၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၉ ရက်တွင် ကျရောက်သည့် ၇၁ နှစ်မြောက် အာဇာနည်နေ့ (ယနေ့) တွင် အာဇာနည်ခါင်းဆောင် ၉ ဦးကျဆုံးခဲ့ရသည့် ဝန်ကြီးများရုံးကို အများပြည်သူ အမှတ်တရလေ့လာနိုင်ရန် အတွက် ရည်ရွယ်ပြီးဖွင့်လှစ်ပေးခဲ့သည်။ ရန်ကုန်မြို့ သိမ်ဖြူလမ်းထောင့်ရှိ ဝန်ကြီးများရုံးသို့ ယနေ့နံနက်ဖွင့်လှစ်ချိန်မှ စတင်ပြီး ရောက်ရှိလာသည့် ပြည်သူလူထု ရာချီ ထဲမှ အချို့ကို ဧရာဝတီသတင်းထောက် သဇင်လှိုင်က တွေ့ဆုံမေးမြန်းထားပါသည်။
ဒေါ်သိန်းရီ (လှိုင်မြို့နယ်)
ဗိုလ်ချုပ်ကြီးကို အလေးပြုပါတယ်။ အဖွား ၁၀ နှစ်သမီးကတည်းက စိန်ပေါလ်ကျောင်းမှာ နေတယ်။
ဗိုလ်ချုပ်နေတဲ့ နေရာတွေလည်း သိပါတယ်။ အောက်မေ့တယ်၊ သတိရတယ်၊ မမေ့ပါဘူး။အဖွားသေပျော်ပါပြီ အဖွားအသက် ၈၀ ပြည့်ပြီ။ အဖွားသေရင် ဒီနေရာကိုမရောက်နိုင်တော့ဘူးလို့ အောက်မေ့တာ အခုအဖွားက အားနဲ့တင်းပြီး အားဖြည့်ပြီးရောက်ခဲ့ပါတယ်။ နိုင်ငံတော် ခါင်းဆောင်ကြီးကို ကြည်ညိုလွန်းလို့ ဂုဏ်ပြုချင်လွန်းလို့။
ဒေါ်ခင်မမ (အားကစားနည်းပြဆရာမ)
မနေ့က ကတည်းက တပည့်တွေကို ပြောနေတာ။ တပည့်တို့ တီချယ်တို့ ဝန်ကြီးများရုံးကို တခေါက်မှ မရောက်သေးဘူး။ သွားကြရအောင်လို့။ ဘာဖြစ်လို့လဲဆိုတော့ တကယ့်တကယ်တော့မြန်မာတမျိုးသားလုံးအတွက် ဒီအာဇာနည် ခေါင်းဆောင်ကြီး ၉ ဦးက အသက်စွန့်သွားတာ။ အဲဒီအသက်စွန့်သွားတဲ့အခါ သူတို့အတွက်ကို ကမ္ဘာကြီးတည်သရွေ့ မြန်မာတမျိုးသားလုံးရဲ့ ရင်ဘတ်ထဲမှာ ဂုဏ်လည်း ဂုဏ်ယူသလို။ အရမ်းတော်တဲ့သူတွေ ဆုံးရှုံးသွားရတဲ့အတွက် ဝမ်းနည်းကြေကွဲရတာကို အမြဲတမ်း အမှတ်ရနေမယ်လို့ ယုံကြည်ပါတယ်။ တီချယ်လိုပဲ မြန်မာပြည်ကလူတွေ အားလုံးလည်း ဗိုလ်ချုပ် အပါအဝင်အာဇာနည် ၉ ဦးလုံးကို နောင်သားစဉ်မြေးဆက် ကမ္ဘာကြီးတည်သရွေ့ ရင်ထဲမှာ လွမ်းမောရင်းနဲ့ပဲ သတိရနေမယ်လို့ ယုံကြည်ပါတယ်။
ဦးထွန်းရွှေ (စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့)
အာဇာနည်နေ့ဆိုတာ အဘတို့ကတော့ ရင်ကွဲမတတ်ပါ။ တိုင်းပြည်ရဲ့ ခေါင်းဆောင်ကြီးတွေဟာတိုင်းပြည်မှာ အလုပ်မလုပ်ရဘေးနဲ့ ကျဆုံးသွားတာဟာ အဘတို့ ပြည်သူလူထုအတွက် အားလုံး ရင်နာရတာပေါ့၊ နစ်နာရတာပေါ့။ ကလေးတွေက အာဇာနည်နေ့ဆိုတာ ဘာမှန်းလည်း မသိဘူးလေ။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ဘယ်သူမှန်း မသိကြဘူး။ အဘတို့ကသာ မှီတာကိုး။ အဲဒါထက် တိုင်းပြည်က ရှေ့ကောင်းအောင် နောင်လာမယ့်သူတွေ ဒီထက်ကောင်းအောင် ကြိုးစားပြီးတော့ ဆောင်ရွက်နိုင်ပါစေ။
မရွှေရည်ဝင်း (ရန်ကုန်ပညာရေးတက္ကသိုလ်)
ဂါရဝပြုတဲ့ အခါမှာ အာဇာနည် ၉ ဦးကို အရမ်းသတိရမိပါတယ်။ မမြင်ဘူးပေမယ့် စာပေဟောပြောပွဲတွေမှာ နားထောင်ဖူးတဲ့ အခါမှာ တကယ်ကို ဝမ်းနည်းမိပါတယ်။ ပြီးတော့ ဒီလိုမျိုးလာပြီးလေ့လာရတဲ့ အတွက်လည်း တချိန်မှာကိုယ်က ကျောင်းသားတွေ အတွက်ကို ပြန်ပြီးတော့လက်ဆင့်ကမ်းပေးရမှာ ဖြစ်တဲ့အတွက်ကြောင့် မို့လို့ လေ့လာရတဲ့ အတွက်ကြည်နူးမိပါတယ်။ လုပ်ကြံခံရတဲ့ အကြောင်းကို ပြန်တွေးမိပြီး ခံပြင်းမိပါတယ်။ ဝမ်းလည်း ဝမ်းနည်းမိပါတယ်။ ဒီလိုဇူလိုင် ၁၉ကိုရောက်တိုင်း ကိုယ့်ရဲ့ ခါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကို တကယ်ပဲ နှမြောတသဖြစ်မိပါတယ်ရှင်။
မောင်ငြိမ်းချမ်းထက် (ရန်ကုန်ပညာရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဘဏ္ဍာရေးမှူး)
ဂါရဝပြုတာကတော့ ဒီနှစ်မှမဟုတ်ပါဘူး။ အရင်နှစ်တွေကလည်း ဒီတိုင်းပဲဗျ။ ပညာရေးတက္ကသိုလ်က ကျောင်းသားတွေကို ကျနော်တို့ သမဂ္ဂကနေ ဦးဆောင်ပြီးတော့ ဒီကိုခေါ်ခဲ့ပြီးတော့ လိုက်ပြတယ်။ ဒီလိုနေ့မျိုးရောက်ရင် သတိရ တဲ့ စိတ်အပြင် အရမ်းကိုပဲ ကြေကွဲမိတယ်။
ကျနော်တဦးထဲ အမြင်နဲ့ပြောရရင်တော့ သူတို့ကို ဆုံးရှုံးသွားလို့ ကျနော်တို့ နိုင်ငံက ဒီလိုမျိုး အခြေအနေထိရောက်သွားတယ်လို့ခံစားမိတယ်။
တကယ်လို့ သူတို့သာ အသက်ရှင်သေးတယ် ဆိုရင်ဆိုတဲ့ ခံစားချက်က ရင်ထဲမှာ လာပြီးတော့စိုးမိုးနေမယ်ဆိုရင် တော်တော်လေးမှ ခံစားရတယ်ဗျ။ နိုင်ငံအတွက် တန်ဖိုးရှိတဲ့ ရတနာတွေ ဆုံးရှုံးရတယ်ဗျာ။
ဦးဇွဲရဲရင့် (ဝန်ကြီးများရုံး ပြန်ကြားရေး အရာရှိ)
ဝန်ကြီးများရုံးကို မနက် ၈ နာရီကနေ ညနေ ၆ နာရီအထိ လာရောက်လေ့လာခွင့်ပြုထားပါတယ်။ ၁၉၊ ၂၀၊ ၂၁ရက်နေ့အထိ ၃ ရက်ခွင့်ပြုထားပါတယ်။
အဲဒီ ၃ ရက်မှာ လာရောက်လေ့လာတဲ့ သူတွေကပထမဦးဆုံး အနေနဲ့ လာရောက်လေ့လာခွင့် ရမှာကတော့ အာဇာနည်လေးဦး ကျဆုံးခဲ့တုန်းကကျဆုံးပြီးတော့ ရက်သတ္တပတ် အတွင်းမှာ အထိမ်းအမှတ် အဖြစ်နဲ့ ပြုလုပ်ခဲ့တဲ့ အာဇာနည်တို့ ကျဆုံးခဲ့တဲ့အထိမ်းအမှတ်ကျောက်တိုင် ဖြစ်ပါတယ်။ နောက်တခုက မြန်မာနိုင်ငံရဲ့ တိုင်းပြုပြည်ပြုလွှတ်တော်ဖြစ်ပါတယ်။ နာက်ဆုံးတခုကတော့ လွတ်လပ်ရေးရပြီးတော့ အသုံးပြုခဲ့တဲ့အလံတိုင်တော်ပေါ့ ဒီ ၃ ခုရှိပါတယ်။
နောက်တခုအစီအစဉ် အနေနဲ့ ကျဆုံးသွားတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင် ကြီးတို့ရဲ့ အခန်းကို CCTV နဲ့ Live လွှင့်ပြီး ပြသထားပါတယ်။ သူနဲ့အတူတွဲပြီးတော့ CCTV ရဲ့ အောက်မှာ ၁၉၄၇ ခုနှစ်တုန်းက အခင်းဖြစ်ပွားတုန်းက ကျန်ရှိခဲ့တဲ့ မှတ်တမ်းမှတ်ရာ ဓာတ်ပုံနဲ့ တကွ အခုလက်ရှိ ပင်ဆင်ပြီးတဲ့ အခြေအနေ ပုံ ၂ ခုကို ယှဉ်တွဲပြီးတော့ ဖော်ပြထားပါတယ်။ ပြီးတော့ ကျနော်တို့ ပြင်ဆင်တဲ့ အချက်အလက်အသေးစိတ် အဆင့်ဆင့်ကို အင်္ဂလိပ်- မြန်မာ နှစ်ဘာသာနဲ့ ရေးထိုးပြီးတော့ ဖော်ပြထားပါတယ်။