ကျနော့်အမျိုးသမီးကို မြန်မြန်လွှတ်ပေးစေချင်တယ်

နန်းလွင်နှင်းပွင့်
TNLA အဖွဲ့၏ ဖမ်းဆီးခြင်းခံထားရသော ဒေါ်နန်းမိုဟွမ် / Facebook
Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့၊ ဟိုနောင်ရပ်ကွက် အတွင်း က အိမ်တအိမ်ကို တအန်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)မှ တပ်ဖွဲ့ဝင်အမျိုးသား ၅ ဦး သြဂုတ်လ ၁၇ ရက်၊ မနက် ၈ နာရီဝန်းကျင်က ဝင်ရောက်ပြီး အိမ်ရှင် အမျိုးသမီး ဒေါ်နန်းမိုဟွမ် ကို ဖမ်းဆီးသွားသည်။

ဒေါ်နန်းမိုဟွမ်ကို ဖမ်းဆီးထားခြင်းနှင့် ပတ်သတ်၍ TNLA က ၎င်းတို့ ဥပဒေကိုချိုးဖောက်ခြင်းကြောင့် အရေးယူရန် ဖမ်းဆီးထားခြင်း ဖြစ်သည်ဟုပြောသည်။

TNLA သည် ၂၀၁၇ ခုနှစ်ထဲတွင် ဒေါ်နန်းမိုဟွမ်၏ မိသားစုထံက ငွေကြေးတောင်းယူပြီး အပြန်လမ်းတွင် တပ်မတော်၏ ပစ်ခတ်ဖမ်းဆီးမှုကို ခံခဲ့ရပြီး ထိုဖြစ်စဉ်သည် ဒေါ်နန်းမိုဟွမ်မိသားစု တိုင်တန်းခြင်းကြောင့်ဟု စွပ်စွဲကာ ယခုကဲ့သို့ လာရောက် ဖမ်းဆီးခြင်း ဖြစ်သည်ဟု ဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ဒေါ်နန်းမိုဟွမ်၏ အမျိုးသား ဦးစိုင်းစောရွှေကို ဧရာဝတီအကြီးတန်း သတင်းထောက် နန်းလွင်နှင်းပွင့်က  ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။     ။ ဒေါ်နန်းမိုဟွမ် ဖမ်းခံရတဲ့နေ့က အိမ်မှာဘာတွေ ကြုံတွေ့ခဲ့ရလဲပြောပြပါဦး။

ဖြေ ။      ။ ကျနော် အဲ့နေ့ကတရားစခန်းဝင်နေတာပါ။ အိမ်မှာကျနော်အမျိုးသမီးနဲ့အတူကျနော့်တူမတွေ ဆိုင်က အလုပ်သမားတွေ ရှိနေတယ်။ ကျနော့်အမေကလည်း တရားစခန်းမှာ။ သူတို့ ဖမ်းသွားတဲ့ နောက်မှ ကျနော့် သူငယ်ချင်းတွေက လာပြောလို့ ကျနော်လည်း တရားစခန်းက ထွက်လာခဲ့တယ်။ ကျနော့် လုံခြုံရေးအရကျနော် အိမ်ကိုခုထိမရောက်သေးပါဘူး။

မေး ။     ။ မိသားစုတွေက အိမ်ကိုမပြန်ကြတာလား။

ဖြေ ။      ။ ကျနော်ပဲရှောင်နေတာပါ။ ကိုယ့်ကိုကိုယ် လုံခြုံမှု ယူတဲ့ အနေနဲ့ ရှောင်နေတာပါ။ အိမ်မှာတော့ ကျနော့် အလုပ်သမားတွေနဲ့ တူမတွေ ရှိနေတယ်။ ကျနော်တို့မှာကလေး ၃ယောက် ရှိတယ်။ ၆ နှစ်၊ ၈ နှစ်နဲ့ ၁၅ နှစ်တွေပါ။ ကလေးတွေ ကိုလည်း ရွာမှာအခုပို့ထားတယ်။ ကျနော့် သားသမီးတွေကို သူတို့ အဖိုးအဘွားဆီကို ပို့ထားတယ်။ ရွာကအဖိုးအဘွားတွေ ဆီကိုပါ။ သူတို့ကို ကြည့်ရှုစောင့်ရှောက် ပေးမယ့် သူလည်းမရှိတော့ ရွာမှာပို့ထားရတာပါ။

မေး ။     ။ TNLA  ကငွေကြေးလာကောက်နေကြပဲလား။

ဖြေ ။      ။ လွန်ခဲ့တဲ့ ၂ နှစ်က ၃ သိန်း တခါ လာကောက်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ ၁၁ သိန်းကောက်ပြီး သူတို့လူ လမ်းမှာအဲ့လို ဖြစ်သွားတာ။ ဖြစ်တာက မနှစ်တုန်းကကျနော် တရားစခန်းမှာပဲရှိနေတာ။ အိမ်မှာသူတို့က အခွန် လာကောက်ပြီးတော့ ပြန်သွားတယ်။ ပြန်သွားတဲ့ အချိန်မှာ တပ်မတော်နဲ့ ပစ်ခတ်မှု ဖြစ်ပြီး သူတို့လူ တယောက် ဆုံးသွားတယ်။ တယောက် ထောင်ကျသွားတယ်ခဗျ။

အဲ့မှာကျနော့်အမျိုးသမီးကို သတင်းပေးမှု ဆိုတဲ့ ပုံစံမျိုးနဲ့ ဖုန်းဆက် လာတယ်။ ကျနော်တို့ သတင်းပေးလိုက်လို့  အခုလို ဖြစ်သွားတယ် ဆိုပြီးပြောတယ်။ ကျနော့် အမျိုးသမီးကလည်းငွေလေး ၁၁ သိန်းနဲ့ ကျမတို့ အသက်ကို မရင်းဘူးလို့ ပြန်ပြောခဲ့တာတွေ ရှိတယ်။ သူတို့ကကျနော်တို့ကို သတင်းပေးတယ် ဆိုပြီးပြောတယ်။ အခုကျနော့် အမျိုးသမီး ဖမ်းခံရတာလည်း ဒီကိစ္စကြောင့်ပါပဲ။

မေး ။     ။ နမ့်ခမ်းမြို့က အစိုးရအုပ်ချုပ်တဲ့ မြို့ဧရိယာဖြစ်ပြီး အခုလိုတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းက အဓမ္မ ငွေတောင်းတာ ဖမ်းတာတွေ လုပ်တာ ကြုံရတော့ ဘာများပြောချင်ပါသလဲ ။

ဖြေ ။      ။ ကျနော် စိတ်မကောင်းဘူး။ ဝမ်းနည်းတယ်။ ကျန်တာတော့ကျနော့် အမျိုးသမီးရဲ့ လုံခြုံရေးအတွက် မဖြေပါရစေနဲ့။

မေး ။     ။ ဒေါ်နန်းမိုဟွမ်အကြောင်းဘာကြားသေးလဲ။

ဖြေ ။      ။ ကျနော် တဆင့်ကြားတာကတော့ ကျနော့်အမျိုးသမီးကို သူတို့ဥပဒေကို ဖောက်ဖျက်တယ် ဆိုပြီး ဒီနေ့သူတို့ ကော်မတီကနေ တဆင့်အစည်းအဝေးခေါ်ပြီး သူ့အမှုကို ဆုံးဖြတ်ပေးမယ်။ ပြီးရင် ပြန်လွှတ်မယ်လို့တော့ ကြားတာပဲ။ သူတို့ဘယ်လို ဒဏ်ပေးမယ်ဆိုတာတော့ ကျနော်လည်း မသိဘူးခဗျ။

ကျနော်ကတော့ ကျနော့်အမျိုးသမီးကို မြန်မြန်လွှတ်ပေးစေချင်တယ်။

ဆက်စပ်ဖတ်ရှုရန် – TNLA အဖွဲ့ဝင်၂ ဦးကို တပ်မတော်က ပစ်ခတ်ဖမ်းဆီးခဲ့ဟုဆို

Did you find apk for android? You can find new Free Android Games and apps.
Loading