လက်ရှိ နေပြည်တော်တွင် ကျင်းပလျက် ရှိသည့် တတိယ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁) ရာစု ပင်လုံ ကို ဇူလိုင်လ ၁၁ ရက် နေ့မှ ၁၆ ရက်နေ့အထိ ကျင်းပလျက်ရှိပြီး ယနေ့ ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်လာသည့် ကိုယ်စား လှယ်များ၏ ငြိမ်းချမ်းရေး အပေါ် မျှော်လင့်ချက်များ၊ သဘောထား အမြင်များကို နေပြည်တော်ရှိ ဧရာဝတီ သတင်း ထောက်များ ဖြစ်ကြသည့် မိုးမိုး နှင့် ကျော်မျိုး တို့က စုစည်း ဖော်ပြလိုက်ပါသည်။
ဦးခွန်မြင့်ထွန်း
ဥက္ကဋ္ဌ
ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)
ပြည်ထောင်စု သဘောတူညီမှု စာချုပ်ကို ရယူချင်တဲ့ ဆန္ဒတွေမှာ ဥပမာအားဖြင့် တပ်မတော်မှာလည်း တပ်မတော် အနေနဲ့ ၂၀၀၈ ဖွဲ့ စည်းပုံမှာ သူပြင်နိုင်လောက်တဲ့ အချက်ကို ရည်စူးပြီးတော့ ပြည်ထောင်စု သဘောတူညီချက်စာချုပ်ကို ရယူချင် တယ်။ အစိုးရကလည်း အစိုးရ သူပြင်ချင်တဲ့အချက်မှာ အခြေခံပြီးတော့ ပြည်ထောင်စု သဘောတူစာချုပ်ကို ရယူချင်တာ ရှိတယ်။
ကျနော်တို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ ချုပ်ဆိုချင်တဲ့ ပြည်ထောင်စု သဘောတူစာချုပ် က ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အပါအဝင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စု ထူ ထောင်ရေး အတွက် ပြည်ထောင်စု မူတွေ ချမှတ်ချင်တယ်။
ဒီလို အမြင်သဘောထားတွေကိုလည်း ဆက်ပြီးတော့ အကျေအလည် ညှိနှိုင်းကြရမှာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ငန်းစဉ် အကြီးပေါ့။ ပြည်ထောင်စု သဘောတူ စာချုပ်အပေါ်မှာဘယ်လိုမြင်ကြသလဲ။ ဘယ်လို ဆက်ပြီး ချုပ်ဆိုကြမလဲဆိုတဲ့ အမြင်တွေကို ဆက်လက် ဆွေးနွေးပြီးရင်တော့ ကျန်တဲ့ ခေါင်းစဉ်ငယ်တွေကို ဆွေးနွေးရတာ လွယ်သွားမှာ ဖြစ်ပါတယ်။
ကျနော်တို့က သဘောတူ စာချုပ်တွေ ချုပ်ဆိုတဲ့ အခါ အားလုံးပါဝင်ရေးမူကို ကြိုးပမ်း ဆောင်ရွက်နေတယ်။ အားလုံး မပါနိုင်သေးရင်လည်း ကျနော်တို့ ချုပ်ဆိုတဲ့မူတွေ၊ သဘောထားတွေက အားလုံးလက်ခံနိုင်တဲ့ မူတွေဖြစ်ရေးကို ကြိုးပမ်း ပြီး ဆောင်ရွက်နေပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က နိုင်ငံရေးဆွေးနွေးမှုတွေနဲ့ ဆက်လက်ပြီး ရှင်သန်နေတယ်။ အဲဒီ ရှင်သန်မှုက ရပ်တန့် မသွား ဘူး။ အဲဒါက ကျနော်တို့အတွက် ပထမရတဲ့ အခြေခံအချက် ဖြစ်ပါတယ်။ ဒီငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ နိုင်ငံရေး ဆွေးနွေးမှုတွေနဲ့ ဆက်သွားနိုင်ဖို့ ဒီနေ့ အခြေခံကောင်းတွေ ရရှိတာဖြစ်ပါတယ်။ ဒီကနေဆက်ပြီး ရေရှည်မှာ တော်တော် များများ ပြောပြီး များများ လုပ်ကြရဦးမှာပါ။
ဦးစိုင်းအိုက်ပေါင်း
ဥက္ကဋ္ဌ
ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)
နိုင်ငံရေးဆွေးနွေးပွဲက၂ ခုပဲ ရှိတာကိုး။ နောက်ပိုင်းကျ သဘောတူညီချက် ရသွားရင်တော့ ကောင်း သွားမှာပေါ့။ အမျိုး သမီး အတွက်ရော၊ လူ့အခွင့်အရေး အတွက်ရော အားလုံး ပါရမယ်လေ။ အခု NCA ကလည်း နောက်ပိုင်း ကျရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေးဆွဲရေးမှာ အထောက်အကူ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားတယ်လေ။
ပဋိပက္ခကတော့ အမှန်က မဖြစ်သင့်တော့ဘူး။ လွတ်လပ်ရေး ရကတည်းက လက်နက်ကိုင် ပဋိပက္ခ ဖြစ်လာတာ။ တိုင်းရင်း သား ညီအစ်ကို အချင်းချင်း နိုင်ငံရေး စားပွဲဝိုင်းမှာ ဆွေးနွေးတာ အကောင်းဆုံးပဲ။ ဒီလိုမျိုး နိုင်ငံရေး ဆွေးနွေးပွဲ စကားဝိုင်း တွေကို မလာဘူး ဆိုရင်တော့ ဘယ်တော့မှ မပြီးဆုံးနိုင်ဘူး။ မပြီးဆုံးနိုင်လို့ အာဆီယံ ၁၀ နိုင်ငံထဲမှာ လက်နက်ကိုင် ပဋိပက္ခ ဖြစ်လို့ အဆင်းရဲဆုံး၊ အနောက်ကျဆုံး ဖြစ်နေတယ်။ တဦးချင်း ဝင်ငွေ ဖြစ်ဖြစ်၊ ဂျီဒီပီ ဖြစ်ဖြစ် ကျနော်တို့ နိုင်ငံက အာဆီယံမှာ အောက်ဆုံးမှာ။ မြန်မြန် ငြိမ်းချမ်းရေး ရမှ ပြန်တက်မယ်။
ဖဒိုစောကွယ်ထူးဝင်း
ဒု ဥက္ကဌ
ကရင် အမျိုးသား အစည်းအရုံး(KNU)
ကျနော်တို့ရဲ့ မူကတော့ နဂိုကတည်းက ခွဲထွက်ဖို့အတွက် ဆောင်ရွက်တာ မဟုတ်ဘူး။ စုပေါင်း နေထိုင်ကြဖို့အတွက်ပဲ။ သို့သော်လည်း ဒီစာသားမှာ တခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ ကျတော့ သိပ်ပြီး sensitive ဖြစ်တဲ့ ကိစ္စပေါ့နော်။ ထိလွယ်ရှလွယ်တဲ့ စကားလုံး အပေါ်မှာ တချက်က ခွဲမထွက်ရေး ဆိုတာက အခြေခံမူ၊ နိုင်ငံရေး သဘောတူ ညီချက် ဖြစ်တယ်။ နောက်တခုက နိုင်ငံရေး ကတိကဝတ် တခုလည်း ဖြစ်တယ်။ ဒါ သီးသန့် ဆွေးနွေးမှု လုပ်ရမယ့် ကိစ္စ ဖြစ်တယ်။ ဖက်ဒရယ် အခြေခံမူထဲမှာ ခွဲမထွက်ရတို့ ခွဲထွက်တာတို့ဆိုတာလည်း လုံးဝ မပါဘူး။ မဖြစ်သင့်ဘူးလို့ အဲဒီလိုပဲ မြင်ပါတယ်။
ဒေါက်တာ စန်းစန်းအေး
ညွှန်ကြားရေးမှူးချုပ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန
ကျား/မ တန်းတူ ညီမျှရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာ ပြဋ္ဌာန်းချက်တွေ ရှိတာပေါ့။ ကျားမ တန်းတူရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ (UN Security Council) ရဲ့ Resolution ၁၃၂၅ မှာတော့ စာကြောင်း တကြောင်း ထည့် ထားတယ်။ ၃၀ ရာခိုင်နှုန်း ပါဝင်သင့်တယ်လို့ နိုင်ငံတွေကို တိုက်တွန်းတဲ့ အနေအထားတွေ ရှိတယ်။ ဒါက တကမ္ဘာလုံး မှာလည်း ဘယ်သူမှလည်း အဲဒီလောက်ကြီး မီအောင် မလုပ်နိုင်သေးဘူး။ ဒါပေမယ့် ကြိုးစားနေ ကြတာပေါ့လေ။
ကျမ အမြင်ကို ပြောမယ်ဆိုရင်တော့ အမျိုးသမီးပဲ ဖြစ်ဖြစ် အမျိုးသားပဲ ဖြစ်ဖြစ် နိုင်ငံကို ဖွံဖြိုးတိုးတက်အောင် လုပ်နိုင်တဲ့ သူတွေ ဆိုရင် မခွဲခြားဘဲနဲ့ ပါလာသင့်တယ်လို့ ယူဆပါတယ်။ အမျိုးသမီးထုတွေ အားလုံး ကိုယ်စားလည်း ပြောချင်ပါ တယ်။ အားလုံး ကိုယ်စီ ကိုယ်စီ အရည်အချင်းတွေ ရှိကြပါတယ်။ အရည်အချင်းတွေကို ဖော်ထုတ်နိုင်တဲ့ စွမ်းအားတွေ ဖော်ထုတ်ဖို့ အခွင့်အလမ်း ပေးလာမယ် ဆိုရင် အမျိုးသမီးတွေထဲမှာလည်း သူ့ရဲ့ Talent တွေ အများကြီး ရှိတယ်။ နိုင်ငံ တော်တော်များများမှာ အမျိုးသမီးနဲ့ အမျိုးသားဆိုရင် အမျိုးသမီးတွေရဲ့ ရာခိုင်နှုန်း နည်းနည်းလေး များပါတယ်။ နိုင်ငံရဲ့ ထက်ဝက်ကျော် လူဦးရေရှိတဲ့ အမျိုးသမီးထုပါ ပါဝင်ဖို့ လုပ်လိုက်လို့ရှိရင် နိုင်ငံဖွံ့ဖြိုးရေး အတွက် ပိုကောင်းသွားမယ်လို့ မြင်ပါတယ်။
ဦးမင်းကိုနိုင်
ဦးဆောင် အဖွဲ့ဝင်
ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း
ဖြစ်ရပ်တွေ အကုန်လုံးကို သုံးသပ်တဲ့ အခါမှာ အရေးပါဆုံး ပုဂ္ဂိုလ်တွေရဲ့ မိန့်ခွန်းတွေကအစ သုံးသပ်စေချင်တယ်။ အဲဒီမှာ အကြောင်း အရာတွေ အများကြီးပါမယ်။လူတွေရဲ့ စိတ်သဘောတွေ အများကြီးပါပါမယ်။ အခြေအနေတရပ်ကိုတော့ အနည်းဆုံး ညွှန်ပြနိုင်တယ်။ သတင်းထောက်တွေ အနေနဲ့ အစည်းအဝေး ခန်းမတွေကို ဝင်ခွင့် မရှိရင်တောင်မှ ပြောတဲ့ စကားတွေကို မူတည်ပြီးတော့ သုံးသပ်ပါ။ အဲဒါ တိုင်းပြည်ရဲ့ အခြေအနေတချို့ကို လှစ်ပြနေပါတယ်။
လုပ်ငန်းစဉ် သဘောအရ ပြောရမယ် ဆိုရင်တော့ NCA မှာ လက်မှတ်ထိုးလိုက်ခြင်းက ပိုပြီး သွက်လက် မြန်ဆန် လိမ့်မယ် ဗျ။ ကျနော် လတ်တလော မထိုးနိုင်သေးတဲ့ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ပါတယ်။ သူတို့အခက်အခဲတွေကိုလည်း နားထောင်ကြည့်တယ်ပေါ့နော်။ အဖွဲ့ အစည်းတိုင်းဟာ အကြောင်းပြချက်ကိုယ်စီနဲ့ နေရာမျိုးစုံမှာ ရပ်တည်နေကြရတာ။ သေချာတာကတော့ ဒီနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းနဲ့ ပတ်သက်ရင် ပြည်တွင်းစစ် အကြောင်းပြောရင် ဘယ်သူမှ တရားခံ မဖြစ်ချင်ဘူး။ ဗီလိန်မဖြစ်ချင်ဘူး။ ဒါပေမယ့် ဖြစ်မှန်းမသိလည်း မဖြစ်စေချင်ဘူး။
စဉ်းစားကြတဲ့ နေရာမှာ အမျိုးမျိုး ရှိပါတယ်။ အင်အားအပေါ် အခြေခံပြီး စဉ်စားတဲ့သူက အင်အားအကြောင်း ပြောတယ်။ တရား အပေါ်အခြေခံတဲ့သူက တရားအကြောင်း ပြောလိမ့်မယ်ဗျ။ နိုင်ငံတခုရဲ့ သမိုင်းကြောင်းနဲ့ ပြောကြမယ်။ ပြန်ပြီး တော့ ငြင်းကြ ခုံကြမယ်ပြောကြမယ် ဆိုရင် ဓမ္မအကြောင်း ပြောတဲ့သူက ပြောမယ်။ အင်အားအကြောင်း ပြောတဲ့သူက ပြောမှာပေါ့။ အကောင်းဆုံးကတော့ အင်အား အားလုံးဟာ ဓမ္မလမ်းကြောင်းပေါ်မှာ ရှိဖို့လိုတယ်။ အဲဒါ တထပ်တည်း ကျသွားဖို့ လိုတယ်။
မန်းငြိမ်းမောင်
ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်
ကရင် အမျိုးသား အစည်းအရုံး (KNU)
နှစ်ပေါင်း ၆၀ ကျော် လက်နှက်ကိုင် ပဋိပက္ခ ဖြစ်ခဲ့တဲ့ တိုင်းပြည် တပြည်၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ပြိုကွဲတဲ့ တိုင်းပြည် တပြည်၊ ယုံကြည်မှု ပျောက်ဆုံးနေတဲ့ တိုင်းပြည် တပြည်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးကို အင်မတန်မှ ခက်ခက်ခဲခဲ တည်ဆောက်နေရတဲ့ တိုင်းပြည် တပြည်၊ ဒီငြိမ်းချမ်းရေး ညီလာခံကို ကျနော်တို့ အားရ ကျေနပ်ကြောင်း မရှိသော်လည်းဘဲ နိုင်ငံရေး အနှစ်သာရကို ကြည့်ရင် အများကြီး ငြိမ်းချမ်းရေး အတွက် အထောက်အကူ ဖြစ်တယ်။ ကျနော်တို့ ဒီတပွဲတည်းနဲ့ ပြီးမှာ မဟုတ်ဘူး။
ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံဆိုတာ အကြိမ်ပေါင်းများစွာ ကျနော်တို့ ကျင်းပရမည့် ဖြစ်တဲ့ အခါကျတော့ ရှေ့ဆက် သွားမယ့် ခရီးအနေနဲ့ တလှမ်းချင်းသွားရမှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးက အဝေးကြီး ကျန်သေးတယ်လေ။ ဒီတပွဲ အနေနဲ့ တော့ အားရစရာ မရှိဘူး။ နိုင်ငံရေး အရ အေးအေးချမ်းချမ်းနဲ့ ဂုဏ်သိက္ခာရှိရှိနဲ့ ကျနော်တို့နိုင်ငံ အတွက် ကောင်းမွန်တဲ့ ရလဒ် တခု ဖြစ်ပါတယ်။
နှိုင်းယှဉ်ချက် အရပြောရင် အရင်အစိုးရက ငြိမ်းချမ်းရေး၊ တပြည်လုံး အပစ်အခတ် ရပ်စဲရေး၊ တိုင်းရင်းသားတွေရဲ့ လက် နက်ကိုင် ပဋိပက္ခတွေကို ဒီသဘောညီချက် ရအောင် ကြိုးပမ်း နိုင်ခဲ့ပါတယ်။ ဒီအစိုးရ တက်လာတာ ၂ နှစ်ကျော်ပြီ။၂ ဖွဲ့ပဲ ရသေးတယ်။ ပထမ အချက် အားသာချက်က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကို ရအောင် ဖြစ်ပေါ်နိုင်အောင် တပြည်လုံး အပစ် အခတ် ရပ်စဲရေး ကို ချုပ်ဆိုနိုင်ခဲ့တယ်။လက်နက်ကိုင် ပဋိပက္ခတွေကို မြန်မာပြည်တောင်ပိုင်း တခုလုံး ချုပ်ငြိမ်းလုနီးပါး လုပ်ပေးနိုင်ခဲ့တယ်။ ဒါကို တိုးတက်မှု တခု အောင်မြင်မှု တခုလို့ မြင်ပါတယ်။ ဒါဟာ နှိုင်းယှဉ်ချက်အရ မြင်တယ်လို့ ပြောတာ ဖြစ်ပါတယ်။
ဦးမင်းဇင်
အမှုဆောင် ဒါရိုက်တာ
မဟာဗျူဟာနှင့် လေ့လာရေး သုတေသန အဖွဲ့
ဒုတိယအကြိမ် ပင်လုံနဲ့ တတိယအကြိမ် ပင်လုံကြားထဲမှာ အချိန်အများကြီး ခြားခဲ့တာပေါ့နော်။ ကြားထဲမှာလည်း လုပ်ရတဲ့ သူတွေ အခက်အခဲ အများကြီး ရှိတယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ကျနော်တို့ စိတ်ပူပန်တာ တခုက အခုသိရ သလောက် ကတော့ နိုင်ငံရေး အရ ရင်ဝလှံစူး၊ ငယ်ထိပ်မီးလောင် ဖြစ်နေတဲ့ စိတ်ပူနေတဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ ထက်စာ ရင်တော့ တချို့ အရေးမကြီးဘူးတော့ မဟုတ်ဘူး အရေးကြီးတယ်။ ကျားမ တန်းတူရေးလို ကိစ္စမျိုး၊ ကျနော် ပြောချင်တာ က လောလောဆယ်ကို ဖြစ်တဲ့ ကိစ္စမျိုးတော့ မဟုတ်ဘူးပေါ့နော်။
ဒီလို ကိစ္စမျိုး ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်လို ကိစ္စမျိူးတွေ မဆွေးနွေး ဖြစ်ဘူးဆိုရင် တစုံတရာတော့ အားလျော့မှာ ဖြစ်ပါတယ်။ ဒီလို တွေ့ဆုံမှုတွေက တကယ်တမ်းကျတော့ တရားဝင် မီးတွေ ဝိုင်းထိုးပြီး ကင်မရာတွေ အောက်မှာ လုပ်ရတာ တခုတည်း ကို ကြည့်လို့ မရပါဘူး။ အလွတ်သဘော ဆွေးနွေးမှုတွေ အများကြီး ရှိနေပါတယ်။
မြောက်ပိုင်းက အဖွဲ့တွေ ရောက်လာတယ်။ ဒါလည်း ကောင်းတဲ့ လက္ခဏာပါပဲ။ ထိုးပီးသား အဖွဲ့တွေလည်း ရှိတယ်။ ဒီလို အလွတ် သဘော ဆွေးနွေးမှုတွေက ဘယ်လို ဆက်ဆံရေး ကောင်းတွေ ထွက်လာမလဲ။ ယုံကြည်မှုတွေ တည်ဆောက် နိုင်သလဲ။ ကျနော်တို့ စဉ်းစားဖို့ လိုပါတယ်။ ဒါကြောင့် ကျနော်တို့ မျှမျှတတ ပြောမယ်ဆိုရင် တရားဝင် မီးရောင်တွေ အောက်က ကင်မရာတွေ အောက်က ပွဲကို မကြည့်ဘဲနဲ့ အလွတ်သဘော ဆောင်ရွက်ခြင်းဟာ ယုံကြည်မှုတွေ၊ မျှော်လင့် ချက်တွေ ကောင်းမယ်လို့ ထင်ပါတယ်။
မိငွေလေး
ပါဝင်သင့် ပါဝင်ထိုက်သူ
မွန်ပြည်နယ်
ကျားမ တန်းတူရေးထဲမှာ ၃၀ ရာခိုင်နှုန်း ပါတာတော့ ပါပါတယ်။ အခု ဆွေးနွေးရမယ့် အရာက အဲဒီထက် ပိုပြီး ဆွေးနွေးဖို့ လိုတယ်လို့ ကျမ မြင်ပါတယ်။ အကြမ်းဖက်မှု ကိစ္စတွေကို ဒီအချိန်မှာ ဆွေးနွေးဖို့ အတွက် သိပ်အချိန် မပေးထားတော့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ ဘက်က တကယ့်ကို ဥပဒေ အနေနဲ့ တကယ် ထိရောက်စွာ လိုနေပြီ ဆိုတဲ့ အနေ အထား ဖြစ်ပါတယ်။
ညီလာခံက ဘာတွေ မျှော်လင့်လဲ ဆိုတော့ ကျားမ တန်းတူရေးလို့ ပြောပေမယ့် ဆွေးနွေးရမယ့် အချက်က ၂ ချက်ပဲ ရှိ တယ်။ မလုံလောက်ဘူးလို့ မြင်ပါတယ်။ ဆွေးနွေးရမယ် ဆိုရင် အကြမ်းဖက်မှုကို ထိရောက် စနစ်နဲ့ ဥပဒေပြုဖို့ လိုပါ တယ်။
ဦးတာလှဖေ
ဗဟို အလုပ်မှုဆောင် ကော်မတီဝင်
ပလောင် (တအန်း) အမျိုးသား ပါတီ
အင်တိုက်အားတိုက် ဝီရိယ စိုက်ပြီးတော့မှ လုပ်နေပါတယ်။ နှေးတာ မြန်တာ ကတော့ ဒါတွေ့ကြုံရတဲ့ အခက်အခဲ၊ ရင်ဆိုင် ရတဲ့ ပြဿနာလေးတွေတော့ ရှိပါတယ်။ အခု ဝိုင်းတွန်း နေကြပါတယ်။ အဲဒီ အရွေ့ဟာ အနှေးနဲ့ အမြန် ကျနော်တို့ရဲ့ လိုချင်တဲ့ ပန်းတိုင်ကိုတော့ ရောက်တော့မှာပါ။
ဒုတိယ ပင်လုံတုန်းက သဘော တူညီချက် ၃၇ ချက် ပြည်ထောင်စု သဘောတူ စာချုပ် ချုပ်နိုင်ခဲ့တယ်။ အခုမှာ ၁၄ ချက် လောက် ရမယ်ဆိုရင်တော့ အချက်ပေါင်း ၅၀ ဖြစ်သွားမယ်။ တဖြည်းဖြည်းနဲ့ ကျနော်တို့ အခြေခံ ဥပဒေ အပေါ်မှာ ပြုပြင် ပြောင်းလဲချင်တာလေးတွေ တည်ဆောက် ချင်တာလေးတွေ၊ ကျနော်တို့ အနာဂတ် ပြည်ထောင်စု အတွက် လိုအပ်မယ့် အကြောင်းအရာ အချက်များကို တဖြည်းဖြည်းနဲ့ပဲ ကျနော်တို့က စုစည်းလာနိုင်မယ်လို့ မျှော်လင့်ပါတယ်။
အမျိုးသမီးများ ခွဲခြား ဆက်ဆံ ခံရတာက ရှုထောင့် အမျိုးမျိုးက ကြည့်ရမှာ။ ဘာသာရေးမှာလည်း ခွဲခြားခံရတာ။ လူမှုရေး မှာလည်း ခွဲခြားတာ ရှိတယ်။ လူမျိုးချင်း အလိုက်၊ ဒေသချင်း အလိုက်မှာ ခွဲခြားခံရတာ တွေ့တယ်။ အကုန်လုံးကိုတော့ ဆန်စင်ရာ ကျည်ပွေ့တော့ လိုက်နိုင်မှာ မဟုတ်ပါဘူး။ ရနိုင်သလောက်ကို ကျနော်တို့က ဆွဲပြီး ကိုင်တွယ်မယ်။ ရလဒ် ကောင်းတွေ ထွက်ပေါ်နိုင်အောင် ကြိုးစားနေတာပါ။
ဒေါ်ထုမေ
အမျိုးသား လွှတ်တော် ကိုယ်စားလှယ်
ရခိုင်အမျိုးသား ပါတီ (ANP)
ကျားမ တန်းတူရေးဟာ Process တခုပေါ့နော်။ ဒီမိုကရေစီစနစ်မှာ ကျားမ တန်းတူ ဖြစ်ဖို့ အတွက် ပါဝင်ရမယ့် ဟာသည် အဓိက ကျတယ်။ အရေးကြီး ကဏ္ဍ တခုတည်းမှာ ပါတယ်။ ကျမတို့ မြန်မာနိုင်ငံရဲ့ အခြေအနေအရ နိုင်ငံရေး ဘက်က ကြည့်ပြီး ပြောမယ် ဆိုရင် လက်ရှိအခြေ အနေမှာ တပြိုင်နက်တည်းမှာ လုပ်ရမယ်။ အမျိုးသမီး ကဏ္ဍရယ်လို့ သီးသန့် လုပ် တာထက် တမျိုးသားလုံး က အရေးက ပို အရေး ကြီးတယ်လို့ ကျမ အနေနဲ့ မြင်ပါတယ်။ ဒါကြောင့် အမျိုးသမီး ကဏ္ဍ သီး သန့်ရယ်လို့ လုပ်တာထက် တနိုင်ငံလုံး အခန်းကဏ္ဍ ကို ပိုအရေးကြီးတယ်လို့ မြင်ပါတယ်။ ဒါကြောင့် အမျိုးသမီး ကဏ္ဍ သီးသန့် လုပ်တာထက် တနိုင်ငံလုံး အရေးကို ကြိုးပမ်းမယ်။ ကျွဲကူး ရေပါ ဆိုသလို ရေမြင့်ရင် ကြာမြင့်မှာ ဖြစ်ပါတယ်။
တကယ်လို့သာ အမျိုးသမီးကဏ္ဍ ဆွေးနွေးရမယ်ဆိုရင် အမျိုးသမီးများဘဝ ကျေးလက်မှာ ဆိုရင် ကျေးလက် လုပ်ငန်းခွင် ကနေပြီးတော့ အလုပ်လုပ် နိုင်အောင် ကိုယ့်ခြေထောက်ပေါ် ရပ်နိုင်အောင် အစိုးရက အထောက်အပံ့ လိုပါတယ်။ ဒါလည်း မူဝါဒ တရပ် ရေးဆွဲဖို့ လိုပါတယ်။ ဒါကြောင့် အမျိုးသမီးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် အမျိုးသမီးများသည် အမျိုးသားများ ကဲ့သို့ ဝင်ငွေရှာနိုင်သော အမျိုးသမီးငယ်များ၊ မိခင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ကျေးလက် ဒေသကနေ မြို့ပြ အထိ ပါဝင်လာဖို့ အတွက် အစိုးရက မူဝါဒ ချမှတ်ပြီးတော့ ကြိုးပမ်း ဆောင်ရွက်ရမယ်။
ငြိမ်းချမ်းရေး ကဏ္ဍတွေမှာ အမျိုးတွေရဲ့ အခန်းကဏ္ဍက အရေးကြီးတယ်။ ဘယ်လို နေရာမှာ ပိုအရေးကြီးလဲ ဆိုရင် မငြိမ်းချမ်းတဲ့ နေရာ ဒေသမှာ အမျိုးသမီးများသည် လူကြီးများကို စောင့်ရှောက်ရတယ်။ သူတို့ အမျိုးသားတွေကိုလည်း စောင့်ရှောက်ရတယ်။ သူတို့ ကလေးတွေရဲ့ အနာဂတ်ကိုလည်း စောင့်ရှောက်ရတယ်။ ဒါကြောင့် တကယ်တမ်း မငြိမ်းချမ်း တဲ့ ဒေသတွေမှာ ဆိုရင် ငြိမ်းချမ်းရေးမှာ အမျိုးသမီး ပါဝင်ရမယ် ဆိုတာထက် မငြိမ်းချမ်းတဲ့ နေရာမှာ ရာက်နေကြတဲ့ အမျိုးသမီးများရဲ့ ဘဝများ၊ သူတို့ရဲ့ မိသားစုကို ကာကွယ်ဖို့ အတွက် အရေးကြီးပါတယ်လို့ ပြောချင်ပါတယ်။
ဦးညီပု
ရခိုင်ပြည်နယ် ဝန်ကြီးချုပ်
ဒီညီလာခံကနေ ငြိမ်းချမ်းရေး တော်တော်ကိုလည်းပဲ အခြေအနေတွေ ကောင်းပါတယ်။ ရလဒ်ကောင်းတွေ ရလာနိုင် တယ်လို့ မျှော်လင့်ပါတယ်။ ငြိမ်းချမ်းရေး အတွက်ဟာ ရခိုင်တင် မကဘဲ တနိုင်ငံလုံး တမျိုးသားလုံး အတွက် အကောင်း ဆုံး ဖြစ်ပါတယ်။ ဒီညီလာခံ ကနေ တော်တော်ကို ရလဒ်ကောင်းတွေ ရလာနိုင်တယ်လ့ို မျှော်လင့်ပါတယ်။
ဦးဦးလှစော
ရခိုင် အမျိုးသားပါတီ (ANP)
ရှေ့ကဟာတွေနဲ့ စာရင်တော့ ဒီညီလာခံကို သိပ်တော့ စိတ်တိုင်းမကျဘူး။ ဒုတိယ အကြိမ်ထက် တတိယ အကြိမ်က ပိုကောင်းရမယ်။ တတိယ အကြိမ်ထက် စတုတ္ထ အကြိမ်က ပိုကောင်းရမယ် ပိုပြီးတော့ မျှော်လင့်တာပေါ့။ နောက်ကို နည်းနည်းဆုတ်သွား သလို ခံစားရတယ်။
သူတို့ အမြဲတမ်း ပြောနေတယ်။ ယေဘုယျ လမ်းကြောင်း ဆိုပေမယ့် ကြားထဲမှာ အရှိတရားက ပြဿနာတွေ ရှိနေတဲ့ အတွက်ကြောင့် Process က နှေးနေတယ်။ အဲဒီတော့ နှေးနေတာကို တာဝန်ရှိတဲ့ ခေါင်းဆောင်တွေက နည်းနည်း ဝေဖန် ရေး လုပ်ဖို့တော့ ကောင်းတယ်။ အဲဒါတွေ မပါတော့ ကျနော်တို့က ဖြစ်ချင်တဲ့ လမ်းကြောင်းပြော၊ ဖြစ်ချင်တဲ့ လမ်းကြောင်း ပြော တကယ်တမ်း ဖြစ်ချင်တဲ့ လမ်းကြောင်းက တကယ်တမ်း ကျတော့ ဖြစ်လာတာ မဟုတ်ဘူး။ အဲဒါ ဒီဟာကို စိန်ခေါ် ချက်တွေ၊ အားနည်းချက်တွေကို ရဲရဲရင့်ရင့် ဝေဖန်ပြီးတော့ မိမိကိုယ်လည်း ဝေဖန်၊ သူများလည်း ဝေဖန်ပြီးတော့ ပြောဖို့ ကောင်းတယ်။
အခုက သိပ်ပြီးတော့ မထူးမခြားနားတဲ့ မိန့်ခွန်းတွေလိုပဲ မြင်တယ်။ အရင်တုန်းကရော အခုပဲ အဲလိုပဲ မြင်တယ်။ ဒါပေမယ့် ဖြစ်စဉ်ကတော့ ကျနော်တို့ အရှိန်အဟုန် မရဘဲနဲ့ပဲ နည်းနည်း နှေးသလို ဖြစ်နေတယ်။ ကျနော်တို့ ပြည်ထောင်စု ငြိမ်းချမ်း ရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ (UPDJC) မှာလည်း ဒီလိုပ ဲအောက်က ကော်မတီက တက်လာတဲ့ ဆုံးဖြတ်ချက်တွေကို UPDJC မှာ ဆွေးနွေးတဲ့အခါ တိုးတက်မှု မရှိဘူး။ ခိုင်ခိုင်မာမာကြီး ထွက်မလာဘူး။ ဒီပင်လုံမှာ ဆွေးနွေးမယ့် အကြောင်း အရာတွေက နိုင်ငံရေး အကြောင်းအရာတွေ ဆွေးနွေးမယ့် အကြောင်းအရာ ဆိုရင် Gender ကို လျော့ကျသွားတာ အဲဒါ မျိုးတွေပေါ့။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပြောင်းသင့်ပြီလို့ ထင်ပါတယ်။ တခုခု Review လုပ်ရမယ်လို့ ထင်ပါတယ်။ အားနည်းနေပြီ။ ဒီအတိုင်းသာ သွားမယ်ဆိုရင် နောက်ထပ် ပိုပြီး အားနည်းသွားနိုင်တယ်။ ဒါပြန်ပြီး သုံးသပ်ရမယ်။ ကျနော်တို့ ဘာလို အရှိန် ကျသွားသလဲ ဘာလို့ ၁ နှစ်ကြာသလဲ။
ကျနော့်မှာ တာဝန်ရှိသလဲ UPDJC မှာ တာဝန်ရှိသလား။ တပ်မှာပါတဲ့ သူမှာ တာဝန်ရှိသလား။ ကိုယ်စားလှယ်တွေမှာ တာဝန်ရှိသလား၊ NLD မှာ တာဝန်ရှိသလား။ UPDJC မှာ ၃ ပွင့်ဆိုင် ရှိတယ်။ အဲဒါ အားနည်းချက်တွေ ရှိရမယ်။ အားနည်းချက်တွေကို အပြုသဘောဆန်တဲ့ ဝေဖန်ချက်တွေ ရှိရမည်။ နောက်တခုက UPDJC အတွေ့အကြုံအရ ဆိုရင် UPDJC မှာဆွေးနွေးကျတဲ့ အခါ အဆုံးအဖြတ်ပေးနိုင်တဲ့ သြဇာရှိတဲ့သူက အားနည်းနေသလိုပဲ။ ။