အစိုးရ၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကြား ညှိနှိုင်းမှု မပြေလည်သည်များ ရှိသဖြင့် ဆောင်ရွက်ရမည့် ကာလထက် ၆ လခန့် နောက်ကျနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ -၂၁ရာစု ပင်လုံ (တတိယ အကြိမ်) အစည်းအဝေးကို ဇူလိုင်လ ၁၁ ရက်ကစ၍ နေပြည်တော်၌ ၆ ရက်ကြာ ကျင်းပလျက် ရှိသည်။ အစည်းအဝေးသို့ တက်ရောက်ရန် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ် (NCA) ချုပ်ဆိုထား သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့၏ အကြီးအကဲများလည်း နေပြည်တော်သို့ ရောက်ရှိကာ ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။ ထိုထဲမှ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူး ဒေသ (၄)၊ မိုင်းလား အဖွဲ့ (NDAA) ၏ အထွေထွေ အတွင်းရေးမှူး ဦးကြည်မြင့်ကို ပင်လုံ ညီလာခံ အတွက် ပြင်ဆင်လာသည်များ၊ FPNCC အဖွဲ့ဝင်များနှင့် ငြိမ်းချမ်းရေး အလားအလာများနှင့် ပတ်သက်၍ ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က တွေ့ဆုံ မေးမြန်းထားသည်။
မေး။ ။ အခု တတိယ အကြိမ် ပင်လုံ ညီလာခံ အတွက် မိုင်းလားအဖွဲ့က ဘာတွေ ပြင်ဆင်လာလဲ။
ဖြေ။ ။ ကျနော်တို့ကတော့ ရှမ်းပြည်နယ် အရှေ့ပိုင်း၊ အထူးဒေသ (၄) အနေနဲ့ကတော့ ကျနော်တို့ နိုင်ငံတော်က ဖိတ်လို့ တတိယ အကြိမ် ညီလာခံကို လာတက်တယ်။ ကျနော်တို့ အဖွဲ့က ဒု ဥက္ကဋ္ဌ ဦးစံပေ့ ဦးစီးပြီးတော့ ကျနော်တို့ ကိုယ်စားလှယ်တွေ ၁၀ ဦး၊ နိုင်ငံတော်က ဖိတ်ထားတာ ၁၀ ဦး၊ အထောက်အကူပြု ၁၂ ဦးနဲ့ဆို အားလုံး ၂၂ ဦး ကျနော်တို့ တက်လာတယ်။
သိတဲ့အတိုင်းပဲ ပင်လုံညီလာခံက တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ ငြိမ်းချမ်းရေး ခရီး အကောင်အထည် ဖော်နိုင်ရေး က သူ့ ရည်ရွယ်ချက်လေ။ ဒီရည်ရွယ်ချက်ကို ကျနော်တို့ တော်တော်ကို ထောက်ခံတယ်။
ကျနော်တို့ ရှမ်းအရှေ့က အပစ်ရပ် စာချုပ် အစိုးရနဲ့ ချုပ်ထားတာ ၁၉၈၉ ခုနှစ်၊ ဇွန်လကနေ ချုပ်ထားတာ အခုဆိုရင် နှစ်ပေါင်း ၃၀ ရောက်ခါနီးပြီ။ ကျနော်တို့ သေနတ်သံတွေ ပြန်မကြားရတော့ဘူး။ ကျနော်တို့ ဒေသ တည်ဆောက်ရေးကိုလည်း တောက်လျှောက် လုပ်နေတယ်။ မိုင်းလားကို လာကြည့်ပါလား။ ကျနော်တို့ ငြိမ်းချမ်းရေးရဲ့ အကျိုးတွေ အပြည့်အဝ ခံစားရတယ်။
ကျနော်တို့ အရင်က ရွံ့ဗွက် မြေလမ်း၊ အခုက ကတ္တရာလမ်းတွေ အရင်က သွပ်မိုးတချပ် မရှိတဲ့ သက်ကယ် အိမ်တွေ အခု က အထပ် နှစ်ဆယ်၊ အထပ် ၁၀ အဆောက်အဦတွေ အများကြီးပဲ။ ကျောင်းတွေလည်း အရင်က မရှိဘူး။ ဘုန်းကြီး ကျောင်းမှာ ကိုရင်လေးတွေနဲ့ သွားရတယ်။ အခုကတော့ တော်တော် ခေတ်မှီတယ်။ ကောင်းတဲ့ ကျောင်းတွေ ဆေးရုံတွေ လည်း ရှိလာပြီ။ အစိုးရ လုပ်ထားတဲ့ ကုတင် ၅၀ ဆေးရုံရော၊ ကျနော်တို့ ကိုယ့်ဘာသာကိုယ် လုပ်ထားတဲ့ ဆေးရုံကြီးရော တော်တော့်ကို ပြောင်းလဲလာတယ်။
ပြည်သူ လူထုလည်း အရင်က ပိုက်ဆံနည်းနည်းလေး သုံးရင် နှမြောတယ်။ အခုက ပိုက်ဆံ ရှာရရင် ကောင်းကောင်းသုံးလို့ ရတယ်။ သူတို့ အိမ်ကို လှလှပပ ဆောက်လို့ရတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေလို့ ရတယ်။ သူတို့က အခု ပုံစံအရဆို တခြား နေရာမှာ တိုက်ပွဲဖြစ် ဒုက္ခသည် ဖြစ်တဲ့အခါ သူတို့ မြင်တာ အရမ်း စိတ်မကောင်းဘူး။ အဲဒီလို ဘဝတွေ မကျရောက် အောင် သူတို့ ဆုတောင်းတယ်။ တောင်းဆိုတယ်။
ဒါကြောင့် ကျနော်တို့ တတိယ အကြိမ် ပင်လုံညီလာခံကနေ လုပ်နိုင်တာ ဆိုရင် တတိုင်းပြည်လုံး ငြိမ်းချမ်းရေးရဖို့ အတွက် အားလုံး ဝိုင်းကြိုးစားမယ် ဆိုတော့ ပြည်သူလူထုလည်း ထောက်ခံတယ်။ ကျနော်တို့လည်း လက်ခံပြီး လာပါဝင် တက်ရောက်တာပါ။
မေး။ ။ မိုင်းလားက FPNCC မှာလည်း မဟာမိတ် အနေနဲ့ ပါနေတယ်။ အခြေအနေက ဘယ်လိုရှိပါသလဲ။ အခု တတိယ အကြိမ် ပင်လုံမှာ ပါဝင်မှာက မိုင်းလားအနေနဲ့လည်း FPNCC အနေနဲ့ ဆွေးနွေးမှုတွေ လုပ်မလား။
ဖြေ။ ။ ကျနော်တို့ကို အစိုးရ ဖိတ်တာကတော့ အဖွဲ့ ခွဲပြီး ဖိတ်ပါတယ်။ FPNCC ဆိုရင် အစိုးရက သူလက်ခံထားတာ မရှိသေးဘူး။ ကျနော်တို့ တရုတ် နယ်စပ်အဖွဲ့တွေက တရုတ်အစိုးရ အကူအညီအောက်မှာ အားလုံးက လာတယ်။ အမှန်တော့ ကျနော်တို့ ဝရော မိုင်းလားရော လုံခြုံမှု ပြဿနာက ဘာမှ မရှိဘူး။ နယ်စပ်မှာ တိုင်းရင်းသားတွေက ခွနေထိုင်ကြ တယ်။ ကချင်တွေ၊ တရုတ်တွေ၊ မြန်မာတွေ၊ တအန်းတွေလည်း ရှိတယ်။ ရှမ်း၊ အာခါတွေရောပဲ။
ကျနော်တို့ ဒီဘက်မှာ တိုက်ပွဲ ဖြစ်ရင် ဘာပဲဖြစ်ဖြစ် လူမျိုးချင်း ဂယက်ရိုက်တယ်။ တရုတ်ပြည်က ငြိမ်းချမ်းရေး အတွက် ဖွံ့ဖြိုးရေး အတွက် သူတို့ ချီတက်တဲ့ ခြေထောက်ကို ဆွဲတာ လက်မခံဘူး။ သူတို့ (တရုတ်)က ကျနော်တို့ကို တော်တော့်ကို အားပေးတယ်။ ကျနော်တို့လည်း တိုင်းပြည်အတွက် ဆိုတော့ အကျိုးရှိတယ်။ အဲဒါကြောင့် ကျနော်တို့ လက်ခံလို့ လာတာ။
ကျနော်တို့ ဝရော မိုင်းလားရော SSPP ရောက ငြိမ်းချမ်းရေးကို ဆန့်ကျင်တာ မရှိဘူး။ NCA ရောပဲ။ NCA ဆိုတာ အင်္ဂလိပ် အတိုကောက် ဖြစ်နေတယ်။ အမှန်တော့ အပစ်အခတ် ရပ်စဲရေးလေ။ ကျနော်တို့ရော ဝ ရော ၁၉၈၉ ခုနှစ် ကတည်းက နှစ်ပေါင်း ၃၀ လောက်ရှိပြီ ချုပ်ထားတာ။ အစိုးရနဲ့ တိုက်ပွဲသံတွေ တချက်မှ မတွေ့ဘူး။ နယ်မြေ ပြဿနာ ရှုပ် တာလည်း မတွေ့ဘူး။ ကျနော်တို့ အနေနဲ့ ဆန့်ကျင်တာ မရှိပါဘူး။
ဒါပေမယ့် အခု လူကြီးတွေ ပြောလာတာကတော့ အရင်က ချုပ်ထားတဲ့ စာချုပ်က လူနည်းစု နည်းနည်းရှေ့မှာ ချုပ်ထား တယ်။ အခုက ပြန်ပြင်ထားတာ ဆိုရင် နိုင်ငံတကာ အသီးသီးရော၊ လွှတ်တော်ရော၊ နိုင်ငံ့လူကြီးတွေ၊ တပ်မတော် အကြီး အကဲတွေရော အပါအဝင် တခြား နိုင်ငံရေးပါတီ အားလုံးပါဝင်တော့ လက်မှတ်ထိုးလိုက်ရင် ပိုပြီး ကြာရှည်နိုင်တယ်။ ပိုပြီး ကောင်းတယ်ပေါ့ ။ အဲဒီစကားကို ကျနော်တို့ရော ဝရော လက်ခံတယ်။ သင့်တော်တဲ့ အချိန်မှာ လုပ်မှာပါ။ ဒီလမ်းတော့ ကျနော်တို့ ရှောင်လို့ မရဘူးလေ။ ဘယ်သူမှ တနေကုန် တိုက်နေတာ မဖြစ်ဘူး။
ဝ ရော ကျနော်တို့ နယ်မြေရော အရင်က ဘယ်လောက် နောက်ကျလဲ။ အခုဆို ကောင်းလာတယ်။ ပြည်တွင်းမှာ တချို့ ခရိုင်ရော မြို့ကလေးရော တည်ဆောက်ရေးက ကျနော်တို့လောက် မရောက်ဘူး။
မေး။ ။ ဒါဆို NCA ထိုးဖို့ အလားအလာ ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ဒါတော့ ကြိုမပြောနိုင်သေးဘူး။ ညှိတော့ ညှိနှိုင်းနေပါတယ်။
မေး။ ။ မိုင်းလားအနေနဲ့ NCA ကို ထိုးဖို့ ညှိပြီး ရှေ့ကို သွားဖို့ စီစဉ်မှာလား။ FPNCC က ပြောထားသလို NCA ကို ငြင်းဆိုပြီး လမ်းသစ်တခု အနေနဲ့ သွားမလား။ မိုင်းလား သဘောက ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ကျနော်တို့ကတော့ FPNCC ထဲမှာ ဆိုရင် နိုင်ငံရေး ဆွေးနွေးဖို့ အတွက် ပြုလုပ်ထားတာ။ အခုက အဖွဲ့အစည်း နိုင်ငံရေး ရှေ့ရေး အလားအလာ အပစ်အခတ်ရပ်စဲရေး ဆိုတာက ကိုယ့်အဖွဲ့က ကိုယ်နဲ့ပဲ ဆိုင်တယ်။ အဲဒီထဲမှာ ဘာ ကြောင့် ဒီလို ဖြစ်လည်း ဆိုတော့ တိုက်ပွဲ ဖြစ်နေတဲ့ အဖွဲ့အစည်း ရှိတယ်။ ငြိမ်းချမ်းရေး ရထားတာ ရှိတယ်။ ခဏတဖြုတ် ပြဿနာ ပေါ်တဲ့ အဖွဲ့လည်း ရှိတယ်။ ပုံစံ ၃ မျိုး ဖြစ်နေတယ်။
အဲဒီ ၃ မျိုးမှာ တမျိုးမျိုးနဲ့ သွားမယ်ဆိုရင် တဖက်စွန်း ရောက်လို့ရှိရင် မကိုက်ညီဘူး။ ဒါကြောင့် ကျနော်တို့က နိုင်ငံရေး ဆွေးနွေးပွဲပဲ အဓိက ထားတယ်။ ကျန်တာကတော့ ကျနော်တို့ အချင်းချင်း ဆွေးနွေးဖို့ပဲ။ တိုက်နေတဲ့ အဖွဲ့ကို ဒီ FPNCC က ငြိမ်းချမ်းရေးထဲမှာ ဝင်အောင် ကြိုးစားဖို့ အတွက် ပဲ ပါတယ်။ သူတို့ကို ထပ်တိုက်၊ တိုက်ပွဲထပ်ဖြစ်အောင် ထောက်ခံတာ အဲဒီလို မဟုတ်ဘူး။
မေး။ ။ ဝနဲ့ မိုင်းလားတို့က မြောက်ပိုင်းက တိုက်ပွဲဖြစ်နေတဲ့ မဟာမိတ် တိုင်းရင်းသား အဖွဲ့တွေ ကို ထောက်ပံ့ ကူညီနေတာတွေ ရှိတယ်ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေတယ်။ ဒီအပေါ်မှာ ဘယ်လိုများ ပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော် သိသလောက်ကတော့ မိုင်းလားမှာ ဆိုရင် အဓိက ကိုးကန့်နဲ့ ဆိုင်တယ်။ ကိုးကန့်ဟာ ဦးဖုန်ကျားရှင်ရဲ့ သမီးဟာ ကျနော်တို့ ဥက္ကဋ္ဌ ဦးစိုင်းလင်းရဲ့ ဇနီး ဖြစ်ပါတယ်။ ဆိုတော့ ဆွေမျိုးက သွေးချင်းလည်း ဖြစ်နေတယ်။ သူတို့မှာ ဒုက္ခရောက်တဲ့အခါ ပြေးလာတဲ့ လူတွေ ရွာသားတွေကို ကျနော်တို့ လက်ခံထားတယ်။
အစကတည်းကလည်း တချို့ လာတာလည်း ကျနော်တို့ တပ်မတော်နဲ့ တင်ပြပြီးမှ သူတို့ အေးအေးဆေးဆေး နေအောင် ကျနော်တို့ ဆွေးနွေးထားတာ အဲဒါတွေတော့ ရှိတယ်။ ကျန်တာ တခြားလုပ်တာတော့ ကျနော်တို့ လက်မခံဘူး။ ဥပမာ ကျနော်တို့ ဒေသမှာ လာ လေ့ ကျင့်တာ တပ်သားသစ် စုဆောင်းတာ သေနတ်ယူပြီးတော့ ဟိုဘက်မှာ သွားတိုက်တာတို့ ကျနော်တို့ လက်မခံဘူး။ ဝ လည်း ဒီလို တောင်းဆို ထားတယ်။ သူတို့ ခဏခဏလည်း လာတာ ဆွေးနွေးတာကို ငြိမ်းချမ်း ရေး လမ်းပေါ်မှာ သွားပါ ဆိုပြီး ကျနော်တို့ တိုက်တွန်းပါတယ်။