အရေးပေါ် အခြေအနေတခုကို သတိပေးချင်တယ်

ဧရာဝတီ
ဒေါ်အောင်ဆန်းစုကြည်နှင့် အစည်းအဝေးတခုတွင် အတူတွေ့ရသော ဝါရင့် ထိုင်းသံတမန် ကော့ဘ်ဆပ် ချူတီကူးလ်
Want create site? Find Free WordPress Themes and plugins.

ကော့ဘ်ဆပ် ချူတီကူးလ် Kobsak Chutikul သည် ယခုလ အစောပိုင်းတွင် ဆူရာကီးယက် ဆတ်ထီရာထိုင်း Surakiart Sathirathai ဦးဆောင်သော ရခိုင်ပြည်နယ် အကြံပေးအဖွဲ့မှ နုတ်ထွက်ခဲ့ပြီး အဖွဲ့၏ အကြံပြုချက်များအား အကောင်အထည် စတင်ဖော်ရေးတွင် လွတ်လပ်သော စောင့်ကြည့်ရေးစနစ် ကင်းမဲ့မှု၊ တိုးတက်ဖြစ်ထွန်းမှု မရှိမှုတို့အပေါ် စိတ်ပျက်ကြောင်း ပြောဆိုသည်ဟု ဒေသတွင်း သတင်း မီဒီယာများတွင် ဖော်ပြခဲ့ကြသည်။

ဧရာဝတီနှင့် သီးသန့်အင်တာဗျူးတွင် မြန်မာ့အရေး ကာလရှည်ကြာ ဝိုင်းဝန်းဆောင်ရွက်ခဲ့သူ ဝါရင့် ထိုင်းသံတမန် ကော့ဘ်ဆပ် ချူတီကူးလ်က သူ ဘာ့ကြောင့် နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့ပုံ၊ အကြံပေးအဖွဲ့၏ တိုးတက်မှုနှင့် မတိုးတက်မှုအပေါ် အမြင်သဘောထား၊ မြန်မာ့အရေးတွင် သူ ပါလာခဲ့ရပုံများကို ပြောဆိုသွားခဲ့သည်။

မေး။ ။ နုတ်ထွက်လိုက်ရတဲ့ အဓိက အကြောင်းတွေကို ရှင်းပြပေးပါ။

ဖြေ။ ။ အဓိကအကြောင်းရင်းကတော့ အသက်အရွယ်ပဲ။ ကျနော် အသက် ၆၈ ရှိပြီး အဖွဲ့ထဲက အသက်အကြီးဆုံးတွေထဲမှာပါတယ်။ ကွင်းဆင်းခရီးသွားရတာတွေ အမြဲတမ်းပြောင်းလဲနေတဲ့ စစ်တုရင်ခုံက ဖြစ်ပေါ်တိုးတက်မှုတွေကို နေ့စဉ်သိနေဖို့ လိုတာတွေကြောင့် ခံနိုင်ရည် ကျဆင်းလာတယ်။ ကျနော်ဘေးထွက်လိုက်ပြီး ကျနော့်နေရာမှာ ကျနော့်ထက်ငယ်တဲ့ မကြာသေးမီကမှ အငြိမ်းစားယူတဲ့ သံအမတ်တယေက်ကို လုပ်ပေးဖို့ပြောခဲ့တယ်။

ဒါပေမယ့် ရှင်းပြပါလို့ပြောလာတဲ့အခါ မြန်မာပြည်သူတွေရဲ့ သက်တမ်းရှည်ကြာလှပြီဖြစ်တဲ့ မိတ်ဆွေတဦးအနေနဲ့ သေးငယ်ပေမယ့် အပြုသဘောဆောင်တဲ့ အကျိုးပြုမှုတခု ထားခဲ့ဖို့ ကြိုးစားခဲ့တယ်။ အဲဒါကတော့ သေးငယ်တဲ့ သတိပေးအချက်ပြလိုက်တာပါပဲ။ အရေးပေါ်အခြေအနေတခုကို သတိပေးလိုက်တာပေါ။ ဒါကို တချို့သတင်းဖေါ်ပြမှုတွေက ဘုတ်အဖွဲ့နဲ့ မြန်မာအရာရှိတွေကို စွဲချက်တင်တဲ့ ပုံများဖြစ်အောင် တစုံတရာ ချဲ့ကားလိုက်တယ်။ ရှေ့လာမယ့် သုံးလဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာမှာ ရပ်တည်နေတဲ့အနေအထားအတွက် အရေးပါတဲ့၊ အပြောင်းအလဲတွေဖြစ်စေမယ့် အချိန်ဖြစ်တယ်ဆိုတာကို သံတမန်လောကနဲ့ နိုင်ငံတကာ အသိုင်းအဝန်းတွေကို သတင်းစကားပါးလိုတာဟာ ကျနော်ရဲ့ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ကျနော် ရိုးသားစွာ ချစ်ခင်လေးစားရတဲ့ နိုင်ငံပါ။ ဒါကြောင့်လည်း အခုကိစ္စဟာ ကျနော့်အတွက် အမှန်တကယ် စိုးရိမ်စရာဖြစ်နေပါတယ်။

ကျနော်တို့ရဲ့ တနှစ်တာ ဘဏ္ဍာငွေ ခွင့်ပြုချက်လည်း ကုန်ဆုံးတော့မယ်။ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ – AI ၊ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ – HRW ၊ Fortify Rights ၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမေရိကန် ကွန်ဂရက် ကော်မတီတွေ၊ ဥရောပ ပါလီမန်တွေ နဲ့ နိုင်ငံတကာ ရာဇဝတ်တရားရုံး- ICC လို နိုင်ငံ အများအပြားနဲ့ အဖွဲ့အစည်း အများအပြားက အစီရင်ခံစာတင်သွင်းတဲ့ အသိုင်းအဝန်းတွေရဲ့ အင်မတန်များပြားတဲ့ အစီရင်ခံစာတွေ၊ အကဲဖြတ်ချက်တွေ ထွက်လာတော့မယ်။ ကနေဒါလို တချို့နိုင်ငံတွေကဆိုရင် ပစ်မှတ်ထား အရေးယူမှုကိုတောင် ကြေညာထားပြီးပြီ။ နောက်ပြီးတော့ နယူးယောက်မှာ စက်တင်ဘာလမှာ ကျင်းပမယ့် အထွေထွေညီလာခံ အစည်းအဝေးကို တင်မယ့် ဂျနီဗာက ကော်မတီတွေရဲ့ လူ့အခွင့်အရေး အစီရင်ခံစာတွေလည်း ရှိတယ်။ အဲဒီအစည်းအဝေး မတိုင်ခင် သြဂုတ်လ ၂၄ ရက်နေ့မှာ ကိုဖီအာနန်အစီရင်ခံစာ သက်တမ်းတနှစ်ပြည့်ပြီး ဘယ်လောက်အထိ အကောင်အထည်ဖေါ်ပြီးပြီလဲဆိုတာကို မေးမြန်း ခွဲခြမ်းစိတ်ဖြာသုံးသပ်တဲ့ အစီရင်ခံစာတွေလည်း အများကြီးထွက်လာမယ်။ အဲဒီနောက် ARSA တိုက်ခိုက်မှု တနှစ်ပြည့်တဲ့ သြဂုတ်လ ၂၅ ရက်မှာလည်း ဖြစ်ခဲ့တာကို တကမ္ဘာလုံးက ပြန်အစဖေါ်ကြမယ်။ ဒီလိုဟာတွေအပြင် မုတ်သုန်ရာသီလို သဘာ၀ အကြောင်းတရားတွေကိုလည်း ထည့်စဉ်းစားဖို့လိုတယ်။ မုတ်သုန်မိုးကြောင့် ကော့စ်ဘဇားက အမျိုသမီးတွေ၊ ကလေးတွေ ပင်လယ်ထဲမျောပါသွားတဲ့ ပုံတွေသာဖြစ်လာရင် တကမ္ဘာလုံးရဲ့ အာရုံစိုက်မှုကို ဖမ်းစားနိုင်ပြီး မြန်မာနိုင်ငံအတွက် အနှောင့်အယှက်ဖြစ်စေမယ့် ပြစ်တင်ဝေဖန်မှုတွေ အလုံးအရင်းနဲ့လာမယ်။

အချိန်က သိပ်အရေးကြီးတယ်။ ကျနော်တို့ ကျေနပ်ရောင့်ရဲနေလို့မရဘူး။ လုပ်သင့်တာကို လုံလုံလောက်လောက်လုပ်ပြီးပြီ၊ လုပ်နေပြီဆိုတဲ့ အတွေးနဲ့ စိတ်ချလက်ချနေလို့မရဘူး။ ကျနော် နုတ်ထွက်လိုက်ခြင်းကြောင့် ခိုင်မာပြီး အချိန်မီတဲ့လုပ်ရပ်တွေ လိုအပ်ကြောင်း အာရုံစိုက်လာအောင်နဲ့ အခြားပုံစံတမျိုးနဲ့ကိုင်တွယ်ရမယ့်ကိစ္စတွေကို တွန်းအားပေးဖို့ အထောက်အကူပြုမယ်လို့ ထင်ပါတယ်။

မျှော်လင့်ချက် ရောင်ခြည်တန်းသစ်ကတော့ ကုလသမဂ္ဂ အထူး သံတမန် မြန်မာနိုင်ငံမှာ ရှိနေတာပါပဲ။ သံအမတ်ကြီး ခရစ်စတင်းဘာဂျန်နာ ကို မြန်မာနိုင်ငံသာမက နိုင်ငံတကာ အသိုင်းအဝန်းကပါ သက်ဆိုင်သူ အားလုံးက ကောင်းကောင်းမွန်မွန်လက်ခံယုကြည်ကြတယ်လို့ထင်ပါတယ်။ အကောင်အထည်ဖေါ်တဲ့အဆင့်ကို အလေးအနက်လုပ်ဖို့ ကောင်းတဲ့အချိန်ဖြစ်ပါတယ်။ ဒီ ယန္တရားမှာ ကျနော်တို့ သွားရောက်ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ကျနော်တို့ထင်တယ်။

မေး။ ။ အဖွဲ့ရဲ့ အတွင်းရေးမှူး လုပ်ခဲ့တုန်းက တာဝန်ဝတ္တရားတွေက ဘာတွေလဲ။ ဘယ်သူက ခန့်ခဲ့တာလဲ။

ဖြေ။ ။ ကျနော်က အဖွဲ့ရဲ့ အတိုင်ပင်ခံတယောက်သက်သက်ပါ။ တချို့သတင်းတွေမှာ ရေး သလို အတွင်းရေးမှူးမဟုတ်ဘူး။ စီမံခန့်ခွဲရေး စာရွက်စာတမ်းကိစ္စနဲ့ပိနေတာမျိုးကို ကျနော်မကြိုက်တော့ အဖွဲ့အတွင်းရေးမှူးဆိုတာထက် အတိုင်ပင်ခံလုပ်ဖို့ ရွေးလိုက်တယ်။ ဘုတ်ဥက္ကဌက ကျနော့်ကို ခန့်တာပါ။ သက်ဆိုင်ရာ မြန်မာအရာရှိတွေနဲ့ ကြိုတင်တိုင်ပင်ပြီးမှ ဘုတ်အဖွဲ့ဝင်တွေကို အကြောင်းကြားတာလို့ ယူဆရင် ရနိုင်ပါတယ်။ ဘုတ်အဖွဲ့ဝင်တွေနဲ့ ညှိနှိုင်းပြီး အစည်းအဝေးတွေ ကျင်းပပေးပြီး အတွင်းရေးမှူး ရုံးအတွက် ကျယ်ပြန့်တဲ့နောက်ခံ စာရွက်စာတမ်းတွေ၊ ပြောဆိုရမယ့်အချက်တွေကို ကူညီပြင်ဆင်ပေးခဲ့တယ်။ ကျနော် အကျေနပ်ဆုံးအပိုင်းကတော့ ရခိုင်ပြည်နယ်ကို ကွင်းဆင်းခရီးသွားပြီး အဲဒီက ရပ်ရွာအသိုင်းအဝန်းတွေ၊ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ လူမှုအခြေပြု အဖွဲ့အစည်း အလုပ်သမားတွေပြောတာကို နားထောင်ရတာပါပဲ။ ကော့စ်ဘဇားကိုတော့ ကျနော်တယောက်တည်း သွားခဲ့တာဖြစ်ပြီး ဘုတ်အဖွဲ့နဲ့ တိုက်ရိုက်မပတ်သက်ဘူး။ အမြင်ကျယ်စေသလို စိတ်ခံစားမှုအရလည်း နာကျင်စေပါတယ်။

မေး။ ။ အဖွဲ့မှာ လုပ်ခဲ့တာ ၆ လလောက် ရှိတယ်။ အဲဒီတော့ အဖွဲ့ရဲ့ လက်ရှိအချိန်အထိ တိုးတက်မှုတွေကို ခြုံငုံသုံးသပ်ပေးနိုင်မလား။ အဖွဲ့ကို ထိန်းချုပ်မှုတွေရှိပြီး အောင်မြင်မှု နည်းနည်းပဲရတယ်လို့ Reuters သတင်းဌာနကို ခင်ဗျား ပြောခဲ့တယ်။ ဘယ်လိုဆိုတာ ပိုပြီးပြည့်ပြည့်စုံစုံ ပြောပြပါလား။

ဖြေ။ ။ တိုးတက်မှုနဲ့ပတ်သက်ပြီး အကဲဖြတ်ချက်ပေးရတာ ခက်ခဲပါတယ်။ အတော်များများက ကြည့်သူအပေါ်မှာပဲ မူတည်နေတယ်။ ဆွေးနွေးပွဲအများအပြားမှာ ကိုဖီအာနန်ကော်မရှင်အဖွဲ့ဝင် သံအမတ်ကြီး လက်တီတီယာ ဗန်ဒန် အက်ဆန်း မှတ်ချက်ချတဲ့ အတိုင်းဆိုရင် အကောင်အထည်ဖေါ်မှုကို စောင့်ကြည့်ကြီးကြပ်တဲ့ လွတ်လပ်သော ယန္တရားကင်းမဲ့နေပြီး တိုးတက်မှုနဲ့ပတ်သက်ပြီး ယုံကြည်လက်ခံနိုင်တဲ့ အကဲဖြတ်ချက်ချဖို့ မြေပြင်အခြေအနေကို အစီရင်ခံတဲ့ လွတ်လပ်တဲ့ လုပ်ငန်းစဉ်လည်း ကင်းမဲ့နေတယ်။ ရရှိတဲ့ တိုးတက်မှုနဲ့ပတ်သက်ပြီး ယုံကြည်လက်ခံနိုင်တဲ့ ကောက်ချက်ချဖို့ အဲဒီလို ယန္တရားတွေ ကျနော်တို့ တည်ထောင်ဖို့ လိုကောင်းလိုလိမ့်မယ်။

ကျနော့်ရဲ့ သုံးသပ်ချက်တွေက ဘုတ်အဖွဲ့ဟာ ကိုဖီအာနန်ကော်မရှင်နဲ့ယှဉ်ရင် ဘာတွေလုပ်ခွင့်ရတယ်၊ မရဘူးဆိုတဲ့ အမြင်နဲ့ပြောတာဖြစ်တယ်။ ကိုဖီအာနန်ကော်မရှင်နဲ့ပတ်သက်တဲ့ အတွေ့အကြုံအရ တခြားနည်းနဲ့ လုပ်စေချင်တဲ့ အကြောင်းရင်းတွေ နေပြည်တော်မှာ ရှိကောင်းရှိနိုင်တယ်။ အစည်းအဝေးနဲ့ ခရီးစဉ် အရေအတွက်၊ ဘဏ္ဍာရေး အခြေအနေ ကန့်သတ်ထားတာလို ကိစ္စတွေပါ။ ဒါပေမယ့် ကျနော့်ရဲ့ လုပ်ငန်းအဆင့် အမြင်အရ ကြည့်မယ်ဆိုရင် ဘုတ်အဖွဲ့ရဲ့ လုပ်နိုင်စွမ်းကို ကန့်သတ်ထားတော့ ဘုတ်အဖွဲ့ဝင်တွေ၊ သူတို့အတွက် လုပ်ပေးနေတဲ့သူတွေ ရည်မှန်းထားတဲ့အဆင့်အထိ အောင်မြင်မှုရနိုင်တဲ့ အတိုင်းအတာနဲ့ ပတ်သက်သူတွေ မျှော်မှန်းချက်အတိုင်း လုပ်ကိုင်နိုင်စွမ်းကို ထိခိုက်တယ်။ ကျနော့်အမြင်ကလည်း မှားကောင်းမှားနိုင်ပါတယ်။ ပုဂ္ဂလိက အမြင်သက်သက်ပါ။ အချိန်ကပဲ အမှားအမှန်ကို အဆုံးအဖြတ်ပေးမှာပါ။

အရေးအကြီးဆုံးပြောချင်တာက တိုးတက်လား၊ မတိုးတက်ဘူးလားဆိုတာကို အကောင်းဆုံး အကဲဖြတ်နိုင်သူတွေကတော့ သူတို့ရဲ့ဘ၀ ကို နေ့စဉ်ရိုက်ခတ်ခံနေရသူတွေပဲဖြစ်တယ်။ သူတို့မှာ ပြောရေးဆိုခွင့်ရှိသင့်တယ်။ သူတို့အတွက် အခြေအနေတွေ တိုးတက်လာသလား၊ ဘာတွေလုပ်နေတယ်လို့ မြင်လဲ၊ သူတို့အတွက် သူတို့သားမြေးတွေအတွက် မျှော်လင့်ချက် ပိုမိုရှိလာပြီလား အမေးခံ ပိုင်ခွင့်ရှိသင့်ပါတယ်။ ဒီလူတွေဟာ ရခိုင်ပြည်နယ်က မတူညီတဲ့ လူ့အသိုင်းအဝန်းတွေဖြစ်တယ်။ ကော့စ်ဘဇားမှာ စုပြုံတိုးဝှေ့နေရတဲ့ လူသားတွေဖြစ်တယ်။

မေး ။ ။ အဖွဲ့ဟာ ထိရောက်မှုရှိပြီး အစိုးရကလည်း အကြံပြုချက်တွေကို အကောင်အထည်ဖေါ်နေတယ်လို့ ဥက္ကဌ မစ္စတာ ဆူရာကီရတ်က ပြောတယ်။ ခင်ဗျားပြောတာနဲ့ ဆန့်ကျင်ဖက်ဖြစ်နေတော့ ဘာပြန်ပြောချင်လဲ။

ဖြေ။ ။ မတူညီတဲ့ အမြင်တွေ အများကြီးရှိနိုင်ပါတယ်။ ခင်ဗျား သိတဲ့အတိုင်းပဲ မြန်မာနိုင်ငံနဲ့ပတ်သက်ရင် ကွဲပြားရုံသာမက တခါတခါဆိုရင် ဆန့်ကျင်ဖက်ဖြစ်နေတဲ့ နောက်ခံဇာတ်လမ်းတွေတောင် ရှိနေတာပဲ။ သင်ရပ်တဲ့နေရာဟာ သင်ထိုင်တဲ့နေရာပေါ်မှာ မူတည်တယ် ဆိုတဲ့ စကားပုံလိုပေါ့ဗျာ။

အကြံပြုချက်တွေနဲ့ ပတ်သက်ပြီ ကျနော်ဖြည့်စွက်ပြောနိုင်တာကတော့ သက်ဆိုင်ရာ အကြံပြုချက်အားလုံးက ကိုဖီအာနန်အစီရင်ခံစာ ထဲမှာ အကုန်ပါပြီးသား။ တကယ်တော့ အကြံပြုချက် ၈၈ ခုလုံးက ရခိုင်ပြည်နယ်ပြဿနာရဲ့ သွင်ပြင်အားလုံးကို အမြစ်ဖြတ်နိုင်တဲ့ ကျယ်ပြန်တဲ့ အကြံပြုချက်တွေ။ အဖွဲ့အတွက် နောက်ခံမှတ်စုတွေကို ကျနော်ပြုစုတော့ ကျနော်တို့မှာ မြေပြင်အခြေအနေကိုလေ့လာဖို့ ယန္တရား မရှိတာကြောင့်ရယ်၊ လည်နေတဲ့ ဘီးကို ပြန်လည်တီထွင်ဖို့ မလိုတာရယ်ကြောင့် ကျနော်က အကြံပြုချက် ၈၈ ချက်ကနေပဲ ဆွဲယူတယ်။ နိုင်ငံသားကိစ္စလား၊ အသိုင်းအဝန်းတွေ သဟဇာတဖြစ်ရေးလား၊ မီဒီယာ သတင်းယူခွင့်၊ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ ဒုက္ခသည် နေရပ်ပြန်ရေး၊ စုံစမ်းစစ်ဆေးရေးကော်မရှင်၊ လုံခြုံရေး၊ ပြည်တွင်းနေရပ်စွန့်ခွာသူတွေ စံပြမြို့နယ်တွေမှာ ကျန်းမာရေး-ပညာရေး- စိုက်ပျိုးရေး အကြံပြုချက် အားလုံးက အစီရင်ခံစာထဲမှာရှိတယ်။ လေ့လာမှုတွေ လုပ်ထားတယ်။ အဖြေလည်း ထုတ်ပေးထားတယ်။ လိုနေတာက စိတ်ဆန္ဒနဲ့ လက်တွေ့ အကောင်အထည်ဖေါ်ခြင်းပဲ။ ဒီလက်တွေ့အကောင်အထည်ဖေါ်ရေးအတွက် လက်ရှိ အကြံပေးအဖွဲ့ကို တည်ထောင်ခဲ့တာ။ ဒေါက်တာဝင်းမြတ်အေးရဲ့ အကောင်အထည်ဖေါ်ရေးကော်မတီနဲ့ပူးပေါင်းလုပ်ဖို့ ဖွဲ့တာ။

နေပြည်တော်က အစိုးရရဲ့ ဆုံးဖြတ်ချက် တခုခုကို ဘယ်လိုအကြောင်းအချက်တွေက သြဇာသက်ရောက်နေလဲဆိုတာ ကျနော် မသိဘူး။ မြန်မာစကားပုံထဲက မနက်မိုးလင်းတိုင်း ထတွန်တဲ့ ကြက်ဖလို သူ့တွန်သံကြားရင် နေထွက်လာရမယ်လို့ ထင်နေတာမျိုး ကျနော်တို့ မဖြစ်သင့်ဘူး။

မေး။ ။ တပ်မတော်ကို ဆက်သွယ်ဖို့ ကြိုးစားပေမယ့် အလဟဿဖြစ်ရတယ်လို့ ခင်ဗျားပြောခဲ့တယ်။ ဘယ်သူကို ဘယ်နှစ်ကြိမ်ဆက်သွယ်ဖို့ ကြိုးစားခဲ့တာလဲ။ မတွေ့နိုင်တာနဲ့ ပတ်သက်ပြီး ဘာအကြောင်းပြချက်တွေ ပေးလဲ။

ဖြေ။ ။ ဘုတ်အစည်းအဝေး မကျင်းပခင်တိုင်းမှာ အစီအစဉ်တွေနဲ့ပတ်သက်ပြီး ဘုတ်အဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံဖို့ အတွင်းရေးမှူးရုံးက နေပြည်တော်က အရာရှိတွေကို မေတ္တာရပ်ခံတယ်။ လွန်ခဲ့တဲ့ ၆ လအတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံကို သွားရောက်လည်ပတ်တဲ့အခါမှာတောင် သူ့ကိုတွေ့ဆုံဖို့ မေတ္တာရပ်ခံခဲ့တယ်။ အကြောင်းပြန်ကြားခြင်း မရှိဘူး။ အကြောင်းရင်းကို ကျနော်မသိသလို ကျနော်တို့ မေတ္တာရပ်ခံတာကို ဗိုလ်ချုပ်မှူးကြီးထံ ဆက်လက် အကြောင်းကြားလား မကြားလားတောင် ကျနော်မသိဘူး။

ရခိုင်ပြည်နယ်မှာ မူဝါဒတွေ၊ အစီအစဉ်တွေကို အကောင်အထည်ဖေါ်ဖို့ လုံး၀ အဓိကကျတဲ့ လုပ်ငန်းတွေ၊ ဝန်ကြီးဌာနတွေကို တိုက်ရိုက်ထိန်းချုပ်ထားတဲ့ တပ်မတော်ရဲ့ အကြီးအကဲကို တွေ့ဆုံနိုင်ဖို့ ဘာအကြောင်းကြောင့်ဖြစ်ဖြစ် စွမ်းဆောင်ရည်ကင်းမဲ့နေခြင်းဟာ အဖွဲ့တာဝန်တွေ အကောင်အထည်ဖေါ်နိုင်မှုကို အပြင်းအထန် ထိခိုက်စေတယ်လို့ ကျနော်မြင်တယ်။ အနာဂတ်မှာ အဲဒီအခြေအနေ တိုးတက်ကောင်းမွန်လာပါစေလို့ပဲ မျှော်လင့်ပါတယ်။

မေး။ ။ ခင်ဗျား နုတ်ထွက်ရလောက်စေတဲ့ သဘောထားကွဲလွဲမှုမျိုးတွေ ဘုတ်အဖွဲ့ထဲမှာ ရှိခဲ့လား။

ဖြေ။ ။ ကျနော်ကတော့ အဲဒီလို မယုံကြည်ပါဘူး။ စတင်တည်ထောင်တုန်းက ဘေလ်ရစ်ချတ်ဆန်နဲ့ ဖြစ်တဲ့ကိစ္စပဲရှိတယ်။ အဖွဲ့ဝင်အများစုက ရိုးသားတည်ကြည်မှုနဲ့ စိတ်ဓါတ်ပြတ်သားသူတွေဖြစ်ကြောင်း အစမ်းသပ်ခံထားတဲ့ သမိုင်ကြောင်းနဲ့သူတွေပါ။ ဥပမာပြောရရင် နိုင်ငံတကာက အဖွဲ့ဝင် ၃ ဦးဟာ နိုင်ငံသားဖြစ်ခွင့်၊ အသိုင်းအဝန်းများအကြား ဆွေးနွေးရေးနဲ့ အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုတို့လို ကျွမ်းကျင်ရာနယ်ပယ်ကိုပဲ အာရုံစိုက် လုပ်ကိုင်ကြတယ်။ ဒါတွေက တခုနဲ့တခု ဆက်စက်နေတဲ့ နယ်ပယ်တွေ။ ပြိုင်ဖက်နယ်ပယ်တွေ မဟုတ်ဘူး။ ကျနော်နဲ့ ဥက္ကဌအကြားဆက်ဆံရေးကို ပြောရရင်လည်း နည်းလမ်းတကျရှိပြီး မှန်ကန်တဲ့လမ်းကြောင်းမှာရှိတယ်။ အခုပြန်ပြီးကြည့်မယ်ဆိုရင်တော့ ကျနော်ဟာ ကျနော့်ရဲ့ ပူပန်မှုတွေကို ပိုမို ရိုးရှင်းပွင့်လင်းစွာ တင်ပြခဲ့သင့်ပြီး အာရှသားတွေရဲ့ ထုံးစံတွေကို အရမ်း ဂရုမစိုက်ခဲ့သင့်ဘူး။

ခြုံပြီးပြောရရင် အရေးကြီးတဲ့ သင်ခန်းစာကတော့ ဆုံးဖြတ်ချက်ချတဲ့ အဆင့်မှာ ရှိသူအားလုံးကို အမြဲတမ်း ပွင့်လင်းတဲ့အမြင်တွေနဲ့ အချက်အလက် မှန်ကန်တဲ့ အကြံဉာဏ်တွေပေးဖို့လိုတယ်။ ကျနော်တို့ အားလုံးဟာ ကြောက်ရွံ့စိုးရိမ်စိတ်မဖြစ်ပေါ်ဘဲ ကိုယ့်ကိုကိုယ် မှန်ထဲမှာ ပြန်ကြည့်နိုင်ရမယ်။ ကျနော်တို့ရဲ့မူတွေကို ကျနော်တို့ လိုက်နာရမယ်။ ဒီလိုမလုပ်ရင် ကျနော်တို့ဟာ အဖြေရဲ့ အစိတ်အပိုင်း မဟုတ်ဘဲ ပြဿနာရဲ့ အစိတ်အပိုင်းဖြစ်သွားလိမ့်မယ်။

မေး။ ။ ခင်ဗျားဟာ မြန်မာနိုင်ငံနဲ့ နှစ်ပေါင်းများစွာ ဆက်စပ်နေခဲ့တယ်။ အခုလို နုတ်ထွက်လိုက်တော့ နောက်နောင် မြန်မာ့ရေးရာတွေမှာ မပါဝင်တော့ဘူးလို့ အဓိပ္ပါယ် သက်ရောက်ပါသလား။

ဖြေ။ ။ ကျနော် မြန်မာနိုင်ငံနဲ့ပတ်သက်ခဲ့တာ နှစ်ပေါင်း ၅၀ လောက်ရှိပြီး သြစတြေးလျမှာ တက္ကသိုလ်တက်တော့ ကျနော့် ပထမဆုံး မိတ်ဆွေက မြန်မာနိုင်ငံက အမျိုးသမီးတဦးဖြစ်ပါတယ်။ ကျနော်က ပထမနှစ်ကျောင်းသား။ သူကတော့ သူ့ရဲ့ပါရဂူဘွဲ့အတွက် လေ့လာနေတာပါ။ သူက ကျနော်ရဲ့ ဆရာဖြစ်ခဲ့တယ်။ ကျောင်း စားသောက်ဆိုင်တွေ ပိတ်တဲ့ ကျောင်းပိတ်ရက်တွေမှာ ကျနော့်ကို မြန်မာ အစားအစာတွေ ချက်ပြုတ်ကျွေးမွေးတယ်။ ရာသီဥတု အေးလာရင် ကျနော့်ကို ဆွယ်တာ ဝယ်ပေးတယ်။ ဒါတွေဟာ သူနဲ့ မြန်မာပြည်သူတွေအပေါ် ဘယ်လိုမှ ကြေအောင် ဆပ်နိုင်မှာမဟုတ်တဲ့ ကျေးဇူးကြွေးတွေပါ။

ကမ္ဘာတဝန်းက မြို့ကြီးတွေမှာ တာဝန် အမျိုးမျိုးထမ်းဆောင်နေကြတဲ့ ကျနော့် လုပ်ဖေါ်ကိုင်ဖက်တွေလိုပဲ ကိုယ့် အန္တရာယ်ကို ဂရုမစိုက်ဘဲနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ထွန်းကားရေး၊ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ရေးကို ကျနော် ဆယ်စုနှစ်ပေါင်းများစွာ ထောက်ခံခဲ့တယ်။ ချက်နိုင်ငံ သမ္မတ ဗားဆလပ် ဟာဗယ်က ဒေါ်ဆောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေး နိုဗယ်ဆုအတွက် အမည်စာရင်း တင်သွင်းတော့ ကျနော် မြို့တော်ပရာ့ဂ်မှာ ထိုင်းသံအမတ်အနေနဲ့ ရှိနေတယ်။

အခု ကျနော်ဘေးကို ထွက်ထိုင်လိုက်ပေမယ့် အဝေးကိုတော့ လျှောက်သွားမှာ မဟုတ်ဘူး။ အိမ်နီးချင်းအနေနဲ့ မိတ်ဆွေအနေနဲ့ ကျနော်လုပ်နိုင်တာ အနည်းငယ်ကနေ ကျနော်တတ်နိုင်တာ အကုန်လုပ်ပေးမယ်။ ကျန်းမာရေးအခြေအနေက ခွင့်ပြုရင် အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက တဆင့်ဖြစ်ဖြစ်၊ အစိုးရမဟုတ်သော အဖွဲ့အစည်းတွေက ဖြစ်ဖြစ် ကျနော် မြန်မာပြည်သူတွေနဲ့အတူ ရပ်တည်မယ်။ ဂုဏ်ယူတတ်တဲ့ မြန်မာလူမျိုးတွေဟာ တနေ့မှာ ရှုပ်ထွေးလှတဲ့ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ပြီး သူတို့ထိုက်တန်တဲ့ ပိုမို အင်အားကြီးမား၊ ပိုမိုညီညွတ်ပြီး အကျယ်အပြန့်လေးစားခံရသူတွေ ဖြစ်လာမယ်လို့ ကျနော် လုံး၀ ယုံကြည်တယ်။

(အင်္ဂလိပ်ဘာသာဖြင့် With Departure from Rakhine Advisory Panel, Kobsak Sends a ‘Warning Signal’ တွင် ဖတ်ရှုပါ။)

Did you find apk for android? You can find new Free Android Games and apps.
Loading