၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ အသက် ၄၇ နှစ် အရွယ်ရှိ မမီးမီး (ခ) ဒေါ်သင်းသင်းအေးသည် ယမန်နေ့ ညနေက ကျောင်းကုန်းမြို့နယ်မှ ရန်ကုန်အပြန်လမ်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွားရာမှ ကွယ်လွန်သွားခဲ့သည်။ မမီးမီးသည် မြန်မာ့ဒီမိုကရေစီအရေးတွင် ရှေ့တန်းမှ တက်ကြွ လှုပ်ရှားစွာ ပါဝင်ခဲ့သူဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်း တဦးလည်း ဖြစ်သည်။ မမီးမီး ကွယ်လွန်သွားသည့်အပေါ် နိုင်ငံရေး၊ လှုမှုရေးနယ်ပယ်မှ ပုဂ္ဂိုလ်အချို့ကို ဧရာဝတီ သတင်းထောက် လဲ့လဲ့ က ဆက်သွယ် မေးမြန်းထားပါသည်။
စာရေးဆရာမ သန်းမြင့်အောင်

စာရေးဆရာမ သန်းမြင့်အောင်
မီးမီးဟာ ကျမ သမီးလေးတယောက်လိုပါပဲ။ ၈၈က မီးမီးတို့ နီလာသိန်းတို့ နုနုတို့ဆိုရင် ကျမဝမ်းနဲ့ လွယ်မွေးရတဲ့ သမီးတွေလို အရမ်းချစ်ပါတယ်။ အထူးသဖြင့်တော့ မီးမီးတို့ နီလာသိန်းတို့ဆိုတာ ကျမကို အမေ အမေဆိုပြီးအမြဲတမ်းရင်းနှီးနေကြတယ်။ သူတို့ တခုခု ဘာလုပ်လုပ် တိုင်ပင်ကြတယ်။ သူတို့က သမီးတို့ ဘာကူညီရမလဲဆိုပြီး သူတို့တတ်နိုင်တာ ကူညီကြတယ်။ ကျမကလည်း တတ်နိုင်တာ ကူညီတယ်။သူတို့လုပ်တဲ့အလုပ်ကိစ္စ ကျမ မတွေ့ရင်လည်း သူတို့အလုပ်အကြောင်း အကုန်ပြောပြတတ်တယ်။ အရင်တုန်းက တယောက်နဲ့ တယောက်တွေ့တာများပေမယ့်နောက်ပိုင်းကျတော့ ကျမလည်း အလုပ်များ သူတို့လည်း အလုပ်များတော့ မတွေ့ဖြစ်ကြပေမယ့် မတွေ့ရ မနေနိုင်တော့ သူတို့က ညဘက် အစားအသောက်တွေ ယူလာ ဒါမှမဟုတ် ကျမအိမ်မှာ ချက်ပြီး တညလုံး စကားပြောကြတာ။ မိသားစု အရင်းအချာလို နေကြတာပေါ့ ။နောက်တခုက သူတို့စိတ်ဓာတ်လေးတွေပေါ့။မီးမီးက ကျမသိတဲ့ အချိန်ကစပြီး ဒီနေ့အထိ သူက သူ့အတွက်မဟုတ်ဘူး အများအတွက် အသက်ရှင်သန်သွားတာ။ ဒါကြောင့် ကျမသမီးတယောက်ဆုံးရှုံးရသလို ထိခိုက်ခံစားရပါတယ်။
ဒေါ်ခွန်ဂျာ (ကချင်ငြိမ်းချမ်းရေးကွန်ရက်)

မမီးမီးကို ကျမသိသလောက်ပြောရမယ်ဆိုရင် ပထမဆုံး သိဖူး၊မြင်ဖူးခဲ့တဲ့ အချိန်ကတည်းကနေ သူက အများအကျိုးအတွက် ဆောင်ရွက်ဖို့ဆိုတဲ့နေရာမှာ အမြဲတမ်းရှေ့ဆုံးကနေ ထွက်ပြီးတော့မှ အနစ်နာခံ အမြဲတမ်း အနစ်နာခံတယ်။ ကျမ သူ့ကို မှတ်မှတ်ရရအရှိဆုံးကတော့ ၂၀၁၃ ခုနစ်မှာ ကချင်မှာ တိုက်ပွဲတွေ အရမ်း ပြင်းထန်နေတဲ့အချိန် သူက ကျမတို့ရှိနေတဲ့ မိုင်ဂျာယန်အထိကို လိုက်ပြီး ကူညီပေးဖို့ ကြိုးစားခဲ့တယ်။ အောင်မြင်တာ မအောင်မြင်တာက တကဏ္ဍပေါ့။ ဒါပေမယ့် အဲဒီအချိန်က အရမ်းကူညီလိုနေတဲ့ အချိန်ဖြစ်တယ်။ အဲဒီအချိန်မှာ သူရောက်လာတော့ ကျမတို့တွေ ပြောမပြတတ်အောင် ဝမ်းသာပြီး ပျော်ခဲ့တာပေါ့။ အဲဒီတုန်းက မနီလာသိန်းနဲ့အတူလာခဲ့တာပါ။ ပြောမယ်ဆိုရင်သူကတော့ ဒုက္ခရောက်တဲ့အခါမှာလို့ ပြောတဲ့အခါမှာ ဘယ်လောက်ပဲ ဝေးဝေး သူရောက်အောင်သွားခဲ့တယ်။ အဲဒီလိုမျိုးနဲ့ ကျမတို့အားလုံး အထူးသဖြင့် အဲဒီတိုက်ပွဲ ဖြစ်နေတဲ့အချိန်မှာ ဗမာတိုင်းရင်းသားဆိုတဲ့ စကားလုံးတွေက အရမ်းပြင်းထန်နေတဲ့အချိန်မှာ သူတို့လို လူတွေ ရောက်လာတာ ကျမတို့အတွက် အရမ်းခွန်အားရှိစေတယ်။ အဲဒီတော့ သူတို့လိုလူတွေမရှိတာ နောက်ပိုင်းဆို လို့ရှိရင်တော့ ဒါတော်တော်လည်း ရှားပါတယ်။ မမီးမီးတို့လိုလူတွေက ပြောမယ်ဆိုရင် တနိုင်ငံလုံးမှာရှာ ရင်တောင် လက်ချိုးရေလို့ ရတဲ့အရေအတွက်ဖြစ်တယ်။ အဲဒီလိုမျိုး လူမျိုးတွေ ဆုံးရှုံးရတာ ကျွန်မတို့အတွက် လည်း စိတ်မကောင်းဖြစ်ရတယ်။
ဒါရိုက်တာ ကြည်ဖြူသျှင်

မမီးကို နိုင်ငံရေးသမားတယောက်အနေနဲ့ သတင်းမှာ စတင်တွေ့ဖူးတယ်။ သူတို့ဆန္ဒပြတဲ့ ပုံတွေနဲ့ ရင်းနှီးခဲ့တယ်။ မမီးကို လူကိုယ်တိုင်မမြင်ဖူးသေးခင်ကတည်းက သူ့ပုံရိပ်ကို သဘောကျခဲ့တယ်။ လူကိုယ်တိုင်တွေ့ရတော့လည်း အရမ်းတက်ကြွလှုပ်ရှားသူတယောက်အတိုင်း မပြောင်းလဲခဲ့ဘူး။ မမီးဟာ သူ့တွေ့လိုက်ရင် အမြဲပြုံးရွင် ပျော်ပျော်နေတတ်သူဖြစ်တယ်။ ၂၀၁၂ မှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်တဲ့ အချိန် သူ့ကိုတွေ့တော့ အမသိထားတဲ့ပုံအတိုင်း ပြောင်းမသွားဘူး။ နောက် အံ့သြဖို့ကောင်းတာက မမီးကို ကြည့်ရင် ထောင်ထဲမှာ နှစ်အကြာကြီးနေခဲ့ရသူလို့ မထင်ရဘူ။ အမြဲပျော်ရွင်လန်းဆန်းနေတယ်။ သူကိုယ်တိုင် လည်း ပျော်ပျော်နေသလို သူများကိုလည်း ပျော်အောင်လုပ်ပေးတတ်တယ်။ အမသူနဲ့ ခရီးတွေ၊ ကယ်ဆယ်ရေး တွေ အတူသွားဖူးကြတယ်။ သူက ဘယ်လောက်ပင်ပန်းနေပါစေ။ သူ့ကို မြင်တွေ့တဲ့သူတွေကို စိတ်ချမ်းသာ အောင် လုပ်ပေးတတ်တယ်။ အမမြင်ဖူးတဲ့ နိုင်ငံရေးသမားထဲမှာ မမီးလောက်ပျော်အောင်နေတတ်တဲ့သူ မရှိဘူး။ ဘယ်လောက်ပဲ ခက်ခဲတဲ့ နေရာဖြစ်ဖြစ် မမီးဟာ အလုပ်လုပ်နေရရင်ပျော်နေတတ်တယ်။ မမီးက သူနဲ့ အလုပ်တွဲလုပ်တဲ့သူအပေါ်မှာလည်း အမြဲစိတ်ချမ်းသာအောင် စကားပြောတတ်တယ်။ သူ့ဘဝမှာ အခက်အခဲတွေ၊ စိတ်ညစ်စရာတွေ ၊ စိတ်ဆင်းရဲစရာတွေ ရှိမှာပဲ။ ဒါပေမယ့် သူ့မျက်နှာမှာ အဲ့ဒီအရိပ်တွေ မမြင်ရဘူး။ မမီးကို နောက်ဆုံးတွေ့ခဲ့တာက ၈၈ နှစ် ၃၀ပြည့် ပန်းခြံမှာ ညဘက်ဆုတောင်းပွဲမှာ။ အမြဲပျော်ရွင်တတ်တဲ့သူက အဲဒီမှာတွေ့တော့ အရမ်းတည်ငြိမ်နေတယ်။ သူ့စိတ်မကောင်းဖြစ်နေတယ်ဆိုတဲ့ ပုံရိပ်က သူ့မျက်နှာမှာ မြင်နေရတယ်။ အမနုတ်ဆက်တော့ ပြန်နုတ်ဆက်ပေမယ့် သူမျက်နှာမှာ ကြေကွဲဝမ်းနည်းမှုတွေ ရှိနေတယ်။ ၈၈ က အချိန်တွေကို ပြန်သတိရတာလည်း ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် မမီးဟာ သူ့ဘဝတလျှောက်လုံး တာဝန်ကျေခဲ့တယ်။ မမီးက နိုင်ငံရေးသမားတယောက်သာမက ဦးကျော်သူရဲ့နာကူမှာလည်း ကျန်းမာရေး ဘက်မှာလည်း လုပ်ခဲ့တယ်။ မမီးက သူတတ်နိင်သမျှ နိုင်ငံအတွက် တိုင်းပြည်အတွက်ပေးဆပ်မယ်ဆိုတာကိုပဲ တွေးနေတဲ့သူပါ။ မမီးကတော့ တနေရာမဟုတ် တနေရာတော့ အများအကျိုးအတွက် လုပ်နေသူတယောက်လို့ အမတွေ့ရတယ်။ သူဆုံးသွားပြီဆိုတော့ ပထမတော့ အမ မယုံနိုင်သေးဘူး။ လူတိုင်းကတော့ သေရမှာပဲလေ။ ဒါပေမယ့် မမီးဆုံးတာ စောလွန်းတယ်။ နှမြောစရာကောင်းတယ်။ သူက အမြဲအများအတွက် လုပ်နေတယ်ဆို တော့ သူ့အတွက်ရော သူလုပ်သွားရဲ့လားလို့ အမ စိတ်ပူတယ်။
နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူ

မမီးမီးဟာ တိုင်းပြည်ကိုချစ်တဲ့ပြည်သူတွေထဲက ပြည်သူတယောက်ပါ။ စစ်အစိုးရရဲ့ပြည်သူအပေါ်ဖိနိုပ်မှုကို မခံစားနိုင်တော့လို့ မိန်းကလေးတဦးဖြစ်ပေမယ့်ယောကျာ်းလေးများ တန်းတူတွန်းလှန် ခဲ့တဲ့ အာဂအမျိုးသမီး သူရဲကောင်းတဦးပါ။ ပြည်သူ့အစိုးရအုပ်ချုပ်မှုရတဲ့အချိန်မှာ ပရဟိတလောကထဲ ခြေစုံပစ်ဝင်လာပြီး RESCUE အသက်ကယ်သင်တန်းတွေကို အပင်ပန်းခံတက်ရောက်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)မှာကျနော်တို့နဲ့အတူ ဒုက္ခရောက်နေတဲ့ပြည်သူလူထုတွေကို ကူညီဖေးမပေးနေဆဲ ပြည်သူ့ဘက်သားပရဟိတစံပြသူရဲကောင်းဖြစ်ပါတယ်။ နိုင်ငံရေးလောကအတွက်ကော ပရဟိတလောကအတွက်ကော ဖော်မပြနိုင်တဲ့ဆုံးရှူံးမှုပါ။
နာရေးကူညီမှုအသင်း(ရန်ကုန်) ဘုတ်အဖွဲ့ဝင် ၊အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ(ခေါ်) ရွှေဇီးကွက်

ရုပ်နာမ်ပရမတ်တရားတွေဟာ ပျက်စီးခြင်း မခိုင်မြဲခြင်း အနိစ္စ အနတ္တ ဒုက္ခတရားချည်းသာဆိုတာ နားလည်လက်ခံပါတယ်။ ဒါပေမဲ့ မီးမီးတို့လို လူမျိုးတွေ ဆုံးသွားတာ ရုပ်နာမ်ချည်းဆုံးသွားတာ မဟုတ်ဘူး။ အဲဒီရုပ်နာမ်ကို အမှီပြုပြီး ဖြစ်ပေါ်နေတဲ့ မေတ္တာ စေတနာ ဂရုဏာ မုဒိတာ ဝီရိယ ဘက်မလိုက်တရားမျှတခြင်း ဥပေက္ခာ စတဲ့ အကုသိုလ် ကိလေသာတရားတွေကို တိုက်ခိုက်ချေမှုန်းနေတဲ့ ကုသိုလ် ဗြဟ္မစိုရ်တရားတွေကိုပါ ဆုံးရှုံးလိုက်ရလို့ လောကအတွက် ဓမ္မဘက်တော်သားတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီးပါ။