"ညှိနှိုင်းဆွေးနွေးမယ်ဆိုရင် အခြေအနေ တိုးတက်လိမ့်မယ်"

ချစ်မင်းထွန်း
SSPP ဒုဥက္ကဌ စဝ်ခွန်ဆိုင် / မျိုးမင်းစိုး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)သည် အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးထားပြီး တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA)ထိုးနိုင်ရေး ကြိုးပမ်းနေသည်။ ၂၀၁၈ ခုနှစ်၊ ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်ထိ ကျင်းပနေသော တတိယအကြိမ် ၂၁ ရာစု ပင်လုံ ညီလာခံသို့ တက်ရောက်လာစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် အလွတ် သဘော ဆွေးနွေးခဲ့ကြသည်။ ထို့ကြောင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော်(SSPP/SSA)မှ ဒုဥက္ကဌ ဗိုလ်ချုပ် စဝ်ခွန်ဆိုင်ကို NCA ထိုးနိုင်ရေး အခြေအနေ၊ မြန်မာ့ ငြိမ်းချမ်းရေး ဘယ်လို ပုံစံ ဖော်ဆောင်မှ အဆင်ပြေနိုင်မလဲဆိုသည့် အခြေအနေများနှင့် ပတ်သက်ပြီးဧရာဝတီသတင်းဌာန အကြီးတန်း သတင်းထောက် ချစ်မင်းထွန်းက တွေ့ဆုံ၍ မေးမြန်းထားသည်။

မေး ။ ။ ပထမဆုံး အနေနဲ့ တပ်ချုပ်နဲ့ တွေ့တဲ့အခါမှာ NCA ထိုးဖို့ အခြေအနေ လမ်းစလေး ဘယ်လိုမျိုး ပွင့်သွားလဲ။

ဖြေ ။ ။ အခုက တပ်ချုပ်နဲ့ တွေ့တဲ့အခါမှာ ဒါကတော့ အပြုသဘော ဆန်တဲ့ဟာတွေ ပြောကြပါတယ်။ အားလုံး ကျနော်တို့ ဘာမှ သိပ်ကြီးမားတဲ့ ပြဿနာတော့ မရှိပါဘူး။ တပ်ချုပ်နဲ့ တွေ့တဲ့ အခါမှာဆိုရင် ကျနော် တို့လည်း ကြိုးစားမှာပေါ့။

NCA ကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ တချို့ကိစ္စလေးတွေ ဟိုဟာ ဒီဟာလေးတွေ နည်းနည်းပါးပါး ရှိလို့ နည်းနည်း ကြန့်ကြာသွားတာပါ။

မေး ။ ။ SSPP အနေနဲ့ NCA ထိုးဖို့ အလားအလာတွေ ကောင်းနေပြီးလို့ ကြားရတယ်။ NCA ထိုးဖို့အတွက် ဆုံးဖြတ်ချက် ချပြီးပြီလား၊ NCA ထိုးဖို့ ဘယ်လို အစီအစဉ်ရှိလဲ။

ဖြေ ။ ။ ကျနော်တို့က FPNCC ခုနှစ်ဖွဲ့တည်းမှာ ပါတယ်။ ဆိုတော့ ကျနော်တို့က မူကတော့ ဟိုအရင် က တည်းကပဲ အားလုံး ပါဝင်နိုင်ရေး မူဘဲ။ ထိုးမယ်ဆိုရင် ကျနော်တို့အားလုံး ဝမ်းမြောက် ဝမ်းသာစွာနဲ့ အားလုံး စုပေါင်းထိုးကြမှာပါဘဲ။

အခြေအနေကတော့ မနေ့(ဇူလိုင် ၁၃ ရက်)က တရုတ်သံအမတ်ကြီးရဲ့ ပြောကြားချက် အရဆိုရင်တော့ တော် တော်လေး ဝမ်းသာ စရာကောင်းတယ်။ မင်္ဂလာလည်း ရှိတယ်။ ဘယ်လိုလဲဆိုတော့ မင်္ဂလာရှိတဲ့ စကားတွေ ဖြစ်တယ်ဆိုတာက သူ(တရုတ်သံအမတ်) မနေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သွားတွေ့ဆုံပြီးတော့မှ ဗိုလ်ချုပ်မှူးကြီးက ပြောလိုက်တယ်။ NCA ဆိုရင် သူတို့က မြောက်ပိုင်း FPNCC ခုနှစ်ဖွဲ့ကို ကြိုဆိုပါတယ်။ NCA လက်မှတ်ထိုးဖို့ အဲဒီလို ဖြစ်သွားတော့ အရင်ကတော့ အဲဒီလို မပြောဘူးလေ။ ၃ ဖွဲ့က တခြား ၄ ဖွဲ့က တခြား အဲဒီလိုမျိုးတွေ ဖြစ်နေတာပေါ့။

အဲဒီအတိုင်း သွားမယ်ဆိုရင်တော့ သိပ်ကြီးမားတဲ့ ပြဿနာမရှိဘဲနဲ့ ကျနော်တို့က ကောင်းမွန်တဲ့ အလား အလာတွေ အပြောင်းအလဲလေးတွေ ရှိတယ်လို့ ကျနော်တို့ ယူဆပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ဘယ်လို ဖြစ်လာမလဲ ဆိုတာတော့ စောင့်ကြည့်ရမှာပေါ့။ အခု ကြားရတဲ့ စကားတွေကတော့ မင်္ဂလာစကားတွေပါဘဲ၊ မင်္ဂလာ သတင်းတွေပါဘဲ။ ကျနော်တို့လည်း ဝမ်းသာပါတယ်။ အဲဒီလိုမျိုး ဖြစ်ပါစေလို့လည်း ကျနော်တို့လည်း ဆုတောင်း ပါတယ်။ ကျနော်တို့ အားလုံး(အားလုံး)က ဝိုင်းဝန်း ကြိုးပမ်းဖို့ တာဝန်ရှိ တယ်လို့ ဒီလိုပဲ နားလည်ပါတယ်။

မေး ။ ။ FPNCC စာတမ်းမှာပေါ့နော်။ အဖွဲ့ဝင် အသီးသီးက ပြည်ထောင်စုအစိုးရနဲ့ စာချုပ်ချုပ်လို့ရတယ်ဆို ပြီးပါထားတယ်။ အဲဒီတော့ စဝ်တို့က တဖွဲ့ချင်းစီ သွားမှာလား၊ FPNCC အနေနဲ့ပဲ သွားကြမှာလား၊ ဘယ်လိုပုံစံနဲ့ လဲ။

ဖြေ ။ ။ NCA စာချုပ်ဆိုတာ အားလုံးပါဝင်ရေး အဲဒီအတိုင်း။ အားလုံးနဲ့ သွားမှာ အစောပိုင်းက ကျနော်ပြောပြီးပြီ လေ။

မေး ။ ။ ဟုတ်ကဲ့ တဖွဲ့ချင်း ထိုးမှာလား၊ FPNCC ကိုယ်စား အနေနဲ့ ထိုးမှာလား။

ဖြေ ။ ။ ထိုးတဲ့ အခါမှာတော့ ဘယ်လို ဖြစ်လာမလဲဆိုတာ ဒါကတော့ နောင်မှ ပြောရမှာဘဲ။ ဟုတ်တယ် မလား၊ ကျနော်တို့ အားလုံး ပါဝင်နိုင်ရေး၊ အားလုံး ပါဝင်ရင် ပြီးတာပဲ။ အော် အဲဒါ ခင်ဗျားတို့ ကိုယ်စားအနေနဲ့ ထိုးမှာ လား တဖွဲ့ချင်း အနေနဲ့ ထိုးမှာ လားဆိုတာက နောက်ပြဿနာဘဲ။ ဒါက ခင်ဗျားတို့၊ ကျနော်တို့ အားလုံး ပါဝင် နိုင်ရေးမှာဘဲ အကောင်အထည် ဖော်နိုင်ရင်တော့ ဝမ်းသာစရာ ကောင်းတာပေါ့။

မေး ။ ။ နောက်ဆုံးပေါ့နော် မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးက ဘယ်လိုပုံစံမျိုး အကောင်အထည်ဖော်မှ အောင်မြင်နိုင်မယ်ဆိုတဲ့အပေါ် မြင်ပါသလဲ။

ဖြေ ။ ။ ဘာဖြစ်လို့ဆို ကျနော်တို့ အားလုံး ပါဝင်နိုင်ပြီးတော့မှ နိုင်ငံရေး ပြဿနာကို နိုင်ငံရေး နည်းအရ စားပွဲဝိုင်းပေါ်မှာ တန်းတူမျှတ စိတ်ရှည်ရှည်နဲ့ သဘောထား ကြီးကြီးနဲ့ အပြန်အလှန် ညှိနှိုင်းဆွေးနွေးမယ်ဆိုလို့ ရှိရင်တော့ ဒီအခြေအနေတွေ တိုးတက် ကောင်းမွန်လာလိမ့်မယ်လို့ ထင်တယ်။

ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းစစ် ဖြစ်တယ်ဆိုတာ မငြိမ်းချမ်းဘူးဆိုတာဟာ မငြိမ်းချမ်းတဲ့ အကြောင်းတရား တွေကို ကျနော်တို့ ရှာရမယ်။ အကျိုးတရားက ပြည်တွင်းစစ်၊ ကျနော်တို့ ငြိမ်းချမ်းချင်တယ်လို့ ပြောလို့မပြီးဘူး။ ဟုတ်လား မငြိမ်းချမ်းတဲ့ အကြောင်းတရားတွေကို ရှာရမယ်။ အကြောင်းအရင်းတွေပေါ့။ အဲဒါမှပဲ ကျနော်တို့ ပြေလည်လိမ့်မယ် ထင်တယ်။ ဒီလောက်ဆို ရပါပြီ။

Did you find apk for android? You can find new Free Android Games and apps.
Loading