မြန်မာနိုင်ငံတွင်း ပြည်နယ်များအနက် ချင်းပြည်နယ်မှာ နိုင်ငံရေးတွင် တည်ငြိမ်မှု အမြင့်ဆုံးဖြစ်လာသည် ဟူသည့် အချက်ဖြင့် မလေးရှားနိုင်ငံတွင် ခိုလှုံနေသည့် ချင်းဒုက္ခသည်များကို ၂၀၁၉ ခုနှစ်၊ နှစ်ကုန်မှ စ၍ ဒုက္ခသည် သက်သေခံ ကဒ်ပြားများ သက်တမ်းတိုးပေးတော့မည် မဟုတ်ကြောင်း ဇွန်လ ၁၃ ရက်က မလေးရှား နိုင်ငံအခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ထုတ်ပြန်လိုက်သည်။ UNHCR ၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ချင်းနိုင်ငံရေးပါတီများက ထိုဆုံးဖြတ်ချက်မှာ တရားမမျှတကြောင်း၊ ချင်းပြည်နယ်တွင် အလုပ်အကိုင် အခွင့်အလမ်းများ မရှိသဖြင့် ချင်းဒုက္ခသည်များ နေရပ်ပြန်ရေးမှာ မဖြစ်သင့် သေးကြောင်း စာတစောင်ကို ဇွန်လ ၂၄ ရက်က ထုတ်ပြန်ထားသည်။
ချင်းပြည်နယ်၊ လျှပ်စစ်နှင့် စည်ပင်ဝန်ကြီးဟောင်းဖြစ်ပြီး လက်ရှိတွင် Gender and Development Institute ၏ မူဝါဒရေးရာ အကြံပေးဖြစ်သူ ဦးဆလိုင်းအိုက်ဇက်ခင် ကလည်း မလေးရှားရှိ ချင်းဒုက္ခသည်များကို ကူညီရန် ချင်းပြည်နယ် ဝန်ကြီးချုပ်နှင့် အလွတ်သဘော ညှိနှိုင်းမှုများ ပြုလုပ်ကာ မလေးရှားနိုင်ငံသို့ သွားရန် စီစဉ်လျက် ရှိသည်။ ထိုအခြေအနေများနှင့် ပတ်သတ်၍ ဧရာဝတီ အကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က ဦးဆလိုင်းအိုက်ဇက်ခင်ကို မေးမြန်းထားပါသည်။
မေး။ ။ မလေးရှားက ချင်းဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး ဒီဘက်က ချင်းအသိုင်းအဝိုင်းက ကူညီဖို့ လုပ်နေတာတွေ ကြားတယ်။ ဘာတွေလဲ ပြောပြပါဦး။
ဖြေ။ ။ လောလောဆယ်ကတော့ ကျနော်တို့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ချင်းနိုင်ငံရေးပါတီတွေက Statement ထုတ်တာ ရှိတယ်။ ချင်းပြည်နယ်အစိုးရကတော့ လွန်ခဲ့တဲ့လ၊ UNHCR ဘက်က စပြီးတော့ ချင်းလူမှု အသိုင်းအဝိုင်းကို အကြောင်းကြားပြီးတဲ့ နောက်ပိုင်း တပတ်နှစ်ပတ်အတွင်းမှာ ချင်းပြည်နယ် အစိုးရအဖွဲ့နဲ့ ကျနော်နဲ့ အလွတ်သဘော ဆွေးနွေးကြတာ ရှိတယ်။ ဆွေးနွေးပြီးတော့ ကျနော်တို့ ဒါကို စနစ်တကျ နိုင်ငံတကာရဲ့ မူဝါဒတွေနဲ့ အညီ ဘယ်လို ကိုင်တွယ် ဆောင်ရွက်ပေးလို့ ရမလဲဆိုတာ အလွတ်သဘော ဆွေးနွေးကြတာ ရှိပါတယ်။ ကျနော်က သြဂုတ်လ ၁၁ ရက်မှာ မလေးရှားကို သွားဖို့ ရှိတယ်။ အဲဒီမှာ မလေးရှားမှာ ရှိတဲ့ Malaysia Refugee Community တွေနဲ့ တွေ့မယ်။ တပတ်လောက် နေပြီး တွေ့မယ်။ တွေ့ပြီး သူတို့ရဲ့ သဘောထား၊ သူတို့ရဲ့ အနေအထားတွေကို ချင်းပြည်နယ်အစိုးရကို ကျနော်ပြန် တင်ပြဖို့ ရှိပါတယ်။ ဒါကတော့ ကျနော်တို့ ချင်းပြည်နယ် အစိုးရနဲ့ အထူးသဖြင့် ဝန်ကြီးချုပ်နဲ့ ဆွေးနွေး တိုင်ပင်ပြီး ကျနော်တို့ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ဘယ်လိုလုပ်မယ်ဆိုတာတော့ တိတိကျကျ ပြောလို့မ ရသေးပါဘူး။
လာမယ့် သြဂုတ်လမှာ ကျနော် မလေးရှားရောက်ပြီးမှ မလေးရှားမှာ ရှိတဲ့ အသိုင်းအဝိုင်းတွေရဲ့ သဘောထား၊ သူတို့နဲ့ ဆွေးနွေးပြီးမှ သူတို့ ဖြစ်စေချင်တဲ့ အနေအထားကို တရားဝင် ချင်းပြည်နယ်အစိုးရကို တင်ပြလိမ့်မယ်။ တင်ပြတဲ့ အခါမှာ ကျနော်တို့ ဘာလုပ်ပေးရမယ်ဆိုတာ ပေါ်လာမယ်။
မေး။ ။ NLD အစိုးရ တက်လာပြီးနောက်မှာ နိုင်ငံရေးအခြေအနေ ကောင်းပြီဆိုတဲ့ သုံးသပ်ချက်မျိုးအပြင် တခြားယူဆချက်တွေနဲ့ ရှမ်း၊ ကချင်ဒုက္ခသည်တွေလည်း ရိက္ခာဖြတ်တောက် လျှော့ချခံရတာတွေ ရှိခဲ့တယ်။ အခုလည်း ချင်း Refugee တွေ ဒီလိုကြုံရတော့ ဘာများ သုံးသပ်ချင်ပါသလဲ။
ဖြေ။ ။ လောလောဆယ် ချင်းကိုပဲ ပြန်ခိုင်းတယ်။ မလေးရှားမှာ ရှိတာက ကချင်၊ ချင်း၊ ကယား – ကရင်နီ၊ မွန်၊ ရခိုင်၊ ရှမ်းဆိုပြီး ၇ မျိုး ရှိတယ်ဗျ။ ၇ မျိုး ရှိတဲ့ အထဲမှာ ချင်းတဖွဲ့ကိုပဲ ပြန်ခိုင်းတယ်။ ပြန်ခိုင်းတယ်လို့ ပြောတဲ့ အခါမှာ UNHCR မလေးရှားရဲ့ သုံးသပ်ချက်က မြန်မာနိုင်ငံထဲက ပြည်နယ် ၇ ခုမှာ ချင်းပြည်နယ်ရဲ့ နိုင်ငံရေး တည်ငြိမ်မှုက အမြင့်ဆုံးအနေအထားမှာ ရှိတယ်။ အဲဒီအတွက်ကြောင့် ချင်းပြည်နယ် က လာတဲ့ ချင်းလူမျိုး Refugee တွေ အနေနဲ့ အခုချိန်မှာ ချင်းပြည်နယ်ကိုပြန်သွားဖို့၊ မြန်မာနိုင်ငံကို ပြန်သွားဖို့ သူတို့အနေနဲ့ သုံးသပ် ရရှိတယ်။ လာမယ့် ၂၀၁၉၊ ဒီဇင်ဘာ ၃၁ ရက်နေ့အထိပဲ သူတို့ လက်ခံမှာ ဖြစ်ပြီး ဇန်နဝါရီ ၁ ရက်ကနေ စပြီး ချင်း Refugee တွေကို မလေးရှားနိုင်ငံမှာ လက်ခံနိုင်မှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။
သူတို့ရဲ့ သုံးသပ်ချက်ကတော့ ကျနော်တို့အနေနဲ့ ပွင့်ပွင့်လင်းလင်း သုံးသပ်လို့ ရနိုင်တာပဲ။ UNHCR မလေးရှားရဲ့ ဆုံးဖြတ်ချက်ဖြစ်တယ်။ မြန်မာနိုင်ငံ UNHCR နဲ့ မလေးရှားနိုင်ငံ UNHCR ဘယ်လောက် ပူးပေါင်း ဆောင်ရွက်တယ် ဆိုတာ ကျနော် မသိဘူး။ သို့သော်လည်း လက်ရှိ ပြည်နယ် ၇ ခုမှာ ချင်းကိုတော့ ပြန်လာလို့ ရပြီ၊ ကျန်တာတော့ ပြန်လာလို့ မရဘူးဆိုတဲ့ ကိစ္စကတော့ စဉ်းစားစရာ ရှိတာပေါ့။ ကျနော်တို့ အားလုံး သိတာပဲ ချင်းနဲ့ မွန်ဆို ချင်းက ပိုလို့တောင် ခက်တယ်။ အဲဒီအနေအထားမျိုး ရှိတယ်။ နောက် ကရင်နီ-ကယားနဲ့ ချင်းဆို ချင်းက ပိုလို့တောင် ခက်တယ်။ ကချင်တို့ ရှမ်းတို့ကတော့ ထားပါတော့။ ရခိုင်ကလည်း ထိုနည်းလည်းကောင်း ပါပဲ။ ချင်းကို ပြန်လို့ ရတယ်ဆို ရခိုင်လည်း ပြန်လို့ရတယ်လေ။ ချင်းတခုကိုပဲ ကွက်ပြီး နိုင်ငံရေးတည်ငြိမ်မှု ရလာပြီးတော့ ပြန်သွားသင့်ပါတယ်လို့ ပြောတဲ့ဥစ္စာက တဖက်က ကြည့်ရင် NLD အစိုးရလက်ထက်မှာ ချင်းရဲ့ နိုင်ငံရေးတည်ငြိမ်မှုက တိုးတက်လာတယ်လို့ ပြောတာက ကျနော်တို့ ဝမ်းသာစရာတော့ ရှိတာပေါ့။
တကယ့်တကယ်ကျရင် ကျနော်တို့ ပလက်ဝမြို့နယ်ဆိုရင် တိုက်ပွဲတွေ ရှိနေတယ်။ တဖက်က နိုင်ငံရေးအရ ချင်းပြည်နယ်က ပြည်နယ် ၇ ခုအနက် နိုင်ငံရေးတည်ငြိမ်မှု ဖြစ်ထွန်းမှု ရရှိမှု အမြင့်ဆုံး ဖြစ်လာတယ်ဆိုတာ ဝမ်းသာစရာ ရှိပေမယ့် အလုပ်အကိုင် အခွင့်အလမ်းတို့ အသက်မွေးဝမ်းကျောင်း အခွင့်အလမ်းတို့ ဆိုရင် ချင်းပြည်နယ်မှာ ဘာမှ အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်တဲ့ အနေအထား မရှိသေးဘူး။ အဲဒါကြောင့်လည်း ချင်းနိုင်ငံရေးပါတီတွေက ချင်းလူမျိုးဒုက္ခသည်တွေ ပြန်လာဖို့က စောနေသေးသလားဆိုပြီး စောဒက တက်တာ ဖြစ်ပါတယ်။
မေး။ ။ မလေးရှားမှာ ရှိတဲ့ ချင်းဒုက္ခသည်တွေကရော UNHCR ရဲ့ ထုတ်ပြန်ချက် ထွက်လာပြီးချိန်မှာ ဘာပြောကြလဲ။
ဖြေ။ ။ မလေးရှားကတော့ သြဂုတ်လ ၁၁ ရက်မှာ ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးဖို့ ရှိပါတယ်။ အဲဒီအခါကျရင် မလေးရှားမှာ ရှိတဲ့ ချင်း Refugee Community တွေ အားလုံးပါမယ်။ နောက် အမေရိကမှာ ရှိတဲ့ ချင်း အဖွဲ့တွေ လာကြမယ်။ ကျနော်ကလည်း ဒီဘက်က အစိုးရနဲ့ ပေါင်းစပ်ညှိနှိုင်းပေးနေတဲ့ ကဏ္ဍ အနေနဲ့ ကျနော်လည်း သွားပေးမယ်။ ပြီးတော့မှ ကျနော်တို့ ဝိုင်းဆွေးနွေးပြီးတော့ သူတို့ ပြန်လာချင်သလား၊ ပြန်မလာ ချင်ဘူးလားဆိုတာမျိုးကို ပြန်ဆွေးနွေးကြမယ်။ လက်ရှိအနေအထားကတော့ UNHCR မလေးရှား ကတော့ တရားဝင် ထုတ်ပြန်ပြီး ဖြစ်လို့ အဲဒီအပေါ်မှာ အခြေခံပြီး စဉ်းစားရမှာပေါ့လေ။
မေး။ ။ ချင်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်နဲ့ ဦးဆလိုင်းအိုက်ဇက်ခင်တို့ ဆွေးနွေးတော့ အစိုးရဘက်က ဘာတွေ ကူနိုင်တယ်လို့ ပြောပါသလဲ။
ဖြေ။ ။ တကယ်တော့ ဝန်ကြီးချုပ် ပြောတယ်ဆိုတာထက် လုပ်ထုံးလုပ်နည်းအရ ဆိုရင်တော့ အစိုးရဘက် ကတော့ ပြည်နယ်အစိုးရ တိုက်ရိုက် ကိုင်တွယ်ဆောင်ရွက်ရတာမျိုး မဟုတ်ဘဲ လူကယ်ပြန်ဝန်ကြီးဌာနရယ်၊ လဝက ဝန်ကြီးဌာနရယ် ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စမျိုး ဖြစ်ပါတယ်။ အခု မလေးရှားကို ရောက်သွားတဲ့ ဒုက္ခသည်များက နိုင်ငံရေးအရ သတ်မှတ်ထားတာ ဖြစ်ပါတယ်။ နိုင်ငံရေးခိုလှုံခွင့်တောင်းထားတဲ့ လူတွေ ဖြစ်ပါတယ်။ နိုင်ငံရေးခိုလှုံခွင့် တောင်းထားသူတွေ ဖြစ်လို့ အဲဒီ Refugee တွေ ပြန်လာမယ့် ကိစ္စမှာ ချင်းပြည်နယ် အစိုးရက တိုက်ရိုက် ဆောင်ရွက်နိုင်တဲ့ အနေအထားမျိုး မရှိဘူး။ အရင်ဆုံးကတော့ နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ တရားဝင်ညှိနှိုင်းဆောင်ရွက်ပြီးတဲ့ အခါမှာ ပြည်ထဲရေးဝန်ကြီးဌာနကနေ စိစစ်တာတွေ ဆောင်ရွက်ဖို့ လိုတယ်။ ပြီးတော့ တကယ်နိုင်ငံသား ဖြစ်မှုနဲ့ ပတ်သက်ပြီး လဝက ဝန်ကြီးဌာနက စိစစ်တာတွေ လုပ်ရမယ်။ ပြီးမှ နေရာပြန်လည်ချထားရေး ဆောင်ရွက်တဲ့အခါမှာ လူကယ်ပြန်ဝန်ကြီးက တာဝန်ယူ ဆောင်ရွက် ရပါမယ်။
Refugee တွေ ပြန်လာဖို့ကတော့ ကျနော်သိသလောက် နိုင်ငံခြားတိုင်းပြည် တခုကနေ ပြန်လက်ခံရမယ့် အနေအထား ဖြစ်တော့ ပြည်နယ်အစိုးရအနေနဲ့ လုပ်ရတာမျိုး မဟုတ်ဘဲ ပြည်ထောင်စု အစိုးရအဆင့်မှာကို ဆွေးနွေးရမယ့် ကိစ္စဖြစ်ပါတယ်။ သို့သော် ပြန်လာတဲ့ ချင်းလူမျိုးတွေက ချင်းပြည်နယ်ထဲမှာ သူတို့ ပြန်လည် နေရာချထားရမှာ ဖြစ်လို့ ချင်းပြည်နယ်အစိုးရကတော့ ပါရပါမယ်။
နောက်တချက်က ချင်းလူမျိုး အများစုဖြစ်လို့ ချင်းလူမျိုးများရဲ့ ကိုယ်စား ဒီဖြစ်စဉ်ကို ချင်းပြည်နယ် အစိုးရက ပြည်ထောင်စု အစိုးရကို တင်ပြလို့ ရတယ်။ ပြည်ထောင်စုအစိုးရအနေနဲ့ လမ်းညွှန်မှု ပေးဖို့ တင်ပြပေးရင် ပြည်ထောင်စု အစိုးရက ခုနပြောတဲ့ ဝန်ကြီးဌာနတွေ ပါဝင်တဲ့၊ အနည်းဆုံး ဝန်ကြီးဌာန ၄ ခုလောက် ပါဝင်တဲ့ အဖွဲ့နဲ့ စိစစ်တဲ့ ကိစ္စ၊ လက်ခံတဲ့ ကိစ္စတွေ လုပ်ရပါမယ်။ အဲဒီလို လုပ်ဖို့ အတွက် မလေးရှား UNHCR အနေနဲ့ မြန်မာနိုင်ငံ UNHCR နဲ့လည်း ချိတ်ဆက် ဆောင်ရွက်ဖို့ လိုပါတယ်။
ပြီးတော့မှ မြန်မာ UNHCR နဲ့ မြန်မာလူကယ်ပြန်နဲ့ ချိတ်ဆက် ဆောင်ရွက်ရမှာမျိုး ဖြစ်ပါတယ်။ သူတို့က ကိုယ့်ဖာသာကိုယ် ပြန်သွားပါလို့ ပြောရုံနဲ့ ကိုယ့်ဘာသာကိုယ် ဖာသိဖာသာ ပြန်လာလို့ ရတာ မဟုတ်ပါဘူး။ ပြန်လာမယ့် အရေအတွက်က သုံးသောင်းခွဲလောက် ရှိတယ်။ နိုင်ငံရေးအရ ခိုလှုံခွင့်နဲ့ သူတို့က Refugee အဖြစ်နဲ့ နေနေတဲ့ လူတွေဖြစ်လို့ သူတို့ ပြန်လာတဲ့ အခါမှာလည်း လုံခြုံစိတ်ချပြီး ဂုဏ်သိက္ခာရှိတဲ့ ပြန်လာခြင်း ဖြစ်ဖို့ ပူးပေါင်းဆောင်ရွက်ရပါမယ်။ အဲဒီလို ဖြစ်ဖို့ ချင်းပြည်နယ်အစိုးရက စတင် တင်ပြသူ အနေနဲ့ ပြည်ထောင်စု အစိုးရကို တင်ပြရမှာ ဖြစ်ပါတယ်။
ကျနော်လည်း ယခင်ပြည်နယ် အစိုးရအဖွဲ့မှာ တာဝန်ယူခဲ့တာ ဖြစ်တာကြောင့် တော်တော်များများ ကျနော်က ယခင်ကတည်းက Refugee တွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ ရှိလို့ ဝန်ကြီးချုပ်နဲ့ ကျနော် အလွတ်သဘော ဆွေးနွေးတာ ဖြစ်ပါတယ်။ ဆွေးနွေးတဲ့အခါမှာ အထူးသဖြင့် မလေးရှားမှာ ရှိတဲ့ ချင်း Refugee တွေရဲ့ သဘောထား ယူဖို့ လိုအပ်ပါတယ်။ သူတို့က ချင်းပြည်နယ်အစိုးရအနေနဲ့ ဆောင်ရွက်ပေးပါ ဆိုရင် ချင်းပြည်နယ်အစိုးရဘက်က ဒါကို ကိုင်တွယ်ပေးလို့ ရမှာ ဖြစ်ပါတယ်။
ချင်းပြည်နယ်အစိုးရကတော့ ဖလမ်းမြို့ပြစီမံကိန်း၊ ဟားခါးမြို့ပြစီမံကိန်း၊ ပလက်ဝ မြို့ပြစီမံကိန်းဆိုပြီး ကျနော် စည်ပင် ဝန်ကြီးလုပ်ခဲ့တုန်းက စီစဉ်ထားခဲ့တာ ရှိတယ်။ အဲဒီမှာ ကျနော်အားလုံး နေရာပေးဖို့ လုပ်ခဲ့တယ်။ နေရာပေးတဲ့ Process ကတော့ ပြည်ထဲရေးနဲ့ လဝက က စိစစ်ပြီးတဲ့ လူတွေကိုပဲ လက်ခံလို့ ရမှာပေါ့လေ။
မေး။ ။ မလေးရှားက UNHCR ရဲ့ ထုတ်ပြန်ချက်မှာ ချင်းဒုက္ခသည်တွေကို ရွေးဖို့ လမ်း ၂ ခုပေးတယ်။ သက်တမ်း ကုန်တဲ့အထိ နေမလားနဲ့ ဆက်ခိုလှုံဖို့ လူတွေ့စိစစ်တာလုပ်မလားပေါ့။ ဒုက္ခသည်သက်တမ်း ကုန်သူတွေရဲ့ နောက်ဆက်တွဲနဲ့ ပတ်သတ်ပြီး ဘာမှ ရေးထားတာ မတွေ့ရဘူး။ ဒါကရော ဘယ်လို သိထားပါသလဲ။
ဖြေ။ ။ သူက ဒီလိုပါ၊ မလေးရှား UNHCR က ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်ကို ဒုက္ခသည်အဖြစ်နဲ့ နေပါလို့ ပြောတယ်။ ၂၀၁၉ ဒီဇင်ဘာ ၃၁ ထိ မနေချင်ဘူး၊ ကိုယ့်ဖာသာ Refugee အနေနဲ့ ရသင့်ကြောင်း လျှောက်ထား ချင်ရင် ချက်ချင်းလျှောက်ပါလို့ သူပြောတယ်။ တလ၊ နှစ်လအတွင်း သူတို့ အကြောင်းပြန်မယ်လို့ ပြောတယ်။ အကြောင်းပြန်လို့ လျှောက်ထားတဲ့ သူက International Protection ကို ရထိုက်တဲ့၊ Refugee ခံထိုက်တဲ့ သူ ဖြစ်တယ်လို့ သုံးသပ်ရင် သူ့ကို လက်ခံမယ်။ တတိယနိုင်ငံကို ပို့နိုင်ဖို့ သူတို့ အမြန်ဆုံး စီစဉ်ပေးမယ်။ သို့သော် နိုင်ငံတကာ အကာအကွယ် ရစရာ အကြောင်း မရှိဘူးလို့ ဆုံးဖြတ်ရင် ချက်ချင်းပြန်လာရမယ်။ သက်တမ်း မတိုး ပေးတော့ဘူး။
ဒုတိယရွေးချယ်ခွင့်ကတော့ ကိုယ်က အဲဒီလိုတွေ မလုပ်တော့ဘူး။ ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်အထိ၊ သူတို့ ပေးတဲ့ အထိကိုပဲ ဆက်နေပြီးတော့ နောက်တနည်း စဉ်းစားမယ်ဆိုတဲ့ လူတွေကတော့ လိုအပ်ရင် သက်တမ်း တိုးပေးမယ်။ ဒါပေမယ့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီက စပြီး သူတို့က Refugee မဟုတ်တော့ဘူး။ ပြန်လာ ရင်လည်း ပြန်လာ၊ မပြန်လာရင်လည်း သူတို့က ရွှေ့ပြောင်းလုပ်သားအနေနဲ့ မှတ်ပုံ ပြောင်းတင်ရမယ်။ အဲဒီလိုမျိုး ဖြစ်ဖို့ သူတို့ မြန်မာသံရုံးကို သွားသတင်းပို့ရမယ်။ ပြီးတော့ အလုပ်သမားအေဂျင်စီနဲ့ ချိတ်ဆက် ရမယ်။ လုံခြုံပြီး တရားဝင် အလုပ်သမားဖြစ်ဖို့၊ အလုပ်လုပ်ကိုင်သူ ဖြစ်ဖို့ မြန်မာသံရုံး သူတို့ သွားရမယ်။
မြန်မာသံရုံးက အလုပ်သမား ကောင်စစ်ဝန်ကို သတင်းပို့ရမယ်။ အဲဒီကနေ သူတို့ အလုပ်လုပ်တဲ့ မလေးရှား ကုမ္ပဏီတွေမှာ တရားဝင် အလုပ်သမား အဖြစ် ပြန်လုပ်နိုင်မှာ ဖြစ်တယ်။ အဲဒီလို လုပ်ချင်တယ်ဆိုရင် မြန်မာ သံရုံးနဲ့ လုပ်ရမယ့် အနေအထားမျိုးပေါ့။ အားသာချက်ကတော့ သူတို့ မလေးရှားမှာ ဆက်ပြီး ဟန်မပျက် နေသွားလို့ ရမယ်။ ပြန်လာစရာ မလိုဘူးပေါ့။
အကြီးမားဆုံး စိန်ခေါ်မှုကတော့ အခွန်ထမ်းရတော့မယ်။ အခွန်ထမ်းရင်တော့ အရင်လိုမျိုး အနေအထား မဟုတ်တော့ဘူး။ Skilled Labor လို့ခေါ်တဲ့ အရည်အသွေးပြည့်ဝတဲ့ လုပ်သား မဟုတ်တဲ့ အတွက်ကြောင့် စုမိ ဆောင်းမိဖို့ အခြေအနေကလည်း တော်တော်ခက်ပါလိမ့်မယ်။ အဲဒီတော့ သူတို့ ဘယ်လို ဆုံးဖြတ်မယ် ဆိုတာ အခု မပြောတတ်သေးဘူး။ သူတို့ရဲ့ ကိုယ်တိုင် ဆုံးဖြတ်ချက်ပေါ်ပဲ မူတည်လိမ့်မယ်။ သူတို့ ပြန်လာချင်သလား သို့မဟုတ် ဟိုမှာ Migrant Worker အနေနဲ့ ပြောင်းလုပ်ချင်သလားပေါ့။ ဒါကတော့ တပိုင်းပါ။ နောက်တခု ကတော့ လက်ရှိ မလေးရှား Chin Refugee Community ကတော့ သက်တမ်းကို၊ နောက်ဆုံး နေထိုင်ခွင့်ကို တိုးပေးပါ။ အနည်းဆုံး ၂၀၂၀ ထိ တိုးပေးပါဆိုတာ တောင်းထားတာလည်း ရှိတယ်။ ၂၀၁၉ ဆိုရင် စောတယ် ပေါ့။ တနှစ်ကျော်ကျော်၊ လပေါင်း ၂၀ ပဲ ဆိုတော့ စောတယ်ပေါ့။ အဲဒါကြောင့် ၂၀၂၀၊ နောက်ထပ် တနှစ်၊ လပေါင်း ၃၀ ပေါ့။ တိုးပေးဖို့ တင်ပြထားတာလည်း ရှိတယ်။