမံခန့်ခွဲမှု အရ အရေးယူတယ် ဆိုတာကတော့ တရားမမှု များတယ်။ ဒီဥပဒေမှာ ဒဏ်ငွေကလည်း ခေတ်ကာလနဲ့ လိုက် လျောညီထွေ ရှိတဲ့ ဒဏ်ငွေနှုန်းထားတွေ တိုးတယ်။ တိုးပြီးတဲ့ အပြင်မှာ ဒဏ်ငွေရိုက်လို့ မလိုက်နာဘူး ဆက်ကျူးလွန် တယ်ဆိုရင် ထောင်ဒဏ်ကိုပါ ပြဋ္ဌာန်းထားတာ ရှိတယ်။

နောက်တခုက အရင်တုန်းကဆိုရင် စည်ပင်နဲ့ပတ်သက်တဲ့ ဥပဒေတရပ်ကို ကျူးလွန်ရင် YCDC ကပဲ အရေးယူ ဆောင် ရွက်ခွင့် ရှိတယ်။ အခုဆိုရင် ကျနော်တို့က ဒီလိုကျူးလွန်မှုတွေ အားလုံးကို ရဲအရေးပိုင်တဲ့ အမှု အဖြစ်ပါ ပြဋ္ဌာန်း လိုက်ပြီ ဖြစ်တယ်။ ရဲအရေးပိုင်တဲ့ အမှုအဖြစ် ပြဋ္ဌာန်းလိုက်တဲ့ အခါမှာ ရဲအနေနဲ့လည်း ဆောင်ရွက်လို့ရတာ ရှိသွားမယ်။

မေး။ ။ ဥပဒေမူကြမ်းမှာတုန်းက စည်ပင်က စီးပွားရေး လုပ်ကိုင်ခွင့်နဲ့ ပတ်သက်ပြီး ပါဝင်ခဲ့တယ်။ အဲဒါကို လွှတ်တော်မှာ ပယ်ဖျက်ခဲ့တယ်။ ဘာကြောင့် ပယ်ဖျက်ခဲ့ရတယ်ဆိုတာ ပြောပြပေးပါဦးရှင့်။

ဖြေ။ ။ ဥပဒေ မူကြမ်း စိစစ်ရေးမှာ စပြီး ဆွေးနွေးကတည်းက အဲဒီ အချက်အလက်တွေကို ဥပဒေ မူကြမ်း စိစစ်ရေး ကော်မတီ က သဘောမကျဘူး။ ဒီဘက် လွှတ်တော်ကို ရောက်လာတဲ့အခါမှာ ကိုယ်စားလှယ်တွေကလည်း သဘော မကျ ဘူး။ သဘောမကျတဲ့ အကြောင်းအရင်းကလည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကို ဖွဲ့စည်းရတဲ့ ရည်ရွယ် ချက်ဆိုတာ ရှိတယ်။ အဲဒီရည်ရွယ်ချက်မှာ အဓိက အသားပေးထားတာကတော့ ပြည်သူလူထုရဲ့ အကျိုးကို ဝန် ဆောင်မှု ပေးရမယ့် ရည်ရွယ်ချက်တွေ အများကြီး ပါဝင်နေတယ်။ စီးပွားရေးကို ဦးတည်ထားတာ မဟုတ်ဘူး။

ဒါကြောင့် စည်ပင် အနေနဲ့ ပြည်သူတွေနဲ့ မြို့တော်အတွက် ပေးရမယ့် ဝန်ဆောင်မှုကိုပဲ အင်တိုက်အားတိုက် ဆောင်ရွက် ဖို့ကိုပဲ လုပ်ရမယ် ဆိုပြီးတော့ စီးပွားရေး လုပ်ရမယ်ဆိုတဲ့ အခန်းကဏ္ဍ တခုလုံးကို မူကြမ်း စိစစ်ရေး အဖွဲ့တွေရော လွှတ်တော် ကိုယ်စားလှယ် အားလုံးက လုံးဝလက်မခံဘဲနဲ့ ဒီအခန်းကဏ္ဍကို ဖြုတ်ပစ်ခဲ့တယ်။

မေး။ ။ ဥပဒေကြမ်းမှာ ဆွေးနွေးတာတွေ ပြုပြင်တာတွေ လုပ်ခဲ့တုန်းက ဘယ်အခက်အခဲတွေ ရှိခဲ့လဲ။ အချိန်ကာလကရော လုံလောက်တဲ့ အတိုင်းအတာ ရှိရဲ့လား။

ဖြေ။ ။ ရက်နည်းတာကတော့ လွှတ်တော်ဘက်မှာ ဆွေးနွေးရတဲ့ ရက်ကနည်းတယ်။ ဟိုဘက်မှာကတော့ မနည်းဘူး တနှစ် ကျော်ကျော် အချိန်ယူပြီးတော့ ဥပဒေတွေကို တောက်လျှောက် စိစစ် ရေးဆွဲရေး အဖွဲ့တွေနဲ့ ဆောင်ရွက်လာတယ်။ အဓိ က အတိုက်အခံ ဖြစ်တာကတော့ နံပါတ် ၁ ဒု မြို့တော်ဝန် ကိစ္စက တော်တော်လေး အတိုက်အခံဖြစ်ပါတယ်။ ပြင်းပြင်း ထန်ထန် အကြိတ်အနယ် ဆွေးနွေးခဲ့ကြရတယ်။

နောက်တခုက အရင်တုန်းက YCDC တိုင်းအဆင့် ကော်မတီက တခုရှိတယ်။ ခရိုင် စည်ပင်သာယာရေး ကော်မတီ ရှိ တယ်။ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ရှိတယ်။ ကျနော်တို့က ခရိုင်စည်ပင်သာယာရေး ကော်မတီကို ဖြုတ်လိုက် တယ်။ မြို့နယ်နဲ့ မြို့တော်အဆင့် ကော်မတီ ၂ ခုပဲ ထားတယ်။ လွှတ်တော်မှာက ခရိုင်အဆင့် ကော်မတီကို တင်သွင်းတဲ့ သူ ရှိလာတယ်။ အဲဒီမှာလည်း ကျနော်တို့ မဲခွဲဆုံးဖြတ်ရတာတွေ ရှိတယ်။ မြို့နယ်အဆင့်နဲ့ မြို့တော်အဆင့်ကပဲ အတည် ဖြစ်ခဲ့တယ်။

မေး။ ။ ရွေးကောက်ပွဲပိုင်း ဆိုင်ရာ ဥပဒေကိုရော ဘယ်လို အပြောင်းအလဲတွေ လုပ်ခဲ့သလဲ။

ဖြေ။ ။ ဥပဒေဟောင်းမှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲမှာ ခရိုင် ၁ ခုကနေ ၁ ယောက်နဲ့ ၄ ခရိုင် ပြည်သူက ရွေးချယ်တာ ၄ ယောက်ပဲ ရမယ်။ အခုက ခရိုင်လိုက် မလုပ်တော့ဘူး။ မဲဆန္ဒ နယ်မြေ ၆ ခုကို မြို့နယ် တွေ ခွဲပြီး ဆွဲမယ်။ မဲဆန္ဒနယ်မြေ တခုကနေပြီးတော့ ကော်မတီဝင် တယောက်ရွေးမယ်။ ကော်မတီဝင် ၆ ယောက် ရွေး မယ်။ အဲဒီလိုရွေးတဲ့ အခါမှာ အခုအစိုးရက ခန့်ထားတာ မြို့တော်ဝန်တဦး ရှိတယ်။ ကော်မတီဝင် ၄ ဦးရှိတယ်ဆိုတော့ ၅ ဦး ရှိတယ်။

ပြည်သူက ဆန္ဒမဲပေးပြီးတော့ ရွေးချယ်လိုက်တဲ့ ကော်မတီဝင်က ၆ ဦး ပြည်သူတွေ ရွေးချယ်တဲ့ဘက်က အများစုအင်အား အားသာတဲ့ အနေအထားကို ယူထားပြီးတော့ ၁၁ ဦးကို ပြန်ခွဲလိုက်တယ်။ အရင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အသက် ကန့်သတ်ချက် ထားတယ်။ အခုက ဘာမှ ကန့်သတ်ချက် မထားဘူး။ အသက်၂၅ နှစ် ပြည့်ရင် ကြိုက်တဲ့ နေရာကို ဝင်ပြိုင်လို့ရတယ်။

အသက် ၂၅ နှစ်ပြည့်ပြီးတဲ့ လူငယ်တိုင်း သူ့မှာ လုပ်ကိုင်နိုင်တဲ့ စွမ်းအားရှိတယ် စွမ်းရည်ရှိတယ် ဆိုရင် ဒုတိယ မြို့တော် ဝန် ဝင်ရောက် ယှဉ်ပြိုင်နိုင်တဲ့ အခွင့်အလမ်းကို ရှိတယ်။ လူငယ်တွေ ရနိုင်တဲ့ အခွင့်အလမ်းကို ဒီကနေပြီးတော့ ဖွင့်ပေး လိုက်တယ်။

အရင်တုန်းက ကော်မတီရဲ့ သက်တမ်းကာလက နိုင်ငံတော်သမ္မတ သက်တမ်းနဲ့ အညီဖြစ်သည် ဆိုတာ ပါတယ်။ ဒီ ဥပဒေ မှာလည်း တကယ်တမ်းက သက်တမ်းကတော့ နိုင်ငံတော်သမ္မတရဲ့ သက်တမ်းနဲ့ အညီဆိုတာပဲ ပြဋ္ဌာန်းထားတယ်။ သို့သော် အစိုးရသစ်တက်ပြီး ရက်ပေါင်း ၉၀ အတွင်းမှာ စည်ပင်ရွေးကောက်ပွဲကို လုပ်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်က ဒီဥပဒေ မှာ ပါဝင်ပါတယ်။ အရင်ဥပဒေက မပါဝင်လာတဲ့အတွက် အခု ၂ နှစ်ကျော်တဲ့အထိ စည်ပင်ရွေးကောက်ပွဲကြီးက မလုပ်နိုင် ဘူး။

ဒီဥပဒေမှာကတော့ အစိုးရသစ် တက်ပြီးရင် ရက်ပေါင်း ၉၀ အတွင်းမှာ စည်ပင်ရွေးကောက်ပွဲ လုပ်ပြီးတော့ စည်ပင် ကော်မတီ ကို ရွေးကိုရွေးရမယ်။ အဲဒီလို ရွေးချယ်လိုက်တဲ့ အခါမှာ ကော်မတီ မပေါ်ပေါက်ခင် အချိန်အထိ မူလက သက်တမ်း ပြည့်ဝသွားတဲ့ ကော်မတီက ဆက်လက်ပြီး တာဝန် ထမ်းဆောင်ရတယ်။

မေး။ ။ ဥပဒေသစ်ကလည်း ပြဋ္ဌာန်းလိုက်ပြီဆိုတော့ စည်ပင်ရွေးကောက်ပွဲကလည်း မကြာခင်မှာ လုပ်တော့မယ်လို့ ယူဆ လို့ ရလား။

ဖြေ။ ။ လုပ်ကိုလုပ်ရတော့မယ် အချိန်နဲ့တပြေးညီ။ ဘာဖြစ်လို့လဲဆိုတော့ စည်ပင်ဥပဒေက အသက်ဝင်သွားပြီ။ ဒီလုပ်ငန်း ကို အကောင်အထည်ဖော်ဖို့ပဲ ရှိတယ်။ အဲဒါကြောင့် ဒီလုပ်ငန်းကို ပိုပြီးတော့ ပီပီပြင်ပြင် ကိုင်တွယ် ဆောင်ရွက်နိုင်ဖို့ အတွက် ဥပဒေအသစ်မှာ ပါဝင်တဲ့ ဖွဲ့စည်းပုံအရ ဖွဲ့ထားတဲ့ အဖွဲ့တွေကို ခန့်ကိုခန့်ရမယ့် အတွက်ကြောင့် ရွေးကောက် ပွဲ ကို လုပ်ရမယ့် အခြေအနေမှာ ရှိနေတယ်။

မေး။ ။ ဒီဥပဒေ အသစ်မှာ ပြည်သူတွေက ဘယ်လိုပုံစံနဲ့ ပူးပေါင်းပါဝင်ဖို့ လိုတယ်ဆိုတာ ပြောပေးပါဦး။

ဖြေ။ ။ အဓိက ပြည်သူက ဘာကိုလုပ်ဆောင်မလဲဆိုရင် ပြောရင်တော့ စည်းကမ်းပါပဲ။ စည်းကမ်းကို ပြည်သူက အပြည့် အဝ လိုက်နာဖို့ လိုအပ်ပါတယ်။ ဒီဥပဒေမှာ ပြည်သူကို ချုပ်ချယ်တာတင်းကြပ်တာမျိုး လုပ်ထားတာမျိုး မဟုတ်ဘူး။ ပြည်သူ လူထု ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကိုလည်း ရရှိအောင် အပြည့်အဝ ဖန်တီးပေးတယ်။

ဥပမာအားဖြင့် အရင်တုန်းက စည်ပင်ဥပဒေက လမ်းဘေးဈေးသည်ဆိုရင် ဖမ်းမယ် ပစ္စည်းတွေယူမယ် သိမ်းမယ် ပြန်မပေး ဘူး ဖျက်ဆီးမယ်။ အခု စည်ပင်ဥပဒေမှာက လမ်းဘေးမှာ ဈေးရောင်းစားနေတဲ့ ပြည်သူတွေ ဈေးရောင်းချနိုင်ဖို့ အတွက် နေရာချထားပေးတဲ့နေရာမှာ စနစ်တကျ တရားဝင်ရောင်းနိုင်တဲ့ အခွင့်အလမ်းကိုလည်း ပေးထားတယ်။

ဥပဒေက အဲဒီလို ဈေးသည်တွေကို အခွင့်အလမ်းပေးထားတဲ့ အတွက်ကြောင့် ဈေးသည်တွေကလည်း သူတို့လိုက်နာရ မယ့် စည်းမျဉ်း စည်းကမ်းတွေကို ပြန်လိုက်နာဖို့ လိုတယ်။ အဲဒီလို ပူးပေါင်းဆောင်ရွက် သွားမယ်ဆိုရင် ပြည်သူရဲ့ လိုအပ် ချက် တွေ အားလုံးက အချိန်တိုတိုနဲ့ ပြည့်ပြည့်ဝဝ ရသွားမှာပေါ့။

ကျနော်တို့ အပိုင်းကတော့ ပြည်သူ့ရဲ့ လိုအပ်ချက်ကို ဝိုင်းဝန်းပြီး ကူညီဆောင်ရွက်မယ့် အနေအထားမှာ အမြဲ ရှိပါတယ်။

မေး။ ။ အခု စည်ပင်ဥပဒေအသစ်နဲ့ ပတ်သက်ပြီး ဘာများဖြည့်စွက် ပြောချင်တာ ရှိသေးလဲ။

ဖြေ။ ။ စည်ပင်ဥပဒေကို ပြည်သူလူထု တော်တော်များများကို လက်ခံမှုကို တွေ့လိုက်ရတယ်။ ဥပဒေမှာလည်း တကယ်ကို ပြောင်းလဲထားတာတွေ အများကြီးရှိတယ်။ ပါတီအနေနဲ့ ပြောရရင်တော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူလူထုကို ပြောခဲ့တဲ့ ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ကတိအတိုင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥပဒေအသစ်က တကယ်ကို ပြောင်းလဲအောင်လို့ စည်ပင်သာယာ နယ်နိမိတ်မှာ အကောင်အထည် ဖော်နိုင်မှာ ဖြစ်တယ်လို့ ယုံကြည်တယ်။

တစ်ဖက်က ပြောင်းလဲချိန်တန်ပြီလို့ မျှော်လင့်နေတဲ့ ပြည်သူတွေကလည်း အခုရရှိလာတဲ့ ဥပဒေ အသစ်နဲ့အညီ ပြည်သူ လူထု ကိုယ်တိုင်ကလည်း ပါဝင်ပြောင်းလဲမယ် ဆိုရင်တော့ အချိန်တိုတို အတွင်းမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ သစ်အရ ပြဋ္ဌာန်းတဲ့ အချက်အလက်တွေကို ပြည်သူလူထု အားလုံးက ခံစားပြီးတော့ တကယ်သာယာလှပတဲ့ ရန်ကုန်မြို့တော် ကြီး ဆိုတဲ့ အခြေအနေကို ရရှိလာမှာ ဖြစ်ပါတယ်။ ။

Did you find apk for android? You can find new Free Android Games and apps.
Loading