ဗဟိုဘဏ် ဥက္ကဋ္ဌ သစ်ကို သူတို့ ဘယ်လို မျှော်လင့်ထားသလဲ

မျိုးပပစန်း
ဦးနေလင်းဇင်၊ ဦးအေးသောင်း၊ဒေါက်တာ သောင်းဟန်၊ဦးမျိုးမင်းအောင်၊ဦးအောင်ဆန်း
Want create site? Find Free WordPress Themes and plugins.

၂၀၁၃ ခုနှစ် ဇူလှိုင်လ ၁၁ ရက်တွင် ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေ အရ ဒါရိုက်တာ အဖွဲ့ဝင် ၉ ဦးနှင့် ဖွဲ့စည်းပြီး ယင်းအဖွဲ့ ၉ ဦး အနက် တဦးသည် ဗဟိုဘဏ် ဥက္ကဋ္ဌ အဖြစ် တာဝန် ထမ်းဆောင်ရမည် ဖြစ်သည်။

လက်ရှိ ဗဟိုဘဏ် ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်သည် တပ်မတော် အစိုးရနှင့် ဦးသိန်းစိန် အစိုးရ နှစ်ဆက်တိုင် တာဝန်ထမ်း ဆောင်ခဲ့သူ ဖြစ်သည်။ ဦးကျော်ကျော်မောင်သည် ၁၉၃၉ ခုနှစ်တွင် မွေးဖွားခဲ့ပြီး လက်ရှိအချိန်၌ အသက် ၇၉ နှစ်ခန့် ရှိ နေပြီလည်း ဖြစ်သည်။

၎င်းသည်၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၁ ရက်တွင် ဥပဒေ အရ ၅ နှစ်သက်တမ်း ပြည့်မည် ဖြစ်သောကြောင့် အသစ်ပြန်လည် တင်မြောက်မည့် ဗဟိုဘဏ် ဥက္ကဋ္ဌသစ် နေရာတွင် မည်သူဖြစ်မည်ကို စီးပွားရေး လုပ်ငန်းရှင်များနှင့် ဘဏ်လုပ်ငန်းရှင်များ က စိတ်ဝင်စားလျက် ရှိသည်။

ဗဟိုဘဏ် ဥက္ကဋ္ဌ ဆိုသည်မှာ နိုင်ငံ၏ အဓိကျသော ငွေကြေးဆိုင်ရာ မူဝါဒများကို ရဲရဲဝံ့ဝံ့နှင့် ပြတ်ပြတ်သားသား ဆုံးဖြတ် လုပ်ကိုင်ရသော အဖွဲ့အစည်းတခု ဖြစ်သဖြင့် ပြောင်းလဲလာသော ခေတ်စနစ် စီးပွားရေးနှင့် အညီ ဆုံးဖြတ်ချက် ခိုင်မာသည့် ကျွမ်းကျင် ပညာရှင်ကိုသာ ဗဟိုဘဏ် ဥက္ကဋ္ဌ အဖြစ် တင်မြှောက်ရန် လုပ်ငန်းရှင်များက ပြောဆိုကြသည်။

ဗဟိုဘဏ် ဥက္ကဋ္ဌ သစ်နှင့် ပတ်သက်ပြီး စီးပွားရေး လုပ်ငန်းရှင်များ နှင့် ဘဏ်လုပ်ငန်းရှင်များကို ဧရာဝတီ သတင်းထောက် မျိုးပပစန်းက မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

ဒေါက်တာ သောင်းဟန်

ဥက္ကဋ္ဌ

မြန်မာနိုင်ငံသားများ ဘဏ် (MCB)

ဗဟိုဘဏ် ဥက္ကဋ္ဌ နေရာကို တက်လာမယ့် သူက အရည်အချင်း ပြည့်မီတဲ့ သူတွေ နာမည်တွေကို ဘဏ်တွေကြားမှာလည်း ပြောတယ်။ နိုင်ငံခြား သတင်းဌာနတွေဆိုလည်း ဓာတ်ပုံတွေနဲ့ကို ပြောတာပါ။ အဲဒီတော့ ကျနော်တို့ လက်ရှိ ဗဟိုဘဏ် ဥက္ကဋ္ဌရဲ့ အသက်အရွယ်နဲ့ သူ့ရဲ့အတွေ့အကြုံက တကယ် အားရစရာ ကောင်းပါတယ်။ တိုင်းပြည်ကို နှစ်ပေါင်းများစွာ ဦး ဆောင်ခဲ့တာ ပေါ့နော်။ သူနားသွားရင်တောင် အသက်အရွယ် အရသာ နားတယ်လို့ပဲ နားလည်ပါတယ်။

တကယ့် ဗဟိုဘဏ် ဥက္ကဋ္ဌ နေရာကို ယူမယ့်သူက တကယ့်ကို ခေတ်သစ်ပေါ့နော်။ ဗဟိုဘဏ်ရဲ့ လုပ်ထုံး လုပ်နည်းတွေ သဘောတရားတွေ ဒီလိုမျိုး စီမံခန့်ခွဲမှုတွေ တကယ်ကျွမ်းကျွမ်း ကျင်ကျင်နဲ့ လက်တွေ့ရော စာတွေ့ပါ နိုင်ငံတကာနဲ့ ဆက်ဆံရေးရော အစိုးရဌာနတွေနဲ့ ဆက်ဆံရေးရော ထောင့်ပေါင်းစုံက ကျွမ်းကျင်တဲ့ အရည်အသွေး ပြည့်တဲ့သူ ဖြစ်စေ ချင်ပါတယ်။

ဦးအောင်ဆန်း

Delta maubin money changer ပိုင်ရှင်

ဥပမာ အမေရိကန်မှာ ဆိုရင် ဗဟိုဘဏ် ဥက္ကဋ္ဌရဲ့ စကားက သိပ်အရေးပါတာပဲ။ အဲဒီလို level တခု ရောက်ဖို့ အများကြီး လုပ်ရဦးမယ်။ ကျနော်တို့ ဒီက အခြေခံ အဆောက်အအုံက အများကြီး တည်ဆောက် ရဦးမယ်။ ပြောင်းလဲချင်စိတ် ရှိတဲ့ သူတွေ ဦးဆောင်စေချင်တယ်။

ဒီနေရာမှာ ဘယ်သူဆိုတာမျိုးကိုတော့ မရည်ရွယ်ပါဘူး။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ့်သူ ဆိုရင် ကျနော်တို့ ကိုယ်တိုင် ဝိုင်းဝန်းဆောင်ရွက်သွားမယ်။ အခုကတော့ ဗဟိုဘဏ်က နိုင်ငံတကာ ဈေးကွက်တွေနဲ့ ယှဉ်နိုင်အောင် ပုံစံ တခုကိုယူပြီးတော့ လုပ်နေတယ်။ အခုက တည်ငြိမ်အောင် အနေအထားတခု အရ ဝင်ထိန်းပေးတဲ့ အဆင့်ပဲ။ အဲဒီထက်ပို လုပ်ပေးတာကို ကျနော်တို့က မြင်ချင်တာပေါ့။ အသက်မွေးဝမ်းကျောင်း အနေနဲ့ Money changer လုပ်တဲ့သူတွေကို ဗဟို ဘဏ် ဥက္ကဋ္ဌ အနေနဲ့ ဘယ်လောက် ကြည့်ရှုနိုင်မလဲ ဆိုတာလည်း ကျနော်တို့က အများကြီး မျှော်လင့်ပါတယ်။

ဗဟိုဘဏ် အနေနဲ့ စပြီး ပြောင်းလဲလာတာ ဘယ်လောက်မှ မရှိသေးဘူး။ ဒါကြောင့် ၄၊ ၅ နှစ် အတွင်းမှာတော့ အများကြီး ဖြစ်မလာ နိုင်သေးဘူး။ ဒီအချက်ကိုလည်း ကျနော်တို့က လက်ခံပေးလို့ ရပါတယ်။

‘လူ’အပြောင်းအလဲ ဆိုတာထက် ကျနော်တို့ကတော့ ‘မူ’ အပြောင်းအလဲ လုပ်တာ ပိုလိုချင်ပါတယ်။ ကျနော်တို့ တိုင်းပြည် ကို နိုင်ငံခြားသား ဧည့်သည်တွေ လာတယ်ဆိုရင် အခက်အခဲက ငွေကြေး လဲလှယ်တဲ့ နေရာမှာ ဒေါ်လာကို ခဲခြစ်ရာလေး ပါတာက အစ မယူတာမျိုး ရှိတယ်။ ဒါက တော်တော်လေး ဂယက်ကြီးတယ်။ မိတ်ပျက်ရတာလည်း ရှိတယ်။

ဒါကို ကျနော်တို့ ဒီမှာရှိတဲ့ ဘဏ်ခွဲအသီးသီးကနေ လက်ခံပေးလိုက်မယ်ဆိုရင် အားလုံးက အဆင်ပြေသွားမယ်။ အစစ်ဖြစ် ရင်ပြီးရော ဆိုပြီး တပြေးညီ ယူပေးမယ် ဆိုရင် တဖက်က ခရီးသွား လုပ်ငန်းကိုလည်း ကူညီရာ ရောက်တယ်။ တိုင်းပြည် လည်းမျက်နှာရတယ်။ အခုက အဲဒီလို မဟုတ်ဘူး၊ ကျနော်တို့နိုင်ငံမှာ မယူပေမယ့် ထိုင်းနိုင်ငံလောက် ထွက်လိုက်ရင်ကို အကုန်လုံး လဲလို့ ရနေပြီ ဆိုတဲ့ အနေအထား ရှိတယ်။ ကျနော်တို့ ဆီမှာ အဲဒါလေးလည်း ပြုပြင်စရာ လိုတဲ့ အချက်ပါ။

ငွေကြေးဆိုတာ တိုင်းပြည်တခုအတွက် အရမ်းကို ထိရှလွယ်တဲ့ လုပ်ငန်းဖြစ်တဲ့ အတွက်ကြောင့် ဒါကို ထိန်းကျောင်း ကိုင်တွယ်ရမယ့် လူကြီးတွေကလည်း တခုတခု စဉ်စားလို့ ရှိရင် ဒါလေးကို လုပ်ပေးချင်ပေမယ့် ဟိုဟာလေးက ပိတ်နေ တာမျိုး ရှိနိုင်ပါတယ်။

ကျနော် ထင်တာတော့ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ပြုပြင်ရမယ့် အချက်အလက်တွေ အများကြီး ရှိတယ်။ နံပါတ်တစ် ကတော့ စာအုပ်ထဲက စာကြောင်းတွေ သွားပြင်ရမှာ။ အဲဒီတော့ တခါတရံမှာ အရွေ့က အရမ်းနှေး နေတာမျိုး ရှိတယ်။ ဒါတွေကို အာရုံစိုက်ပြီး သေချာ ပြုပြင် ပြောင်းလဲမယ် ဆိုရင် ကောင်းမွန်လာ နိုင်ပါတယ်။

ဦးအေးသောင်း

ဥက္ကဋ္ဌ

ရွှေလင်ပန်း စက်မှုဇုန်

ဗဟိုဘဏ် ဥက္ကဋ္ဌ အနေနဲ့ကတော့ ကျနော် အကြံပေးချင်တာတော့ ပြောင်းလဲချိန်တန်ရင် ပြောင်းကို ပြောင်းရမယ်။ လက်ရှိ ပြောင်းတဲ့သူတွေ မြန်မာနိုင်ငံရဲ့ အခြေအနေအမှန်ကို သိဖို့လိုတယ်။ ဟိုဟာ လုပ်လို့မရဘူး။ ဒီဟာ လုပ်လို့မရဘူး ကျနော် တို့ မငြင်းပါဘူး။

တခြားနိုင်ငံတွေမှာ ဘယ်လိုလုပ်နေသလဲ ဒီလိုလုပ်ရဲတဲ့ သတ္တိလေးမွေးပေးဖို့ ကျနော်တော့ တိုက်တွန်းချင်ပါတယ်။ ကျနော် တို့ ပုဂ္ဂိုလ်စွဲ မထားပါဘူး။ လူကြီးခိုင်းတာ မလုပ်ပါနဲ့ တိုင်းပြည်မှာ ဖြစ်နေတဲ့ အမှန်ကို သူများနိုင်ငံမှာ သူများတွေ လုပ်သလို ရဲရဲဝံ့ဝံ့နဲ့ တရားဝင် လုပ်ပြပေးဖို့ပဲ လိုပါတယ်။

ဦးနေလင်းဇင်

မန်နေဂျင်း ဒါရိုက်တာ

Excel lnt’l Trading

ဗဟိုဘဏ် ဥက္ကဋ္ဌ သက်တမ်း ၅ နှစ် ပြည့်ပြီး ပြန်ပြီးတော့ ဖွဲ့စည်းမယ် ဆိုတဲ့အတွက် ဘာပဲပြောပြော ဒါက ကျနော်တို့ အတွက် မျှော်လင့်ချက် တခုပေါ့နော်။ နိုင်ငံတကာမှာ နိုင်ငံတခုရဲ့ ငွေကြေးစနစ်ကို ဖန်တီးတာ၂ ခုရှိတယ်။ ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ ပေါ်လစီနဲ့ ငွေကြေး မူဝါဒ ပေါ်လစီ ဖြစ်တယ်။ ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ ပေါ်လစီ ဆိုတာက ဘဏ္ဍာရေးနဲ့ ပတ်သက်တဲ့ ဘတ်ဂျက်တွေ ဆွဲတာ။ ဒါကို စီမံဘဏ္ဍာ ဝန်ကြီး ဌာနက ဆောင်ရွက်တယ်။ ငွေကြေးမူဝါဒ အဲဒါကျတော့ ဗဟိုဘဏ်က လုပ်ရတာဖြစ်တယ်။

နိုင်ငံတခုကို တည်ဆောက်တဲ့ နေရာမှာ အတိုးနှုန်း၊ အခွန်နဲ့ တည်ဆောက်တယ်။ ကျနော်တို့ နိုင်ငံက အခု ဈေးကွက် ကျွမ်းကျင် တဲ့ သူတွေရော၊ ပေါ်လစီ ကျွမ်းကျင်တဲ့ သူတွေရော မေးကြည့် အတိုးနှုန်း အရမ်းများတဲ့ အတွက် နိုင်ငံကို တည် ဆောက်တဲ့ နေရာမှာ အရမ်း ခက်ခဲတယ်။

နိုင်ငံတကာ မူဝါဒနဲ့ လိုက်လျောညီထွေ ဖြစ်ဖို့ဆိုတာ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်တဲ့ အခင်းအကျင်း ဖြစ်မှရမယ်။ အဲဒီတော့ ကျနော်တို့က အတိုးနှုန်း ချဖို့လိုတယ်။ ကျနော် ဝေဖန်တာ မဟုတ်ဘူး။ ထောက်ပြတာပါ။

၂၀၁၁ -၂၀၁၆ ခုနှစ် ဦးသိန်းစိန် လက်ထက်မှာ ဗဟိုဘဏ်က ဥပဒေနဲ့ အညီ လွတ်လပ်စွာ ရပ်တည်လို့ရတဲ့ အဖွဲ့အစည်း ဖြစ် သွားတယ်။ ဒါပေမယ့် သိသာထင်ရှားတဲ့ ငွေကြေးမူဝါဒ ပေါ်လစီတွေကို သိသိသာသာ ပြောင်းလဲခဲ့တာ ဘာတခုမှ မတွေ့ ခဲ့ဘူး။ အဲဒီတော့ နောက်တခုက၂၀၁၆-၂၀၁၈ ခုနှစ် ကာလမှာလည်း ဆောင်ရွက်ချက်တွေ မူဝါဒ အပြောင်းအလဲ တွေ အများကြီး မတွေ့ခဲ့ဘူး။

အဲဒီတော့ ကျနော်တို့ ဗဟိုဘဏ်မှာ ဦးဆောင်တဲ့ အဖွဲ့တွေကို ပတ်ဝန်းကျင် နိုင်ငံတွေရော၊ နိုင်ငံတကာမှာရော ဘယ် ကဏ္ဍ တွေမှာ အပြောင်းအလဲ လုပ်နေတယ် ဆိုတာ သိစေချင်တယ်။ ကျနော်တို့ နိုင်ငံအတွက် ဘယ်မူဝါဒ တွေကို အပြောင်းအလဲ လုပ်ရင် လုပ်ငန်းရှင်တွေနဲ့ ကျနော်တို့ နိုင်ငံသားတွေ ဖွံ့ဖြိုးတိုးတက်မှု အတွက် ဦးဆောင်နိုင်မလဲ ဆိုတာ လိုက်လျောညီထွေ ဖြစ်အောင် လုပ်ဖို့ လိုအပ်တယ်။

သိသာ ထင်ရှားတဲ့ ပေါ်လစီမျိုးတွေကို မြန်မြန်ဆန်ဆန် သွက်သွက်လက်လက် ဗဟိုဘဏ်က ဆောင်ကျဉ်းပေးနိုင်ရင် ကျနော်တို့ နိုင်ငံရဲ့ စီးပွားရေးက ၅ နှစ်အတွင်း  အများကြီး ဖွံ့ဖြိုးသွားမှာ ဖြစ်တယ်။ ခုနက ပြောသလို အတွေးအခေါ် အမြင်မျိုးနဲ့ ဆိုရင် ကျနော်တို့ နိုင်ငံ ရွေ့ဖို့ ဆိုတာ ၅ နှစ်၊ ၁၀ နှစ် မပြောနဲ့ နောက်ထပ် အနှစ် ၅၀ ကြာလည်း စင်ကာပူ မှီဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

ဒါကို ဒီနေရာကနေ တင်ပြပြီး အကြံပြု စေချင်ပါတယ်။ လိုက်လျောညီထွေ ဖြစ်ပြီးတော့ တာဝန်ရှိရှိနဲ့ ရဲရဲဝံ့ဝံ့နဲ့ ဗဟိုဘဏ်ကို ဦးဆောင်တဲ့ ဘုတ်အဖွဲ့အစည်း ဖြစ်ဖို့ ကျနော် ဒီနေရာကနေ တိုက်တွန်းလိုပါတယ်။

ဦးမျိုးမင်းအောင်

ဒု ဥက္ကဋ္ဌ

မြန်မာနိုင်ငံ လက်လီ လုပ်ငန်းရှင်များ အသင်း

အခု လုပ်ငန်းရှင်တွေမှာ ဖြစ်နေတဲ့ ပြဿနာသည် ကျနော်တို့ အသေးစားနှင့် အလတ်စား (SME) ကဏ္ဍမှာ ဆိုလည်း ချေး ငွေကိစ္စ ဖြစ်လာတယ်။ နောက်တခု အွန်လိုင်းစနစ်ကို သွားမယ်ဆိုရင်လည်း Cash အဆင့် ဖြစ်ဖို့ လိုလာတယ်။ ဒီလို Level တန်း တခုကို ရောက်နိုင်တဲ့ သူမျိုးမှသာလျှင် ကျနော်တို့ တိုင်းပြည်က သွားနိုင်မှာ ဖြစ်တယ်။ အခုဆိုရင် ကျနော်တို့ တိုင်းပြည်က အတိုးနှုန်း အရမ်းမြင့်တယ်။ ဒေါ်လာဈေးတွေ တအား တက်လာတယ်။ ကျနော်တို့ ငွေကြေး(ကျပ်ငွေ) ဈေး ဟာလည်း ကျသထက် ကျလာတယ်။

ဒီဒဏ်ကို ခံစားရတာသည် တိုင်းသူပြည်သားတွေကပဲ ခံစားရတာ ဆိုတော့ ဒီတက်လာ၊ ကျလာတာကို ဗဟိုဘဏ် အနေနဲ့ ပဲ ကိုင်တွယ် ဖြေရှင်းမှသာ ဖြစ်မယ်။

နိုင်ငံတကာမှာလည်း ဗဟိုဘဏ်ကသာ ဖြေရှင်းနိုင်တာ ဖြစ်တယ်။ ဒီလို ကိုင်တွယ် ဖြေရှင်းနိုင်မှသာလျှင် ကျပ်ငွေ တန်ဖိုး က မြင့်လာပြီး စီးပွားရေးက ပြန်ကောင်းမွန်လာမှာကို တွေ့ရမှာ ဖြစ်ပါတယ်။

ကျနော့် အနေနဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌ နေရာကို ခေတ်နဲ့ အညီ စီးပွားရေး ဖွံ့ဖြိုးတိုးတက် လာတာနဲ့ အမျှ ဒါကို လိုက်ပြီး လုပ်ဆောင်နိုင်မယ့် အရည်အချင်း ပြည့်ဝတဲ့ သူတယောက် ဖြစ်စေချင်ပါတယ်။  ။

Did you find apk for android? You can find new Free Android Games and apps.
Loading