မြန်မာပလာဇာက အမျိုးသမီးသန့်စင်ခန်းထဲ ဖုန်းနဲ့ခိုးရိုက်မှု ဖြစ်စဉ်

လဲ့လဲ့
အမျိုးသမီးသန့်စင်ခန်း / မျိုးမင်းစိုး / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ကမ္ဘာအေး ဘုရားလမ်းပေါ်က မြန်မာပလာဇာ ဈေးဝယ်စင်တာမှာရှိတဲ့ အမျိုးသမီး သန့်စင်ခန်းထဲကို အမျိုးသား တဦး ဝင်ရောက်ပြီး လက်ကိုင်ဖုန်းနဲ့ ဗီဒီယိုခိုးရိုက်ကူးခဲ့တဲ့ ဖြစ်စဉ်တခု သြဂုတ်လ ၁၈ ရက်ညက ဖြစ်ပွားခဲ့ပါတယ်။

အမျိုးသမီးတွေ သန့်စင်ခန်းဝင်ချိန်ကို ခိုးရိုက်နေတဲ့ အဲ့ဒီအမျိုးသားကို ခိုးရိုက်နေတဲ့ အချိန်မှာဘဲ သန့်စင်ခန်းဝင်နေတဲ့ အမျိုးသမီး တဦးက တွေ့ရှိပြီး ပလာဇာ လုံခြုံရေး အဖွဲ့တွေကို အကူအညီနဲ့ ရဲစခန်းကို အပ်နှံနိုင်ခဲ့ပါတယ်။ ဖမ်းမိထားတဲ့ အဲဒီအမျိုးသားကို ဗဟန်းမြို့နယ် ရဲစခန်းမှာ ကာယိန္ဒြေပျက်ပြားစေမှု ပုဒ်မ ၃၅၄/၅၀၉ တို့နဲ့ အမှုဖွင့်ထားပါတယ်။

အခင်းဖြစ်ပွားစဉ် အခြေအနေအပါအဝင် နောက်ဆုံး အခြေအနေတွေကို သိရှိနိုင်ဖို့အတွက် သန့်စင်ခန်းထဲမှာ ဖုန်းနဲ့ ခိုးရိုက်နေသူကို အမိဖမ်းနိုင်ခဲ့တဲ့ မဝေမာ ကို ဧရာဝတီ သတင်းထောက် လဲ့လဲ့ က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မြန်မာပလာဇာမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ပြောပြပေးပါ။

ဖြေ ။ ။ အဲဒီနေ့က သူငယ်ချင်းတွေနဲ့ မြန်မာပလာဇာ harry’s bar ကို သွားကြတယ်။ ညီမတို့က မိန်းကလေး ၄ ယောက်။ သန့်စင်ခန်းထဲ သွားကြတော့ နှစ်လုံးတွဲနဲ့ တလုံးထဲအိမ်သာဆိုပြီး ၃ လုံးရှိတယ်။ နှစ်လုံးတွဲ အိမ်သာမှာ တခန်းက တံခါးပိတ်ထားတော့ ညီမက တဖက်ဘေးကို ဝင်လိုက်တယ်။ ညီမနဲ့ပါလာတဲ့ တယောက်က သီးသန့်တလုံးဝင်လိုက်တယ်။

ညီမက ဝင်နေတဲ့ အချိန်မှာဘာရယ်မဟုတ် ကြည့်လိုက်တော့ အပေါ်စီးကနေဖုန်းကင်မရာနဲ့ ရိုက်နေတာကိုတွေ့လိုက်တာ။ ကိုယ်ကြည့်လိုက်တဲ့ အချိန်မှာပဲ တဖြေးဖြေးနောက်ကိုဆုတ်သွားတယ်။ ဒီကောင်မလေး ငါ့ကိုဘာလို့ရိုက်တာလဲလို့တော့ တွေးလိုက်မိတယ်။ အဲဒါကို နည်းနည်းလေး သံသယရှိတာနဲ့ စောင့်နေလိုက်တယ်။

ညီမနဲ့အတူပါလာတဲ့ သူငယ်ချင်းက ထွက်လာပြီးမေးတော့ ဖုန်းနဲ့ရိုက်ထားတာတွေ့လို့ ဘာလို့ရိုက်တာလဲမေးမလို့ပေါ့။ နောက်ပြီးဖုန်းလည်း ယူကြည့်ချင်လို့ စောင့်နေတာလို့ ပြောလိုက်တယ်။ စောင့်နေတဲ့အချိန်မှာပဲ ညီမဝင်ခဲ့တဲ့ အိမ်သာကိုကောင်မလေးတယောက်ကထပ်ဝင်တယ်။ အဲဒီအချိန်မှာ ညီမသူငယ်ချင်းက အိမ်သာအောက်ကိုငုံ့ကြည့်တယ်။ သူကြည့်တော့ ဖိနပ်ကကောင်မလေးဝင်သွားတဲ့ အိမ်သာဘက်ကို လှည့်ထားတာမျိုး တွေ့တယ်လို့ ပြောတယ်။

အဲဒီအချိန်မှာဝင်သွားတဲ့ ကောင်မလေးက ပြန်ထွက်လာတော့ ညီမလေးအိမ်သာထဲမှာ ကင်မရာရိုက်နေတာတွေ့သေးလားဆိုတော့ သူသတိမထားမိဘူးတဲ့။ အဲဒီတော့ သူကစိုးရိမ်သွားပြီး အမရောအဲဒီလိုလုပ်သလားလို့ ပြန်မေးတယ်။ အမကိုအဲဒီလိုလုပ်လို့ မေးမလို့စောင့်နေတာဆိုတော့ သူပါစောင့်နေတယ်။ တခြားသူတွေက အဲဒီအိမ်သာကိုဝင်တယ်။ အဲဒီအချိန်မှာကောင်မလေး ၂ ယောက်၊ ၃ ယောက် လောက်ဝင်သွားတယ်။

ညီမစောင့်နေတော့ သူတို့လည်းဘာလဲမသိဘူးဆိုပြီး စောင့်နေကြတယ်။ ထပ်ပြီးတော့ ကောင်မလေးတွေ သုံးလေးယောက်သာ ဆက်ဝင်သွားတယ်။ အဲဒီဘက်ခန်းက အသံလည်းမကြားရဘူး။ ထွက်လည်းထွက်မလာဘူး။ အဲဒီတော့ မိန်းကလေးတွေ အကုန်လုံးက ပွစိပွစိဖြစ်ကုန်ကြတယ်။ အဲဒီအချိန်မှာသန့်ရှင်းရေး အဒေါ်ကြီးရောက်လာတယ်။

သူ့ကိုအဲ့ဒီ အခန်းက ဖုန်းကင်မရာနဲ့ရိုက်နေတာဘာကြောင့် ရိုက်တာလဲမေးချင်လို့ ခေါ်ပေးပါပြောတော့ သန့်ရှင်းရေး အဒေါ်ကြီးက သူလုံခြုံရေး ခေါ်ပေးမယ်ဆိုပြီး သွားခေါ်တာတော်တော်လေး ကြာသွားတယ်။ ၅ မိနစ် ၁၀ မိနစ်လောက်ကြာသွားတယ်။

လုံခြုံရေးရောက်လာပြီး အဲဒီအခန်းထဲကို ခေါ်ကြည့်တော့ အသံလုံးဝ မထွက်ဘူး။ တံခါးလည်းဖွင့်မပေးဘူး။ အဲဒီအချိန်မှာ နောက်ထပ် ကောင်မလေး တယောက်ရောက်လာပြီး ရေအိမ်ဝင်ပြီး ထွက်လာတဲ့ အချိန်မှာ ကင်မရာရိုက်တဲ့သူကို တံခါးဖွင့်မပေးရင် ငါတို့ဒီဘက်ခန်းကနေ လှမ်းကြည့်မယ်လို့ ပြောလိုက်တယ်။ အဲဒီလိုပြောမှ တံခါးဖွင့်ပြီးထွက်လာတယ်။ ထွက်လာတော့ ကိုယ်ထင်ထားတာက မိန်းကလေး တကယ့် တကယ်ထွက်လာတာက ယောကျာၤးလေးဖြစ်နေတယ်။

အားလုံးက အံ့သြသွားပြီး ငါတို့ကိုရိုက်ထားတာ နင်ပေါ့။ အဲဒါဆိုဖုန်းပြလို့ တောင်းတော့ သူကကျနော်မူးပြီး ဒီဘက်ခန်းကို မှားဝင်တာပါလို့ ပြောတယ်။ ဒီကိုအခုမှ ပထမဆုံး ရောက်ဖူးတာဆိုတော့ အိမ်သာမှားပြီး ဝင်မိတာပါလို့ ပြောတယ်။ အဲဒါဆိုဘာလို့ ကင်မရာနဲ့ ငါတို့ကို ဘာလို့ ရိုက်တာလဲလို့ ဝိုင်းပြောပြီးဖုန်းကို တောင်းတော့ ကျနော့်ဖုန်းက ပါဝါပိတ်သွားလို့ သိမ်းထားတယ်လို့ ပြောတယ်။ လုံခြုံရေးနဲ့ မိန်းကလေးတွေ အားလုံးက ဖုန်းတောင်းတော့မှ အိမ်သာထဲကို ပြန်ဝင်သွားပြီး သူ့အတွင်းခံဘောင်းဘီထဲ ဖုန်းကိုထည့်ထားတာကို လက်နှိုက်ပြီး ပြန်ထုတ်ပေးတာ။

သူ့ ဖုန်းက လုံခြုံရေးလက်ထဲရောက်သွားတော့ အားလုံးဝိုင်းကြည့်ကြတော့ ရုတ်ရုတ်ရုတ် ဖြစ်သွားတယ်။ အဲဒီတယောက်ကို စင်တာက တာဝန်ရှိတဲ့သူ တယောက်က လုံခြုံရေးအခန်းကိုခေါ်သွားတယ်။ အဲဒီအချိန်မှာ မိန်းကလေးတွေကလည်း ၇၊ ၈ ယောက်လောက်ရှိတယ်။

မေး ။ ။ သူ့ဖုန်းကို ဖွင့်ကြည့်တော့ ဘာတွေတွေ့လဲ။

ဖြေ ။ ။ လုံခြုံရေး အခန်းမှာ ဖုန်းဖွင့်ကြည့်တော့ တချို့မိန်းကလေးတွေရဲ့ ပုံတွေပါတယ်။ ညီမအိမ်သာသွားတုန်းကတော့ သူရိုက်လိုက်တာကို တွေ့တယ်။ ဒါပေမယ့် သူဖုန်းထဲမှာတော့ မတွေ့ရဘူး။ ဖျက်လိုက်တယ်ထင်တယ်။ အဲဒါနဲ့ သူကိုဘာလို့ရိုက်တာလဲပြောနေရင်းနဲ့ သူကလည်း လုံးဝငြင်းတယ်။ ကျနော်က ဒီအတိုင်းပဲရိုက်လိုက်တာပါတဲ့။ ယောကျာၤးလေးအခန်းပဲထင်လို့ လို့ပြောတယ်။ အခန်းကသုံးခန်းပဲ ရှိတာ အသံတွေဘာတွေ ကြားနေရတာလို့ပြာပြီး ရဲကိုခေါ်လိုက်တာပါ။
ဖုန်းထဲမှာမိန်းကလေးတွေရဲ့အောက်ပိုင်းပုံတို့၊ ကောင်မလေးတယောက်ဆိုရင် အိမ်သာသွားတဲ့ပုံတွေ တွေ့တယ်။ ညီမသူငယ်ချင်း ၂ ယောက်ရဲ့ ပုံတွေလည်းပါတယ်။ အဲဒီလိုပုံတွေတွေ့တော့ စင်တာကလူတွေက ရဲလက်ကိုအပ်လိုက်တယ်။

မေး ။ ။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရဲက ဘာတွေ ဆောင်ရွက်ပေးထားတာရှိလဲ။

ဖြေ ။ ။ ဗဟန်းအပိုင်ဆိုတော့ ဗဟန်းရဲစခန်းက လာခေါ်တယ်။ ရဲစခန်းရောက်တော့ မိန်းကလေးတွေ တော်တော်များတယ် လိုက်လာကြတာ။ ညီမတို့အဖွဲ့ကတော့ လေးယောက်လုံးလိုက်သွားတယ်။ ကျန်တာတော့ ရဲတွေက ပြန်စစ်တယ်လို့ ပြောတယ်။ အဲဒီညက သူ့ကို အချုပ်ခန်းထဲ ထည့်ထားလိုက်တယ်။

သူ့ကိုအမှုဖွင့်မှ အချုပ်ထဲထည့်ထားလို့ ရမယ်ဆိုတော့။ မိန်းကလေးတွေကျတော့လည်း အမှုရုံးချိန်းဆိုရင် အမြဲတမ်းမသွားချင်ကြဘူး။ တရားရုံးတွေနဲ့ မပတ်သက်ချင်ကြဘူး။ အဲဒါနဲ့ မြန်မာပလာဇာမှာ တာဝန်ရှိတယ်ဆိုပြီး မြန်မာပလာဇာရဲ့ တယောက်ယောက်ကိုတရားလို လုပ်ပြီး အမှုဖွင့်ခိုင်းလိုက်တယ်။

ညီမတို့ရဲစခန်းရောက်တဲ့ အချိန်အထိ မြန်မာပလာဇာက တာဝန်ရှိသူ တယောက်မှ လိုက်မလာဘူး။ ဒါသူတို့ဆီမှာ ဖြစ်တဲ့ ကိစ္စ ဖြစ်တယ်။ သူတို့တွေ တောင်းပန်စကားလည်းမပြောဘူး။ သူတို့လက်လွတ် စပယ်လုပ်တာမဖြစ်ဘူးဆိုပြီး အားလုံးက စခန်းမှူးနဲ့ ဝင်တွေ့ပြီးစခန်းမှူးက မြန်မာပလာဇာကို ဖုန်းဆက်ပြီး တာဝန်ရှိသူတယောက် အခုချက်ခြင်းလာခဲ့လို့ ခေါ်တော့မှ လူ ၂ ယောက် ရောက်လာတယ်။

အဲဒီအချိန်ထိ ညီမတို့ကို တောင်းပန်ပါတယ်လည်း မပြောဘူး။ အဆင်ပြေအောင်လုပ်ပေးပါ့မယ်ဆိုတာလည်းဘာမှ မပြောဘူး။ သူတို့ဘာသာ သူတို့ ဒီအတိုင်းပဲနေတာ။ စဖြစ်တုန်းက လုံခြုံရေးပေါ့ဆလို့လို့ ညီမတို့ ပြောတော့ သူတို့က ဟုတ်ပြီလေတဲ့ အမတို့ကြိုက်တဲ့နေရာမှာ တိုင်ချင်လည်း တိုင်လို့ရတယ်လို့ ပြောတယ်။ အဲဒီလိုပြောတော့ သူတို့ဘက်က နောက်ကတခုခု ရှိလို့များလားပေါ့။ အကုန်လုံးက အဲဒီလိုမျိုးတော့ ထင်မိတာပဲလေ။ စခန်းမှူးက ဖုန်းဆက်ခေါ်မှ သူတို့ကရောက်လာတယ်။ သူတို့က တရားလို လုပ်ပြီးတော့မှ အမှုဖွင့်ဖို့ အတွက် အကုန်လုံးက ဆန္ဒရှိတယ်ဆိုမှ သူတို့ကအမှုဖွင့်သွားတယ်လို့ ပြောတယ်။

အမှုဖွင့်ပြီးတော့ နောက်နေ့သွားမေးလိုက်သေးတယ်။ မေးတော့ ၃၅၄/၅၀၉ ကာယိန္ဒြေပျက်ပြားစေမှုနဲ့သူတို့ အမှုဖွင့်လိုက်တယ်ပြောတယ်။ အခုထိတော့ အဲဒီအတိုင်းပဲ။ နောက် CCTV မှတ်တမ်းကို သူငယ်ချင်းတွေက ပြန်တောင်းကြည့်လိုက်တော့ အဲဒီကောင်လေးက ပထမ တခါဝင်ပြီးတော့ အပြင်မှာသူ့ကိုစောင့်ကြည့်ပေးနေတဲ့သူ ၂ ယောက်လောက် ရှိတယ်။ ညီမတို့နဲ့တွေ့တာက ဒုတိယအကြိမ် ပြန်ဝင်လာတာ။

အဲဒီအချိန်ကတည်းက သူအမျိုးသမီးသန့်စင်ခန်းထဲကို ဝင်လိုက်ထွက်လိုက် လုပ်နေတာ။ အဲဒီအိမ်သာထဲမှာသူမိနစ် ၂၀ လောက်ကြာတယ်။ ရှေ့မှာသူ့ကို ကြည့်ပေးနေတဲ့သူငယ်ချင်းတွေလည်း ရှိတယ်လို့ CCTV မှာလည်းတွေ့တယ်။ သူဝင်လိုက် ထွက်လိုက် လုပ်နေတာတွေလည်း တွေ့ တယ်။ အဓိကတော့ မြန်မာပလာဇာမှာ တာဝန်ရှိပါတယ်။

မေး ။ ။ ဒီလိုဖြစ်တာနဲ့ပတ်သက်ပြီး မိန်းကလေးတွေကို ဘာများအသိပေးချင်တာရှိသေးလဲ။

ဖြေ ။ ။ ညီမတို့က လုံခြုံ စိတ်ချချင်လို့ ဒီလိုနေရာကောင်းကောင်းကိုသွားတယ်။ လုံလုံခြုံခြုံနဲ့ အဆင့်အတန်းရှိရှိနေချင်လို့ ဒီလိုအဆင့်အတန်းရှိတဲ့နေရာမျိုးတွေ သွားတာကို။ အခုလိုနေရာမျိုးမှာ သူတို့ဖွင့်ထားပြီးတော့ ဘာမှ တာဝန်ယူတာမျိုး မရှိဘူးဆိုတာလည်းတွေ့ရတယ်။ ပြီးတော့ လုံခြုံမှုဆိုတာဘာမှ မရှိဘူးဆိုတာဒီကိစ္စက သက်သေပြလိုက်တာပဲ။

ဘာလို့လည်းဆိုတော့ အဲဒီလူကတခါတည်း ဝင်တာလည်းမဟုတ်ဘူး။ ညီမတို့နဲ့မတွေ့ခင်ကတည်းက ဝင်နေတယ် ဆိုကတည်းက လုံခြုံမှုမရှိဘူးဆိုတာ သိသာနေတယ်။ မိန်းကလေးတွေအတွက် လုံခြုံမှုမရှိသလို အဲဒီနေရာကို သွားလာလှုပ်ရှားနေတဲ့ သူတွေအတွက်လည်း လုံခြုံမှုမရှိဘူးဆိုတာ ပြလိုက်တာဖြစ်တယ်။

ဒါသူတို့တွေ အနေနဲ့ အများကြီး တာဝန်ရှိတယ်။ ဒီလိုလုံခြုံမှု မရှိတဲ့ ဖြစ်စဉ်မျိုးက မြန်မာပလာဇာလို နေရာမျိုးမှာ ဒါလုံးဝမဖြစ်သင့်တဲ့ကိစ္စလို့ ထင်တယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading