အသက် ၁၇ နှစ်သာရှိသေးတဲ့ မချိုပြုံးဟာ ကျန်းမာရေး ချို့ယွင်းနေတဲ့ မိခင်ဖြစ်သူကို ကူညီနိုင်ဖို့အတွက် ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၆ လမ်းမှာရှိတဲ့ အိမ်မှာ ပြီးခဲ့တဲ့လပိုင်းက အိမ်အကူအလုပ်ကို စတင်လုပ်ခဲ့ပါတယ်။
ဒီလ ၇ ရက်နေ့မှာတော့ အိမ်ရှင် ကိုကျော်စိုးလင်း ဆိုသူက တံမြတ်စည်း မလှဲတတ်ခြင်း၊ အချက်အပြုတ် မကျွမ်းကျင်ခြင်း ဆိုတဲ့ အကြောင်းပြချက်နဲ့ သူမကို မုန့်ကြိုးလိမ်လို ပူးကျစ်ထားတဲ့ ဝါယာကြိုးနဲ့ ရိုက်နှက်ခဲ့တယ်လို့ မချိုပြုံးက ပြန်ပြောပြပါတယ်။
ဝါယာကြိုးနဲ့ ရိုက်ခံထားရတယ်ဆိုတဲ့ ဒဏ်ရာတွေဟာ မချိုပြုံးရဲ့ လက်မောင်း၊ နောက်ကျောနဲ့ ခြေသလုံးတွေမှာ တွေ့ရသလို စိတ်ပိုင်းဆိုင်ရာမှာလည်း ထိခိုက်ခံစား နေတယ်လို့ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး အိမ်ရှင်ရဲ့ ရိုက်နှက်ခြင်းကို ခံခဲ့ရတယ်ဆိုတဲ့ မချိုပြုံးကို ဧရာဝတီသတင်းထောက် သဇင်လှိုင် က သွားရောက် တွေ့ဆုံမေးမြန်းထားပါတယ်။
မေး ။ ။ ညီမရဲ့ ဒဏ်ရာအခြေအနေဘယ်လိုရှိနေသေးလဲ။
ဖြေ ။ ။ ထိုင်လိုက်ရင်တော့ နာသေးတယ်။
မေး ။ ။ ညီမလေးကိုဒီဒဏ်ရာတွေနဲ့ ဈေးထဲမှာတွေ့တဲ့နေ့ကအောက်ကိုဘာဆင်းဝယ်တာလဲ။
ဖြေ ။ ။ အကား (ထိုအိမ်မှအိမ်အကူ) နဲ့ သမီးနဲ့ဈေးသွားရော ဟင်းချက်စရာဝယ်တော့ ဈေးကလူတွေကတွေ့တော့ သမီးကို ဘာဖြစ်လဲမေးရော။ သမီးကချော်လဲတာလို့ ပြောတာ။ သမီးကသူတို့ကိုကြောက်လို့ အဲဒီလိုပြောတော့ ငါ့ကိုမလိမ်နဲ့ နင့်အမေကို ပြန်မပြောဘူးလို့ ပြောတော့ သမီးကအမှန်အတိုင်းပြောလိုက်ရော။ ကြိုးနဲ့ လိမ်ပြီးရိုက်တာလို့ ပြောလိုက်ရော။ ဘာမှမပြောတော့ဘဲ ရဲစခန်းကိုခေါ်သွားရော။ မအေကိုဖုန်းဆက်ပြီးတော့ ဆေးရုံကိုသွားတယ်။ ပြန်လာတော့ မအေနဲ့ တွေ့တယ်။ အဲဒါပဲ။
မေး ။ ။ အဲဒီအိမ်မှာဘယ်လိုဖြစ်ခဲ့တာလဲ။
ဖြေ ။ ။ စစသွားတဲ့ အချိန်တုန်းက ကောင်းကောင်းမွန်မွန်နဲ့ စကားပြောတယ်။ တလလောက်ကြာတော့ ဆဲတယ်ဆိုတယ် ကြိုးပတ်နဲ့လည်းရိုက်တယ်။ ကြိုးကိုမုန့်ကြိုးလိမ်လို လိမ်ပြီးရိုက်တယ်။ အလုပ်လည်းမလုပ်တတ်လို့တဲ့ အဝတ်လည်း မလျှော်တတ်လို့တဲ့ ပန်းကန်တွေလည်းမဆေးတတ်ဘူး။ မီးပူလည်းမထိုးတတ်ဘူး။ အိမ်လည်းမသုတ်တတ်ဘူး။ တံမြက်စည်းလည်း မလှည်းတတ်ဘူး။ အဲဒီလိုပြောပြီး ရိုက်ရော။ သမီးက ပြန်မယ်လို့ ပြောတော့ အပြစ်တွေ ပေါင်းပြီး ရိုက်ရော။ ရိုက်တာက အဲဒီနေ့က တရက်တည်းပဲ ရိုက်တာ။ ရိုက်ပြီးတော့ ပြန်တောင်းပန်တယ်။ စိတ်မဆိုးပါနဲ့တဲ့။ သမီးကိုရိုက်ပြီးတော့ ထောင်ထဲက ထွက်လာတာလို့ ပြောတယ်။
မေး။ ။ ဘယ်သူကပြောတာလဲ။
ဖြေ။ ။ အဲဒီဦးလေးကြီးကပဲ။ ထောင်ထဲက ထွက်လာတာလို့ သမီးကို ရိုက်ပြီး ပြောတယ်။
မေး ။ ။ ရိုက်တာဘယ်နှစ်ချက်လောက်ရှိလဲ။
ဖြေ။ ။ အချက် ၃၀ လောက်ရှိတယ်။ တံမြက်စည်းလှည်းတာမပြောင်လို့လို့ ပြောပြီးရိုက်တယ်။ ပန်းကန်ဆေးတာတော့ ပြောင်တယ်။ သူကမပြောင်ဘူးဆိုပြီးပြောတော့ သမီးလည်းဆက်မပြောတော့ဘူး။
မေး။ ။ ဒါဆိုဒီဒဏ်ရာတွေ အကုန်လုံးကအဲဒီနေ့က ရိုက်တုန်းက ရလာတာလား။
ဖြေ။ ။ အဲဒီနေ့ တစ်ရက်တည်းရိုက်တာ။
မေး။ ။ ရိုက်တဲ့အချိန်တုန်းကတားတဲ့သူတွေ ဘာတွေ မရှိဘူးလား။
ဖြေ ။ ။ သူ့မိန်းမကတားတယ်။ တားလို့လဲမရဘူး။ ဆွဲလို့လည်းမရဘူး။
မေး။ ။ အဲဒီအိမ်ကိုရောက်နေတာ ဘယ်နှစ်လလောက် ရှိပြီလဲ။ အိမ်မှာလူဘယ်လောက်ရှိသလဲ။
ဖြေ။ ။ ၁ လလောက်တော့ ရှိပြီ။ လေးယောက်ရှိတယ်။ ကလေး ၂ ယောက်၊ လူကြီး ၂ ယောက်။
မေး ။ ။ အဲဒီအိမ်မှာဘယ်သူ့ကိုအကြောက်ရဆုံးလဲ။
ဖြေ ။ ။ အဲဒီဦးလေးကြီးကိုအကြောက်ဆုံးပဲ။ သူမရှိတာပဲကောင်းတယ်။ သူရှိရင် မကောင်းဘူး။ သမီးနဲ့ အလုပ်သမားနောက် ၁ ယောက်ရှိတယ်။ တစ်ယောက်ကိုမမဲရရင် နောက်တစ်ယောက်ကိုမဲတယ်။
မေး ။ ။ အဲဒီမှာတစ်နေကုန် ဘယ်လောက်ကြာကြာအလုပ်လုပ်ရလဲ။
ဖြေ ။ ။ နာရီကတော့ မကြည့်တတ်ဘူး။ အစောကြီးထရတယ်။ အစောကြီးမအိပ်ရဘူး။ နောက်ကျမှ အိပ်ရတယ်။
မေး ။ ။ ရိုက်တာကိုဝင်တားပေးတယ်ဆိုတော့ သူ့မိန်းမကရောသဘောကောင်းလား။ ရိုက်တာတွေ ဘာတွေရှိလား။
ဖြေ ။ ။ မကောင်းပါဘူး။ သူ့ယောက်ျားလည်းမကောင်းဘူး။ ကလေးတွေပဲကောင်းတယ်။ သမီးတို့ အပေါ်မှာဆိုရင်။ ရိုက်တာတော့ မရှိပါဘူး။ ဆဲဆိုတာပဲရှိမယ်။
မေး ။ ။ အိမ်အလုပ်တွေအပြင် အခြားဘာလုပ်ရသေးလဲ။
ဖြေ ။ ။ ထမင်းအိုးတည်ရတယ်။ ဟင်းတွေကတော့ သမီးတို့ခေါ်နေတဲ့ အကားအကားဆိုတဲ့ သူပဲချက်တယ်။ အဝတ်လည်းသူပဲ။ မီးပူလည်းသူပဲလုပ်တယ်။
မေး ။ ။ လစာဘယ်လောက်ပေးလဲ။
ဖြေ ။ ။ သုံးသောင်းခွဲ
မေး ။ ။ ညီမလေးအမေပြောပြတော့ နာမည်တောင်မရေးတတ်ဘူးဆိုတော့ ကျောင်းရောဘယ်အရွယ်အထိတက်ခဲ့ရလဲ။
ဖြေ ။ ။ လေးတန်းအထိသင်ခဲ့တယ်။ ဟုတ်တယ် မရေးတတ်ဘူး။
မေး ။ ။ အရင်ကဒီလိုအိမ်အကူလုပ်ဖူးလား။
ဖြေ ။ ။ တစ်ခါမှ အမေနဲ့ မခွဲဖူးဘူး။ မနက်သွား၊ ညပြန်အလုပ်ပဲလုပ်ဖူးတယ်။
မေး ။ ။ ဒီအိမ်မှာဘာလို့ လုပ်ဖြစ်သွားတာလဲ။
ဖြေ။ ။ မိုးတွေ လေတွေထဲမှာသွားလုပ်နေရတာတောင် ကိုယ့်မအေမှာပိုက်ဆံမရှိလို့။ မအေကအရင်တုန်းကဈေးရောင်းတယ်။ အခုကမိုးတွေ လေတွေနဲ့မို့ မရောင်းတော့ဘူး။ ပိုက်ဆံလည်းမရှိဘူး။ ပိုက်ဆံမရှိလို့ သမီးသွားလုပ်ပေးတာ။ အမေက အရင်တုန်းက အသီးအနှံတွေ၊ သရက်သီးတွေ၊ သင်္ဘောသီးတွေ ရောင်းတယ်။
မေး။ ။ ကျောင်းတက်ချင်တဲ့စိတ်ရော ရှိသေးလား။
ဖြေ။ ။ တက်ချင်တယ်။ အရင်တုန်းက ကျောင်းတက်တယ်။ ကျောင်းကထွက်ပြီးတော့ အလုပ်ရှာကျွေးတာ။ မနက်သွားညပြန် အလုပ်ပဲလုပ်တာ။ အိမ်ဖော်တစ်ခါမှ မလုပ်ဖူးဘူး။ မြေပဲရွေးရတယ်။ ထီးခေါက်ဆင်းရတယ်။
မေး ။ ။ ရိုက်ခံရပြီးမှ အိမ်ပြန်မယ်လို့ ပြောတာလား။
ဖြေ ။ ။ အရိုက်မခံရခင်ကတည်းက အိမ်ပြန်မယ်လို့ ပြောတာ။ ပြောတော့ အပြစ်တွေနဲ့ ပေါင်းပြီး ရိုက်တယ်။ မအေကိုသတိရလို့ ဖုန်းဆက်ခိုင်းတာ ဖုန်းဘေလ်မရှိဘူးလို့ ပြောတယ်။ မဆက်ပေးဘူး။
မေး ။ ။ ရိုက်ခံရပြီးမှရောအိမ်ပြန်မယ်လို့ ပြောသေးလား။
ဖြေ ။ ။ မပြောတော့ဘူး၊ မပြောတော့ဘူး။ သူတို့ကမပြောနဲ့လို့ ပြောတော့ မပြောတော့ဘူး။
မေး ။ ။ ထမင်းတွေ ဘာတွေရောပုံမှန်ကျွေးလား။
ဖြေ ။ ။ ကျွေးတယ်၊ နေ့ခင်းဆိုမုန့်တွေ ဘာတွေ ကျွေးတယ်။
မေး။ ။ ညီမလေးရှေ့ဆက်ပြီးဘာလုပ်မလဲ။ ဒီအလုပ် ထပ်လုပ်ဖို့ ရှိသေးလား။
ဖြေ။ ။ မစဉ်းစားတော့ဘူး။ လုပ်လည်းမလုပ်တော့ဘူး။ မအေကိုမနက်သွား ညပြန်ပဲရှာကျွေးတော့မယ်။ အိမ်ဖော် မလုပ်တော့ဘူး။ လန့်သွားပြီ။