“မြို့တော်မှာ နေထိုင်သူ အားလုံးကလည်း စည်းကမ်းရှိဖို့ လိုတယ်”

သဇင်လှိုင်
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးသန်း / သဇင်လှိုင် / ဧရာဝတီ
Want create site? Find Free WordPress Themes and plugins.

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေသစ်ကို အတည်ပြု ပြဋ္ဌာန်းပြီးဖြစ်ရာ မကြာခင် ကာလအတွင်း အသက်ဝင် လာစေရန် အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ(YCDC) က ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

သို့ဖြစ်ရာ ကော်မတီ အနေဖြင့် ဥပဒေ အသက်ဝင်လာရေး မည်ကဲ့သို့ ဆောင်ရွက်နေသည်များကို သိရှိနိုင်ရန် အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးသန်းနှင့် ဧရာဝတီ သတင်း ထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်းထားပါသည်။

မေး။ ။ စည်ပင် ဥပဒေသစ်က ဘယ်တော့လောက် စတင် အသက်ဝင်ပြီးတော့ ဥပဒေသစ်မှာပါတဲ့ ပြစ်မှုပြစ်ဒဏ်တွေ က ဘယ်လလောက်မှာ စတင် ကိုင်တွယ်မှာလဲရှင့်။

ဖြေ။ ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေက ပြီးခဲ့တဲ့ ဇွန်လ ၂၈ ရက်က ဝန်ကြီးချုပ် အတည်ပြု လက်မှတ် ရေးထိုး ခဲ့တာပေါ့။ ဥပဒေ အရ ပြောမယ်ဆိုရင်တော့ ဝန်ကြီးချုပ် အတည်ပြု လက်မှတ်ရေးထိုးပြီး နောက်ပိုင်း မြန်မာ နိုင်ငံ ပြန်တမ်း မှာ ပါလာပြီဆိုရင် ဥပဒေ သဘောအရ စတင်ပြီးတော့ အာဏာ သက်ဝင်ရတယ်။

ဒါပေမယ့် မူလ ၂၀၁၃ စည်ပင်သာယာရေး ဥပဒေကိုလည်း ပယ်ဖျက်လိုက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ အသစ်ကို ပြဋ္ဌာန်းလိုက်ပြီ ဖြစ်တဲ့အတွက်ကြောင့် ဥပဒေအသစ်အရ ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ၊ ပြစ်မှု ပြစ်ဒဏ်တွေကို အများပြည်သူ သိအောင် ပညာပေးကာလ လုပ်ဖို့ လိုအပ်တယ်။

အဲဒါကြောင့် ပညာပေးကာလ လုပ်ဖို့ ကြားထဲမှာ ၁ လခွဲ လောက် အချိန်ယူပြီးမှ ဥပဒေ အသစ် အရ ပြဋ္ဌာန်းထားတဲ့ လုပ် ငန်းတာဝန်တွေ၊ ပြစ်မှုပြစ်ဒဏ်တွေကို အောက်တိုဘာလ ၁ ရက်က စပြီးတော့ သက်ဝင်မှာ ဖြစ်ပါတယ်။

မေး။ ။ အခု ဥပဒေ အသစ်မှာ ဆိုရင် ပြည်သူလူထုနဲ့ တိုက်ရိုက် ထိတွေ့မယ့် ပြစ်မှုပြစ်ဒဏ်တွေ ပါဝင်တယ် ဆိုတော့ ပြည်သူ လူထုကရော ဒါကို လက်ခံနိုင်မယ့် အနေအထား ရှိပါသလား။

ဖြေ။ ။ မြို့တော်ကြီးတခု ဖွံ့ဖြိုးတိုးတက်ဖို့ ဆိုရင် မြို့တော်မှာ နေထိုင်သူ အားလုံးကလည်း စည်းကမ်းရှိဖို့ လိုတယ်။ တနည်း အားဖြင့် ဥပဒေ စိုးမိုးမှု ရှိဖို့ လိုတယ်။ အဲဒါကြောင့် ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို အားလုံးက လိုက်နာဖို့ လိုပါ တယ်။ လိုက် နာနိုင်အောင်လည်း ဒီဥပဒေသစ်က ပြဋ္ဌာန်းပေးထားတာပါ။ ပြဋ္ဌာန်းချက်တွေကို အများပြည်သူ သိလည်း သိသွားအောင် သူတို့ကို အချိန်ကာလ တခုအထိ ပညာပေး ကာလ ဥပဒေ ကမ်ပိန်း လုပ်ဖို့ အစီအစဉ်တွေ ဆွဲထားတာ ရှိပါတယ်။ ဥပဒေ ကတော့ လိုက်နာနိုင်မယ့် လိုက်နာသင့်တဲ့ အချက်အလက်တွေကို ပြဋ္ဌာန်းပေးထားတာပါ။

အရင် ဥပဒေနဲ့ ယှဉ်ရင် ငွေဒဏ်သော်လည်းကောင်း ထောင်ဒဏ်တွေလည်း ပါလာတဲ့ အတွက်ကြောင့် ပြစ်ဒဏ်တွေက  နည်းနည်းများတဲ့ သဘော ရှိပါတယ်။ များရခြင်း ရည်ရွယ်ချက်ကလည်းပဲ ထိထိရောက်ရောက် လုပ်ငန်းတွေလည်း အကောင်အထည် ဖော်ပေးနိုင်ဖို့၊ လိုက်နာရမယ့် သူတွေကလည်းပဲ ပျက်ကွက်တယ်ဆိုရင် ထိထိ ရောက်ရောက် အရေး ယူသွားနိုင်ဖို့ အတွက် ရည်ရွယ် ပြဋ္ဌာန်းတာ ဖြစ်ပါတယ်။

ဥပဒေအသစ်ကို ချက်ချင်း ပညာပေးမှု (Awareness) မလုပ်ဘဲနဲ့ ဥပဒေပါ အတိုင်း အရေးယူလိုက်ရင် နစ်နာသွားမှာ စိုးလို့ သိအောင် ပညာပေး တလခွဲလောက် လုပ်ပါ့မယ်။ အဲဒီအတွက်လည်းပဲ ပညာပေးအဖွဲ့တွေ ဖွဲ့စည်းပြီးတော့မှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ ကမ်ပိန်း နေရာတွေခွဲပြီး လုပ်ဖို့ အစီအစဉ်တွေ ဆွဲနေပါတယ်။

မေး။ ။ အောက်တိုဘာလက စတင်ပြီး ပြစ်မှုပြစ်ဒဏ်တွေ လုပ်မယ်ဆိုတော့ ကော်မတီအနေနဲ့ ဘာတွေပြင်ဆင် ထား တာ ရှိပါသလဲ။

ဖြေ။ ။ ဥပဒေ ပြဋ္ဌာန်းချက်တွေကို ပြည်သူကို အသိပေးဖို့ အတွက် အဖွဲ့တွေဖွဲ့ပြီးတော့မှ ပထမဆုံး အနေနဲ့ ပညာပေး ဟောပြောမယ့် ပုဂ္ဂိုလ်တွေကို ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ကြေကြေညက်ညက် သူတို့ကိုယ်တိုင် သဘောပေါက်နိုင်ဖို့ အတွက် သင်တန်းတွေ ပေးဦးမယ်။ ပြီးတဲ့အချိန်မှ နေရာဒေသ မြို့နယ်တွေကို ဆင်းပြီးတော့ အများပြည်သူ သိသင့် သိ ထိုက်တဲ့ အချက်အလက်တွေ သိသွားအောင် ပညာပေးလုပ်တဲ့ အခါမှာ လက်ကမ်း စာစောင်တွေ ဖြန့်ဝေ ပေးမယ်၊ ပညာပေး ဟောပြောပွဲတွေ လုပ်မယ်။ အသိပညာပေးတဲ့ လုပ်ငန်းတွေလည်း ဆောင်ရွက်သွားမှာပါ။

မေး။ ။ စည်ပင်ဥပဒေမှာ ငွေဒဏ်တွေရော၊ ထောင်ဒဏ်တွေရော ထည့်လိုက်တာတွေ့ရပါတယ်။ ဆိုတော့ ဘယ်လို စောင့်ကြည့်ပြီး ဘယ်လိုပုံစံ၊ စနစ်မျိုးနဲ့ အရေးယူ ဆောင်ရွက်သွားမှာလဲ။

ဖြေ။ ။ စည်ပင်သာယာ နယ်နိမိတ် ၃၃ မြို့နယ်မှာ မြို့နယ် စည်ပင်သာယာ တရားရုံး ၇ ရုံး ဖွင့်ထားတယ်။ ဒီပြစ်မှုပြစ် ဒဏ် အရ တစုံတရာ အရေးယူဖို့ ရှိလာခဲ့ရင် သက်ဆိုင်ရာ တရားရုံးမှာ တရားစွဲမယ်။ တရားသူကြီးက သူ့ရဲ့ ပြစ်မှု အပေါ် မူတည် ပြီးတော့မှ ထိုက်သင့်တဲ့ ပြစ်ဒဏ် ချမှတ်မှာ ဖြစ်တယ်။ ဒါကြောင့် သက်ဆိုင်ရာ တရားရုံးကိုပဲ တရားစွဲရ မှာပါ။ ဥပဒေ ပြ ဋ္ဌာန်းချက်အရ ဥပဒေမှာပါတဲ့ တားမြစ်ချက်တွေ ပြစ်မှုတွေဟာ ရဲအရေးပိုင်တဲ့ ပုဒ်မတွေ ဖြစ်ပါတယ်။ ဒါကြောင့် သက် ဆိုင်ရာ နယ်မြေရဲစခန်းက တဆင့် မြို့နယ်စည်ပင်သာယာ တရားရုံးတွေမှာ တရားစွဲရမှာဖြစ်တယ်။

မေး။ ။ ဥပဒေပါ ပြစ်မှုတွေကို ကျူးလွန်နေတာမျိုး တွေ့ရင် ပြည်သူတွေ အနေနဲ့ကရော တိုင်ကြားလို့ ရပါသလား။

ဖြေ။ ။ တိုင်ကြားလို့ ရပါတယ်။ ဥပမာဆိုပါစို့ အမှိုက်စွန့်ပစ်တာနဲ့ ပတ်သက်ရင် နောက်ဖေးလမ်းကြားတွေကို အမှိုက် မပစ်ရဘူး။ သတ်မှတ်တဲ့ နေရာမှာပဲ အမှိုက်စွန့်ပစ်ရမယ် မဟုတ်တဲ့ နေရာမှာ အမှိုက်စွန့်ပစ်ရင် တာဝန်ရှိတယ် အပြစ် ရှိတယ်။ နောက်ဖေးလမ်းကြားကို အမှိုက်ပစ်ရင် အရေးယူနိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ယခင်ဥပဒေ အဟောင်းမှာလည်း ပါတယ်။ သို့သော် ဘယ်သူ ပစ်တာလဲ ဘယ်အခန်းက ပစ်တာလဲဆိုတာ တိတိကျကျ ဖော်ထုတ်ဖို့က အင်မတန် ခက် ပါတယ်။

ဒါကြောင့် နောက်ဖေးလမ်းကြားမှာ အမှိုက်တွေပစ်တာကို ထိထိရောက်ရောက် အရေးမယူနိုင်ခဲ့ဘူး။ အခု နောက်ပိုင်း ကို စောင့်ကြည့်တဲ့ အလုပ်ကို လုပ်မယ်။ နောက် လမ်းပေါ်မှာ ကွမ်းတံတွေး ထွေးတာကအစ အရေးယူနိုင်တဲ့ ပြစ်မှုပြစ် ဒဏ် တွေ ပါလာတဲ့အတွက် လက်ရှိ စည်ပင်ဝန်ထမ်းတွေနဲ့တင် လုံလောက်မလား ဆိုတော့ မလုံလောက်တော့ဘူး။ မလုံ လောက်တဲ့အခါကျတော့ ဒီဥပဒေကိုလည်း ထိရောက်ချင်တယ်။ ပညာပေးကာလလည်း လုပ်မယ် နောက်ပိုင်းကျ ရင် NGO အဖွဲ့တွေ အကူအညီနဲ့ စောင့်ကြည့်တဲ့ အဖွဲ့တွေကိုပါ ထားမယ်။

သတင်းပေးတဲ့ လူတွေကိုလည်း ဒဏ်ရိုက်လို့ရတဲ့ ငွေထဲကနေပြီး ချီးမြှင့်ငွေတွေ ပြန်ပေးဖို့လည်း စဉ်းစားနေတယ်။ သတင်းပေး တိုင်ကြားမယ့် လူရှိရင် တိုင်ကြားနိုင်ပါတယ်။ သတင်းပေးမယ့် သူတွေကိုလည်း နောက်ပိုင်းကျရင် တစုံ တရာ ချီးမြှင့်ဖို့ လည်း စီစဉ်သွားပါမယ်။ ဒါတွေ က အခုတော့ မလုပ်ရသေးဘူး ဆက်ပြီး ဆောင်ရွက်ဖို့ ရှိတယ်။

မေး။ ။ ဥပဒေမှာ အမှိုက်ကိစ္စနဲ့ ပတ်သက်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ် ဆိုတော့ လက်ရှိ ရှိနေတဲ့ နောက်ဖေး လမ်းကြားက အမှိုက်တွေကရော ဘယ်လိုပုံစံနဲ့ ရှင်းလင်းသွားမလဲရှင့်။

ဖြေ။ ။ YCDC ဝန်ထမ်းတွေကပဲ ရပ်ကွက်ကလူတွေနဲ့ ပူးပေါင်းပြီးတော့ နောက်ဖေးလမ်းကြားတွေကို အကြိမ်ကြိမ် ရှင်း လင်း တာတွေ လုပ်လာပြီးပြီ။ အခုရှိနေတဲ့ အမှိုက်တွေကိုလည်း ရှင်းဦးမှာပါ။ ရှင်းနေရင်းနဲ့လည်း အမှိုက်ပစ်တဲ့သူတွေ က ပစ်နေ ဦးမှာပဲ။ ဒါကို ဒီဥပဒေအသစ်အရ အရေးယူပြီဆိုတဲ့ အခါကျရင် ထိထိရောက်ရောက် အရေးယူနိုင်ဖို့ အတွက် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့တွေထားမှာ။ တဖက်ကလည်း ရှင်းစရာရှိတာကို ရှင်းမယ်။ အမှိုက်ပစ်တာတွေ့ ရင်လည်း အောက်တိုဘာ ထဲမှာ ဒီဥပဒေက အသက်ဝင်ပြီးတော့ ဥပဒေအတိုင်း ဆောင်ရွက်ပါမယ်။

မေး။ ။ ဥပဒေ အတော်များများဟာ ပြဋ္ဌာန်းလိုက်ပေမယ့် တကယ်တမ်း အသက်ဝင်တဲ့အချိန်မှာ ထိရောက်မှု အားနည်း နေ တာကို တွေ့ရတယ်။ စည်ပင်ဥပဒေကိုရော ထိရောက်မှု ရှိလာအောင် ဘာတွေ လုပ်ဖို့ အစီအစဉ် ရှိသလဲ။

ဖြေ။ ။ ဒီဥပဒေကို အသက်ဝင်အောင် လုပ်ဖို့အတွက် ဥပဒေပညာပေး အဖွဲ့တွေ ဥပဒေ ကမ်ပိန်းတွေ လုပ်မယ်လို့ ဒါ ကြောင့် ပြောတာ။ ပညာပေး ဟောပြောမယ့် အဖွဲ့တွေကို ဒီဥပဒေပါ အချက်တွေကို ကြေကြေညက်ညက် ဖြစ်ဖို့ အတွက် သင်တန်းတွေပေးမယ်။ သူတို့ကနေပြီးတော့မှ လက်ကမ်းကြော်ငြာ စာစောင်လေးတွေရယ် ဥပဒေ ဟောပြော ပွဲ တွေကို စုရပ်အလိုက် ပြောတာတွေ လုပ်ပေးမယ်။

ဈေးတွေမှာ သွားမယ် ကားမှတ်တိုင်တွေမှာ သွားမယ်။ ရပ်ကွက်ရုံးတွေမှာ စုမယ် စသဖြင့်ပေါ့။ စိတ်ဝင်စားတဲ့ မည်သူ မဆို တက်ရောက်ပြီးတော့မှ နားထောင်နိုင်တဲ့ အခွင့်အရေးတွေ၊ အခြေအနေတွေ ဖြစ်အောင် ဖန်တီးပြီးတော့မှ မြို့နယ် အလိုက် လှုပ်ရှား ဆောင်ရွက်သွားမှာပါ။

မေး။ ။ စည်ပင်ဥပဒေပါ ပြစ်မှု ပြစ်ဒဏ်တွေဟာ ခေတ်၊ စနစ်နဲ့ လိုက်လျောညီထွေပြီး အားကောင်းတယ်လို့ ထင်ပါ သလား။

ဖြေ။ ။ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကနေပြီးတော့ ဒီဥပဒေအသစ်က လက်ရှိပစ္စုပ္ပန်အခြေအနေနဲ့ ကိုက်ညီ အောင် ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်တဲ့ အတွက် ဒီဥပဒေပါ ကော်မတီက ဆောင်ရွက်ရမယ့် လုပ်ငန်း တာဝန်တွေရော လုပ်ပိုင်ခွင့် တွေရော တားမြစ်ချက်တွေရော အဲဒါတွေကို မလိုက်နာရင် အပြစ်ပေး အရေးယူမှုတွေကလည်းပဲ လက်ရှိ အခြေအနေနဲ့ ကိုက်ညီအောင် ရေးဆွဲထားခြင်း ဖြစ်ပါတယ်။

မေး။ ။ ဥပဒေမှာ ငွေဒဏ်တွေကလည်း ခပ်မြင့်မြင့်တွေပါလာပြီဆိုတော့ ဝန်ထမ်းတွေအနေနဲ့ ဥပဒေကို အသုံးချပြီး လာဘ် ပေးလာဘ်ယူမှုတွေ လုပ်လာမယ်ဆိုရင် ကော်မတီအနေနဲ့ ဘယ်လိုအရေးယူမှုတွေ လုပ်မှာလဲ။

ဖြေ။ ။ ဝန်ထမ်းလည်း ဒီဥပဒေကို လက်တလုံးခြား လုပ်တာတို့ ဥပဒေအပေါ်မှာ အလွဲသုံးစား လုပ်တာတို့ ကိုယ့်ရဲ့ တာ ဝန်နဲ့ လုပ်ပိုင်ခွင့်ကို အကြောင်းပြုပြီးတော့ လာဘ်ပေးလာဘ်ယူ လုပ်တာမျိုးတွေ ရှိလာခဲ့ရင်လည်း သူ့ကို ဝန်ထမ်း လုပ် ထုံး လုပ်နည်းအရရော အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရရော ဝန်ထမ်းလည်း အပြစ်ရှိရင် တည်ဆဲ ဥပဒေ အရ အရေး ယူရမှာပဲ။

မေး။ ။ ဒဏ်ကြေးတွေ ကောက်တာဟာ စည်ပင်က ဝင်ငွေ ပိုရှာချင်တာ သက်သက်ပဲလို့ အများပြည်သူက မေးခွန်း ထုတ် နေကြပါတယ်။ အဲဒီအပေါ် ဘယ်လို ပြောချင်ပါလဲ။

ဖြေ။ ။ စည်ပင်သာယာ ဘတ်ဂျက် တိုးအောင်လို့ လုပ်တာက ဒီနည်းနဲ့ လုပ်လို့ မရဘူး။ စည်ပင်သာယာ ဘတ်ဂျက် ရငွေ တိုးပွားအောင် လုပ်တယ် ဆိုတာက စည်ပင်သာယာက လုပ်ပိုင်ခွင့် ရှိတဲ့ လုပ်ငန်းတွေ၊ အကောင်အထည်ဖော် ပေးရမယ့် လုပ်ငန်းတွေကို ဥပမာ- Property Tax နဲ့ ပတ်သက်တဲ့ ပစ္စည်းခွန် လုပ်ငန်းတွေ ရအောင် အခွန်အခတွေ ကောက်မှသာ လျှင် ဝင်ငွေတိုးမှာ။ ဒဏ်ငွေ တိုးမြှင့်ထားရုံနဲ့ ဝင်ငွေတွေ တိုးမှာမဟုတ်ဘူး။

ဝင်ငွေတိုးပွားအောင် လုပ်တာမဟုတ်ဘူး စည်းကမ်းလိုက်နာအောင် ဒဏ်ကြေးကို မြှင့်ထားတာ။ ပြစ်ဒဏ်များမှ တနည်း အားဖြင့် ဒါကို ကြောက်ရကောင်းမှန်း သိအောင် ဒီလိုဖြစ်လာမှ ပြည်သူက လိုက်နာမှာကိုး။ အဲဒါကြောင့် ဒဏ်ကြေးမြှင့် တာ။ ဝင်ငွေ တိုးအောင် မြှင့်တာ မဟုတ်ဘူး။ ဝင်ငွေရရှိရေးက သီးခြားပဲ။ လုပ်ငန်းလုပ်မှ ဝင်ငွေ တိုးမှာကိုး။

မေး။ ။ ဥပဒေသစ်မှာ အများပြည်သူဆိုင်ရာ လမ်းတွေပေါ်မှာ မီးစက်တွေ ထားမယ် ဆိုရင် ငွေဒဏ်ရော ထောင်ဒဏ်ပါ ချမှတ်နိုင်တာကို တွေ့ရပါတယ်။ ဒါပေမယ့် အခု ရန်ကုန်မြို့ပေါ်မှာ ဒီလိုထားတာတွေက အရမ်းကိုများတယ်ဆိုတော့ ကော်မတီအနေနဲ့ ဘယ်ကနေ စတင် ကိုင်တွယ်မှာလဲ။

ဖြေ။ ။ အဲဒါကတော့ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကတည်းက မီးစက်တွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေနဲ့ နေရာအသုံးပြုမှု အတွက် ကောက်ခံထားတာ မရှိဘူး။ သို့သော် မီးလုံလောက်စွာ မပေးနိုင်သေးတဲ့ အားနည်းချက် ကြောင့် မီးစက်တွေကို ခွင့်ပြုထားတာ ဖြစ်တယ်။ နောက်ဖေးလမ်းကြားမှာ ဖြစ်စေ လမ်းပေါ်မှာ ဖြစ်စေ ထားနေခြင်း အတွက် စည်ပင်သာယာက တစုံတရာ ကောက်ခံထားတာ မရှိဘူး။ အခုလည်း မကောက်ဘူး လွန်ခဲ့တဲ့ နှစ်နှစ်လောက် ကတည်းက မကောက်ဘူး။

ဒီဥပဒေအသစ်ထဲမှာ ပါပါတယ် ခွင့်ပြုချက် မရှိဘဲနဲ့ Public area တွေမှာ မီးစက်တွေ ထားရင် အရေးယူမယ် ဆိုတဲ့ တား မြစ်ချက်လည်း ပါသလို တားမြစ်ချက်ကို မလိုက်နာရင် အရေးယူဖို့ ပြစ်ဒဏ်တွေ ပါပါတယ်။ အဲဒီတော့ ဒီအောက်တိုဘာ လမှာ အသက်ဝင်မယ်လို့ ဆိုသည့်တိုင်အောင် မီးစက်တွေ ကိစ္စကျတော့ အများနဲ့ စဉ်းစားပေးရမယ့် အပိုင်းရှိမှာပဲ။

မေး။ ။ ဥပဒေမှာ ဒု မြို့တော်ဝန် ခန့်လိုက်တဲ့ အပေါ်မှာရော ဘယ်လို သုံးသပ်ချင်သလဲ။

ဖြေ။ ။ ဒီဖွဲ့စည်းပုံ အရ အရင် ဥပဒေတုန်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အဖွဲ့ဝင် ၉ ဦးနဲ့ မြို့တော် ဝန် အပါအဝင် ၉ ဦးနဲ့ ဖွဲ့စည်းခဲ့တဲ့ ဖွဲ့စည်းပုံပါ။ အခု ဥပဒေသစ် အရ ၁၁ ဦးနဲ့ ဖွဲ့မှာပါ။ ၁၁ ဦးမှာ မြို့တော် ဝန် အပါအဝင် အစိုးရက ခန့်တာက ၅ ဦး ပါတယ်။

နောက်ထပ် ဒီဥပဒေသစ် အရ ၆ ဦးက ပြည်သူကနေ ရွေးချယ် တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေ ဖြစ်လာ တယ်။ ကော်မတီဝင်တွေ ဖြစ်လာတယ်။ ၁၁ ဦးထဲကမှ ရွေးချယ်ခံ ၁ ဦးကို ကော်မတီရဲ့ ဒု ဥက္ကဋ္ဌ ဒု မြို့တော်ဝန်လို့ အများအား ဖြင့် နားလည်တယ်။ ဒုတိယ ဥက္ကဋ္ဌကို ရွေးကောက်ခံထဲကနေပြီးတော့ ၁၁ ဦးက လျှို့ဝှက်မဲစနစ်နဲ့ ပေးမှာ ပါ။ နောက်ထပ် ၆ ဦး တိုးလာတဲ့အခါ ကော်မတီရဲ့ လုပ်ငန်းတွေကို ပိုပြီးတော့ လျင်လျင်မြန်မြန် သွက်သွက် လက် လက် ဆောင်ရွက်လာနိုင်မယ်။

မေး။ ။ ရှေ့ပိုင်းမှာ ပြောသွားတဲ့ အတိုင်းသာ ဆောင်ရွက်မယ် ဆိုရင် ဝန်ထမ်းမလောက်တဲ့ ပြဿနာ ရှိလာမယ်လို့ ပြော သွားတယ် ဆိုတော့ ဒါကို ဘယ်လို ဖြေရှင်းဖို့ အစီအစဉ် ရှိသလဲ။

ဖြေ။ ။ လောလောဆယ်ကတော့ လက်ရှိ စည်ပင်သာယာရေး ကော်မတီ ဌာန အသီးသီးကိုတောင်မှ အပြည့်အဝ မခန့် ထားနိုင်သေးဘူး။ ဒါပေမယ့် ဥပဒေသစ် အရ လုပ်ရမယ့် လုပ်ငန်းတွေကလည်း များတဲ့အခါကျတော့ သူ့ဘတ်ဂျက်နှစ် အလိုက် ရန်ပုံငွေ အပေါ်မှာ မူတည်ပြီးတော့ တိုးမြှင့်ခန့်ထားဖို့ လိုအပ်တဲ့ အချိန်မှာတော့ အခြေအနေ ကြည့်ပြီးတော့ တိုးမြှင့်ခန့်ထားရမှာပေါ့။ တပြိုင်တည်းကြီးတော့ တိုးမြှင့် ခန့်ထားနိုင်တဲ့ အခြေအနေ မရှိသေးပါဘူး။

ဘာကြောင့်လဲဆိုတော့ ဒီဥပဒေမှာရော ဥပဒေအဟောင်းမှာရော လစာ၊ စရိတ်နဲ့ ပတ်သက်လို့ ကန့်သတ်ချက် တခုရှိ တယ်။ ဝင်ငွေရဲ့ ၃၀ ရာခိုင်နှုန်းထက် ကျော်ပြီး လစာစရိတ်ကို သုံးလို့မရဘူး။ အဲဒါကြောင့် အဲဒီ ကန့်သတ်ချက် ဘောင် ထဲ မှာပဲ သုံးစွဲခွင့် ရှိတယ်။

မေး။ ။ ရွေးကောက်ပွဲကလည်း အမြန်ဆုံး လုပ်ရမှာဆိုတော့ ဘယ်လိုအခြေအနေရှိပါလဲ။

ဖြေ။ ။ ရွေးကောက်ပွဲကို ဒီဇင်ဘာလထဲ လုပ်ဖို့ ဆောင်ရွက်နေတယ်။ သြဂုတ်လက တဝက်ကျိုးသွားပြီ။ စက်တင်ဘာ၊ အောက်တိုဘာ၊ နိုဝင်ဘာ ၃ လလောက် အတွင်းမှာ ပြီးအောင်တော့ ရည်ရွယ်ပြီး ဆောင်ရွက်နေတယ်။ ဒီဇင်ဘာလ ထဲမှာ ရွေးကောက်ပွဲ လုပ်နိုင်အောင် ဦးတည်ပြီး ဆောင်ရွက်နေတယ်။ တိတိကျကျက ပြောလို့တော့ မရသေးဘူး။ သို့သော်လည်း ဒီဇင်ဘာလထဲမှာ လုပ်ကိုင်နိုင်အောင်တော့ ဆောင်ရွက်နေတယ်။

မေး။ ။ စည်ပင် ဥပဒေသစ်ပေါ်မှာ ပြည်သူလူထုကလည်း အများကြီး ပိုကောင်းလာမယ်လို့ မျှော်လင့်ထားတယ်။ စည်ပင် သာယာရေးကော်မတီကရော အဲဒါကို ခိုင်ခိုင်မာမာ ဥပဒေတရပ်ဖြစ်လာမယ်လို့ ယုံကြည်ချက်ရှိလား။ မျှော်လင့်ထားလား။

ဖြေ။ ။ ဒီဥပဒေ အတိုင်း ချက်ချင်းတော့ အလျင်အမြန်ကြီး လူတွေက အားလုံး စည်းကမ်းရှိသွားမလား ဆိုတာ အချိန် ကာလ တခုတော့ ပေးရမယ်။ ဒါကြောင့်သူတို့ကို သိသင့်သိထိုက်တဲ့ ပညာပေးမှုတွေလုပ်မယ် ဆိုတာလည်း ဒီရည်ရွယ် ချက် ပါပါတယ်။ ဒါကို ကိုင်တွယ် ကျင့်သုံးရင်း၊ ကျင့်သုံးရင်းနဲ့တော့ ရန်ကုန်မြို့တော်သူ၊ မြို့တော်သားတွေ ဟာ စည်းကမ်း ကျနပြီးတော့ မြို့တော်ကြီး ဖွံ့ဖြိုးတိုးတက်ရေး အတွက် သူတို့လည်း ပါဝင်လာနိုင်မယ်လို့ ယုံကြည်ပါ တယ်။

အနည်းဆုံး တနှစ်၊ နှစ်နှစ်လောက် အတွင်းမှာ ဒီဥပဒေပါ ပြဋ္ဌာန်းချက်တွေနဲ့ အညီ တကယ် စည်းကမ်းကျနတဲ့ ဖွံ့ဖြိုး တိုးတက်တဲ့ မြို့တော်ကြီး ဖြစ်လာမယ်လို့ မျှော်လင့်ထားတယ်။ အဲဒီလို ဖြစ်လာအောင်လည်း ဒီဥပဒေကို ရေးဆွဲထား တယ်။

မေး။ ။ ဖြည့်စွက် ပြောချင်တာရှိရင် ပြောပေးပါဦးရှင့်။

ဖြေ။ ။ အချုပ်အားဖြင့်တော့ ဒီဥပဒေဟာ ၁၉၂၂ ခုနှစ်က ရေးဆွဲထားတဲ့ ဥပဒေကို အခြေခံပြီး ရေးဆွဲထားတဲ့ ဥပဒေ ဖြစ်ပါ တယ်။ ၁၉၂၂ ဥပဒေဟာ အင်မတန်မှ ကောင်းခဲ့တဲ့ ဥပဒေ ဖြစ်တဲ့ အတွက် ဒါကို နမူနာယူပြီးတော့ စင်ကာပူ နိုင်ငံက သူ့နိုင်ငံနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ဒီကျောရိုးကို ယူပြီး ရေးဆွဲထားတယ်။

အလားတူပဲ လက်ရှိ စည်ပင်သာယာရေး ဥပဒေ ကလည်း ၁၉၂၂ ခုနှစ်က ကျောရိုးကို ယူပြီး လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေ အနေ အရပ်ရပ်နဲ့ ကိုက်ညီအောင်၊ တနည်အားဖြင့် ရန်ကုန်မြို့တော်ကြီးကို ဘက်စုံဖွံ့ဖြိုးတိုးတက်တဲ့ မြို့တော် ဖြစ်လာ အောင် ရေးဆွဲထားတဲ့ ဥပဒေ ဖြစ်တဲ့အတွက်ကြောင့် အနှစ်သာရပြည့်စုံတဲ့ ဥပဒေဖြစ်တဲ့အတွက် မြို့တော်သူ မြို့တော် သား တွေအတွက် အကောင်းဆုံး ဥပဒေဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်။ ဒီဥပဒေအရ ရွေးကောက် တင်မြှောက်ပွဲ လုပ်မယ့် ရွေးကောက်ပွဲနဲ့ ကိုက်ညီတဲ့ ရွေးကောက်ပွဲတခုအဖြစ် မျှော်လင့်ပါတယ်။  ။

Did you find apk for android? You can find new Free Android Games and apps.
Loading