ထူးခြားချက်ကတော့ လက်မှတ် မထိုးတဲ့အဖွဲ့တွေ ပါလာတယ်

ထက်နိုင်ဇော်
ဒေါက်တာ မင်းဇော်ဦး / မျိုးမင်းစိုး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

တတိယ အကြိမ် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ NCA လက်မှတ်ရေးထိုးထားခြင်း မရှိသေးသည့်  ‘ဝ’ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့ ဦးဆောင်သည့် မြောက်ပိုင်း ၇ ဖွဲ့မှ ထိပ်သီး ခေါင်းဆောင်များ တက်ရောက် လာပြီး ၎င်းတို့သည် အစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံမှုများ ရှိခဲ့သည်။

အစိုးရက ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် ပိုမို နီးစပ်မှုရှိစေရန် တွေ့ဆုံခြင်းဟု သိရပြီး ယင်း ၇ ဖွဲ့မှ UWSA၊  ရှမ်းပြည် တပ်မတော် တောင်ပိုင်း (SSPP/SSA)၊ ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ၊ ကချင် လွတ်လပ်ရေး အဖွဲ့ (KIO)၊ ပလောင်(တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့် တပ်ဖွဲ့ (MNDAA)နှင့် ရက္ခိုင့် တပ်မတော် (AA) တို့ ဖြစ်ကြသည်။

ယင်း ၇ ဖွဲ့နှင့် ပတ်သက်၍ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်သို့ ပါဝင်လာနိုင်မှု အခြေအနေ၊ တိုက်ပွဲ အခြေအနေများနှင့် အပစ် ရပ် နယ်မြေ သတ်မှတ်နိုင်ရေး ဆိုင်ရာများကို ယခင် အစိုးရလက်ထက်က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ခဲ့သူ တဦး လည်းဖြစ်ပြီး ယခု Myanmar Institute For Peace and Security ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးကို ဧရာဝတီ နေပြည်တော် သတင်းထောက် ထက်နိုင်ဇော် က တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။  ။ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အပစ်ရပ်တဲ့ အဖွဲ့တွေ ရှိတယ်။ မရပ်သေးတဲ့ အဖွဲ့တွေ ရှိတယ်။ မရပ်သေးတဲ့ အဖွဲ့တွေ ငြိမ်းချမ်းရေး ဖြစ်စဉ်ထဲကို ပါလာအောင် ဘာတွေ ဆောင်ရွက်သင့်လဲ ဆိုတာ ခြုံငုံ သုံးသပ်ပေးပါ။

ဖြေ။  ။ တတိယ အကြိမ် ပင်လုံမှာ ထူးခြားချက်ကတော့ လက်မှတ် မထိုးတဲ့အဖွဲ့တွေ ပါလာတယ်။ ထူးခြားတာက ဒီအဖွဲ့ တွေ က အခမ်းအနားကို Symbolic (ရုပ်ပြ) ပေါ့လေ။ အဲဒီလို လာတက်သွားတာ မဟုတ်ဘဲနဲ့ တဖက်မှာ သူတို့လည်း အလုပ်တွေ အများကြီး လုပ်သွားတယ်။ တပ်မတော်နဲ့ တွေ့တယ်။ နောက်ပြီးတော့ အစိုးရဘက်တွေနဲ့ တွေ့တယ်။

ပြီးတော့ ရှေ့ဆက်ပြီးတော့ ဘယ်လို သွားနိုင်မလဲဆိုတဲ့ လမ်းကြောင်းတွေ ပွင့်အောင်၊ အများကြီး ကြိုးပမ်းဆောင်ရွက်တာ ကို ၂ ဖက်စ လုံးမှာ တွေ့ရတယ်။ နောက်တခု ထူးခြားချက်ကတော့ အရင်တုန်းက တပ်မတော်ရဲ့ သဘောထားက ဟို အဖွဲ့ ၃ ဖွဲ့(TNLA ၊ AA ၊ MND AA)နဲ့ ပတ်သက်ပြီးတော့ သူတို့ အနေနဲ့ လုံးဝ အသိအမှတ်မပြုတဲ့ အနေအထားကနေပြီး တော့ အခုကတော့ ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် ကိုယ်တိုင် တွေ့တယ်ဆိုတဲ့ အနေအထားတွေ ဖြစ်လာတယ်ဆိုတော့ ဒီ ၃ ဖွဲ့နဲ့ ပတ်သက်ပြီး အပစ်ရပ် လုပ်ငန်းစဉ်တွေ အတွက် လမ်ကြောင်း ပွင့်သွားတယ် လို့ သုံးသပ်ပါတယ်။

မေး။  ။ ဒီ ၃ ဖွဲ့နဲ့ ပတ်သက်ရင် အရင်က တပ်မတော်က လက်နက် ချခိုင်းတာတွေ လုပ်ခိုင်းတယ်။ အခု နောက်ပိုင်းတော့ အဲဒီလို မပြောတော့ဘူး။ လက်နက် ဖြုတ်သိမ်းရေးနဲ့ ပတ်သက်ပြီး ကတိကဝတ်တခု ပြုနိုင်ရင် NCA လမ်းကြောင်းတွေကို ဝင်ခွင့်ပြုမယ့် သဘောဆိုတော့ တကယ်ဖြစ်လာနိုင်လား။

ဖြေ။  ။ အဲဒါကလည်း တစုံတရာတော့ ရှိပါတယ်။ ကျနော်တို့ ၂၀၁၆ ခုနှစ်ထဲမှာ တပ်မတော်က စပြီး သဘောထား ပြောင်း တာ ကို တွေ့ရတယ်။ ဒီ ၃ ဖွဲ့နဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ အခါမှာ လက်နက်ဖြုတ်ဖို့ ဆိုတဲ့ ကိစ္စမျိုး မပြောတော့ဘဲနဲ့ တချိန် ကျရင် တော့ လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ဖို့ ဆိုတဲ့ဟာမျိုးကိုတော့ ကတိကဝတ် ပေး ဆိုတဲ့ဟာမျိုးကိုတော့ ပြော တာ ရှိပါတယ်။

ဒါကလည်း တပ်မတော်က စဉ်းစားတဲ့ DDR (လုံခြုံရေး ကဏ္ဍတွင် လက်နက်ဖျက်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ ပြန်လည် ပေါင်းစည်းရေး) ပေါ့နော်။ နိုင်ငံရေး သဘောတူညီချက်တွေ မရှိလို့ လက်နက်ကိုင်ပြီး တိုက်ပွဲ ဝင် ရ တယ်။ နိုင်ငံရေး သဘောတူညီချက်တွေ ရတဲ့အချိန်မှာတော့ လက်နက်ကိုင် လမ်းစဉ်ကို မလိုတော့ဘူးဆိုတဲ့ အခြေခံ ကို စဉ်းစားပြီးတော့ သူတို့ဘက်က တောင်းဆိုတယ်လို့ ကျနော်တို့က သုံးသပ်ပါတယ်။

မေး။  ။ နောက်တချက်ကတော့ တခြား ၄ ဖွဲ့ပေါ့နော်။ အခု ကချင်မှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ ရှမ်းပြည်နယ်မှာ လည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ အဲဒီ ၄ ဖွဲ့ ညီလာခံကို ရောက်လာပြီး ဒီဘက်က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံနိုင်ခဲ့တာ ဟာ တိုက်ပွဲတွေ လျှော့ချ သွားနိုင်မလား။ ဒီ ၄ ဖွဲ့နဲ့ရော ဘယ်လို ဆက်လက် ဆောင်ရွက်မှုတွေ လုပ်သင့်လဲ။

ဖြေ။  ။ အခု ကျနော်တို့ တွေ့ရှိတာကတော့ ဇွန်မှာ တိုက်ပွဲတော်တော် လျော့သွားတယ်။ မေလမှာ တိုက်ပွဲ ရာကျော်ရှိတဲ့ အချိန် ကနေပြီးတော့ ဇွန်လမှာ တော်တော်လျော့သွားတယ်။ ဇွန်လမှာ တနိုင်ငံလုံးက တိုက်ပွဲတော်တော် လျော့တယ်။ ဇူလိုင်မှာလည်း တိုက်ပွဲတော်တော်လျော့တာကို တွေ့ရတယ်။ တိုက်ပွဲ Trend ကတော့ လျော့တဲ့ဘက်ကို ရောက်နေတာ တွေ့ရတယ်။

ကျနော်တို့လည်း ပြန်သုံးသပ်ကြည့်တာ မိုးရာသီကြောင့်လား ဆိုတော့ မိုးရာသီကြောင့်တော့ မဟုတ်ဘူး။ ဘာကြောင့်လဲ ဆိုတော့ တပ်မတော်နဲ့ KIA တပ်တွေက တိုက်လို့ရတဲ့ အကွာအဝေးမှာပဲ ရှိတယ်။ မတိုက်ဘူးဆိုတဲ့ ရည်ရွယ်ချက်ကြောင့်ပဲ မတိုက်ကြတာလို့ ထင်တယ်။ တကယ်တမ်း တိုက်မယ် ဆိုလို့ရှိရင် တိုက်လို့ရတဲ့ အနေအထားမှာ ရှိနေတယ်ပေါ့။ အဲဒီတော့၂ ဖက်စလုံးက ဒီလိုမျိုးတွေ သဘောဆောင်တယ် ဆိုတော့ လုံးဝ အပြုသဘောဆောင်တဲ့ ဘက်ကို ပြနေတယ် ဆိုတာကို တွေ့ရတယ်။

နောက်တခုက တပ်မတော်ဘက်ကရော လက်မှတ် မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ဘက်ကရော အခု သွားနေတဲ့ လမ်းကြောင်းက Bilateral (နှစ်ဖက် အပြန်အလှန်) ပေါ့။ ၂ ဖွဲ့ သီးသန့် ဆွေးနွေးတဲ့ လမ်းကြောင်းနဲ့ အပစ်ရပ်ဖို့ နည်းလမ်းရှာနေတယ် ဆိုတဲ့ လုပ်ဆောင်ချက်တွေကို တွေ့ရတယ်ဆိုတော့ နောက်ပိုင်းတွေမှာ ကျနော်တို့ သုံးသပ်တာ ကတော့ Bilateral ဆွေးနွေးပွဲတွေ ပိုဖြစ်လာမယ်။ ပိုဖြစ်လာပြီးတော့ အပစ်ရပ်ရေးကို သူတို့ ၂ ဖက် ကြိုးစားကြလိမ့်မယ် လို့ သုံးသပ်ပါတယ်။

မေး။  ။ အပစ်ရပ်ဖို့ အတွက်ကို အပစ်ရပ် နယ်မြေတွေ သတ်မှတ်လိုက်ရင် ဖြစ်နိုင်လား။ အပစ်ရပ်နယ်မြေမှာ လုံးဝ အပစ် ရပ် ထားပြီး ၂ ဖက်စလုံးက ကတိကဝတ်တွေ လိုက်နာမယ် ဆိုရင် ဒီလမ်းကြောင်းက ဖြစ်နိုင်မလား။

ဖြေ။  ။ အပစ်ရပ် နယ်မြေ သတ်မှတ်ရေးက ပြဿနာ အများကြီး ရှိတယ်။ ပြဿနာ အများကြီး ရှိတယ်ဆိုတာက ကျနော် တို့ JMC (ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ) တို့ ဘာတို့ လုပ်ကတည်းက အဲဒီ အခက် အခဲကို ကျနော်တို့ တွေ့လာရတယ်။ တွေ့လာရတဲ့အခါမှာ ကျနော်တို့ ပြန်ပြီးတော့ လေ့လာ ကြည့်တော့ ဟိုအရင် ဗိုလ်ချုပ် ခင်ညွှန့်တို့ လက်ထက်မှာ အပစ်ရပ်ခဲ့တုန်းက သူတို့က စာချုပ်သာ လက်မှတ်မထိုးတာ။ နုတ်နဲ့ပဲ ရပ်တယ်။ ရပ်ပြီး အချိန် ခဏလေး အတွင်းမှာ နယ်မြေသတ်မှတ်တဲ့ ကိစ္စတွေကို ချက်ချင်း လုပ်နိုင်ခဲ့တယ်။

လုပ်နိုင်ခဲ့တယ် ဆိုတာကလည်း အဲဒီတုန်းက ရှိခဲ့တဲ့ တပ်မတော်ရဲ့ အနေအထား၊ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ အနေအထားက သူ့နယ်မြေ၊ ကိုယ့်နယ်မြေ လှုပ်ရှားမှုက သီးခြားစီပဲ ရှိကြတယ်။ သူ့စခန်း၊ ကိုယ့်စခန်း ရှိကြတယ်ပေါ့နော်။ အခုကျတော့ အခြေအနေတွေ က တော်တော် ပြောင်းသွားပြီ။

ဥပမာ ကရင်ပြည်နယ်ကို ကျနော်တို့ ကြည့်မယ် ဆိုရင် ဖဒိုသမိန်ထော အင်တာဗျူးတခုမှာ ပြောခဲ့ဖူးတာ ရှိတယ်လေ။ KNU နဲ့ တပ်မတော်ရဲ့ နေရာတွေကို ကြည့်မယ် ဆိုရင် ကျားကွက်တွေလိုပဲ။ KNU က တနေရာ၊ တပ်မတော်က တနေရာ ဆိုတော့ အဲဒီမှာတင် နယ်မြေ သတ်မှတ်တဲ့ ကိစ္စတွေက အခက်အခဲ ရှိလာတယ်။ အခုဆိုရင် ကချင်ပြည်နယ်မှာဆိုရင် အဲဒီ အခက်အခဲမျိုးတွေက အများကြီး တွေ့ရတယ်။

တပ်မတော်ကလည်း စစ်ဆင်ရေးတွေ လုပ်တယ်။ တချို့ KIA စခန်းတွေကို တိုက်တယ်။ တိုက်ပေမယ့်လည်း KIA စစ်သား တွေက အဲဒီစခန်းတွေကနေ လုံးဝ ဖယ်သွားတာ မဟုတ်ဘူးလေ။ စခန်းကျသွားပေမယ့် အဲဒီနားမှာပဲ လှုပ်ရှားနေတော့ ဒီနေရာ ကို KIA မရှိတော့ဘူး လို့လည်း ပြောလို့ မရဘူး။ သူ့စခန်း မရှိရင်သာ မရှိမယ် သူ့တပ်တွေက ရှိနေတော့ အဲဒီလို အခြေအနေမျိုးတွေမှာ နယ်မြေ သတ်မှတ်ဖို့ တွေက ပိုပြီးတော့ အခက်အခဲတွေ ရှိလာတယ်။

ကျနော်တို့ စဉ်းစားသင့်တဲ့ နည်းလမ်းက ၂ မျိုးရှိတယ်။ တမျိုးကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ သေချာ ထိန်းချုပ်ထားတဲ့ နေရာမျိုးတွေ ရှိတယ်။ ဥပမာ လိုင်ဇာလိုမျိုးပေါ့။ ဒီနယ်မြေတွေကိုတော့ တပ်မတော်နဲ့ ညှိနှိုင်းပြီး အသိအမှတ်ပြုရမယ် ဆိုပြီး လုပ်ရမယ့်ဟာမျိုးတွေ ရှိတယ်။ အဲဒီအခါ ဘယ်သူ့ဘက်က ထိန်းချုပ်တယ်ဆိုတာမျိုး ခေါင်းစဉ် မတပ်ဘဲနဲ့ ဒါကတော့ ဒီနယ်မြေမှာ ၂ ဖက်စလုံးက လှုပ်ရှားတယ်။ ပဋိပက္ခ နယ်မြေဖြစ်တယ်။ ဒါကြောင့် တပ်လှုပ်ရှားမှု တွေ ဖြစ်လာတဲ့အခါ ၂ ဖက် အသိပေးပြီး ညှိနှိုင်း လှုပ်ရှားတာမျိုး လုပ်သင့်တယ်။

ကျနော်တို့ ကရင်ပြည်နယ်မှာလည်း တပ်မတော်နဲ့ KNU ကြားထဲမှာ ညှိနှိုင်းပြီး လုပ်ခဲ့တဲ့အခါမှာ အပစ်ရပ် နယ်မြေ တိတိ ကျကျ မရှိပေမယ့် တိုက်ပွဲ တော်တေ်ာများများ ရှောင်နိုင်ခဲ့တာကို တွေ့ရပါတယ်။  ။

Did you find apk for android? You can find new Free Android Games and apps.
Loading