"လေကြောင်းလိုင်း ထောင်တယ်ဆိုတာ အမြတ်ရဖို့ သိပ်ပြီး မျှော်လင့်လို့မရပါဘူး"

မျိုးပပစန်း
လေကြောင်း ညွှန်ကြားရေးမှူး ဦးရဲထွဋ်အောင် / မျိုးပပစန်း / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့သည့် ဇူလိုင်လ ၂၁ ရက်မှ စတင်၍ FMI လေကြောင်းလိုင်း ပျံသန်းပြေးဆွဲမှုမှာ ရပ်နားခဲ့သလို Apex Airline နှင့် Air Bagan လေကြောင်းလိုင်းများလည်း ပျံသန်းပြေးဆွဲနိုင်ခြင်းမရှိသဖြင့် ၎င်းတို့ ၏ လေကြောင်းလိုင်း လုပ်ကိုင်ခွင့် AOC ကို ပြည်တွင်း လေကြောင်းဦးစီးဌာနသို့ ပြန်လည် အပ်နှံခဲ့ သည်။

ထိုသို့ လေကြောင်းလိုင်းများ ပိတ်သိမ်းခဲ့ခြင်းမှာ လေကြောင်းလိုင်းများ၏ စိန်ခေါ်မှုများစွာရှိနေသော ကြောင့် ဖြစ်ကြောင်း သိရသည်။

လက်ရှိ လေကြောင်းလိုင်းများ ရင်ဆိုင်နေရသော အခက်အခဲ၊ စိန်ခေါ်မှုများနှင့် ပတ်သက်၍ ဧရာဝတီ သတင်းထောက် မျိုးပပစန်းက လေကြောင်း ဦးစီးဌာန(DCA) ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်နှင့် တွေ့ဆုံမေးမြန်းထား ပါသည်။

မေး။ ။ ပြည်တွင်းလေကြောင်းတွေ လက်ရှိမှာ ပိတ်သိမ်းတာတွေရှိပါတယ်။ ဒီလေကြောင်းလိုင်းတွေ ဘယ်လိုအချက် တွေကြောင့် ပိတ်သိမ်းလိုက်ရပါသလဲ။

ဖြေ။ ။ လေကြောင်း ပျံသန်းပြေးဆွဲခွင့် အသိအမှတ်ပြု လက်မှတ်လို့ ဆိုရမယ့် Air Operator Certificate (AOC ) ပြန်ရုပ်သိမ်းတယ်လို့ ပြောလို့ရပါတယ်။ တလိုင်းကတော့ Air Bagan၊ နောက် တလိုင်းကတော့ Apex Airline ပါ၊ ဒီလိုင်းတွေက အခုချက်ချင်းကြီး ပိတ်ဖို့ ဖြစ်လာတာ မဟုတ်ဘူး။ အရင်ကတည်းက ပိတ်ဖို့ ပြင်လာတာ၊ လေကြောင်း လိုင်းတွေရဲ့ ပျံသန်းခွင့်တွေကို ပိတ်ဖို့ လုပ်နေ တာတွေ ရှိပါတယ်။

ပြီးခဲ့တဲ့ နှစ်စလောက် ကတည်းက လုပ်ခဲ့တာပေါ့နော်။ အဓိက Air Bagan က ၃ နှစ်လောက်ရှိပြီ ၂၀၁၅ လောက်ကတည်က ပြေးဆွဲမယ့် လေယာဉ်ပျံ မရှိဘူး။ ရှိတဲ့ လေယာဉ်ပျံတွေကလည်း မြေပြင်မှာ ပဲ ရပ်နားထားတယ်။ အပိုပစ္စည်းတွေ ဘာတွေ ဝယ်လို့မရဘူး။ အဲဒီအတွက် ပြေးဆွဲနိုင်ခြင်း မရှိဘူး၊ Apex Airline ကလည်း ၁ နှစ် ကျော်လောက် ရှိသွားပြီ။

လေကြောင်းလိုင်းတွေရဲ့ AOC ကိုပိတ်သိမ်းတာနဲ့ ထုတ်ပေးတာမှာ အဆင့် ၃ ဆင့်ရှိတယ်။ ပထမ အဆင့် ရက်ပေါင်း ၆၀ တိတိကြာတဲ့အထိ အဲဒီလေကြောင်းလိုင်းက လေယာဉ်ပျံ ပြေးဆွဲ ပျံသန်းခြင်း မရှိရင် AOC ကို ပြန်သိမ်းဖို့ အသိပေးခွင့်ရှိတယ်။

ဒုတိယအဆင့် အဲဒီရက်ပေါင်း ၆၀ အတွင်းမှာ ဒီလေကြောင်းလိုင်းက လေယာဉ်ပျံ မပျံနိုင်ဘူး။ နောက် ထပ်လည်း ရက် ပေါင်း ၆၀ ထပ်ပြီးတော့ မပျံနိုင်ဘူး ဆိုရင် သူ့ရဲ့ AOC ကို ပြန်အပ်ဖို့အတွက် ဌာနက အကြောင်းကြားခွင့်ရှိတယ်။ သူက ပြန်အပ်မယ်လို့ အဆိုပြုလာရင် သူ့ရဲ့ AOC ကို ပြန်ရုပ်သိမ်းမယ်။ ဒါမှမဟုတ်၊ အခုလည်း မပျံနိုင်ဘူး၊ နောက်ထပ်လည်း ဒီလေကြောင်းလိုင်းအမည်နဲ့ ပျံသန်းဖို့ မရှိဘူး ဆိုရင်တော့ ပယ်ဖျက်တာ လုပ်မယ်။

အခုဟာကတော့ ၂ လိုင်လုံးကို ပြန်ပြီးတော့ AOC ရုပ်သိမ်းတယ်။ ပြန်ပြီးတော့လျှောက်မယ်ဆို ပြန် ပေးမယ်။ လေယာဉ်ပျံတွေ ငှားလို့ ရလာပြီ၊ ပြန်ပြီးတော့ ပြေးဆွဲမယ်ဆိုရင် ပြန်ပေးမယ်။

မေး။ ။ လေကြောင်းလိုင်းလျှောက်မယ်ဆိုရင် ဘာတွေလိုအပ်ပါသလဲ။ လေယာဉ်ဘယ်နှစီးလောက် မှ ပြေးဆွဲရမယ် ဆိုပြီး သတ်မှတ်ထားတာ ရှိပါသလား။

ဖြေ။ ။ ဒါက တကယ် အတိအကျတော့ ဘယ်နှစီးလို့ သတ်မှတ်တာ မရှိဘူး၊ ဖြစ်သင့်တာတော့ လေကြောင်းလိုင်း တလိုင်းမှာ လေယာဉ် လေးစီးလောက် ရှိသင့်ပါတယ်။ သူ့ထက်ပိုများရင်လည်း ကောင်းတာပေါ့။ ဘာပဲဖြစ်ဖြစ် ပြည်တွင်းကို ပြေးဆွဲပျံသန်းနေတာ အခုဆိုရင် လေယာဉ်ပျံ တစင်း တည်းနဲ့ ပြေးဆွဲနေတာ၊ နှစ်စင်းထဲနဲ့ ပြေးဆွဲနေတာတွေ ရှိတယ်။ အကြောင်း တခုခုကြောင့် လေယာဉ် ပျံ ချို့ယွင်းမှု ဖြစ်တယ်ဆိုရင် နောက်လေယာဉ်တစီး အစားထိုးပြီးတော့မှ ခရီးသည် သယ်ယူပို့ဆောင် တာတွေ လုပ်သင့်တယ်။ ဒါကြောင့် သူတို့အနေနဲ့ လေးစင်းလောက်ရှိရင် သင့်တော်မယ် လို့ ယူဆ ပါတယ်။

ဒါလည်း သူတို့လေကြောင်းလိုင်း လုပ်ကိုင်ခွင့် လာလျှောက်တဲ့နေရာမှာ Business Plan တင်တာရှိ တယ်။ ဘယ်နှစင်းနဲ့ စပြီး ဆွဲမှာလည်း၊ ၂ စင်းဆို ၂ စင်း။ နောက်ထပ် ၁ နှစ်၊ ၂ နှစ်ကြာတဲ့အခါမှာ နောက်ထပ် ဘယ်နှစင်းချဲ့မှာလဲ မေးတယ်။

သူ့ရဲ့ နောက်ဆုံး လေကြောင်းလိုင်းအတွက် ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုက ဘယ် လောက် ရင်းနှီးမှာလဲ၊ ဒေါ်လာနဲ့ဆို ဘယ်နှစ်သန်း ရင်းနှီးမလဲ။ ကျပ်ငွေ ဘယ်လောက်ရှိလဲ။ ဒါတွေ လာလျှောက်တဲ့ အချိန်မှာတော့ ပြောထားတာ ရှိပါတယ်။

သူတို့ဘက် ကလည်း ရင်းနှီးဖို့ အခြေအနေက ဒေါ်လာသန်းကို ဆယ်ဂဏန်းနဲ့ ချီမယ်။ မြန်မာငွေ ဆိုလည်း ကျပ်ငွေ ဘီလီယံနဲ့ ချီပြီး ဒီလေကြောင်းလိုင်း အတွက် ထည့်မယ် လုပ်ခဲ့တယ်။ ဒါပေမယ့် AOC ရသွားပြီးတဲ့ အခါမှာ ဒီလိုကတိ ကဝတ် ပြုထားတဲ့အတိုင်းလည်း ပိုက်ဆံမထည့်တာတွေ ရှိပါ တယ်။ ဒါကြောင့်လည်း တချို့က ဥပဒေလမ်းကြောင်းအရ ကြာရှည်ရပ်တည်နိုင်ဖို့ မရှိတာလို့ ယူဆပါ တယ်။

ယေဘူယျအားဖြင့် ဆိုရင်တော့ ဒီငွေကြေး မလုံလောက်လို့ ဆိုတာကလည်း အဓိက ကျတဲ့ အကြောင်း တချက်ပါတယ်။ ဘာလို့လဲဆိုတော့ လေကြောင်းလိုင်းမှာ သူ့ရဲ့ ပိုင်းလော့နဲ့ လိုအပ်သူတွေကို ခန့်ထား ပြီးသား။ ကျန်တဲ့ အင်ဂျင်နီယာ တွေ လည်း ရှိတယ်။ Management လည်းရှိတယ်။ ဒါတွေကို ရှင်သန်ကြီးထွားအောင် လုပ်ဖို့က ငွေရေးကြေးရေးကဏ္ဍ အနေနဲ့ အင်မတန် အရေးကြီးပါတယ်။

အဲဒီတော့ လေကြောင်းလိုင်း ထောင်တယ်ဆိုတာ အမြတ်ရဖို့တော့ သိပ်ပြီး မျှော်လင့်လို့မရပါဘူး။ တခြားနည်းလမ်း တခုခုနဲ့ပဲ လေကြောင်းလိုင်းကို ပြန်ကာမိအောင် လုပ်ဖို့ပဲ လိုအပ်တာပေါ့။ ဒီလိုလုပ်နိုင်လေ၊ ရှင်သန်မှု ကြာလေ ဖြစ်ပါ တယ်။

တခြားနည်းနဲ့ ဖြည့်ဆည်းပေးနိုင်တဲ့ အနေအထားမရှိဘူးဆိုရင် ကြာလေကြာလေ ဆုံးရှုံးမှု များလာ မယ်။ ဒါဆိုရင် ငွေကြေး ရင်းနှီးမြှုပ်နှံမှုအနေနဲ့ လေကြောင်းလိုင်းမှာ ထပ်ပြီး ထည့်ဖို့က လက်တွန့် မယ့် အနေအထား ရှိတယ်။ ငွေကြေးကဏ္ဍက အဓိကကျတဲ့ အပိုင်းမှာလည်း ပါတယ်လို့ ပြောလို တယ်။

မေး။ ။ တခြားနည်းလမ်းနဲ့ လေကြောင်းလိုင်းကိုထောက်ပံ့ရမယ်ဆိုတာက ဘယ်လိုနည်းလမ်း တွေနဲ့ လုပ်ဆောင်ရမှာ ပါလဲ။

ဖြေ။ ။ တခြားစီးပွားရေး လုပ်ငန်းတွေကို ပြောတာပါ။ ဆောက်လုပ်ရေးပဲဖြစ်ဖြစ်၊ အခြား လုပ်ငန်း တွေပေါ့ ဂျပန်မှာဆိုရင် မီးရထားလုပ်ငန်းက ရှုံးတယ်။ လူထု သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်တဲ့ သူ တော်တော်များများက ရှုံးပါတယ်။ မျှော်လင့်ပြီးတော့ လုပ်ကြတာပေါ့၊ လေကြောင်းလုပ်ငန်းရှင်မှာ ပို့ဆောင်ရေး လုပ်ငန်းက လွဲလို့ ဝင်ငွေရတဲ့ ဟိုတယ်၊ ဆောက်လုပ်ရေး၊ ဘဏ်လုပ်ငန်းတွေရှိမယ်။ ဒါတွေကနေ ပြန်ဝင်တဲ့ငွေနဲ့ ပြန်ထေလို့ရတဲ့ အနေအထား ရှိဖို့ လိုပါတယ်။

မေး။ ။ AOC လျှောက်တဲ့ လေကြောင်းလိုင်းတွေမှာ အနည်းဆုံး လေယာဉ် ၄ စီးလောက်မှ ရှိမှ လုံလောက်တယ် ဆိုတော့ အခုပျံသန်းနေတဲ့ လေကြောင်းလိုင်းတွေမှာရော လုံလောက်စွာ ပျံသန်း ပြေးဆွဲနိုင်မှု ရှိပါသလား။ ဝန်ဆောင်မှု ပေးတဲ့ အခါမှာ အခက်အခဲဖြစ်တာတွေရော ရှိပါသလား။

ဖြေ။ ။ အခက်အခဲရှိတယ်လေ။ FMI ဆိုရင် လေယာဉ် ၂ စင်းပဲ ရှိတယ်။ ၂ စင်းလုံး အခု ပြန်အပ်ရ မှာဆိုတော့ တစင်းမှ မကျန်ဘူး။ အလားတူပဲ Apex Airline လည်း ဒီအတိုင်းပဲ၊ ၂ စင်းငှားထား တယ်။ ပျံသန်းဖို့ မရှိဘူး။ ငှားရမ်းတဲ့ အခါမှာလည်း လေယာဉ်ပျံချည်းပဲ ငှားတဲ့အခါမှာ လစဉ်ကြေး ပေးရတာရှိတယ်။ အဲဒီပေးရတဲ့အပေါ်မှာ အရင်းကျေဖို့ တော်တော် လေး ရုန်းကန်ရတယ်။

ဒီမှာရှိနေတဲ့ ပြည်တွင်းဈေးကွက်ကလည်း ဥပမာပြောရရင် ကိတ်မုန့်ကြီး တခုကို လူဆယ်ယောက်က ဝိုင်းပြီး စားနေသလို မျိုးပေါ့။ လေကြောင်းလိုင်း ၂ လိုင်း၊ ၃ လိုင်းပဲ ရှိမယ်ဆိုရင် ကိတ်မုန့် တလုံးစား ရင် အချိုးရတာ များသွားမယ်။ အဲဒီတော့ အခုက လူဆယ်ယောက်ဝိုင်းစားမယ်၊ ဒီကိတ်မုန့် ရတဲ့အချိုး က နည်းသွားမှာပေါ့။

ပြည်တွင်းမှာရှိတဲ့ ခရီးသွားတွေက သိပ်ပြီးတော့မှ ခရီးသွား အတက်၊ အကျ မရှိဘူး။ ထူးထူးခြားခြား တက်လာတာလည်း မရှိဘူး၊ ကျသွားတာလည်း မရှိဘူး။ ပုံမှန်တော့ လေယာဉ်နဲ့ သွားတဲ့ခရီးသည်တွေ သွားနေကြတာပဲ။ ဒါပေမယ့် နိုင်ငံခြား သား ခရီးသွား ဧည့်သည်တွေ၊ စီးပွားရေးလုပ်တဲ့ သူတွေ အရင် တုန်းကထက် စာရင် နည်းနည်းလေး ကျဆင်း လာတာတွေ ရှိတယ်။ ရာသီအားဖြင့် ဆိုရင်လည်း အခုက မိုးရာသီဖြစ်တယ်။ ဒီရာသီမှာတော့ ခရီးသွားလုပ်ငန်း ကျတာ အမှန်ပဲ။

မေး။ ။ လေကြောင်းလိုင်းတွေမှာ စိန်ခေါ်မှုတွေရှိတဲ့အတွက် ပိတ်သိမ်းရတယ် လို့လည်း ပြောကြပါ တယ်။ လေကြောင်းလိုင်းရဲ့ အဓိက စိန်ခေါ်မှုတွေက ဘာတွေ ဖြစ်မလဲ။

ဖြေ။ ။ အဲဒါကတော့ ပြောတဲ့ လေကြောင်းလိုင်းရဲ့ တာဝန်ရှိတဲ့ သူက အသိဆုံးပဲဖြစ်မှာပါ။ သူ့ အတွက် ဘာတွေများ ဖြစ်နေမလဲပေါ့။ ဌာနအနေနဲ့ လေကြောင်းလိုင်း အားလုံးက ဒီအတိုင်းပဲ ပျံသန်း နေတာပေါ့လေ။ ဌာနက ခွင့်ပြုထားတဲ့ အခွင့်အရေး အတူတူပဲ ဒီလေကြောင်းလိုင်းတွေ အားလုံးက ပြည်တွင်းမှာ ပျံသန်းပြေးဆွဲနေတာ ဖြစ်ပါတယ်။

ဘယ်သူမှ ထူးပြီးတော့ စိန်ခေါ်မှုတွေ များနေတာ မဟုတ်ဘူး။ အဲဒီမှာ ကိုယ့်ရဲ့ လေကြောင်း အရွယ် အစား အကြီးအသေး အပေါ်မှာ မူတည်တယ်၊ လစာနှုန်းထား ပေးမှု အပေါ်မှာ မူတည်တယ်၊ သူ့ရဲ့ Corporation ကုန်ကျစရိတ်ပေါ်မှာ မူတည် တယ်။ လေယာဉ်ဆီဈေး တခုတည်း ကြီးမြင့်တာပေါ်မှာ တည်မီတာတော့ မဟုတ်ဘူး။ နောက်ပြီး သက်တမ်းရင့်တဲ့၊ ကြာ နေတဲ့ လေယာဉ်ပျံတွေ ငှားရမ်းမိတဲ့ အခါ ဒါတွေရဲ့ ပြင်ဆင် စရိတ်တွေ မကြာခဏပေးရတော့ ပိုများလာမယ်။ ဒီလို အဆင် မပြေတာတွေ ရှိတယ်။

ဒီလို ကုန်ကျစရိတ်တွေ တိုးလာတာ ရှိတယ်။ ရတဲ့ ခရီးသည်က နည်းလာတယ်။ ရာသီဥတုအားဖြင့် လည်း အခု မိုးရာသီထဲ ရောက်နေတယ်။ ဒီလိုအခြေအနေမှာ ဒီလိုကိစ္စတွေ ကြုံတွေ့ရတာတော့ လေကြောင်းလိုင်း အားလုံး ကြုံတွေ့ရတာပဲ ဖြစ်တယ်။ တခြားလေကြောင်းလိုင်း တခုချင်းစီရဲ့ စိန်ခေါ်မှုကတော့ ကျနော်တို့ အနေနဲ့ မသိပါဘူး။

မေး။ ။ လေကြောင်းလိုင်း ဖွံ့ဖြိုးလာဖို့ အရေးတကြီးလိုအပ်ချက်တွေက ဘာတွေဖြစ်မလဲ။

ဖြေ။ ။ ပြည်တွင်းကရော၊ ပြည်ပကရော ခရီးသွားတွေ အများကြီး လာဖို့လိုတယ်။ အဲဒီဆိုရင် လူများများရမယ်။ ခရီးသည်တွေ များလာလေလေ အမြတ်ရနိုင်ချေ ရှိလာနိုင်ချေဖြစ်မှာပဲ။

မေး။ ။ အခုက လေကြောင်းလိုင်းတွေ ပိတ်တယ်။ ဟိုတယ်တွေ ပိတ်တယ်ဆိုပြီး အပြင်မှာတော့ စီးပွားရေး မကောင်းလို့ဆိုပြီး ပြောနေကြတယ်။ အဲဒီအပေါ်ရော ဘယ်လိုမြင်လဲ။

ဖြေ။ ။ လေယာဉ်စီး ခရီးသည်ကတော့ များသောအားဖြင့် အတန်းအစား တခုတော့ ရှိပြီးသားပါ။ အရင်စီးနေတယ်၊ အခု မစီးတော့ဘူး ဆိုတာတော့ မဖြစ်နိုင်ဘူးလေ။ ရှိနေတာပဲ။ ပြည်တွင်းမှာ ရှိနေတဲ့ နိုင်ငံပိုင် မြန်မာအမျိုးသား လေကြောင်းလိုင်း MNA ဆိုရင် ခရီးစဉ်တွေကို ရန်ကုန်ကနေ အခြေပြုပြီး ပြေးဆွဲနေတာ မြို့ပေါင်း ၂၀ ကျော်လောက်ကို ပြေးဆွဲနေ တယ်။ အခုချိန်ထိလည်း လူတွေရနေတာ ပဲလေ။ အဓိကကတော့ ကိုယ့်ရဲ့ဈေးကွက် လုပ်ဆောင်နိုင်မှု အပေါ်မှာလည်း လေကြောင်းလိုင်း အလိုက် မူတည်ပါတယ်။ အဓိကတော့ စီးပွားရေးနဲ့ ပတ်သက်လို့ သူ့ရဲ့ Management လုပ်နိုင်တဲ့ အရည်အချင်းပေါ် မူတည်ပါတယ်။

မေး။ ။ လက်ရှိမှာ လေကြောင်း ဘယ်လောက် ကျန်ရှိနေပါသလဲ။ အခု ကျန်တဲ့လေကြောင်းတွေ နဲ့ရော ဝန်ဆောင်မှု ပေးတာ လုံလောက်ပါသလား။

ဖြေ။ ။ ပြည်တွင်းလေကြောင်းလိုင်း ၁၀ လိုင်းရှိပါတယ်။ အခု ၂ လိုင်း ပြန်သိမ်းလိုက်တော့ ၈ လိုင်းကျန်ပါတယ်။ FMI ကတော့ AOC ကို ဌာနက ပြန်မသိမ်းသေးပါဘူး။ အခု လောလောဆယ် လေကြောင်းလိုင်း ၈ လိုင်း ရှိတယ်။ လေယာဉ် အစင်းရေအားဖြင့် မြန်မာမှတ်ပုံတင် လေယာဉ်အားလုံး ၄၉ စင်းလောက်ရှိတယ်။ လက်ရှိဝင်ရောက်နေတဲ့ ခရီးသည်နဲ့ ဝန်ဆောင်ပေးမှုက လုံလောက်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading