ဇူလိုင်လ ၁၁ ရက်က နေပြည်တော်တွင် စတင်ကျင်းပနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာ စုပင်လုံ တတိယအစည်းအဝေးတွင် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွားနေသေးသည့် မြောက်ပိုင်းမဟာမိတ် ခေါင်းဆောင်များ တက်ရောက်လာပြီး နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ပြီး အပစ်အခတ်ရပ်စဲရေး စာချုပ်များ ချုပ်ဆိုနိုင်ရန် ဆွေးနွေး ကြသည်ဟု သိရသည်။ တွေ့ဆုံရာတွင် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးခဲ့ပြီး ယခင်က ငြိမ်းချမ်းရေး မလုပ်ဟု ပြောဆိုထားသည့် MNDAA ၊ TNLA နှင့် AA တို့နှင့်လည်း ဆွေးနွေးမှုများ ပြေလည်ကြောင်း သိရသည်။ ဆွေးနွေးခဲ့သည်များနှင့် ပတ်သက်၍ ဧရာဝတီအကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က TNLA ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တာခူးလန်း ကို သီးသန့် တွေ့ဆုံ မေးမြန်းထားပါသည်။
မေး ။ ။ အခုလာတဲ့ ခရီးစဉ်မှာ ပထမရက်က ဒုကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တော့ ဘာတွေ ဆွေးနွေးခဲ့လဲ။ ‘
ဖြေ ။ ။ သူနဲ့ တွေ့တဲ့အချိန် FPNCC အနေနဲ့ ဆိုတော့ ကျနော်တို့က သိပ်ပြောစရာ မရှိဘူး။ သူ့နိုင်ငံရေးမူ အတိုင်း ကျနော်တို့ သွားမယ်။ နောက် တချက်ကကျတော့ ကျနော်တို့ ဒေသမှာ ဖြစ်နေတဲ့ စစ်ပွဲတွေ လျော့ချ ပေးဖို့ တောင်းဆိုတယ်။ နောက်ပြီးတော့ ဒေသမှာ ဖြစ်တဲ့ ထိုးစစ်တွေ လျော့ချပေးဖို့ နဲ့ပြည်သူလူထုကို ထိခိုက်တဲ့ အပြုအမူမျိုးတွေ လျော့ချပေးဖို့ ကျနော်တို့ တောင်းဆိုတယ်။ ပြီးမှ ကျနော်တို့ တဆင့်ပြီး တဆင့် တွေ့ဆုံ ဆွေးနွေးပွဲတွေလည်း ဖြစ်နိုင်ရင် ခဏ ခဏ တွေ့ချင်တယ်။ တွေ့ဆုံဆွေးနွေးပွဲတွေ ရလာတဲ့ အခြေအနေ တွေကို ကျနော်တို့ အဖြေရှာပြီးတော့မှ ငြိမ်းချမ်းသွားအောင် အပစ်အခတ်ရပ်စဲရေး ပီပီပြင်ပြင် ဖြစ်အောင် ကြိုးစားသွားမယ်လို့ တင်ပြပါတယ်။
မေး ။ ။ စစ်ရေးအခြေအနေနဲ့ ပြည်သူလူထုကို ထိခိုက်နစ်နာတာတွေ မလုပ်ပါနဲ့ဆိုတာကို အကျယ်တဝင့် ပြောပြဖြစ်လား။
ဖြေ ။ ။ ကာချုပ်(ဒုကာချုပ်) ဆီမှာ အကျယ်တဝင့် မပြောဖြစ်ပါဘူး။ အချိန်ကလည်း သိပ်မရှိတော့ မပြောဖြစ်တာပါ။ အနည်းအကျဉ်း တော့ ပြောလိုက်ပါတယ်။ တခါတလေ ရှေ့တန်းက တပ်မတော်တွေက တိုက်ပွဲ မဖြစ်ပဲနဲ့ ရွာသားတွေ နေတဲ့ ရွာထဲမှာ လက်နက်ကြီးတွေ ပစ်ချတာမျိုးတို့ အဝေးကနေ လှမ်းပြီး လက်နက်ကြီး ပစ်ချတာတွေမျိုးက ပြည်သူလူထုကို ထိတ်လန့်စေတယ်။ ထိခိုက်နစ်နာတာတွေလည်း ရှိတယ်။ အရင်ကလည်း အဲဒီလိုမျိုးပဲ ရွာထဲမှာ ပစ်ထည့်လိုက် တော့ ရွာသားတွေ ၁၀ ယောက်ထိမှန်သွားတယ်။ တယောက်က ဆုံးသွားတယ်။ အဲဒီလိုတွေ မဖြစ်ဖို့ ကျနော်တို့ တင်ပြပါတယ်။ ကျနော်တို့က စကားပြောဖို့ နာရီဝက်လောက်တော့ ရပါတယ်။ ကျန်တဲ့ အဖွဲ့တွေလည်း ရှိတော့လေ။
မေး ။ ။ ဒုကာချုပ်ဘက်က ဗိုလ်မှူးချုပ်ကို ဘာတွေ ပြန်ပြောလဲ ။
ဖြေ ။ ။ ဘာမှ ပြန်မပြောပါဘူး။ ဒီလိုပဲ ငြိမ်နေတာ။
မေး ။ ။ ဒုကာချုပ်က Bilateral ထိုးဖို့ ကမ်းလှမ်းတာ ရှိလား။ ဘယ်လိုပုံစံမျိုးတွေလဲ ရှင်းပြပါဦး။
ဖြေ ။ ။ ရှိပါတယ်။ တွေ့ဆုံဆွေးနွေးဖို့ပေါ့။ နောက် ထပ်ပြီး တွေ့ဆုံဖို့ Bilateral ထိုးနိုင်တဲ့ အဆင့် NCA ထိုးနိုင်တဲ့ အဆင့်ထိ ကမ်းလှမ်းပါတယ်။ ဒါကတော့ ကျနော်တို့ အရင်တုန်းက Statement တွေ ထုတ်ခိုင်းတာတွေ ရှိတယ်။ သူတို့ပြောတာ အခုကျတော့ ခင်ဗျားတို့ Statement ပြန်ထုတ်ရမယ်လို့ ပြောတယ်။ ကျနော်တို့က အဲဒါ ဗိုလ်ချုပ်ခင်ဇော်ဦးနဲ့ ၂၀၁၆ တုန်းက မိုင်းလားမှာ တခါဆွေးနွေးခဲ့ပြီးပြီ။ အဲဒီတုန်းက ကျနော်တို့က စကားလုံးလေးနဲ့ ထစ်နေတဲ့ဟာက ပြန်ပြောပြတယ်ပေါ့။ ပြန်လုပ်ရမယ်ပေါ့ ။ ဒါပေမယ့်ပြန်လုပ်မယ် ဆိုလည်း ဒီစကားလုံးတွေ မပြင်ပဲ အရင်က စကားလုံးအတိုင်းပဲသုံးမယ်ဆိုရင် ကျနော်တို့ အဆင်မပြေဘူး။ ဒီလက်နက်ချရေးလို့ ပြောတာက ကျနော်တို့ တပ်မှူး၊ တပ်သားတွေရော ကျနော်တို့ ပြည်သူတွေရောက လက်မခံဘူး။ ထားတော့ ကျနော်တို့လူကြီးအနေနဲ့ သွားပြီး လက်မှတ်ထိုးလိုက်တဲ့အချိန် အောက်လက် ငယ်သားတွေ လိုက်မပါလာရင် ကျနော်တို့ အလုပ်မဖြစ်ဘူးလို့ ရှင်းပြခဲ့ပါတယ်။ အဲဒါတွေက ဖြစ်နိုင်မယ်ဆိုရင် နောက်တခါပြန်တွေ့။ကျနော်တို့ ဥက္ကဋ္ဌတွေ ကျနော်တို့ ကော်မတီတွေပေါ့။ ကျနော်တို့ တယောက်တည်းနဲ့ လည်း မပြီးဘူးလေ။ အဲဒီလိုမျိုးတွေ ဖြစ်တယ်။ ကျနော်တို့ အဖွဲ့ထဲမှာလည်း ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကော်မတီတွေ ရှိတယ်။ ဖြစ်သင့်တဲ့ စကားလုံးတွေ ရွေးပြီးထည့်ရင် အဆင်ပြေနိုင်မယ်လို့ အဖြေပေးခဲ့ပါတယ်။
မေး ။ ။ ဒါဆို ငြိမ်းချမ်းရေးလုပ်မယ်ဆိုပြီး လမ်းဖွင့်ပေးခြင်းက လက်နက်ချပြီးမှ ငြိမ်းချမ်းရေးဝိုင်းထဲ ဝင်လာဆိုတဲ့ အခြေအနေပဲလား။
ဖြေ ။ ။ သူတို့ ဆိုလိုတာကတော့ Statement ကတော့ အဲဒီလို ထုတ်စေချင်တယ်။ ဒါပေမယ့် လက်နက်ကတော့ ဘယ်တော့ ချမလဲဆိုတော့ မဟုတ်ပါဘူး။ လက်နက်စွန့်ပါမယ်ဆိုတဲ့ စကားလုံးထည့်ရင် ရပြီတဲ့ လက်နက်တော့ စွန့်စရာ ပေးစရာတော့ မလိုဘူးလို့ ပြောတယ်။ တကယ်လို့ တနေ့နေ့တချိန်ချိန်ကျတော့ လိုအပ်တဲ့ ဆန္ဒတွေ ပြည့်ဝရင် စွန့်ပေါ့။ အဲဒီလိုတော့ ပြောတယ်။
မေး။ ။NCA ထိုးထားတဲ့ အဖွဲ့တွေမှာဆို ဒီလို သဘောတူညီမှုမျိုးမရှိဘူး။ NCA မှာဆိုလည်း လက်နက်စွန့်စရာ မလိုပဲ နိုင်ငံရေးဆွေးနွေးတာလို့ ရေးသားထားတယ်။ ဒီတော့ ဘာကွာခြားတာလဲ ဗိုလ်မှူးချုပ်တို့ ၃ဖွ့ဲ့နဲ့က ။
ဖြေ။ ။ဒါကျတော့ ကျနော်တို့ အရင် NCA ထိုးတဲ့လူတွေနဲ့က သူတို့နဲ့ သိပ်ပြီး မသိဘူး။ သူတို့ ဘယ်လိုလုပ်လဲ ကျနော်တို့ မပြောတတ်ဘူး။ အခုလို ကျနော်တို့ကျတော့ ဒီလို ကမ်းလှမ်းတယ်ဆိုတာ ကျနော်တို့လည်း ကြိုဆို ပါတယ်။ ဝမ်းလည်း သာပါတယ်။ ဆွေးနွေးနိုင်အောင်ပေါ့လေ။ ဘာလို့ဆိုတော့ကျနော်တို့ တိုက်ခိုက်မယ့်အစား ဒီလို ဆွေးနွေးခွင့်ရတယ် အပစ်အခတ်ရပ်စဲရေး လုပ်နိုင်မယ်ဆို ပိုအဆင်ပြေတာပေါ့။
မေး ။ ။ တပ်မတော်ဘက်က အကြီးအကဲနဲ့ တွေ့တဲ့ ဆွေးနွေးပွဲကနေ ဘာတွေ ရလိုက်တယ်လို့ ဆိုချင်ပါသလဲ။
ဖြေ ။ ။ တွေ့လိုက်တာကတော့ ကျနော်တို့ အကျိုးအမြတ်ရှိပါတယ်။ ဘာလို့လဲဆိုတော့ ကာကွယ်ရေး ဦးစီးချုပ်အနေနဲ့ ကျနော်တို့ လူကြီးတွေ ဥက္ကဋ္ဌတွေကိုလည်း ထပ်ပြီး တွေ့ချင်တယ်လို့ ပြောတယ်။ ကျနော်တို့ကိုလည်း လက်ခံ တွေ့ဆုံပေးလို့ အကျိုးအမြတ် ရှိပါတယ်။
မေး ။ ။ တွေ့တော့ ဝ ၊ မိုင်းလား၊ ကချင်နဲ့ ရှမ်းအဖွဲ့ကို ကာကွယ်ရေးဦးစီးချုပ်က တွေ့တယ်။ ဗိုလ်မှူးချုပ်တို့ တအန်း၊ ကိုးကန့်၊ ရခိုင်ကို ဒုကာကွယ်ရေးဦးစီးချုပ်က တွေ့တယ်။ ဘာလို့လဲ။
ဖြေ ။ ။ ပြောတာတော့ အချိန်မလုံလောက်ဘူးလို့ ပြောပါတယ်။ နောက်မှ သူတို့ ပြန်ပြောတာကတော့ ဟို ၄ဖွဲ့က Bilateral ထိုးပြီးတဲ့ အတွက်ကြောင့် တစုတည်း တွေ့တယ်။ ကျနော်တို့က Bilateral မထိုးရသေးတဲ့ အတွက်ကြောင့် ဒီတိုင်း ဒုချုပ်က တွေ့တာပါ။
NCA ကိစ္စလည်း ဆွေးနွေးပါတယ်။ သူတို့က NCA ကို ထိုးပါ။ NCA လမ်းကြောင်းကနေ ဝင်လာခဲ့ပါလို့ ပြောပါတယ်။ ကျနော်တို့လည်း ပြောလိုက်ပါတယ်။ ကျနော်တို့ FPNCC မူအတိုင်းပဲ သွားနေပါတယ်။ အဲဒါက ဒီ NCA နဲ့ ပတ်သတ်တာက ကျနော်တို့ FPNCC မူအတိုင်းပဲ သွားပါမယ်လို့ သိပ်ပြီး များများစားစား မပြောဖြစ် ပါဘူး။
မေး ။ ။ မြောက်ပိုင်းမဟာမိတ်တွေက FPNCC ကိစ္စကို ပြောတော့ အစိုးရ၊ တပ်မတော်တို့က လက်ခံတဲ့ သဘောပြလား။
ဖြေ ။ ။ တချို့ဟာတွေက ကျနော်တို့ သိပ်မပြောဖြစ်ဘူး။ ဘာလို့လဲဆိုတော့ FPNCC ကိုယ်စားလှယ်တွေက ရှိနေတော့ ကျနော်တို့အနေနဲ့ သိပ်ပြီး မပြောဘူး။ တချို့ဟာတွေကလည်း ပြောဖို့ စောပါသေးတယ်။
မေး ။ ။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ ညီလာခံ ဖွင့်ပွဲမိန့်ခွန်းက နည်းနည်း ဂယက်ရိုက်သွားတယ်နော်။ အင်အားချိနဲ့လို့ ငြိမ်းချမ်းရေး လုပ်တာ မဟုတ်ဘူးဆိုတာရယ် တိုင်းရင်းသားတပ်တွေက အကုန်လုံးကို ကိုယ်စားမပြုဘူး တပ်မတော်ကသာ ကိုယ်စားပြုတယ် ဆိုတာမျိုးတွေပေါ့။ ဗိုလ်မှူးချုပ် အမြင်ကရော ဘယ်လိုရှိလဲ။
ဖြေ ။ ။ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့က ဒါတွေကျတော့ နည်းနည်း ပြောလို့ခက်ပါတယ်။ သူ့အနေနဲ့တော့ ကျန်တဲ့ အဖွဲ့အစည်းတွေ ကို ကိုယ်စားမပြုဘူးဆိုတာက ဒါကတော့ သူပြောတာပေါ့လေ။ ကျနော်တို့ ကျတော့လည်း ကျနော်တို့ ဒေသမှာ လိုအပ်လို့ပဲ အဖွဲ့အစည်း ဖြစ်နေတာပေါ့နော်။ အမှန်တော့ ဒီလိုတော့ မပြောသင့်ဘူးလို့ ကျနော်တို့ မှတ်ချက် ပေးချင်တယ်။ အပြုသဘောဆောင်တဲ့ စကားပဲ ပြောလို့ ကောင်းပါတယ်လို့ ကျနော် မှတ်ချက် ပေးချင်ပါတယ်။
မေး ။ ။ နိုင်ငံတော်အတိုင်ပင်ခံနဲ့ တွေ့တော့ရော ဘာတွေ ဆွေးနွေးဖြစ်လဲ။
ဖြေ ။ ။ နိုင်ငံတော်အတိုင်ပင်ခံနဲ့ တွေ့တော့ ငြိမ်းချမ်းရေးကို NCA လမ်းစဉ်အတိုင်းကို ရဲရဲတင်းတင်း သတ္တိရှိရှိနဲ့ ဝင်ပါ သွားပါလို့ ပြောတယ်။ ကျနော်လည်း သူ့ကို ပြန်ရှင်းပြပါတယ်။ ကျနော်တို့ သတ္တိရှိခဲ့ပြီးပြီ။ ရှိခဲ့လို့ပဲ တခါ လက်နက်ပြန်ကိုင်နေရတယ်လို့ ရှင်းပြပါတယ်။ ဘာလို့ဆိုတော့ ၂၀၀၅ မှာ ကျနော်တို့ PSLA က လက်နက် ပေးခဲ့ ပြီးပြီလို့ ကျနော်ပြောတယ်။ ကျနော်တို့ လက်နက်အပ်ပြီးနောက် အဲဒီတုန်းက သမ္မတကြီး ဦးသိန်းစိန်က အတွင်းရေးမှူး (၁) ဖြစ်နေတဲ့ အချိန် သူက ကတိပေးတယ်။ ဒေသလုံခြုံရေး၊ တဦးချင်းလုံခြုံရေး ခဗျားတို့ ပြည်သူလူလို နေပါတယ်။ ခဗျားတို့ ဒေသလုံခြုံရေးနဲ့ တဦးချင်းလုံခြုံရေးကို တပ်မတော်က တာဝန်ယူပါတယ်လို့ ကတိပေးပါတယ်။ နောက်ဒေသဖွံ့ဖြိုးရေး၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍတွေ အားလုံးက လုပ်ဆောင်ပေးမယ်လို့ ကတိပေးထားတယ် ဒါပေမယ့် လက်နက်အပ်ပြီးနောက်တဲ့ နောက်မှာ ဖြစ်လာတော့ ကျနော်တို့ကို ဘာမှ မလုပ်ပေးဘူး။ တခုမှ ဖြစ်မလာခဲ့ဘူး။ လမ်းတွေက တမိုင်တွေ မပြောနဲ့ တထွာတောင် ပြင်ပေးတာ မရှိခဲ့ဘူး အဲဒီအချိန်မှာ။ နောက်ပြီး ကျနော်တို့ ဒေသမှာ ကုန်းကောက်စရာ မရအောင် ပျက်စီး နေတယ် ၅ နှစ်အတော်အတွင်းမှာ ။ ဒါကြောင့် ကျနော်တို့ လက်နက်တဖန် ပြန်ကိုင်ရတယ်လို့ ကျနော် ဒေါ်စုကို ပြောပြ လိုက်ပါတယ်။ အထူးသဖြင့် ကျနော်ဒါကို ပြောပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သူလည်း ပြန်ပြောပါတယ်။ ဖြစ်တတ်ပါတယ်တဲ့ ဒါမျိုးကျတော့ ။ တော်လှန်ရေး ကာလမှာ ဒါမျိုးအဖြစ်တွေက ရှိတတ်ပါတယ်တဲ့။ ဒါပေမယ့် အားမငယ်ပါနဲ့ ဆက်လက်ကြိုးစားပါတဲ့။ ပူးပေါင်းပြီး လုပ်ဆောင်သွားရင် အောင်မြင်မှာပါတဲ့ အဲဒီလိုပဲ ပြောပါတယ်။
မေး ။ ။ ယခင်အဖွဲ့အစည်းတုန်းက ငြိမ်းချမ်းရေးကို လက်နက်နဲ့ လဲခဲ့ အပ်ခဲ့တဲ့ အ ပေါ်မှာ ပြန်ပြောပြလို့ ရမလား။ အရင်က အကြောင်းပေါ့။
ဖြေ ။ ။ အဲဒီချိန်တုန်းကလည်း ဒီလိုပါပဲ။ ကျနော်တို့ အဖွဲ့မှာ တချို့က လိုလားပေမယ့် တချို့က ဖိအားပေးတာရှိတယ်။ နောက်ပြီးတော့ ဖိအားပေးတာလည်း ကျနော်တို့ ရှောင်လွဲလို့ ရပေမယ့် အဲဒီချိန်တုန်းက ကျနော်တို့ ကြည့်တာ ကျနော်တို့ ဒေသမှာလက်နက်ပဲ ဆက်ကိုင်နေမယ်ဆိုရင်လည်း မဖြစ်ဘူး။ နိုင်ငံတော်က ဒေသဖွံ့ဖြိုးရေး၊ ပညာရေး အကုန် လုပ်ပေးမယ်ပေါ့ ။အထူးသဖြင့် ကျနော်တို့ကလည်း ဒါပဲ လိုအပ်နေတာဆိုတော့ နိုင်ငံတော်က ဖြည့်ဆည်းပေးမယ်ဆိုရင် ကျနော်တို့ လက်နက်ပဲကိုင်မယ်ဆို ကျနော်တို့အတွက် အကျိုးမထိရောက် ဘူးထင်ခဲ့တယ်။ လုံခြုံရေးတို့ ဘာတို့လေ အထင်ပေါ့လေ။ တချိန်က ထင်ခဲ့တယ်။ တချို့ တပိုင်းကျတော့ ဖိအားပေးခံရလို့ အားလုံးသဘောတူပြီး တယောက်မှ ဖောက်မထွက်နဲ့ ဆိုပြီး အဲ့ချိန် ဖောက်ထွက်သူ ရှိရင် ရှိမှာပေါ့။ အဲ့လို အကျိုးရအောင်ဆိုပြီး ကျနော်တို့ လက်နက်ကို လိုလိုလားလား အပ်ပေး ခဲ့တယ်။ ဒါပေမယ့် အပ်ပေးခဲ့ပေမယ့် အစိုးရက ဘာမှ မလုပ်ပေးလို့ ၂၀၁၀၊ ၂၀၁၁ ခုနှစ်မှာ ကျနော်တို့ လက်နက် ပြန်ကိုင်ရတာပါ။
မေး ။ ။ လက်ရှိ ရှမ်းမြောက်မှာ စစ်ရေးအခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ အခုတော့ ပုံမှန်ပါပဲ။ ကျနော်တို့ အဖွဲ့နဲ့ တိုက်ပွဲ မဖြစ်တာ တလကျော်ကျော်လောက် ရှိပါတယ်။ ဒီကြားထဲ မိုးလည်း တအားရွာတော့ ကျနော်တို့လည်း မဖြစ်စေချင်လို့ အတတ်နိုင်ဆုံး ရှောင်ရှားတယ်။ တပ်မတော်ဘက်က ထိုးစစ် ကတော့ပုံမှန် အသွားအလာတော့ ရှိတယ်။ တပ်မ ၇၇ ရယ် တပ်မ ၈၈ရယ် တပ်မ ၁၁ ရယ် တပ်မ ၉၉ ရယ် ကျနော်တို့ ဒေသမှာ နောက် စကခ ၁ ၊ စကခ ၁၆ ကတော့ အမြဲတမ်း သူတို့ လှုပ်ရှားနေပါတယ်။ ကျနော်တို့လည်း အတတ်နိုင်ဆုံး တိုက်ပွဲတွေ ရှောင်တယ်။ ပြည်သူလူထုတွေ ဒုက္ခမရောက် အောင် အတတ်နိုင်ဆုံး ရှောင်တယ်။ မလွဲသာတဲ့ အခြေအနေမျိုးမှာ ကျနော်တို့ ပြန်ပြီးတော့ တိုက်ခိုက်တယ်။
မေး ။ ။ မြောက်ပိုင်းမဟာမိတ်ဖွဲ့ပြီးနောက် ဝေဖန်မှုတွေရှိတယ်။ UWSA နောက်ခံ စစ်ရေးအင်အား ထောက်ပံ့မှုနဲ့ TNLA က တိုက်ခိုက်နေတယ်ဆိုတာပေါ့။ ဒါကို ဘာများ ပြောချင်ပါသလဲ။
ဖြေ ။ ။ ဒါတော့မရှိပါဘူး။ ကျနော်တို့ ရှင်းရှင်းပြောတာ ကျနော်တို့ တတ်နိုင်တာ ကိုယ့်ဘာသာကိုယ် ထူထောင်တာပါ။ UWSA ကို အားကိုးပြီးတော့ ကျနော်တို့ တစိုက်မတ်မတ် လုပ်တာမဟုတ်ပါဘူး။
မေး ။ ။ နိုင်ငံရေးမှာ FPNCC ကဆွေးနွေးလိုတဲ့ စာတမ်းက “ဝ”ပြည်နယ်၏ တောင်းဆိုချက်ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆိုတော့ TNLA အနေနဲ့ အပြည့်အဝ ဒီစာတမ်းအပေါ် လက်ခံထားတာလား။
ဖြေ ။ ။ ကျနော်တို့ အပြည့်အဝသဘောထားရှိလို့ ကျနော်တို့ အားလုံး ဆွေးနွေးပြီးမှ တတန်းတည်း ကျနော်တို့ ထုတ်ပြန်တာပါ။ အဲဒီစာတမ်းကလေ။
မေး ။ ။ ဒီဆွေးနွေးပွဲလာဖို့ တရုတ်ဘက်က ကြားဝင်ညှိနှိုင်းပေးမှု ဘယ်လောက်ရှိလဲ ။ ဒီမတိုင်ခင် အလွတ်သဘော တွေ တွေ့ဖို့ ကူညီတာရှိလား။
ဖြေ ။ ။ ဒါတော့ အနည်းအကျဉ်းတော့ ရှိပါတယ်။ တချို့ဟာတွေ ကျနော်တို့က တိုက်ရိုက် မတွေ့ရတော့ အိမ်သား အချင်းချင်း မတွေ့ရပေမယ့်လည်း တခြားလူက ပြန်ပြီး တဆင့် လုပ်ပေးတာတော့ ရှိပါတယ်။ အစည်းအဝေး တတ်နိုင်အောင်လည်း သူတို့ပဲ ကျနော်တို့ကို အားလုံး တာဝန်ယူပြီးတော့ ပို့ဆောင်ပေးတယ်။
မေး ။ ။ အစိုးရ၊ တပ်မတော်တို့နဲ့ အစည်းအဝေးပြီးတိုင်း တရုတ်ကိုယ်စားလှယ်တွေက မြောက်ပိုင်းမဟာမိတ် ခေါင်းဆောင်တွေကို ခေါ်တွေ့တာ ဘာတွေ ပြောကြတာလဲ ။
ဖြေ ။ ။ သူတို့က ပြန်မေးကြည့်တာပါ။ ကျနော်တို့က ဒုတိယကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့တုန်းက ဘာတွေ ဆွေးနွေးခဲ့သလဲ။ ဒေါ်စုနဲ့တွေ့တဲ့အချိန်ကလည်း ဘာတွေ ဆွေးနွေးခဲ့သလဲ။ ဘယ်လို အကျိုးအကြောင်းတွေ ပြောသလဲ။ တိုးတက်မှု ရှိ၊ မရှိဆိုတာပေါ့ ။ အဲဒါပဲ ပြန်မေးတာပါ။ ကျနော်ကလည်း ပြောပါတယ်။ အရင်တခေါက်ကတော့ ကျနော်က မလာခဲ့ဘူး။ ဒါပေမယ့် က ျနော်တို့ ဒုတိယဥက္ကဋ္ဌ တာဂျုတ်ဂျား လာတုန်း ကတော့ အခက်အခဲတွေ ရှိတယ်။ အခုတခေါက်က ကျနော်တို့ လာတာကတော့ သိပ်ပြီး အခက်အခဲတွေ ကြီးကြီး မားမားမရှိဘူး။ အရင်တခေါက်က ထိုင်ခုံနေရာက အစ ၊ တည်းခိုဖို့က အစ၊ ထမင်းစားဖို့ နေရာက အစ အခက်အခဲရှိတယ်။ အခုတခေါက်က အဲဒီလိုမျိုးတွေ မရှိဘူးပေါ့။ ချောချောမွေ့မွေ့ဖြစ်တယ်ဆိုတာ အဲဒါပဲ ပြောပြပါတယ်။
မေး ။ ။ တရုတ်က မြောက်ပိုင်းမဟာမိတ်တွေရဲ့ ငြိမ်းချမ်းရေးလုပ်နေတဲ့ ခရီးမှာ ဘယ်အတိုင်းအတာထိ ပါဝင်ကူညီနေရမယ်လို့ သုံးသပ်လဲ။
ဖြေ ။ ။ ထင်တာတော့ အဆုံးထိပဲ ထင်တယ်လို့ ။ တရုတ်တွေက မဖြစ်မနေတော့ တရုတ်နယ်စပ်ကို အေးချမ်းဖို့ ငြိမ်းချမ်းဖို့ သူတို့လည်း အစွမ်းကုန်ကြိုးစားနေတယ်။ နောက် One Belt One Road ဖြစ်ဖို့လည်း အစွမ်းကုန် ကြိုးစားနေတယ်။ သူတို့ အဆုံးထိ ကြိုးစားကြရမယ် ထင်တယ်။ ဖြစ်ချင်တော့ ကျနော်တို့ FPNCC လုပ်တဲ့ကိစ္စကလည်း တရုတ်ကို ကြားဝင်ညှိနှိုင်းပေးဖို့ ကျနော်တို့က ကမ်းလှမ်း ထားတာတော့ ရှိတယ်။ အကူအညီတောင်းထားတာတော့ ရှိတယ်။ သူတို့လည်း ကျနော် ကြည့်တာတော့ တကယ်လည်း လုပ်ပေးနေပါတယ်။
မေး ။ ။ တရုတ်မပါဘူးဆိုရင် ငြိမ်းချမ်းရေးခရီးက အဆင်မပြေနိုင်ဘူးပေါ့။
ဖြေ ။ ။ ဒါကတော့ ကျနော်တို့ ပြည်တွင်းအချင်းချင်းပဲလေ။ အစိုးရနဲ့ တပ်မတော်အပေါ်မှာ မူတည်တာပေါ့။ သူတို့က ကျနော်တို့အပေါ် သဘောထားကြီးကြီးထားတယ်ဆိုရင်တော့ ကျနော်တို့ကို ဖိတ်ခေါ်တယ် တွေ့ဆုံဆွေးနွေးတယ်ဆိုရင်တော့ သူတို့ (တရုတ်) မပါလည်း ရပါတယ်။ ဒါပေမယ့် အခုချိန်မတိုင်ခင်က အရင်က တအားကြီး ခက်ခဲတာကိုး။ တနှစ်ပြီး တနှစ်ကြာနေတယ် မထူးခြားတော့လေ။ ခုမှ ပြောင်းလဲလာတဲ့ သဘော ရှိတယ်။
မေး ။ ။ တရုတ်အနေနဲ့ နယ်စပ်မှာ သူ့စီးပွားရေးလမ်းကြောင်း တွေလည်း ရှိနေတော့ မြောက်ပိုင်းအဖွဲ့တွေ ကို ငြိမ်းချမ်းရေး မြန်မြန်လုပ်ဖို့ ဖိအားပေးတာမျိုး ကြုံရတာ ရှိလား။
ဖြေ ။ ။ တခါတလေတော့ ရှိတာပေါ့။ ဒီလိုပေါ့လေ။ ခဗျားတို့ မတိုက်နဲ့ ဒီနေရာမျိုးတွေက ဟိုဒင်းမဖြစ်နဲ့ပေါ့ ။ ဟိုတလောက ကျနော်တို့ မူဆယ်မှာ တိုက်ပွဲဖြစ်တော့ ကျနော်တို့ကို တော်တော်လေးကို ဖိအားပေးတယ်။ တိုက်ခိုက်မှုကို မလိုလားဘူးပေါ့။ ခဗျားတို့ ရှောင်ရှားပေးပါပေါ့။ ဒီလိုမျိုးတွေ ရှိပါတယ်။ ပြောရင်တော့ ကျနော်တို့ ခေါင်းဆောင်ပိုင်းတွေကို တိုက်ရိုက်ဆက်သွယ်ပါတယ်။ ခေါင်းဆောင်ပိုင်းတွေ ကျနော်တို့ ဥက္ကဋ္ဌ တွေကိုလည်း တခါတည်း ကူမင်း ခေါ်တွေ့ပါတယ်။ တွေ့ဆုံပြီးလည်း ပြောတယ်။ အဲဒီလိုမျိုးတွေ မလုပ်ပါနဲ့ တည်ငြိမ်အေးချမ်းဖို့ ပဲ လုပ်ပါ။ တရုတ်ပြည်ကို မထိခိုက်စေဖို့ နှစ်ဖက်လုံး တည်ငြိမ်အေးချမ်းဖို့ ဒီလိုတော့ ဖိအားပေးတာ ရှိပါတယ်။
မေး ။ ။ ဒီတခေါက် ခရီးစဉ်ကနေ တအန်းပြည်သူတွေကို ဘာများ ပြောချင်လဲ ။ ပဋိပက္ခဒေသက လူထုတွေ ရော မြောက်ပိုင်းမဟာမိတ်ခေါင်းဆောင်တွေရဲ့ ခရီးကနေ ငြိမ်းချမ်းရေးကို ဘယ်လောက် မျှော်လင့်လို့ရမလဲ။
ဖြေ ။ ။ ရှင်းပြချင်တာက ဘယ်လိုပြောရမလဲဆိုတော့ ပြောပြန်ရင်လည်း တချို့ဟာတွေက ကိုယ်က ပြောလိုက်လို့ ပြည်သူလူထုက နားထောင်ပြီး ဖြစ်မလာရင် စိတ်က ကသိကအောက်တွေ ဖြစ်တတ်တယ်။ တောင်ပေါ်သားတွေကျတော့ စကားတခွန်းကြားရင် သိတဲ့အတိုင်းလေ။ အခုချိန်ထိတော့ သတိဝိရီယနဲ့ပဲ နေကြပါလို့ ပြောလိုပါတယ်။ တနေ့နေ့တော့ ကြိုးစားသွားရင် ငြိမ်းချမ်းရေးတော့ ဖြစ်မှာပါလို့။
ပဋိပက္ခဒေသက လူတွေအတွက်ကတော့ ကျနော်တို့လည်း သူတို့တွေ လွတ်မြောက်နိုင်အောင် ကြိုးစားနေပါတယ်။ အပစ်အခတ်ရပ်စဲရေး အဆင်ပြေမယ်ဆိုရင် သူတို့ဘဝလည်း အများကြီး အဆင်ပြေ သွားမယ်။ ဒီလို အပစ်အခတ်ရပ်စဲရေး ဖြစ်သွားအောင် အခု ဒုတိယကာကွယ်ရေးဦးစီးချုပ်တို့ကလည်း လမ်းဖွင့် ပေးပြီဆိုတော့ ကျနော်တို့ ဆက်လက်ကြိုးစား သွားပါမယ်။