ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) သည် တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို ၂၀၁၅ ခုနှစ်၊အောက်တိုဘာ ၁၅ ရက်က လက်မှတ်ရေးထိုးထားသော ရခိုင်လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။ NCA လက်မှတ်ထိုးထားခြင်းကြောင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ (လူမျိုးအလိုက်) ကို ကျင်းပခွင့် ရှိသော်လည်း ယနေ့တိုင် ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခွင့်မရသေးဘဲ ဖြစ်နေသည်။ ထို့ကြောင့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခွင့် မရဘဲ ညီလာခံ တက်ရောက်နေရာ ရခိုင် တိုင်းရင်းသားများ အရေးကို မည်သို့ တင်ပြသွားမလဲ အပါအဝင်၊ ဆွေးနွေးပွဲ ကျင်းပနိုင်ခြင်း မရှိသည့်တိုင် ညီလာခံတွင် ပါဝင်နေရခြင်း အခြေအနေ၊ တန်းတူ ညီမျှရေးအပေါ် မည်သို့ သဘောထား ရှိသည်၊ အမျိုးသမီးများ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ရေး မည်သို့ လမ်းဖွင့်ပေးသင့်သလဲ စသည့် အခြေအနေများနှင့် ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ ဗဟိုကော်မတီဝင် ဒေါ်စောမြရာဇာလင်းကို ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက တွေ့ဆုံ မေးမြန်းထားသည်။
မေး။ ။ ALP အနေနဲ့ ရခိုင်အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ကျင်းပခွင့်မရသေးဘူး၊ ညီလာခံ ကလည်း တတိယအကြိမ် ရောက်ပြီ။ ရခိုင်တိုင်းရင်းသားသားတွေရဲ့ လိုလားချက်နဲ့ပတ်သက်ပြီး ဘယ်လိုမျိုး တောင်းဆိုသွားဖို့ ရှိပါသလဲ။
ဖြေ။ ။ လုံးဝ စိတ်မကောင်းပါဘူး။ ကျမတို့က ကျယ်ပြန့်တဲ့ အနေအထား တခုခုကို ရရှိပြီးတော့မှ တမျိုးသား လုံးရဲ့ ဆန္ဒပါဝင်တဲ့ ဆွေးနွေးမှုတွေကို ရရှိဖို့အတွက် ကျမတို့ အကြိမ်ပေါင်းများစွာ တွေ့လိုက်ရပါတယ်။ ဒါပေမယ့် ရခိုင်တွေရဲ့ ဒေသအနေအထားအပေါ်မှာ မူတည်ပြီးတော့ ခွင့်ပြုချက် လုံးဝ မရခဲ့ပါဘူး။
အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ မရသော်ငြားလည်း လူထုတွေ့ဆုံပွဲလောက်ကိုတော့ ကျမတို့ ရဖို့အတွက် အများကြီး ကြိုးစားခဲ့တယ်။ ဒါလည်း ကျမတို့ မအောင်မြင်ခဲ့ဘူး။ ဒါပေမယ့် ကျမတို့က ဒီနေရာမှာ ကျမတို့ သက်သေပြတယ်။ ကျမတို့ ငြိမ်းချမ်းရေးကို ဘယ်လောက်လိုချင်လဲ၊ ကျမတို့ကြိုးစားတာသည် ပြည်သူ လူထု တရပ်လုံးအတွက် ဖြစ်တယ်။
ဒီငြိမ်းချမ်းရေးက တဆင့် သာယာအေးချမ်းတဲ့ တိုင်းပြည်ကြီးတခု ကျမတို့ တည်ဆောက်နိုင်ဖို့အတွက် ကျမတို့ရဲ့ စွမ်းအား၊ ကျမတို့ရဲ့ ကြိုးပမ်းမှုကို ဒီညီလာခံမှာ ဖြည့်ပေးဖို့လိုအပ်တယ်။ အဲဒါကြောင့်မို့လို့ ကျမတို့ က ဆန့်ကျင်ဘက် လမ်းကို မသွားဘူး။ အဲဒါ ကျမတို့ရဲ့ သက်သေပဲ။ ကျမတို့ ပြည်သူလူထု တရပ်လုံးရဲ့ သာယာဝပြောရေးနဲ့ ပြည်ထောင်စုကြီး တရပ်လုံးမှာ တိုင်းရင်းသား အားလုံး တန်းတူညီမျှ နေထိုင်ဖို့အရေးကို ညီလာခံက ထွက်ပေါ်လာတဲ့ ရလဒ်တွေနဲ့အညီ ကျမတို့ တည်ဆောက်သွားဖို့ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီနေရာ မှာ ကျမတို့ ပါဝင်ဖို့အတွက် ကြိုးစားခဲ့တယ်။ ကြိုးစားတဲ့အချိန်အခါမှာ ကျမတို့ ပါတီတွင်းမှာ ကျင့်သုံးနေတဲ့ ပေါ်လစီကို ရေးသားပြီးတော့မှ ပေးသွင်းခဲ့တာဖြစ်ပါတယ်။
အဲဒီလို ကြိုးစားတဲ့အခါမှာ တခြားသော အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲ ရနှင့်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အများကြီး ကွာဟမှု ရှိလား၊ မရှိဘူးလားဆိုတာ ကျမတို့ သေချာ စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးပြီးမှ ကျမတို့ ဒီညီလာခံကို တင်လိုက်တာ ဖြစ်ပါတယ်။
မေး။ ။ ရခိုင်တိုင်းရင်းသားတွေရဲ့ လိုလားချက်ကို တင်ပြခွင့်မရသေးတဲ့ အခါကျတော့ တန်းတူရေးဆိုတဲ့ နေရာမှာ ဘယ်လိုမျိုး မေးခွန်းထုတ်စရာတွေ ဖြစ်နေမလဲ။
ဖြေ။ ။ တန်းတူ ညီမျှမှု ဆိုတဲ့ နေရာမှာ ကျမတို့ အများကြီး မေးခွန်းထုတ်စရာတွေ ဖြစ်နေပါတယ်။ တဖက်မှာ ကြည့်လိုက်ပြီဆိုရင်လည်း ကျမတို့ တိုင်းပြည်ရဲ့ အနေအထားဟာ နိုင်ငံတကာရဲ့ ဖိအားအောက် မှာရှိတယ်။ ဒါကိုလည်း ကျမတို့က ထည့်သွင်း စဉ်းစားတယ်။ အခုဆိုလို့ရှိရင် ကျမတို့ ရခိုင်တွေရဲ့ အနေအထား က အနောက်ဖက်က တိုင်းပြည်ကြောင့် မလုံခြုံမှုအပေါ်မှာလည်း အများကြီး စိတ်မသက်မသာဖြစ်ရတယ်။ စိတ် မသက်မသာ ဖြစ်ရုံမက အနာဂတ်တိုင်းပြည်အတွက် အင်မတန်မှ စိုးရိမ်ရတာတွေ ရှိတယ်။
တဖက်မှာလည်းပဲ တခြားသော လူမျိုးတွေနဲ့ တန်းတူညီမျှ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတို့၊ ငြိမ်းချမ်းရေး ညီလာခံတို့ကို သွားတဲ့ နေရာမှာ ကျမတို့ ပြည့်စုံတယ်လို့ မခံစားရတဲ့အပြင် မပြည့်စုံနိုင်တဲ့ အချက်တွေလည်း ကျမတို့မှာ အများကြီးရှိခဲ့တယ်။ ဒါကို ကျမတို့က အနာဂတ်မှာ ပြည့်စုံနိုင်အောင် တွန်းအား ပေးသွားမယ်၊ ကြိုးစားသွားမယ်။ အတတ်နိုင်ဆုံးတော့ ကျမတို့ရဲ့ တိုင်းပြည်ကို အကောင်းဆုံး တည်ဆောက်တဲ့ နေရာမှာ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) က ခေါင်းဆောင်များရဲ့ဆန္ဒ၊ ခေါင်းဆောင်များရဲ့ မျှော်မှန်း ချက် တွေဟာ ဒီမှာပါတယ် ဆိုတာမျိုးကို ဒီပွဲမှာ ကျမတို့ သက်သေပြလိုက်ခြင်း ဖြစ်တယ်။
ဥပမာ – မရလို့ ကျန်ခဲ့တယ်ဆိုရင် ကျမတို့ ငြိမ်းချမ်းရေးကို မလိုလားသူတွေ အဖြစ် မြင်ကောင်း မြင်နိုင်တယ်။ ဒါမျိုးကိုတော့ ကျမတို့ မလုပ်ဘူး။ ကျမတို့ အတတ်နိုင်ဆုံး ပါဝင်နိုင်တဲ့ နည်းလမ်းနဲ့ ရှေ့ကို တက်ဖို့ အတွက် ကြိုးစားတယ်။ အတူတူသွားမယ်။ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲနဲ့ လူထု တွေ့ဆုံပွဲတွေ နောက်ထပ် ရလာဖို့အတွက်လည်း ကျမတို့ မျှော်လင့်ချက် ရှိပါတယ်။
အဓိကကတော့ တဖက်နဲ့ တဖက်မှာ ယုံကြည်မှုတွေ တည်ဆောက်နိုင်အောင် ဒီထက်ကြိုးစားဖို့ လိုအပ်ပါသေး တယ်။
မေး။ ။ ကျား/မ တန်းတူရေးနဲ့ ပတ်သက်ပြီး ဒီ ၂၁ ရာစု ပင်လုံ ညီလာခံမှာ ဆွေးနွေးမယ်လို့ ကြားတယ်။ ဒီ ကျား/မ တန်းတူရေးဆိုတဲ့အပေါ်မှာ ဘယ်လိုမြင်မိပါသလဲ၊ ပြီးတော့ အမျိုးသမီးတွေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် မှာ ပါဝင်လာနိုင်ဖို့ ဘယ်လို လမ်းဖွင့်ပေးသင့်ပါသလဲ။
ဖြေ။ ။ အမျိုးသမီးတွေရဲ့ ပါဝင်မှုကို ကြည့်တဲ့အခါမှာ အားနည်းနေပါသေးတယ်။ ဒီအားနည်းချက်တွေဟာ ဘာကြောင့်ဆိုတာ ကြည့်လိုက်တဲ့အခါ ကျမတို့ တိုင်းပြည်ရဲ့ အနေအထားအရ မိရိုးဖလာဆိုတဲ့ အတွေး အခေါ်တွေကလည်း ကျမတို့ မြန်မာနိုင်ငံ တပြည်လုံးမှာ လွှမ်းမိုးနေသေးတယ်။ အမျိုးသမီးတွေ ဒီထက်မက ပါလာနိုင်ဖို့ဆိုရင် ကျမတို့ ဒီထက်မက ကြိုးစားသွားဖို့ လိုတယ်။ အမျိုးသမီး ပါဝင်ရေးနဲ့ ပတ်သက်လို့ ကျမတို့ မှတ်မိသလောက်ဆိုရင် ၉၀ ကျော်ကာလက စတင် ကြိုးစားခဲ့တယ်။
ဒါပေမယ့် ဒီနေ့အထိတော့ ရာခိုင်နှုန်း ၃၀ ပါဝင်မှုကို ကျမတို့ မရသေးဘူး။ နေရာတိုင်းမှာ ရာခိုင်နှုန်း ၃၀ မပြည့် သေးဘူး။ ဥပမာ ပြောရရင် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) မှာလည်း မရ သေးဘူး။ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေထဲမှာလည်း ကျမတို့ မရသေးဘူး။ ထိုနည်းလည်းကောင်း အစိုးရ နယ်ပယ် အသီးသီးမှာလည်းပဲ ရာခိုင်နှုန်း ၃၀ မရသေးဘူ။
ကျမတို့က ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ပထမဦးဆုံးစခဲ့တဲ့ အစည်းအဝေးမှာ အမျိုးသမီး ရာခိုင်နှုန်း ၃၀ ပါဝင်နိုင်ရေး ကြိုးစားဖို့ သဘောထားတွေ ပေးခဲ့ကြတာ။ တိုးလာတာတော့ ရှိတယ်။ ပထမ ကျင်းပခဲ့တဲ့ ညီလာခံ နဲ့ ဒုတိယ ကျင်းပတဲ့ ညီလာခံမှာ အမျိုးသမီး ပါဝင်ရေး တိုးလာတာတွေတော့ ရှိတယ်။ ပါဝင်မှု အင်အား၊ ဒါပေမယ့် ကျမတို့ လိုတဲ့အထိတော့ မဖြစ်ဘူး။ မဖြစ်သေးတာဟာဆိုလို့ရှိရင် မြန်မာတနိုင်ငံလုံးမှာ အမျိုးသမီး လူဦးရေး ရာခိုင်နှုန်း ၅၀ ပေါ့နော်။ လူဦးရေး ရာခိုင်နှုန်း ၅၀ အတွက် စွမ်းဆောင်နိုင်ဖို့ ကျမတို့ အများကြီး ကြိုးစားဖို့ လိုအပ်နေသေးတယ်။
မေး။ ။ ဒီ တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံမှာ ဘာတွေ မျှော်လင့်ထားတာ ရှိသလဲ။
ဖြေ။ ။ ကျမတို့ မျှော်လင့်ထားတာကတော့ အများကြီး မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် ကျမတို့ မျှော်လင့်ချက် တွေက ပြည့်စုံမယ်လို့ မမျှော်လင့်ဘူး။ တနည်းအားဖြင့်ဆိုရင် ကျမ စီးပွားရေးကဏ္ဍကို ခေါင်းဆောင်နေတယ်။ ကျမတို့ အားလုံး သဘောတူနိုင်တာ ၁ ချက်ပဲ ရတယ်။ ဒါဟာဆိုလို့ရှိရင် ကောင်းတဲ့ လက္ခဏာအဖြစ် ကျမ မသုံးသပ်ဘူး။ ဒီထက် အများကြီး ရသင့်တယ်လို့ ကျမတို့ သုံးသပ်သင့်တယ်။
အဲဒါကြောင့်မို့လို့ အနာဂတ် တချိန်ချိန်မှာ မူဘောင်ဆိုင်ရာ အနေအထားတွေကိုလည်း ကျမတို့ အများကြီး သုံးသပ်ဖို့ လိုသေးတယ်လို့ နောက်ဆုံးပြောချင်ပါတယ်။ ဒါကို နောင်ကို ကျမတို့ ဘယ်လို စဉ်းစားမလဲ၊ ဘယ်လို ပြင်ဆင်မလဲ၊ အဲဒါကို အဓိကထားပြီးတော့ ကျမတို့ သုံးသပ်ရမှာ ဖြစ်ပါတယ်။ အကယ်၍ မူဘောင်ဟာ ဒီအတိုင်းပဲ သွားနေဆိုရင် Work Committee မှာ ဆွေးနွေးမှု ပိုပြီးတော့ မြင့်ဖို့ လိုအပ်ပါသေးတယ်။
မေး။ ။ မူဘောင်မှာ ဘာတွေ အားနည်းချက်တွေ တွေ့ထားတာ ရှိလဲ၊ ဘယ်လိုမျိုး အရာတွေ ဖြည့်စွက် သွားဖို့ ရှိသလဲ။
ဖြေ။ ။ မူဘောင်မှာကတော့ ဆုံးဖြတ်ချက် ချတဲ့ နေရာ ၂ ဆင့်ကို သွားရတာရှိတယ်။ Work Committee မှာ ဆုံးဖြတ်ချက် ချမှတ်ခြင်း ရှိတယ်။ UPDJC မှာလည်း ရှိတယ်။ Work Committee က တက်လာတာကို UPDJC မှာ ပြန်လည် ဆွေးနွေးခြင်း၊ ဆုံးဖြတ် ပိုင်ခွင့်ဆိုတာ ရှိတယ်။ ဆိုတော့ ကျမတို့ရဲ့ ဆုံးဖြတ်ချက်တွေဟာ UPDJC မှာပိုပြီးတော့မှ ဆုံးဖြတ်ချက် ခိုင်မာသွားတဲ့ သဘောမျိုးရှိတယ်။
UPDJC က ကျလာတာကိုမှ ကျမတို့ ညီလာခံမှာ သွားပြီးတော့ တင်ပြရမယ့် ပုံစံမျိုးလည်း ရှိတယ်။ ဆိုတော့ ဒီမူဘောင်မှာကတော့ တစုံတခုတော့ အားနည်းချက် ရှိနေပြီ။ ဒါမျိုး ကျမ စဉ်းစားတယ်။ ဒါပေမယ့် ကိုယ့်စိတ်နဲ့ တော့ မရဘူး။ အများနဲ့ ကျမတို့ ညှိရမယ့် အနေအထားတွေက အများကြီး ရှိပါသေးတယ်။