ဇူလိုင်လ ၁၁ ရက်က ၁၆ ရက်အထိ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ တတိယအစည်းအဝေးသို့ မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့ မှ ဒုတိယခေါင်းဆောင်များ တက်ရောက်ပြီး နိုင်ငံတော်အတိုင်ပင်ခံ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များနှင့် တွေ့ဆုံကာ အပစ်ရပ်စာချုပ် ချုပ်ဆို၍ နိုင်ငံရေးစားပွဲဝိုင်းထဲ ပါဝင်ရေးများ ဆွေးနွေးခဲ့ကြသည်။ ယခင် တပ်မတော်က အကြမ်းဖက် သောင်းကျန်းသူများဟု သတ်မှတ်ထားသော ငြိမ်းချမ်းရေး မဆွေးနွေး နိုင်ကြောင်း ပြောဆိုထားသည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် တအာန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့၏ အကြီးအကဲများကိုလည်း ဖိတ်ခေါ်ကာ အပစ်ရပ်စာချုပ် ချုပ်ဆိုရေး အတွက် ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သီးသန့်ခေါ်ယူတွေ့ဆုံခဲ့သည်။နိုင်ငံတော် အတိုင်ပင်ခံကလည်း တွေ့ဆုံပြီး အပစ်ရပ်စာချုပ် ချုပ်ဆိုနိုင်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့သည်။
အထက်ပါအကြောင်းအရာများနှင့် ပတ်သက်၍ AA ဒုစစ်ဦးစီးချုပ်အဖြစ် ဗိုလ်မှူးချုပ် တာဝန်ထမ်းဆောင် နေသည့် ဒေါက်တာညိုထွန်းအောင်ကို ဧရာဝတီ အကြီးတန်းသတင်းထောက် နန်းလွင်နှင်းပွင့်က သီးသန့် တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ ဇူလိုင်လ ၁၁ ရက်နေ့က ဒုကာချုပ်နဲ့ တွေ့တော့ ဘာတွေ ဆွေးနွေးခဲ့လဲ။
ဖြေ။ ။ကျနော်တို့ ဒီကိုလာတာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘယ်လိုမျိုး ချိတ်ဆက်ပြီးတော့ အလုပ်လုပ် နိုင်မလဲ ဆိုတဲ့ အပေါ်မှာ အခြေခံပြီး လာခဲ့တာဆိုတော့ ဒုကာချုပ်နဲ့တွေ့တဲ့ အချိန်မှာလည်း ကျနော်တို့ဘက်က ဆန္ဒ ဆိုတာမျိုးနဲ့ တိုက်ဆိုင်တာ ရှိတယ်။
သူတို့ဘက်ကတော့ အဓိက NCA ပိုင်းဆိုင်ရာ ကဏ္ဍရယ်၊ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ဘယ်လို ချိတ်ဆက်လို့ ရနိုင်မလဲဆိုတာရယ်။ နောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အဓိက အရေးကြီးတဲ့ ယုံကြည်မှု တည်ဆောက်ရေးမှာ ကျနော်တို့ ကြားထဲမှာ ဆက်စပ်လို့ ရမယ့် အနေအထားမျိုး ဒီ လုပ်ငန်းစဉ်မှာ ဘယ်လို ချိတ်ဆက်လို့ ရနိုင်မလဲဆိုတာကို အဓိက ပြောဖြစ်ခဲ့ကြတယ်။
သူတို့ ဘက်ကလည်း ကျနော်တို့အပေါ်မှာ သဘောထားတွေကို ပြောသလို၊ တပ်မတော်ရဲ့ သဘောထား တွေကိုလည်း ပြောခဲ့တာ ရှိပါတယ်။ ကျနော်တို့ဘက် ဆိုတာက အဲဒီနေ့က ကျနော်တို့ သွားတော့ ကိုးကန့်၊ ပလောင်၊ ရခိုင် ကျနော်တို့ ၃ ဖွဲ့ သွားခဲ့တာကို ဆိုလိုတာပါ။
မေး။ ။ AA နဲ့ တပ်မတော်ကြားက စစ်ရေးပဋိပက္ခတွေကိုရော ထည့်သွင်းဆွေးနွေး ဖြစ်လား။
ဖြေ။ ။ ကျနော်တို့ အဲဒါတွေကိုတော့ အဓိက မပြောဖြစ်ဘူး။ စစ်ရေး ကဏ္ဍတွေရော၊ အဓိက ကတော့ NCA ပိုင်းဆိုင်ရာ ကဏ္ဍနဲ့ ယုံကြည်မှု တည်ဆောက်ရေး၊ သူတို့ဘက်က ဒုချုပ်ပြောတာက ဥပမာတခုက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ၊ စားပွဲဝိုင်းကြီးမှာ အတူထိုင်ရအောင် ဆိုတာမျိုး။ ခင်ဗျားတို့လည်း ငြိမ်းချမ်းရေးစားပွဲဝိုင်းမှာ လာထိုင်ပါပေါ့။ ကျနော်တို့ကလည်း ပြောတယ်။ ကျနော်တို့ NCA ဆိုတာမျိုးကို စတင်မြစ်ဖျားခံ ကတည်းက၊ လိုင်ဇာမှာ ကတည်းက ကျနော်တို့ ရက္ခိုင့်တပ်မတော်အပါအဝင် ကိုးကန့်၊ တအာန်းတို့ကနေ အတူတူ ပါဝင်ခဲ့ ပြီးမှ ဒီ NCA ဖြစ်ခါနီးမှာ ခင်ဗျားတို့ ချန်ထားခဲ့တဲ့အတွက်ကြောင့် နောက်ဆက်တွဲက တိုက်ပွဲတွေ ဆက်လက် ဖြစ်လာတယ်။
ကျနော်တို့ အနေနဲ့လည်း NCA လမ်းကြောင်းမှာ နဂိုကတည်းက ရှိပြီသား။ စတည်တဲ့ အချိန် မှာလည်း ပါခဲ့တယ်။ ပြီးတော့ ကျနော်တို့ အဖွဲ့အနေနဲ့လည်း ခင်ဗျားတို့ ပြောတဲ့ ခုံတခုံက နဂိုကတည်းက ရှိပြီးသား။ ဒီဟာက ကျနော်တို့ ချန်ခဲ့တယ်ဆိုတာမျိုးကို ကျနော်တို့ဘက်ကလည်း သူ့ကို ပြန်ရှင်း ပြတယ်။ နောက်တခုက သူတို့ ပြောတဲ့အထဲမှာ တပ်မတော်ရဲ့ သဘောထားတွေကို ဒုချုပ်ကနေ တဆင့် ပြောပြသလို ကာချုပ်ရဲ့ သဘောထားဖြစ်တဲ့ အရင်တုန်းက ငြိမ်းချမ်းရေး မူ ၆ ချက်ရယ်၊ သူတို့ အမြဲတမ်း ပြောနေတဲ့ သူတို့ သဘောထားတွေရယ် ကိုလည်း ပြန်ပြောပြတာ ရှိပါတယ်။
ဒီနေရာမှာ နောက်တခုက ပြောတာက ၂၀၁၆ လောက်မှာ၊ ကျနော် ခုနှစ်မှားနိုင်ပါတယ်။ အဲဒီအချိန်မှာ ကျနော်တို့ ဥက္ကဋ္ဌက ကိုးကန့်၊ ပလောင် ဥက္ကဋ္ဌ တို့နဲ့ PC က ဦးခင်ဇော်ဦးတို့နဲ့ တွေ့တဲ့အချိန်မှာ ကျနော်တို့ ဒီ လုပ်ငန်းစဉ်ကို သွားဖို့အတွက် သူတို့ဘက်က တုံ့ပြန်ကြေညာချက် ဆိုတဲ့ဟာတခုကို ထုတ်ဖို့ တောင်းတယ်။ အဲဒီထုတ်ပြန် ကြေညာချက်ထဲမှာ စကားလုံး အသုံးအနှုန်း လိုတဲ့ အနေအထား ပုံစံမျိုးနဲ့ ထုတ်ပြန်ဖို့ နည်းနည်း ကြာခဲ့တယ်။ သူတို့က ခင်ဗျားတို့ ဒီ Process ကို ပါဖို့အတွက် အဲဒီလို ထုတ်ပြန်ကြေညာချက် တောင်းဖို့ အနေအထားမှာ ကျနော်တို့က မထုတ်ခဲ့ဘူး။ မထုတ်ပြန်ခဲ့ဘူး။ အဲဒီနောက်ပိုင်းက နည်းနည်းကြာပြီးတော့ ၂၀၁၆ ကနေ အခုချိန်ထိ ရောက်လာခဲ့တာ။
ကျနော်ပြန်ပြောရတာကတော့ အဲဒီတုန်းက အနေအထားနဲ့ အခုအနေအထားနဲ့က မတူတော့ဘူး။ အခုဆိုရင် ပင်လုံ ပထမ၊ ဒုတိယ၊ တတိယအကြိမ်တောင် ရောက်ခဲ့ပြီ။ ကျနော်တို့ အနေနဲ့ လက်ရှိ အချိန်မှာဆိုရင် FPNCC အနေနဲ့ပဲ သွားနေတယ်ဆိုတော့ အရင်ဟာကို ပြန်ပြောရင် ကျနော်တို့ နည်းနည်း အရင်လမ်းကြောင်းကိုပဲ ပြန်ရောက်သွားမယ်။ ဒါကို မစဉ်းစားဘဲနဲ့ပေါ့။ ကျနော်တို့ကတော့ အဲဒီ Process က ပြီးသွားပြီ။ အခု ထပ်ပြီးတော့ မှပဲ အခုသွားနေတဲ့ ပင်လုံနဲ့ပဲ ဆက်သွားလို့ ရအောင် ခင်ဗျားတို့လည်း စဉ်းစားပေးပါ ဆိုပြီး ကျနော် ပြန်ပြောခဲ့ပါတယ်။
မေး။ ။ ဒေါက်တာ ဆိုလိုတာက လက်နက်ကိုင်လမ်းစဉ်ကို စွန့်ရမယ်ဆိုတဲ့ Statement ထုတ်ခိုင်းတဲ့ ကိစ္စလား။
ဖြေ။ ။ ဟုတ်တယ်။ ကျနော်တို့ကတော့ လက်နက်ကိုင်လမ်းစဉ် ဆိုတာထက် လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းဖို့ ဆိုတဲ့ အသုံးအနှုန်းပါ။ ဒီတခေါက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပြီးတဲ့ အချိန်မှာလည်း ဦးဇော်ဌေး ကတောင်မှ ကျနော့်ကို ပြောတယ်။ ခင်ဗျားလည်း စာရေးကောင်းတဲ့ လူတယောက်ပဲ၊ အဲဒီ အသုံးအနှုန်းကို ဒီထက် ပိုကောင်းတာမျိုးကို ပိုသုံးနိုင်ရင် ခင်ဗျားတို့လည်း စဉ်းစားပါဆိုတာမျိုး ပြန်ပြောတာ ရှိပါတယ်။
မေး။ ။ Bilateral ထိုးဖို့ ကိစ္စတွေလည်း တပ်မတော်နဲ့ အစိုးရဘက်က ပြောဆိုတာ ကြားရတယ်။ AA ဘက်က သဘောထားဘယ်လိုရှိလဲ။
ဖြေ။ ။ ကျနော်တို့က လောလောဆယ် အဲဒါကို မစဉ်းစားသေးဘူးခင်ဗျ။ ကျနော်တို့ အဓိက လက်ရှိအချိန်မှာ အာရုံစိုက်နေတာက ကျနော်တို့ ULA/AA အနေနဲ့ မိမိရဲ့ အဖွဲ့အစည်းကို အကောင်းဆုံး ကြိုးစား ပြင်ဆင်တယ်။ တပ်ပိုင်းဆိုင်ရာမှာ ဆိုရင်လည်း စစ်တပ်တခုရဲ့၊ တပ်မတော်တခုရဲ့ ဂုဏ်၊ အရည်အချင်း၊ အရည်အသွေးတွေနဲ့ EAOs ထဲမှာရောပေါ့။ ကျနော်တို့ကတော့ ရည်မှန်းချက်လည်း ကြီးတယ်။ ကိုယ့်ရဲ့ ရည်မှန်းချက်ကိုလည်း ပထမဆုံး အကောင်အထည် ဖော်နေတယ်။ ULA အနေနဲ့ ဆိုရင်လည်း ULA ရဲ့ ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်ကို ကျနော်တို့ တဆင့်ပြီး တဆင့် အကောင်အထည်ဖော်ပြီးတော့ ကျနော်တို့ အမြဲတမ်း ပြောနေတဲ့ ပြည်သူ့ကို Message ပေးနေတဲ့ ရက္ခိတလမ်းစဉ်ပေါ့။ Arakan Dream 2020 ဆိုတဲ့ ကျနော်တို့ ရခိုင်လူမျိုးတွေရဲ့ မျှော်မှန်း ချက်ကို တဆင့်ပြီး တဆင့် ကြိုးစား အကောင်အထည်ဖော်နေတယ်။ ဒီဘက်မှာဆိုရင်တော့ FPNCC အနေနဲ့ ဘုံသဘောတူညီချက် အနေနဲ့ မူဝါဒတွေ ရှိပြီးသား ဆိုတော့ အဲဒါတွေကိုပဲ ကျနော်တို့ တဆင့်ချင်း တဆင့်ချင်း ကြိုးစားပြီးတော့ အကောင်အထည် ဖော်နေတယ်။
ကျနော့်အနေနဲ့ ဒီကို လာတဲ့အချိန်မှာ FPNCC အဖွဲ့ရဲ့ ကိုယ်စား စကားပြောဖို့ ပြောခွင့်ရရင် မူဝါဒတွေ တင်ပြခွင့် ရရင် ဘာတွေ တင်ပြမယ်ဆိုတဲ့ စဉ်းစားချက်လောက်ပဲ ရှိပါတယ်။
မေး။ ။ တပ်မတော်ဘက်က တောင်းဆိုထားတဲ့ တပ်မတော်ဘက်က လိုချင်တဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်ရမယ်ဆိုတဲ့ Statement ထုတ်ပေးဖို့ ဘယ်လိုအခြေအနေရှိလဲ။
ဖြေ။ ။ အဲဒါက ကျနော်တို့ အရင်ကတည်းက နောက်ဆုံးစကားလုံး ရွေးချယ်မှုမှာ ကျနော်တို့ ဘက်က အခြေအနေ တခုခုမှာ စကားလုံးကို အဲဒီထက် နည်းနည်း ကြားကနေ ဆိုရင် ထိုးပေးဖို့ ကျနော်တို့က အဲဒီ ကတည်းက အဆင်သင့် ရှိခဲ့တယ်။ အဲဒီကတည်းက အဆင်သင့်ရှိတယ်ဆိုတာက အဲဒီတုန်းက ၃ ဖွဲ့ တွေ့တယ်။ တွေ့တော့၊ စကားလုံး အသုံးအနှုန်းနဲ့ ပတ်သက်ပြီး ကျနော်တို့ ပြောတဲ့အချိန်မှာ ကျနော်တို့က ကြားထဲက မပျော့ပြောင်းတဲ့ အခြေအနေမျိုးနဲ့ အဆင်သင့် ရှိနေပါတယ်။ ကျနော်တို့ ၃ ဖွဲ့မှာ ကျတော့ တခြား အဖွဲ့တွေက အဲဒီတုန်းက စဉ်းစားနေတုန်းဆိုတဲ့ ပုံစံမျိုးပါ။
မေး။ ။ ဒီခရီးစဉ် မလာခင်က တပ်မတော်အနေနဲ့ ဒေါက်တာတို့ဘက်ကို လူကြီးပိုင်းတွေ တက်ဖို့ Request လုပ်တယ်လို့ ကြားတယ်။ ဒါက ဟုတ်လား။
ဖြေ။ ။သူတို့ကတော့ ဖိတ်စာကို ‘ဝ’ UWSA ကနေ တဆင့် ရောက်လာတယ်။ ရောက်လာတဲ့အချိန်မှာ လူကြီးပိုင်း ဆိုတာမျိုးထက် အဆုံးအဖြတ်ပေးနိုင်တဲ့ ခေါင်းဆောင်ပိုင်းတွေ တက်လာဖို့ ပေါ့။ ကျနော့်အနေနဲ့က အတိုင်းအတာတခုအထိ ဆုံးဖြတ်လို့ရတဲ့ အပိုင်းရှိတယ်။ တချို့ကိစ္စတွေ၊ အရေးကြီးတာတွေ ကျတော့ ကိုယ့်ရဲ့ မိခင်အဖွဲ့အစည်းကို ပြန်ပြီးတော့ ပြောလို့ ရတယ်။ အဲဒီလိုမျိုး ဘယ်သူဘယ်ဝါ တက်ရမယ် ဆိုတာတော့ မဟုတ်ဘူး။ ထိပ်ပိုင်းခေါင်းဆောင် ဆိုတာထက် ဆုံးဖြတ်ချက်ပေးလို့ ရမယ့် ခေါင်းဆောင် ဆိုတဲ့ သတင်းစကား နဲ့ပဲ ကျနော်တို့ ဖိတ်စာ ရတယ်။ လောလောဆယ်တော့ ကျနော်က ကျနော့်အဖွဲ့အစည်းမှာ၊ တပ်ဘက်မှာဆို ဒုချုပ် အနေနဲ့ တာဝန်ထမ်းဆောင်တယ်။ ULA ရခိုင်အမျိုးသားအဖွဲ့ချုပ်မှာ ဆိုရင်တော့ ကျနော်က အထွေထွေ အတွင်းရေးမှူး အနေနဲ့ တာဝန်ယူတယ်။ ကျနော်တို့ ULA မှာကျတော့ ဒုဥက္ကဋ္ဌက မရှိဘူး။ ကျနော့် အနေနဲ့ ဒီလို နဲ့ အစည်းအဝေးတက်လာတာပါ။
အရင်နဲ့ မတူတာက ကျနော်တို့က သူတို့ရဲ့ သဘောထား မူဝါဒတွေကို ကိုယ်တိုင် ကိုယ်ကျ နားဆင်ခွင့်ရတာ တချက်။ သူတို့ ပြောတဲ့အထဲမှာ သူတို့ကိုယ်တိုင်လည်း ယုံကြည်မှု တည်ဆောက်ရေး အကောင်းဆုံး တည်ဆောက်မယ်။ ကျနော်တို့ အနေနဲ့လည်း အဲဒီ အမြင်သဘောနဲ့ အဲဒီ Process ၊ အဲဒီအခြေအနေတွေ ကျနော်တို့ဘက်က သဘောထားရှိတယ်။ ကြားထဲမှာ ကျနော်တို့ ကိုယ်တိုင်ကလည်း ငြိမ်းချမ်းရေး အလံကို မြင့်မြင့်ထူပြီး လာခဲ့တာဆိုတော့ ဘာပဲဖြစ်ဖြစ် ရင်ဘတ်ချင်း တအားကြီး ထပ်တူမကျပေမယ့် ကနဦး ထိတွေ့ ဆက်ဆံမှုပေါ့။ ကောင်းမွန်တဲ့ ထိတွေ့ဆက်ဆံမှု တခုကိုတော့ ရတယ်ဆိုတာမျိုးတော့ ခံစားရပါတယ်။
မေး။ ။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တော့ ဘာတွေ ဆွေးနွေးခဲ့လဲ။
ဖြေ။ ။သူတို့အဖွဲ့နဲ့ ပြောတာကတော့ ကျနော်တို့ဘက်က ကိုးကန့်အနေနဲ့ ပြောတာရှိတယ်။ TNLA အနေနဲ့ ပြောတာ ရှိတယ်။ ကျနော်တို့ ရခိုင်တွေက နည်းနည်းပြောတယ်။ ကျနော်ကတော့ အဲဒီအချိန်မှာ အဓိက ကတော့ ကျနော်တို့ အနေနဲ့လည်း တွေ့ဆုံပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်တယ်။ သူနဲ့ ဆိုရင် ကျနော် အရင် တခေါက်တုန်းကလည်း ပါတယ်။ ကျနော်တို့လည်း Peace Process ထဲမှာ ပါဝင်ဖို့ လိုလိုလားလား ရှိတယ် ဆိုတာ ပြောခဲ့ပါတယ်။ သိပ်တော့ အထွေအထူးတော့ မပြောခဲ့ပါဘူး။ ဒါပေမယ့် ကြားထဲမှာတော့ သူတို့ဘက်က ကျနော့်ကို မေးခွန်းတခု ခင်ဗျားတို့ NCA လက်မှတ်ထိုးဖို့အတွက် ပြောလိုက်ပြီလားဆိုတာမျိုးကို ဦးဇော်ဌေးက ကောက်ပြောတော့ ခင်ဗျားကို ဘယ်သူပြောတာလဲလို့ ကျနော်တို့က အဲဒီလိုတော့ ပြန်ပြော ပါတယ်။ အဲဒီလောက်ပဲ ရှိခဲ့တယ်။ ကျန်တာတော့ မရှိပါဘူး။ ခင်ဗျား အဲဒါ တယောက်မှလည်း အဲဒီလို ကိစ္စတွေကို မပြောခဲ့ဘူးလို့ ပြန်ပြောခဲ့ပါတယ်။
မေး။ ။ မနှစ်ကလည်း ဒေါက်တာညိုထွန်းအောင်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ထားတော့ မနှစ်ကနဲ့ အခု ဘာတွေ ကွာခြားပါသလဲ။ ရင်းနှီးမှုတွေ ရလာပြီလား။
ဖြေ။ ။ လူဆိုတာကတော့ ထိတွေ့မှု များများရှိရင် ပိုကောင်းတယ်။ နိုင်ငံရေးမှာတော့ ပိုကောင်းတယ်ဆိုတဲ့ အယူအဆကို ကျနော်တို့ လက်ခံတယ်။ ထိတွေ့မှု များများရှိမှပဲ ပြောဆိုဆွေးနွေးခွင့်ရမယ်။ သူ့အသံကိုလည်း ကိုယ်နားထောင်လို့ ရမယ်။ ပြန်ပြောလို့ ရမယ်ဆိုတော့ ဒီအနေအထားကြားမှာတော့ သူတို့ဘက်က စိတ်နေ သဘောထားတွေကတော့ လောလောဆယ် မပြောင်းသေးဘူးဆိုတဲ့ အနေအထားကို ကျနော် နားလည်တယ်။
ကျနော်တို့ ဖြစ်စေချင်တာ FPNCC အနေနဲ့ ပုံစံမျိုးကို ဖြစ်ချင်တယ်။ ကျနော် ဒုချုပ်နဲ့ တွေ့တော့လည်း ပြောတယ်။ ဒုချုပ်တင် မဟုတ်ဘူး။ တွေ့တဲ့ တော်တော်များများမှာ ကျနော် ပြောဖြစ်တယ်။ ကျနော်တို့ ဒီကို လာတဲ့ မျှော်လင့်ချက်က FPNCC အနေနဲ့ တွေ့ခွင့်ရဖို့ လာခဲ့တယ်။ စုဖွ့ဲမှုနဲ့ တွေ့ဖို့ လာခဲ့တယ်။ ခင်ဗျားတို့ ဘက်က ၃ ဖွဲ့တို့၊ ၄ ဖွဲ့တို့အနေနဲ့ တွေ့မယ်ဆိုရင် ကျနော်တို့ FPNCC ထဲမှာရော ယုံကြည်မှုနဲ့ နားလည်မှုက တဖွဲ့ချင်းပဲ တွေ့တွေ့၊ နှစ်ဖွဲ့ပဲ တွေ့တွေ့၊ သုံးဖွဲ့ပဲ တွေ့တွေ့ မိခင်အဖွဲ့အစည်းဖြစ်တဲ့ FPNCC ကို ပြန်လို့ တင်ပြရမယ်။ ကိုယ်ဘာပြောရမယ် ဆိုတာပေါ့။ ဒါတွေ ရှိပြီးသားဆိုတော့ ကျနော်တို့ အဖွဲ့အစည်းကြားထဲမှာ ယုံကြည်မှု ရှိပါတယ်။ သူတို့က ခွဲလိုက်တယ် ဆိုတော့ ကိုယ်က လာတဲ့ မျှော်လင့်ချက်နဲ့တော့ မရဘူးပေါ့ ။ သမီးရည်းစား စကားပြောသလို ဒီကောင်မလေး ငါ့ကို ဒီအချိန်မှာတော့ အဖြေပေးမယ်ထင်ခဲ့တာပေါ့။ သူက ဒီအချိန်မှာ အဖြေပေးမလာခဲ့တော့ နည်းနည်းတော့ ငါကြိုးစားရဦးမယ်ဆိုတာမျိုးပေါ့။ အဲဒီလိုပါပဲ။ ကျနော်တို့ ပေါ့ပေါ့ပါးပါးပါပဲ။
မေး။ ။ အစိုးရနဲ့ တပ်မတော်တို့က NCA ထိုးဖို့ တချိန်လုံး ပြောတယ်။ မြောက်ပိုင်းက FPNCC အနေနဲ့ သွားချင်တယ်။ ဒီနှစ်ခုက ဘာကွာခြားနေလဲဆိုတာ ပြည်သူတွေကို ရှင်းပြပေးပါ။
ဖြေ။ ။ ခုန ကျနော် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တော့ ပြောတာက သူတို့လည်း မိန့်ခွန်းတွေထဲမှာ ပြောသလို သူတို့ သဘောထား ထဲမှာပါတဲ့ ၃ ဖွဲ့ကို တွေ့မယ်။ ၄ ဖွဲ့ကို တွေ့မယ်ဆိုတော့ ကျနော်က သွားနေတဲ့ လမ်းကြောင်းမှာ တဖွဲ့၊ နှစ်ဖွဲ့၊ သုံးဖွဲ့ဆိုရင် သွားနေတဲ့ လမ်းကြောင်းက လမ်းကြောင်း ၂ ခုနဲ့ သွားနေမယ်။ ကျနော်တို့မှာ လမ်းကြောင်း တကြောင်းတည်းဆိုတာ ရှိပြီးသာ။ NCA ဆိုတဲ့ ပလပ်ခုံကြီးမှာ သွားပြီး Join မယ်ဆိုရင် တပေါက်တည်းနဲ့ သွား Join မလား။ ဒါမှမဟုတ် ၂ ပေါက်နဲ့ သွား Join မလား။ ကျနော်တို့မှာ မူရှိပြီးသား။ ကျနော်တို့မူနဲ့ ခင်ဗျားတို့ ပလပ်ပေါက်မှာ Join လိုက်ရင် ပိုပြီး မြန်ဆန်တယ်။
ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကာချုပ် ပြောတဲ့ မိန့်ခွန်းတွေမှာ ၂၀၂၀ ဆိုတဲ့ သူတို့ သတ်မှတ်ထားတဲ့ ပန်းတိုင်တခု ပေါ့ဗျာ။ အဲဒါက နောက်ဆုံး ပန်းတိုင်လည်း ဖြစ်ရင် ဖြစ်မယ်။ ဒါမှမဟုတ် နောက်ပြိုင်ပွဲ တခု ထပ်ရှိရင် ရှိမှာပေါ့။ အချိန်ကာလအားဖြင့် သူတို့ကလည်း မြန်ချင်တယ်ဆိုတော့ ၃ ဖွဲ့၊ ၄ဖွဲ့အနေနဲ့ လုပ်နေမယ့် အစား ကျနော်တု့ိကို လာခဲ့၊ ၇ ဖွဲ့ ဆိုပြီး လုပ်ရင် အချိန်လည်း မကြန့်ကြာတော့ဘူးလေ။ ဒီလိုမျိုး ပြောခဲ့တာ တော့ ရှိပါတယ်။
FPNCC က လက်ရှိလုပ်တဲ့ NCA နဲ့ ပထမ စပြီး လိုင်ဇာက မြစ်ဖျားခံပြီး စစီးဆင်းလာတဲ့ NCA နဲ့က Hybrid ထားကြည့်မယ်ဆိုရင် တော်တော်များများတော့ တူပါတယ်။ အဲဒီမှာ ကွာတာက တပ်နေရာ ချထားရေးတို့၊ DDR SSR Process နဲ့ သွားမလားတို့။ အခုလက်ရှိ လုပ်နေတဲ့ NCA ကိုလည်း ကျနော်တို့ သဘောမကျတာတော့ မဟုတ်ဘူး။ လိုအပ်ချက်တွေ ရှိခဲ့တယ်။ အခုလက်မှတ် ထိုးထားတဲ့ အဖွဲ့တွေလည်း လက်မှတ်မထိုးတဲ့ အဖွဲ့တွေနဲ့ အတူတူလုပ်ခဲ့ကြတာပဲ။ ကျနော်တို့ စိတ်ထဲမှာ ဒီဟာက ပဋိဉာဉ်နဲ့ အခြေအနေတွေက အတူတူ ရှိပြီးသားပဲ။ ဒီ (FPNCC ရဲ့) NCA ထဲမှာ နည်းနည်းပါးပါး UWSA တို့၊ မိုင်းလားတို့မှာကျ Bilateral ထိုးပြီးတဲ့ အဖွဲ့တွေ ငြိမ်းချမ်းရေးကို အကြာကြီး ယူပြီးပြီဆိုတော့ သူတို့ရဲ့ လက်ရှိ အခြေအနေနဲ့ ဆက်စပ်တာတွေ ပါတယ်။ အဖွဲ့ကြီးနဲ့ အသေးတို့၊ ပထဝီအနေအထား၊ နိုင်ငံနယ်နိမိတ် အခြေအနေတွေ မတူကြဘူးဆိုတော့ အဲဒါတွေကို နည်းနည်းလေး ပြန် Hybrid လုပ်ကြည့်ရင်တော့ သိပ်ပြီးတော့ ကွာတာ မရှိဘူး။ နယ်မြေ အနေအထားရယ်၊ တခြားဟာတွေပေါ့။ နည်းနည်းပါးပါး ကွာဟမှု ရှိတယ်။ ကျနော်တို့ ဒီဘက်က လက်ရှိ အနေအထားမှာလည်း ကျနော်တို့ အနေနဲ့ကျတော့ သူတို့ရဲ့ လိုအပ်ချက်တွေကို မြင်လို့ လိုတိုးပိုလျှော့ဆိုတာ လုပ်ခဲ့တယ်။
သူတို့ဘက်ကလည်း ကျနော်တို့ကို လိုတိုးပိုလျှော့ လုပ်တာ မရှိသေးဘူး။ ကျနော်တို့ ထွက်လာတာ FPNCC ရဲ့ NCA လမ်းကြောင်းနဲ့ပါ။ အဲဒီမှာကျတော့ ကျနော်တို့က ရှေ့က လိုတိုးပိုလျှော့တွေ ပါတယ်။ သူတို့ကလည်း ဘာကို လိုချင်လဲ၊ ဘာကို လျှော့ချင်လဲဆိုတာ လောလောဆယ်မှာ မရှိသေးဘူး။ အဲဒါကို ပြောတာပါ။
မေး။ ။ ဒီတခေါက်ခရီးစဉ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံရယ်၊ တပ်မတော်အကြီးအကဲတွေနဲ့ တွေ့တာရယ်က နိဂုံးချုပ်ရင် ဘာတွေ ရလိုက်လဲ။
ဖြေ။ ။ တွေ့ဆုံမှုကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က နှစ်ဖက်စလုံး လိုချင်တယ်။ နှစ်ဖက်စလုံးက ငြိမ်းချမ်းရေး လိုချင်တယ်။ ကျနော်တို့လည်း ငြိမ်းချမ်းရေး လိုချင်တယ်။ ငြိမ်းချမ်းရေး ဆိုတာကို နောက် Dimension တခုကနေ ကြည့်မယ်ဆိုရင် ဒါက နိုင်ငံရေးအရ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေကို နိုင်ငံရေး အရ ဖြေရှင်းရမယ်ပေါ့။ ကျနော်တို့က Political will က ရှိပါတယ်။ သူတို့ဘက်မှာလည်း ရှိတယ်။ ဖြစ်ချင်တဲ့ ဆန္ဒ တွေက နှစ်ဖက်စလုံးမှာ ရှိကြတယ်ဆိုတော့ အဲဒီလို ဆန္ဒတွေကို အကောင်အထည်ဖော်ဖို့က ထိတွေ့မှု လိုတယ်။ အဝေးကနေတော့ မရဘူး။ မျက်နှာချင်းဆိုင် စားပွဲပေါ်ကနေပြီးတော့ တွေ့ဆုံဆွေးနွေးရမယ်။ အဲဒီလို ဖြစ်လာဖို့ တွေ့ဆုံဖို့ Process တွေက လိုပါတယ်။ တွေ့ဆုံတဲ့ အချိန်မှာတော့ ထိတွေ့ခွင့် ရတယ်ဆိုတော့ ပထမ ပြောခဲ့သလိုပဲ ကျနော်တို့ရဲ့ အသံကို သူတို့ကို ပြောခွင့်ရတယ်။ သူတို့ အသံကိုလည်း ရတယ်ပေါ့။ ပြီးရင် ဒီကြား ထဲမှာ ကျနော်တို့ကို စေ့စပ်ပေးတဲ့ တရုတ်နိုင်ငံကို ကျနော်တို့ လက်ရှိ အခြေအနေတွေကိုလည်း ပြောခွင့်ရတယ်။ အဲဒီ့ကောင်းမွန်တဲ့ အခြေအနေမျိုးတွေ ရှိတယ်။
ပြီးရင် ကျနော်တို့ အမြဲတမ်း ပြောနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီ၊ ဒီမိုကရေစီ ဘာပဲပြောပြော နောက်ဆုံးကတော့ ဘာပဲ ပြောပြော ဒီတိုင်းပြည်ကို အအေးချမ်းဆုံးနဲ့ အကောင်းဆုံး တည်ဆောက်မယ်ဆိုတဲ့ မျှော်မှန်းချက်တွေ အတွက် ဘယ်သူ့မှာ ဘယ်လို စိတ်ကူးရှိတယ်ဆိုတာကတော့ ကျနော်တို့အနေနဲ့ ကောင်းတယ်ဆိုတာတော့ ရပါတယ်။
မေး။ ။ ခေါင်းဆောင်ပိုင်းတို့၊ ဥက္ကဋ္ဌတို့နဲ့ ထပ်တွေ့ဖို့ ပြောဆိုထားတာတွေရော ရှိလား။
ဖြေ။ ။ ဒီဟာမှာတော့ ကျနော်တို့ ပြောတဲ့အထဲမှာ Contact Person ပေါ့။ အရင်တုန်းကဆိုရင် ကြားခံ မရှိတော့ ကျနော်တို့ ကြားမှာ လစ်ဟာနေတယ်။ အခု ဒီ လစ်ဟာမှုက ကြားခံတခု ရှိလာပြီဆိုတော့ ကျနော်တို့ ဆက်စပ်လို့ ရတယ်။ ခေါင်းဆောင်ပိုင်းနဲ့ တွေ့မယ့်ဟာကိုတော့ တပ်မတော်ပိုင်းက ပြောတော့ ခင်ဗျားတို့နဲ့ တွေ့ချင်တယ် ဆိုရင် အချိန်မရွေး၊ ကျနော် အဲဒီ စကားတခုတော့ သေချာမှတ်မိလိုက်တယ်။ အချိန်မရွေး တွေ့လို့ ရတယ်။ ဦးခင်ဇော်ဦးတို့လည်း ရှိတယ်ပေါ့။ အဲဒီ Channel ကပဲ ဖြစ်ဖြစ်ပေါ့။ အဲဒီလို ပုံစံမျိုးနဲ့ ပြောတာ ကတော့ ကောင်းတဲ့အနေအထား တခုပါ။ ဥက္ကဋ္ဌတို့နဲ့ တွေ့မယ်ဆိုတာမျိုးက ကျနော်တို့ ညီလာခံက ပြန်သွားရင် ကျနော်တို့ မိခင်အဖွဲ့အစည်းကို တင်ပြမယ်။ ပြီးရင် FPNCC အနေနဲ့ ပြန်ပြီး ပင်လုံရဲ့ အခြေအနေတွေကို ဆွေးနွေး တင်ပြတာတွေလည်း ရှိလာနိုင်တယ်။ လောလောဆယ်တော့ မိခင်အဖွဲ့အစည်းကို အရင်တင်ပြမယ် ။ ပြီးမှ ဘာတွေ ဆက်ဖြစ်လာ မလဲ။ ဒီပင်လုံအနေနဲ့ ရလဒ်တွေ ဘယ်လို ထွက်လာမလဲ။ ပြီးတော့ မြေပြင်မှာရော၊ လူတွေကတော့ ဒီပင်လုံကိုပဲ ကြည့်နေကြတယ်။ ဒါပေမယ့် ပင်လုံရဲ့ နောက်ကွယ်မှာ မြေပြင်မှာ စစ်ရေး လှုပ်ရှားမှုတွေ ဘယ်လိုရှိလာဦးမလဲ ဆိုတာတွေက အများကြီးမူတည်ပါတယ်။
မေး။ ။ တပ်မတော်တို့ အစိုးရတို့နဲ့ တွေ့ပြီးတဲ့ အစည်းအဝေး တခုပြီးတိုင်း တရုတ်ကိုယ်စားလှယ်တွေက လာတွေ့တယ်နော်။ ဘာတွေ ပြောဖြစ်ကြတာလဲ ။
ဖြေ။ ။ သူတို့ ကျနော်တို့နဲ့ တွေ့တဲ့အချိန်မှာ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်လာနိုင်ရေး အတွက် ပေါ့နော်။ အခုသူတို့ ကျနော်တို့ကို ဦးဆောင်ပြီးတော့ ခေါ်လာတာပဲ ဖြစ်ဖြစ်၊ ကြားဝင်စေ့စပ်လို့ ခေါ်လာတာပဲ ဆိုဆို သူတို့ဘက်မှာလည်း မြန်မာနိုင်ငံကြီး ငြိမ်းချမ်းဖို့ရယ်၊ နယ်စပ်ဒေသ တည်ငြိမ်ဖို့ရယ် ကိုတော့ ပြောဖြစ်ပါတယ်။ ပြီးတော့ ကျနော်တို့ ဘာတွေ ပြန်ပြောခဲ့လဲ ဆိုတာမျိုးတွေကိုတော့ မပြောပေမယ့် တခါတခါဆိုရင် ကျနော်တို့ကတော့ ဒီအချိန်မှာ ဒီလိုဒီလို ပုံစံမျိုးတွေ ပြောခဲ့တယ်ပေါ့။
သူတို့ကတော့ Peace Process ကို ပိုပြီး အလေးထားတယ် ဆိုတာမျိုးတွေနဲ့ပဲ တိုက်တွန်းတာပေါ့။ တခြား ဟာတော့ မရှိပါဘူး။ ပြီးရင် တရုတ်နိုင်ငံရဲ့ မူဝါဒတွေကိုတော့ တခါတခါ ကြားညှပ်ပြီး ပြောတာ ရှိတယ်။ ဥပမာ – မူဝါဒဆိုရင် သူတို့အနေနဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို သူတို့ လိုချင်တယ်။ နယ်စပ်တည်ငြိမ်မှုကို လိုချင်တယ်။ နယ်စပ်ဒေသထဲမှာ ပြဿနာ မဖြစ်ဖို့ ဆိုတာတွေကို သူတို့ ပြောတယ်။ ပြီးရင် အခါအားလျော်စွာ မူဝါဒ အသစ်တွေ ရှိရင်လည်း သူတို့ ပြောတယ်။ ဒီတခေါက်ဆိုရင် ခင်ဗျားတို့ နယ်စပ်ဒေသမှာ နေပြီးတော့ တိုက်ပွဲတွေ မဖြစ်ဖို့ အရင်တခေါက်လည်း မူဆယ်လို ကိစ္စတွေ မဖြစ်ဖို့လည်း သူတို့ ပြောတယ်။ ပြီးရင် One Belt One Road နဲ့ ပတ်သက်ပြီးတော့လည်း ကျနော်တို့ ကြိုးစားနေတယ်ဆိုတာမျိုး ပြောတယ်။ အဲဒါမျိုးတွေပဲ သူတို့ဘက်က ပြောတာပါ။
မေး။ ။ မြောက်ပိုင်းမဟာမိတ်ခေါင်းဆောင်တွေ နေပြည်တော်ကို ရောက်လာဖို့ တတိယပင်လုံ လာတက်ဖို့ တရုတ်က ဘယ်လောက်အထိ အရေးပါတဲ့ အခန်းကဏ္ဍက ကူညီခဲ့ပါသလဲ။
ဖြေ။ ။ ဘယ်လောက်ထိ အရေးပါသလဲဆိုတော့ တိုင်းတာလို့တော့ မရဘူးပေါ့။ ဒါပေမယ့် အတိုင်းအတာ တခု အထိတော့ အရေးပါတယ်။ ဒါကတော့ အစိုးရဘက်ကရော၊ တပ်မတော်ဘက်ကရော၊ ကျနော်တို့ ဘက်ကရော အတိုင်းအတာ တခုအထိ အရေးပါတဲ့ ဟာတော့ရှိပါတယ်။ ကြားထဲမှာတော့ ဒီလိုမျိုး လိုအပ် နေတဲ့ ကွက်လပ်တွေကို စုစည်းပေးနိုင်ဖို့အတွက် လက်ရှိအချိန်မှာ အလုပ်ပေးနိုင်ဆုံးက သူပဲ ဖြစ်နေတော့ အဲဒီ နေရာတွေမှာ သူက ပိုပြီး အရေးပါတယ်ဆိုတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။