ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက် ညနေပိုင်းက တောင်ဥက္ကလာပမြို့နယ်ရှိ ရေအိုင်အတွင်း ပြတ်ကျနေသည့် ဓာတ်ကြိုးကို တက်နင်းမိရာမှ ကလေးငယ်တဦး သေဆုံးခဲ့ရပြီး သေဆုံးမှုနှင့် ပတ်သက်၍ ပြည်သူ များက မြို့နယ်လျှပ်စစ်ရုံးကို ပြစ်တင်ဝေဖန်လျက်ရှိသည်။
သို့ဖြစ်ရာ အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း (YESC) အနေဖြင့် မည်သို့ မည်ပုံ ကိုင်တွယ်ဆောင်ရွက် နေသည်ဆိုသည့် အချက်နှင့် အနာဂတ်တွင် ထိုသို့ မဖြစ်စေရန် စီစဉ်ဆောင်ရွက်နေမှု များကို YESC ၏ အမှုဆောင်အရာရှိချုပ် ဦးသန့်စင်ကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းခဲ့ပါသည်။
မေး။ ။ ဇူလိုင်လ ၁၃ ရက်နေ့က တောင်ဥက္ကလာက ကလေးငယ်လေး တယောက်သေဆုံးခဲ့မှုမှာ YESC အနေနဲ့ ဘယ်လို ဆောင်ရွက်မှုတွေ လုပ်နေပါသလဲ။
ဖြေ။ ။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်းရေးကော်မတီဖွဲ့ပြီး စစ်ဆေးတဲ့ လုပ်ငန်းကို အားချင်း လုပ် တယ်။ ဖြစ်ရပ်မှန်ကို သိအောင်ပါ။ ဖြစ်ရပ်မှန်ဆိုတဲ့ နေရာမှာ ဖုံးကွယ်ဖို့ မဟုတ်ဘူး။ ဘာကြောင့် ဖြစ်သလဲ ဆိုတာကို သိရအောင်ပါ။ လက်တွေ့ ဖြစ်ခဲ့တဲ့ နေရာတွေကို သွားကြည့်ပြီး စစ်ဆေးမေးမြန်း တာတွေ လုပ်ခဲ့တယ်။
ဖြစ်စဉ် အမှန်က ညနေ ၃ နာရီ ၁၅ မိနစ် မှာ အဲဒီရပ်ကွက်ကို မီးပေးနေတဲ့ ရွှေမင်းဝန် Transformer (500KV) ဓာတ်အားလိုင်း ပြတ်ကျတယ်၊ အဲဒါ အဖျားပိုင်း ကြေးကြိုး။ အဲဒီကြေးကြိုးရဲ့ ရှေ့မှာတော့ လမ်းကူး တခန်း ရှိတယ်။ အဲဒါက မိန်းကြိုး၊ အဲဒီမှာလည်း ငှက်တွေက နားနေတာကနေ ထပြန်တဲ့ အခါ လိုင်းပူးသွားတယ်။ လိုင်းပူးတာရယ် ပြတ်ကျတာရယ် တပြိုင်တည်းမှာ နှစ်ခု ဖြစ်နေတယ်။
ကြိုးပြတ်ကျတဲ့နေရာရဲ့ ရှေ့က ဆိုင်က သက်ဆိုင်ရာ မြို့နယ်ရုံး အရေးပေါ်ဖုန်းကိုလှမ်းဆက်တယ်။ မရဘူး၊ သူက ၂ ကြိမ် ကြိုးစားဆက်တယ်။ သူနဲ့ သိတဲ့ နေ့စားလိုင်း ဝန်ထမ်းကို ဆက်ပေမယ့် သူကလည်း Duty ပြင်ပဘုရားကိုရောက်နေတယ် အဲဒီ ကလေးကပဲ အရေးပေါ်ကို ဖုန်းဆက်တယ်။ ထုံးစံအတိုင်း အရေးပေါ်ဖုန်းလည်း မီးပျက်တွေ များတဲ့အခါကျတော့ လိုင်းမအားဘူးပေါ့။
နောက် တိုင်ကြားမှုကို လက်ခံရတော့ မြို့နယ်ရုံးက လိုင်းမန်းတွေ သွားကြည့်တယ်။ လိုင်းလိမ်နေတာ တွေ့တယ်။ မိန်းလိုင်းကြီးမှာ လိုင်းလိမ်နေတော့ ရှင်းထုတ်လိုက်ပြီး၊ ပတ်ဝန်းကျင်ကို လိုက်ကြည့်လိုက် သေးတယ်။ ကံဆိုးချင်တော့ လိုင်းကြိုး ပြတ်ကျ တဲ့နေရာထိ မရောက်ဘူး။ လိုင်းကြိုးပြတ်ကျတဲ့နေရာ က ကြိုးလည်းသေးတဲ့အပြင်၊ လိုင်းအဆုံးဆိုတော့ တခန်းပဲ ကျန်တော့တဲ့အပြင် အဲဒီအိမ်ကလည်း လူမနေဘူး။
CCTV အိမ်ကကျတော့ လိုင်းကြိုးပြတ်ကျတဲ့ တိုင်ကနေ မီးယူတာ။ လိုင်းလိမ်တာရှင်းပြီး Breaker ကို ပြန်တင်လိုက်တော့ မီးရသွားတယ်။ လိုင်းကြိုးကြီးက ပြတ်ကျရင်း ကျန်ခဲ့တယ်၊ လိုင်းအဖျားဖြစ် တဲ့အတွက် Breaker ကလည်း လိုင်းမပူးတော့ မပြုတ်ဘူး။ အဲဒီတော့ ပြတ်ကျရက်ကြီးနဲ့ မီးကတင်မိ ရက်သား ဖြစ်သွားတယ်။
အဲဒီအချိန်မှာ ရေကမတက်သေးဘူး။ နောက်ရေတက်လာတဲ့အချိန်မှာ လိုင်းကြိုးက ရေတွေထဲမှာ မြုပ် သွားပြီးတော့ ၅ နာရီလောက်မှာ အဲဒီဖြစ်စဉ်ဖြစ်တာပဲ။ ကလေးက လိုင်းကြိုးကို တိုက်ရိုက်ထိ သွား တယ်။ နောက်ကလေးက သူ့အဖော်ကို ကူညီဖို့လုပ်ပေမယ့် ရေထဲမှာကျင်သွားတဲ့အတွက် သူက ထွက်ပြေးပြီး လွတ်သွားတာပေါ့။ အရင်းက လိုင်းလိမ်သွားတယ်။ အဖျားက လေပြင်းကြောင့် ပြတ်ကျ သွားတာကနေ ဖြစ်သွားတာပဲ။
မေး။ ။ ဆိုတော့ အခု ဖြစ်ပျက်ခဲ့တာနဲ့ ပတ်သက်ပြီး မိသားစုကိုရော ဘာတွေလုပ်ပေးထားလဲ။
ဖြေ။ ။ မိသားစုနဲ့ ပတ်သက်လို့ လူတယောက်ရဲ့ အသက်ကို ငွေရေးကြေးရေးနဲ့ တိုင်းတာလို့ ရတာမျိုး တော့မဟုတ်ပါ ဘူး။ ဖြစ်ဖြစ်ချင်း မြို့နယ်ရုံးရယ်၊ ခရိုင်ရုံးရယ်က သူတို့ရှိတဲ့ ရံပုံငွေ ၇ သိန်း ပေးတယ်။ ရုံးချုပ်ကနေ ၁၀ သိန်း ပေးတယ်။ နောက်နေ့မှာပဲ ဒုဥက္ကဋ္ဌအပါအဝင် အင်ဂျင်နီယာအဖွဲ့နဲ့ ရုံးအဖွဲ့က အိမ်ကို နာရေးသွားမေးတော့ ၁၀ သိန်း ပေးခဲ့တယ် ဆိုတော့ စုစုပေါင်း ၂၇ သိန်း ပေးခဲ့ တယ်။ ဒါက လျော်ကြေးအနေနဲ့ မဟုတ်ပါဘူး။ ဂရုဏာကြေးအနေနဲ့ ပေးခဲ့တာပါ။ လူတယောက်ရဲ့ အသက်ကို တိုင်းတာတဲ့ နေရာမှာ ၂၇ သိန်းနဲ့ ပြီးရိုးလားဆိုတာမျိုးလည်း မဟုတ်ပါဘူး။ အဲဒီသဘောမျိုးနဲ့ ပေးတာလည်း မဟုတ်ပါဘူး။
မေး။ ။ YESC က လျှပ်ကာပါတဲ့ ဓာတ်ကြိုးတွေ လဲနေတယ်လို့ ပြောထားဖူးတာရှိတယ်။ အခုဖြစ်တဲ့နေရာမှာက မလဲရသေးတာလား။
ဖြေ။ ။ အခုက လျှပ်ကာမဟုတ်ဘူး ရိုးရိုးကြေးကြိုးပဲ။ ကြေးကြိုးက ဖြစ်သွားတဲ့ကိစ္စ။ ဝန်အားများ လို့ လိုင်းကြိုးက ပြတ်ကျတာ မဟုတ်ဘူး။ စဖြစ်တဲ့ ဖြစ်စဉ်မှာTransformer ရဲ့ Protection က မပြုတ်တာလည်း မဟုတ်ဘူး၊ ပြုတ်တယ်။ တပြိုင်တည်းမှာ ဖြစ်ရပ်နှစ်ခုက ဖြစ်သွားတယ်။ အရင်းမှာ လိုင်းလိမ်သွားတယ်။ အဖျားမှာ လိုင်းကြိုး ပြတ်ကျသွားတယ်။ လာပြင်တဲ့အဖွဲ့ကလည်း မျက်မြင် Main လိုင်းမှာ ဖြစ်သွားတာကို ပြင်သွားတယ်။ သူတို့ အပြစ်လွတ်အောင် ပြောတာတော့မဟုတ် ပါဘူး။ သူတို့လည်း ကြည့်သင့်သလောက် လိုက်ကြည့်တယ်။ ဒါပေမယ့် ကံဆိုးချင်တော့ လိုင်းကြိုး ပြတ်ကျတဲ့ နေရာကို သွားမကြည့်ဖြစ်ဘူး။ သွားကြည့်ဖြစ်ရင်တော့ ကိစ္စက ရှင်းနိုင်တော့ ဒီကိစ္စတွေ မဖြစ်ဘူးပေါ့နော်။ သူတို့မှာလည်း အထိုက်အလျောက်တော့ လိုင်းတလျှောက် ရှင်း၊ မရှင်း အကုန်လုံးကြည့်ပြီးတော့ မီးကို ပြန်ပြင်ရမယ်။ ဒီလူတွေရဲ့ အားနည်းချက်တော့ ရှိတယ်။
မေး။ ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အရေးယူကိုင်တွယ်မှုတွေ ဘယ်လိုလုပ်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ အရေးယူမှုဆိုတာက ဝန်ထမ်းတယောက်ကို အရေးယူဖို့ဆိုရင် ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ဆိုတာရှိတယ်။ သူတို့ကို စုံခုံအဖွဲ့ဖွဲ့ရတယ်။ စုံခုံအဖွဲ့ကနေပြီးတော့မှ သုံးသပ်ပြီးတော့ ဆုံးဖြတ် ချက်လုပ်ရတယ်။ ပြီးရင် သက်ဆိုင်ရာ EC ကိုတင်ရတယ်။ ပြစ်မှုပြစ်ဒဏ် ဖြစ်ရပ်မှန်နဲ့ ပတ်သက်ပြီး ဆီလျော်မှု ရှိ၊ မရှိ စစ်ဆေးပြီးတော့မှ စုံခုံရဲ့ အစီရင်ခံစာ အတိုင်း စစ်ဆေးပြီးတော့ ဝန်ကြီးဆီ အထိ တောင် တင်ရတယ်။ ဝန်ကြီးဆီ ကမှ ကျနော်တို့ဘက်က ပေါ့ပေါ့လျော့လျော့ တင်တယ် ဆိုခဲ့ရင် ဝန်ကြီးဆီကမှ သူတို့ရဲ့ ပြစ်မှုပြစ်ဒဏ်နဲ့ မဆီလျော်ဘူး၊ ဒီထက်ပိုပြီး ချသင့်တယ်ဆိုတာ ဝန်ကြီးရုံးက နေ ဆုံးဖြတ် ပြီးတော့ ဝန်ကြီးရုံးမှာလည်း ဒီလိုပဲ လူကြီးတွေ ဝိုင်းဖွဲ့ဆွေးနွေးပြီးတော့ ဆုံးဖြတ်တာ။
ကျနော်တို့က ဖြစ်ရပ်မှန်ကို တင်ပြတယ်။ သက်ဆိုင်ရာ ဝန်ထမ်းရဲ့ ချို့ယွင်းအားနည်းချက်ဆိုရင် ကျနော်တို့ ဘက်က မထိန်မဝှက်ဘဲနဲ့ တင်ပြတယ်။ ဘယ်တော့မှ ကိုယ့်ဝန်ထမ်းမို့ဆိုပြီးတော့ ဖော့ပြီး တော့ အရေးယူတာ မရှိပါဘူး။
မေး။ ။ ပြီးခဲ့တဲ့ နှစ်တွေကလည်း ဒါမျိုးတွေ ဖြစ်ခဲ့တယ်ဆိုတော့ ထပ်ပြီးမဖြစ်အောင် ဘာတွေရော စီမံဆောင်ရွက်တာမျိုး ရှိပါသလဲ။
ဖြေ။ ။ ရန်ကုန်မှာ အဓိကလိုင်းတွေ အကုန်လုံးက လျှပ်ကာမပါတဲ့ ကြိုးတွေ။ အဲဒါကို လျှပ်ကာ ပါတဲ့ ကြိုးတွေနဲ့ လဲမယ် ဆိုတာ ကျနော်တို့ရဲ့ အဓိက ရည်မှန်းချက်ပဲ။ အဓိက လျှပ်စစ်အန္တရာယ်က လျှပ်ကာမပါတဲ့ ကြိုးက အကြောင်း အမျိုးမျိုး ကြောင့် သစ်ပင်ကရိုက်လို့သော် လည်းကောင်း၊ လိုင်းကြိုးက ပူးလို့သော်လည်းကောင်း လိုင်းကြိုးပြတ်ကျတာတို့၊ နှစ်ကြာ အသုံးပြုလာလို့ လိုင်းကြိုး က သူ့ရဲ့ ခံနိုင်ရည်အားထက် ကျော်နေလို့ ပြတ်ကျတာတို့ မဖြစ်အောင် တတ်နိုင်သမျှ ကြိုးစား တယ်။
အထူးသဖြင့် ပြတ်ကျတာ ၄၀၀ ဗို့အားလိုင်းတွေများတယ်။ သူ့ထက်ဗို့အားများတဲ့ လိုင်းတွေက ပြတ်ကျတာ နည်းတယ်။
အဲဒါကြောင့် ၄၀၀ ဗို့လိုင်းတွေကို ဦးစားပေးအနေနဲ့ လူထူထပ်တဲ့ နေရာ၊ ဈေး၊ ကျောင်း၊ လူသွား လူလာ များတဲ့နေရာမျိုးမှာ လျှပ်စစ် အန္တရာယ် ဖြစ်နိုင်တဲ့နေရာမျိုးမှာ လဲပါတယ်။ မလဲနိုင်သေးတဲ့ နေရာမှာ လိုင်းပုခက်နဲ့ အောက် ပြတ်ကျတဲ့ အဆင့် အထိ မရောက်အောင် အပေါ်မှာပဲ တင်နေအောင် လုပ်တယ်။ နည်းလမ်းပေါင်းစုံနဲ့ လုပ်တယ်။ ရန်ကုန် တတိုင်းလုံးမှာ ၄၀၀ ဗို့လိုင်းက မိုင်ပေါင်း ၆၆၀၀ ကျော်လောက်ရှိတယ်။ အဲဒီလိုင်းကြိုးတွေ တတ်နိုင်သမျှ လဲတဲ့အခါ ကျနော်တို့က မိုင် ၂၀၀ လောက်ပဲ လဲရတယ်။ ၃ ရာခိုင်နှုန်းလောက်ပဲ လဲရတယ်။ ကျနော်တို့ရဲ့ အဓိက ရည်မှန်းချက်သည် ၄၀၀ ဗို့လိုင်း မှန်သမျှ ကို လျှပ်ကာပါတဲ့လိုင်းတွေ ဖြစ်အောင် လုပ်နေတယ်။
ဘာကြောင့် လုပ်လဲ ဆိုရင် လျှပ်ကာပါတဲ့အတွက် တော်ရုံတန်ရုံ နားမလည်တဲ့သူက ဆွဲကိုင်ပြီးဖယ် လိုက်လည်း ဓာတ်မ လိုက်ဘူး။ ကြေးကြိုးကျတော့ ကြိုးတလျှောက်လုံးမှာ မီးက ရှိနေတယ်။ ကိုင်လိုက်တာနဲ့ ကိုင်တဲ့သူပါ လိုက်တယ်။ အဲဒါ ကြောင့် ကျနော်တို့ လျှပ်ကာပါတဲ့ ကြိုးနဲ့ လဲနေ တယ်။ ဒါပေမယ့် ကျနော်တို့မှာ ဆောင်ရွက်နိုင်တဲ့ အတိုင်း အတာတော့ ရှိတာပေါ့နော်။ ဝုန်းခနဲ ဒိုင်းခနဲ လဲဖို့ဆိုတာ အကုန်မဖြစ်နိုင်ဘူး။
မေး။ ။ အများပြည်သူသွားတဲ့ ဧရိယာတွေမှာ ဓာတ်ကြိုးပြတ်ကျခဲ့ရင် ဘယ်လောက်အချိန် အတွင်းမှာ လုပ်ရမယ် ဆိုတဲ့ ညွှန်ကြားချက်မျိုးတွေ ရှိလား။
ဖြေ။ ။ ညွှန်ကြားချက်ကတော့ ရှိတာပေါ့။ ဥပမာ ၅ နာရီ ၁၅ မှာ ဓာတ်ကြိုးပြတ်ကျတယ်လို့ သတင်းရရင် ရရချင်း အဲဒီနေရာတော့ မရောက်နိုင်ဘူး။ သူရှိတဲ့ ဓာတ်အားခွဲရုံကနေ သူနဲ့ ပတ်သက် တဲ့ 66 KV ကို ပိတ်လိုက်တယ်။ သတင်းရရ ချင်း ပိတ်တယ်။ လျှပ်စစ်သမားကတော့ လျှပ်စစ် အန္တရာယ် အများပြည်သူဖြစ်တယ်ဆိုရင် ဒုက္ခရောက်မယ်ဆိုတာသိတယ်။ အဲဒါကြောင့် လိုင်းကြိုးပြတ် ကျတာ သိသိချင်းပဲ၊ လူအန္တရာယ် ဖြစ်တာ မဖြစ်တာ တ ကဏ္ဍ လိုင်းကြိုးပြတ်ကျတယ်ဆိုတာ သိသိချင်း ဓာတ်အားခွဲရုံကနေ ပိတ်လိုက်တယ်။
တခါတလေ ခွဲရုံက မရရင် အရင်းလိုင်းကို ပိတ်လိုက်တယ်။ ဆက်သွယ်ရေးလွယ်ကူတဲ့ နေရာကနေ ပိတ်တယ်။ ဥပမာ – မီးလောင်မှု ဖြစ်စဉ် ဖြစ်တယ်ဆိုရင် ဘယ်ရပ်ကွက်မှာ မီးလောင်တယ်ဆိုတာ ကြားတာနဲ့ အဲဒီလိုင်းကို ပိတ်လိုက်တယ်။ ပြီးတော့မှ Section ပြန်ဖြတ်ပြီးတော့ သူနဲ့ ပတ်သက်တဲ့ လိုင်းကို ပိတ်ပြီး ကျန်တဲ့လိုင်းတွေ ပြန်ဖွင့်ပေးလိုက်တာပေါ့။
မေး။ ။ ပြည်သူလူထုကတော့ မြို့နယ်လျှပ်စစ်ရုံးရဲ့ ပေါ့ဆမှုကြောင့်လို့ ဝေဖန်နေတယ်။ YESC က တာဝန်ယူ၊ တာဝန်ခံမှု အားနည်းတယ်လို့ ဝေဖန်နေကြတယ်။ အဲဒီအပေါ်မှာ ဘာများ ရှင်းပြစရာ ရှိမလဲ။
ဖြေ။ ။ ဓာတ်အားလိုင်း ပြတ်ကျတဲ့ဟာက လျှပ်ကာမပါတဲ့ကြိုးက အကြောင်းအမျိုးမျိုးကြောင့် ပြတ်ကျတယ်။ ဘယ်နေ ရာမဆို ပြတ်ကျတယ်။ ဓာတ်အားလိုင်းကို သစ်ပင်က လာရိုက်တာ။ လေကြမ်းရင် လိုင်းကပ်သွားတာ စသဖြင့်ပေါ့။ ကြိုးချင်းပူးရင် အဲဒီကြိုးကပူပြီး ပျော်ကျသွားတယ်။ အဲဒီတော့ သတင်းရရဲ့သားနဲ့ မလုပ်ဘူးဆိုရင် သူတို့မှာ တာဝန် ရှိတယ်။ သတင်းက မရဘူး။ တာဝန်ရှိသူက မသိဘူး။ အဲဒါဆိုရင် လိုင်းကြိုးပြတ်ကျတယ် ဆိုတာကို ဘယ်သူမှ မသိဘူး။ မသိရင်တော့ ဒီ လျှပ်စစ်ဌာနအနေနဲ့ အကြံပြု ချင်တာက ဝိုင်းဝန်းစောင့်ရှောက်မှ ရမယ်။
မီတာဘေလ်တွေမှာပါတယ်။ ဆက်သွယ်ရမယ့် အရေးတကြီး ဖုန်းနံပါတ်များ ဆိုပြီး တာဝန်ရှိတဲ့သူတွေ ဖုန်းနံပါတ်တွေ၊ GSM ဖုန်းတွေ ပေးထား တာရှိတယ်။ တယောက်က ဆက်မရရင် နောက်တယောက်က ဆက်၊ ဝိုင်းပြီး ဆက်ဖို့ လိုပါတယ်။
လျှပ်စစ် အသိအန္တရာယ်ရှိဖို့က ကျောင်းတွေ၊ ဈေးတွေမှာလည်း လိုက်ပြီး ပညာပေးနေပါတယ်။ ဓာတ်ကြိုးရဲ့ သဘော ကတော့ သွားကိုင်ရင်တော့ ဓာတ်လိုက်မှာပဲ။ အဲဒီလိုမဖြစ်အောင် ဝိုင်းဝန်း စောင့်ရှောက်ဖို့လိုတယ်။
ဥပမာ – ဓာတ်ကြိုးပြတ်ကျတာကို သတင်းပေးရုံအပြင် ပြည်သူအချင်းချင်း စောင့်ရှောက်တဲ့အနေနဲ့ ဒီနေရာတော့ လိုင်းကြိုး ပြတ်ကျနေတယ်။ ကျန်တဲ့သူတွေ ဘယ်သူမှ မဝင်နဲ့ ဆိုပြီး အရံအတားလေး လုပ်ပေးမယ်။ လျှပ်စစ်က လူတွေက မသိလို့ မလာသေးခင် စပ်ကြားမှာ ဒီလိုလေး ဝိုင်းဝန်းကူညီ စောင့်ရှောက်မယ်ဆိုရင် ဒီလိုမျိုး မဖြစ်သင့် တာမဖြစ်ဘူးပေါ့။
ဆိုလိုတာက လျှပ်စစ်က လာမလုပ်ဘူးဆိုရာမှာ သူက သိရဲ့သားနဲ့ လာမလုပ်ဘူးဆိုရင် သူ့မှာတာဝန် ရှိတယ်။ မှန်တယ်။ အခုဟာ သူတို့က သတင်းပု့ိတယ်။ ပို့တဲ့သူကလည်း တာဝန်ကျေပါတယ်။ လိုင်းကြိုးပြတ်ကျတာ သတင်းပို့တယ်။ ပို့တဲ့ အချိန်မှာ မီးပျက်တာတွေများတော့ အရေးပေါ်ဖုန်းက ဆက်မရဘူး။ ဆက်မရတော့ မီတာ ဘေလ်လိုင်းမှာ အရေးပေါ် မရရင် အဲဒီဖုန်းတွေကို ဆက်တာမျိုး တယောက်ယောက်က လုပ်ဖို့လိုပါတယ်။
တာဝန်ရှိတဲ့သူက ကြောက်မှကြောက်၊ အပြစ်ပေးအရေးယူခံရမှာမို့ သူတို့ကကြောက်တယ်။ ဖြစ်ပြီဆို တာသိသိချင်းကိုပဲ Quick Action လုပ်ပါတယ်။ အဲဒီတော့ ပြည်သူကို အပြစ်ပြောတာမဟုတ်ပါဘူး။ ပြည်သူကို ပြောချင်တာ ကူညီ ပေးကြပါ။ ကျနော်တို့က နေရာတိုင်း မသိနိုင်ပါဘူး။ လျှပ်စစ်က မလာသေးရင်လည်း လူ တယောက်ရဲ့ အသက်တန်ဖိုးက အရမ်းကြီးပါတယ်။ အဲဒီနားမှာ မဖြစ်သင့်တာ မဖြစ်အောင် ဝိုင်းပြီး စောင့်ရှောက်ပေးကြပါ။ ကျနော်တော့ လောလောဆယ် ဒါပဲ ပြောနိုင်တယ်။
မေး။ ။ ဘာများဖြည့်စွက် ပြောချင်တာလဲ ရှိပါသေးလဲရှင့်။
ဖြေ။ ။ ဖြည့်စွက်ပြောချင်တာကတော့ ရန်ကုန်မှာ လျှပ်ကာမပါတဲ့ ကြိုးတွေ အများကြီးရှိတယ်။ အဲဒါကို ကျနော်တို့ ကြိုးစား ပြီးတော့ လဲလှယ်တဲ့ လုပ်ငန်းဆောင်ရွက်နေတယ်။ လျှပ်ကာမပါတဲ့ ကြိုးက ပုံမှန်အားဖြင့် ဓာတ်အား နိုင်နိုင်နဲ့ ပေးနေသော်လည်း ရာသီဥတုအနေအထားအရ သော်လည်းကောင်း၊ တိရစ္ဆာန်ကြောင့် သော်လည်းကောင်း ပြတ်ကျ နိုင်ပါတယ်။ နေရာတိုင်းမှာ ဖြစ်နိုင်တယ်။ လျှပ်စစ်အကာအကွယ် Breaker တွေ ဘာတွေ တပ်ထားသည့်တိုင်အောင် Breaker ပြုတ်ကျတဲ့အပြင် လိုင်းကြိုးပြတ်ကျတာမျိုးက ရှိနိုင်ပါတယ်။ ရှိနိုင်တဲ့ဟာနဲ့ ပတ်သက်ပြီး လိုင်းကြိုးပြတ်ကျရင် သက်ဆိုင်ရာ လျှပ်စစ်ရုံးကို အကြောင်းကြားပေးပါ။ အကြောင်းကြားပေးလို့ မရရင်လည်း သူတို့မလာခင် စပ်ကြားမှာ ဝိုင်းဝန်းစောင့်ရှောက်ပါ။ တချို့တွေ လုပ်တာရှိပါတယ်။
တချို့ကျတော့ ဓာတ်အားကြိုးပြတ်ကျနေတယ်။ ဒီနေရာမလာနဲ့ဆိုပြီး ဝိုင်းဝန်းစောင့်ရှောက်တာ ရှိပါတယ်။ အဲဒါမျိုး လုပ်မယ်ဆိုရင် စောစောက ပြောတဲ့ စိတ်မကောင်းစရာအဖြစ်တွေ မဖြစ်တော့ဘူး။ လျှပ်ကာမပါတဲ့ ကြိုးတွေကတော့ ပြတ်ကျတာ နေရာတိုင်းမှာ ရှိနိုင်ပါတယ်။ ဝိုင်းဝန်းကူညီစောင့်ရှောက်မှု လုပ်ကြပါ။