နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ စင်္ကာပူ ခရီးစဉ်မှာ “မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်တွင် တွေ့ကြုံနေရသော အခက်အခဲများနှင့် ရှေ့ခရီးလမ်း“ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြော ဆွေးနွေးခဲ့ပါတယ်။
ဟောပြော ဆွေးနွေးခဲ့တဲ့ အချက်တွေထဲမှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး ကာလစိန်ခေါ်မှုများ၊ ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ စီးပွားရေးနှင့် လွှတ်တော်တွင်းက တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကိစ္စတွေ ပါဝင်ပါတယ်။
မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ကာလတွေထဲမှာ စစ်အာဏာရှင် ခေတ်ကနေ ဒီမိုကရေစီ စနစ်စီကို ကူးပြောင်း နေတဲ့ လက်ရှိအခြေအနေဟာ အခက်ခဲဆုံးဖြစ်ကြောင်းပြောခဲ့တဲ့အပြင် လွှတ်တော်ထဲက တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်နေတာ ဖြုတ်ပေးဖို့ လိုအပ်ပေမယ့် ညှိနှိုင်းဆွေးနွေးမှုတွေကတဆင့် လုပ်ဆောင်သွားရမှာဖြစ်တယ်လို့ဆိုပါတယ်။
ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ပြောကြားချက်မှာတော့ NLD အစိုးရ လက်ထက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၃ ကြိမ် ပြုလုပ်ခဲ့ပြီး မူဝါဒတချို့ ချမှတ်နိုင်ခဲ့ပေမယ့် ကြီးမားတဲ့ စိန်ခေါ်မှုတွေရှိနေသေးကြောင်း၊ တခါ စီးပွားရေးဘက်မှာလည်း စီးပွားရေး တည်ငြိမ်မှုနဲ့ အကြီးစား စီးပွားရေး စီမံခန့်ခွဲမှုများ အားကောင်းလာဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
ဒီပွဲမှာ နိုင်ငံတကာက စိတ်ဝင်စားနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ကအရေးကိုလည်း ထည့်သွင်းပြောကြားရာမှာ ကိုဖီအာနန် ကော်မရှင်ဟာ ဒီအရေးကို နှစ်ဘက် မျှတအောင်ဆောင်ရွက်ပေးခဲ့ကြောင်းနဲ့ အာနန်ကော်မရှင်က အကြံပြုခဲ့တဲ့ အချက် ၈၈ ချက် အနက် ၈၁ ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်ပြီးပြီ ဖြစ်ကြောင်း အတိုင်ပင်ခံက ပြောထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စင်္ကာပူပွဲမှာ ဟောပြောဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး နယ်ပယ်အသီးသီးက အသံတွေကို ဧရာဝတီက စုစည်း တင်ပြလိုက်ပါတယ်။
ဒေါက်တာမောင်မောင်လေး ဒုဥက္ကဋ္ဌ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်တယ်ဆိုတော့ အများကြီးကောင်းပါတယ်။ တခုသတိထားရမှာက ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ လာဖို့အတွက် ပြည်တွင်းမှာ အဆင်ပြေချောမွေ့စွာ လုပ်ထားဖို့ လိုပါတယ်။ မနေ့ကပြောတဲ့သူတွေက ပဲချောမွေ့နေပြီလို့ ပြောတာပေါ့နော်။ ကမ္ဘာပေါ်မှာ Doing Business မှာမြန်မာကအဆင့် ၁၇၁ ကနေအပေါ်ရောက်အောင် လုပ်မယ်ဆိုတာလည်း သူတို့ကြိုးစားနေပါတယ်။ သို့သော်တခုအရေးကြီးတာက ပြည်တွင်း တိုင်းရင်းသား လုပ်ငန်းရှင်တွေရဲ့ အကျိုးကိုလည်း မျက်ခြေမပြတ်ဖို့ လိုတယ်။
ဘာလဲဆိုတော့ အထူးသဖြင့် ရောင်းဝယ်ဖောက်ကားမှု (Trading) အကုန်လုံးကိုလွတ်ပေးတာတွေ ရှိပါတယ်။ ဒီလိုလုပ်တဲ့ ကိုင်တဲ့နေရာမှာ တိုင်းရင်းသား လုပ်ငန်းရှင်တွေနဲ့ ပြည်ပစီးပွားရေးလုပ်ငန်းရှင်တွေနဲ့က လုပ်ကိုင်နိုင်တဲ့ လုပ်ရည်ကိုင်ရည်က မတူပါဘူး။ သူတို့တွေက ဒါတွေကိုလုပ်နေတာ နှစ်ပေါင်း ၃၀ လောက်ရှိပြီ။ မြန်မာနိုင်ငံက အခုမှဆိုတော့ လုံးဝမတူဘူး။ လက်ရည်မတူတဲ့အတွက် တချို့ မယှဉ်ပြိုင်နိုင်ပါဘူး။
တချို့မြင့်မားတဲ့ ငွေရေးကြေးရေးနဲ့ ဝင်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေကို ဦးတည်ပြီးတော့ မြန်မြန်ဆန်ဆန် ဖြစ်မြောက်အောင် လုပ်ပေးသင့်ပါတယ်။ ဘဏ္ဍာရေးနဲ့ ပတ်သက်တာတွေ ထုတ်လုပ်မှုနဲ့ ပတ်သက်တာတွေ ကိုဖွင့်ပေးရမယ်။ ဒါပေမယ့်လို့ ကူးသန်းရောင်းဝယ်ရေးပေါ့ ဖွင့်ပေးတာကိုသိပ်သတိထားရမယ်။ အခုဖွင့်ပေးလိုက်တဲ့အတွက် ပြည်တွင်းအသေးစား အလတ်စား လုပ်ငန်းတွေ အားလုံးကတိမ်ကော သွားနိုင်ပါတယ်။ ဒုက္ခရောက်သွားမယ့် အခြေအနေရှိနေပါတယ်။ တိုင်းရင်းသား အကျိုးစီးပွားကို ကာကွယ်တဲ့အနေနဲ့ အစိုးရအဆက်ဆက် မလွတ်ပေးပါဘူး။ အခုအစိုးရမှာ လွတ်ပေးလိုက်တာပါ။ ဒါလေးတွေက သတိထားဖို့ လိုပါတယ်။ အမေရိကန်နိုင်ငံတောင်မှ သူနိုင်ငံသားအကျိုးစီးပွားကို ကာကွယ်တာရှိပါတယ်။
ကူးသန်းရောင်းဝယ်ရေး ကုန်သွယ်မှုကို နိုင်ငံခြားသား ဖွင့်ပေးလိုက်တဲ့အတွက် အကုန်ဝင်လာလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ လက်လီ လုပ်ငန်း အသေးတွေ အကုန်ပြောင်ပါလိမ့်မယ်။ တခြားနိုင်ငံတွေကလည်း ဒါကိုသတိပေးဖူးပါတယ်။ ရမ်းမလုပ်ပါနဲ့ ပြောဖူးပါတယ်။ ကုန်သွယ်မှုကို ဖွင့်ပေးလိုက်တဲ့အတွက် နိုင်ငံခြားသားတောင် အံ့သြတယ်။ ဒါလေးတွေကို နိုင်ငံတော်အနေနဲ့ ပြန်ပြီးထိန်းချုပ်ဖို့တော့ လိုတယ်လို့ အန်ကယ်တို့ကြားသိရပါတယ်။ အဓိက မူဝါဒတွေ ထုတ်ပြန်ချက်တွေကလည်း စီးပွားရေးမှာအရေးကြီးပါတယ်။
အခုလက်ရှိမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုတွေဝင်အောင် နိုင်ငံတော်ဒုသမ္မတ ၁ ဦးမြင့်ဆွေနှင့် ကုန်သည်စက်မှု အသင်းချုပ် (UMFCCI) တို့မှ ပူးပေါင်း ကျိုးစားနေပါတယ်။ တဖြည်းဖြည်းချင်းတော့ တက်လာမှာပါ။
ဒေါက်တာ အောင်ကိုကို စီးပွားရေးပညာရှင်
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က စင်ကာပူနိုင်ငံမှာ ပြုလုပ်တဲ့ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ဖြစ်စဉ်တွင် တွေ့ကြုံနေရသော အခက်အခဲများနှင့် ရှေ့ခရီးလမ်းခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲမှာပြောတဲ့ စီးပွားရေးမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (FDI) တွေမှာစိန်ခေါ်မှုတွေ ကိုကျော်လွှားနိုင်ဖို့ ဥပဒေ ပြင်ဆင်နေပြီဆိုတဲ့အပေါ်မှာတော့ ထွေထွေထူးထူးသုံးသပ်ချက် မပေးချင်ပါဘူး။ ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်တယ်ဆိုတာနဲ့ ပတ်သက်တာပါပဲ။ ပေးဖို့လည်းမသင့်ပါဘူး။
အဓိကတော့ ကျနော်တို့ ဥပဒေပြောင်းပြီးတဲ့ အချိန်မှာ ဘယ်လောက်အထိ ရင်းနှီးမြှုပ်နှံမှု ပမာဏဘယ်လောက်ထိ တက်လာမလဲဆိုတာတော့ ဒါကြည့်ရမှာပေါ့နော်။ ဥပမာအရင်တုန်းကဆိုရင် ကုမ္ပဏီမှတ်ပုံတင်ထားတာ အရေအတွက် ၆ သောင်း ၃ ထောင်လောက်ရှိတယ်။ အရင်ကပုံစံဟောင်းနဲ့ပေါ့။ အခု MYCO စနစ်နဲ့ ကုမ္ပဏီသက်တမ်း ပြန်လည်မှတ်ပုံတင်ဖို့ ၆ လ အချိန်ပေးထားတယ်။ အဲဒီ ၆ လအတွင်းမှာ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာ ကြည့်ရမှာပေါ့။
ဥပမာအရင် မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီခြောက်သောင်းသုံးထောင်ထက် တိုးတက်သွားတယ်ဆိုရင်တော့ ဒါကရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးတက်လာတယ်ဆိုတဲ့ သဘောပေါ့။ ထားပါတော့ တချို့ အလုပ်မလုပ်ပဲနဲ့ ကုမ္ပဏီပဲမှတ်ပုံတင်ထားတယ်လို့ ပြောတဲ့သူလည်း ရှိချင် ရှိမယ်။ ဒါပေမယ့် အနည်းဆုံး ၁ ကျပ်ထက်တော့ ပိုပြီးရင်းနှီးမြှုပ်နှံထားတယ်ပေါ့ဗျာ။
ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေက ဘာပဲဖြစ်ဖြစ် စုဆောင်းမှုတွေနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုတာ ဖြစ်တာကိုး။ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ဆိုတာလည်း ပြည်တွင်းနိုင်ငံသားတွေရဲ့ ပိုလျှံတဲ့ စုဆောင်းမှုက ဖြစ်တာပဲ။ ပြည်ပရင်းနှီးမြှုပ်နှံမှု ဆိုတာလည်း တနည်းအားဖြင့် ပြည်ပနိုင်ငံသားတွေရဲ့ စုဆောင်းမှုတွေကပဲ ဖြစ်တယ်။ လက်ရှိမှာ ပြည်တွင်းနိုင်ငံသားတွေရဲ့ စုဆောင်းမှုကနေ ရင်းနှီးမြှုပ်နံှမှုတွေ တိုးမြင့်လာအောင် ဘယ်လိုလုပ်မလဲဆိုတဲ့ အပိုင်းတပိုင်းကိုစဉ်းစားဖို့လိုတယ်။
တဖက်ကလည်း ပြည်ပရင်းနှီးမြှုပ်နံှမှုတွေ ပိုမိုဝင်ရောက်လာအောင် အထူးသဖြင့် အိမ်နီးချင်း နိုင်ငံတွေပေါ့။ ဗီယမ်နမ်တို့လို လာအိုတို့လိုနိုင်ငံတွေက ဘယ်လိုပုံစံနဲ့ ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်နေလဲဆိုတာလည်းသိဖို့ လေ့လာဖို့လိုတယ်။ နောက်တခု အရေးကြီးတာက ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ချည်းပဲမှီခိုလို့ ရှိရင်လည်း အဆင်မပြေဘူး။ ဒါကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုပေါ်မှာပဲ မှီခိုတာမဟုတ်ပဲနဲ့ ပြည်တွင်းရင်းနှီးမြှုပ်နှံမှုတွေ နဲ့ အချိုးအစားအလိုက် တိုးတက်လာအောင်၊ မြင့်တက်လာအောင် လုပ်ဖို့ လိုတယ်။
ပြည်ပရင်းနှီးမြှုပ်နှံမှုတွေပေါ်မှာပဲ မှီခိုလွန်းအားကြီးရင်လည်း စီးပွားရေးကမောက်ကမ ဖြစ်သွားတတ်တယ်။ အဲဒါကလည်း အရေးကြီးတဲ့ အချက်ပါ။ ဒါကြောင့် ရင်းနှီးမြှုပ်နှံမှုလို့ ပြောရင် ပြည်ပရင်းနှီးမြှုပ်နှံမှုကရော ပြည်တွင်းရင်းနှီးမြှုပ်နှံမှုရော ပေါင်းစပ်ပြီးတော့ ဖြစ်ပေါ်လာတဲ့ ရင်းနှီးမြှုပ်နှံမှု တွေကိုဘယ်လိုအချိုးညီစွာ ဘယ်လိုပုံစံနဲ့ စီးပွားရေးကဏ္ဍတွေကို ရင်းနှီးမြှုပ်နှံစေနိုင်မှာလည်း ဆိုတာပိုအရေးကြီးပါတယ်။
ရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်း မတိုးတက်လာခြင်း ဆိုသည်ထက် တိုးတက်လာရင်လည်း ဘယ်လိုကဏ္ဍက ပိုပြီးတိုးတက် လာသလဲ။ ကျနော်တို့ရဲ့ လိုအပ်နေတဲ့ အခြေခံအဆောက်အအုံတွေ၊ ကုန်ထုတ်လုပ်မှုကဏ္ဍတွေ၊ ဝန်ဆောင်မှုတွေပေါ့။ ဝန်ဆောင်မှုမှာမှ လုပ်သားတွေကို နည်းပညာလွဲပြောင်းနိုင်တဲ့ ကဏ္ဍတွေပေါ့။ ဒါတွေကိုဘယ်လောက်ထိ တိုးတက်အောင် လုပ်ပေးနိုင်သလဲဆိုတဲ့ အပေါ်မှာအရေးကြီးပါတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏလေး တိုးတက်ရုံသက်သက်နဲ့တော့ ဒါကိုတော့ ဒါလေးတိုးတက်လာပါတယ်လို့ ပြောလို့မရပါဘူးထင်တယ်။
ပြည်တွင်းရင်းနှီးမြှုပ်နှံမှု ဘယ်လောက်ထိ ပြောင်းလဲလာမလဲ။ ပြည်ပရင်းနှီးမြှုပ်နှံမှုဆိုတာ နိုင်ငံတကာက လာတာပဲသူတို့နိုင်ငံ အသီးသီးကပိုလျှံတဲ့ စုဆောင်းငွေ တွေကတဆင့် ရင်းနှီးမြှုပ်နှံမှု အဖြစ်ပြောင်းလာတာပဲ။ စင်ကာပူနိုင်ငံဆိုရင် သူတို့နိုင်ငံသားတွေရဲ့ ပိုလျှံငွေ စုဆောင်းငွေပေါ့ဗျာ။ စုဆောင်းငွေဆိုတာလည်း ဝင်ငွေရှိတယ်။ ဝင်ငွေကနေ အခွန်ထမ်းဆောင်မှု ရှိတယ်။ စားသုံးမှုကိုနူတ်လိုက်တယ်။ ဒါတွေရဲ့ ပိုလျှံတဲ့ငွေပေါ့ဗျာ။
ဒါတွေကိုလုပ်တဲ့နေရာမှာ ပြည်တွင်းဘဏ်စနစ်တွေ အခွန်စနစ်တွေ တခြားသောစနစ်တွေနဲ့ ပူးတွဲပြီးစဉ်းစားဖို့ လိုတာပေါ့နော်။ ရင်းနှီးမြှုပ်နှံမှု ဆိုတာကျနော်ပြောသလို ပြည်ပရင်းနှီးမြှုပ်နှံမှုပေါ်မှာပဲ မှီခိုလွန်းနေရင် မကောင်းဘူးလို့ ပြောချင်တာ။ အဲဒါလည်းအရေးကြီးတဲ့အချက်ပါ။
စောတာဒိုမှူး အထွေထွေအတွင်းရေးမှူး
ကရင်အမျိုးသား အစည်းအရုံး (KNU)
နှစ်ပေါင်း ၆၀ – ၇၀ လောက် စားပွဲဝိုင်းမှာ ထိုင်ပြီးတော့ ဆွေးနွေးနိုင်တဲ့ အခွင့်အလမ်းမရှိတဲ့အနေအထားကနေ စပြီးသွားတဲ့ အခါ ကြတော့ ဘယ်ကစပြီး သွားရမလဲဆိုတဲ့ စမှတ်ကနေပြီးတော့ သွားဖို့တော့ လိုတာပေါ့။ ကျနော်တို့ နိုင်ငံက လွတ်လပ်ရေး ရပြီးတာနဲ့ ပေါ်ပေါက်လာတဲ့ အစိုးရအမျိုးမျိုးတွေ ကနေပြီးတော့ အထူးသဖြင့် ကိုလိုနီ စံနစ်ကနေ သယ်ဆောင်လာတဲ့ လွတ်လပ်ရေး တိုက်ပွဲဝင်တဲ့ အတွေးအခေါ် အယူအဆတွေက ပုံစံအမျိုးမျိုးနဲ့ ဝင်လာရာက နေပြီးတော့ ဒီနှစ် ကာလ အပိုင်းအခြားတွေအပေါ်မှာ အတွေးအခေါ်အယူအဆ ပုံသွင်းမှုတွေက ကျနော်တို့ ကြားထဲမှာ နက်နက်ရှိုင်းရှိုင်းကြီး ဖြစ်နေတာပေါ့။
ကျနော်တို့ ရင်ဆိုင်နေရတာက လွတ်လပ်ရေးပြီးတာနဲ့ တိုင်းရင်းသားတွေတောင်းဆိုခဲ့တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ဆိုတဲ့ အခွင့်အရေးတွေပေါ့။ ဒါပေမယ့် လွတ်လပ်ပါတယ်ဆိုပေမယ့် အဲဒီအခြေခံတွေကို လစ်လျူရှုခဲ့တဲ့ဟာတွေက ဒီနေ့ အထိ သယ်ဆောင်လာတဲ့ အခါကြတော့ အဲဒီ အချက်အလက်တွေကိုပဲ ခက်ခဲတယ်လို့ မြင်ရင်တော့ အဲဒီခက်ခဲတဲ့ဟာကို အရင်ကိုင်တွယ်ပြီး ဖြေရှင်းဖို့ ညှိနှိုင်းဖို့ လိုပါလိမ့်မယ်။
ကျနော်တို့မှာ ဘုံရည်မှန်းချက်တွေ ပျောက်နေကြတယ်။ ဥပမာအားဖြင့် အစိုးရက နိုင်ငံကို ကောင်းစေချင်တယ်။ သူကောင်းစေချင်တယ် ဆိုပေမယ့် သူသွားချင်တဲ့ လမ်းကြောင်းနဲ့ တပ်မတော်ကလည်း နိုင်ငံကို ကောင်းစေချင်တယ်။ သူယူဆတဲ့ သူ့ရည်မှန်းချက်နဲ့ လမ်းကြောင်းနဲ့ EAOs (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ) တွေကလည်း နိုင်ငံကို တည်ငြိမ်ချင်တယ်။ အေးချမ်းချင်တယ်။ ကျနော်တို့ ယူဆတဲ့ အယူအဆတွေနဲ့ မတူညီတဲ့ ဦးတည်ချက်တွေ ရှိကြတယ်လို့ ယေဘုံယျပြောလို့ရတယ်။
ဘာကြောင့်လဲဆိုတော့ ကျနော်တို့ NCA ကို အခြေခံပြီး အဖြေရှာမယ်လို့ ပြောကြတယ်ဆိုပေမယ့် အမှန်တကယ်ကျနော်တို့ သွားနေတဲ့ ဘုံရည်မှန်းချက်က ပျောက်နေတယ်။ ကျနော်တို့မှာ ဘုံရည်မှန်းချက် မရှိဘူး။ ကျနော်တို့ EAOs ယူဆတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် Volume တွေက အစိုးရက လက်ခံထားတဲ့ Volume နဲ့ကွာလိမ့်မယ်။ တပ်မတော်လည်း ထိုနည်းလည်းကောင်းပဲ။ အဓိက ဒီသုံးဖွဲ့ရဲ့ မတူညီတဲ့ တန်ဘိုးတွေနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ် အပေါ်မှာ အခြေခံတဲ့ Volume တွေနဲ့ တခုနဲ့ တခုမတူကြတဲ့ အတွက်ကြောင့် ဒါတွေကို ညှိနှိုင်းဖို့လိုတယ်။
အဲဒီအပြင် ကျနော်တို့အားလုံး အတူတကွ ဘုံရည်မှန်းချက် ဘယ်လိုထားကြမလဲ ဒီနိုင်ငံကို ကျနော်တို့ ကာလ တခုရောက်ရင်တော့ အောင်ကို အောင်မြင်ရမယ်။ ငြိမ်းကို ငြိမ်းချမ်းရမယ် ဒါပေမယ့် ဒီလိုမတူညီတဲ့ ကာလကနေ စပြီးတော့ ဘယ်နေရာကနေဘယ်လို ဘုံရည်မှန်းချက်ကို ဘယ်နှခုနဲ့ ဘယ်လိုသွားကြမလဲဆိုတာကို သွားသင့်တာပေါ့။ အဲဒီအတွက်ကြောင့် ဘုံရည်မှန်းချက် ပျောက်နေတယ်လို့ ပြောရင်တော့ မမှားဘူးထင်ပါတယ်။
ဒေါ်ညိုညိုသင်း (ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း)
သူ့အနေနဲ့ အခက်အခဲတွေကိုပြောသွားတာကလည်းဒါက ကြုံတွေ့ရတဲ့ အခက်အခဲအမှန်ပဲလေ။ ရိုးရိုးသားသားပဲ ပြောသွားတယ်လို့ပဲ မြင်ပါတယ်။ ဒါပေမယ့် မိန့်ခွန်းဆိုတာကတော့ ကြားကောင်းအောင် ပြောတာတွေလည်း အများကြီးရှိတာပဲ။ မေးခွန်းထုတ်စရာတွေလည်း အများကြီးရှိတာပဲ။ ဒါပေမယ့် သူ့ရဲ့မိန့်ခွန်းကို ကြည့်ရတာတော့ သူအရင်ကတည်းက ယုံကြည်ထားတဲ့အတိုင်းပဲ ပြောတယ်ဆိုတာ ထင်ရှားတယ်။ အရင်တမျိုး အခုတမျိုး ပြောတာမျိုးမဟုတ်ဘူး။ အရင်တုန်းကလည်း ဒီအတိုင်းပဲပြောတယ်။ အခုလည်းဒီအတိုင်းပဲပြောတယ်။ သူ့ရဲ့ခံယူချက်အတိုင်းပဲ ပြောတာဖြစ်တဲ့အတွက် သိပ်ပြီးထူးထူးခြားခြားမရှိဘူး။
ဒါပေမယ့် ထူးထူးခြားခြားရှိတဲ့အပိုင်းကဘာလဲဆိုတော့ ၂၅ ရာခိုင်နှုန်းကိုလွှတ်တော်ထဲက ဖယ်နိုင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ အပိုင်းပေါ့။ အဲဒီအပိုင်းလေးပဲထူးဆန်းတာ တခုရှိတယ်။ အခုအတိုင်းဆိုရင် လွှတ်တော်ထဲက ၂၅ ရာခိုင်နှုန်းဖယ်ဖို့က နိုင်ငံအရေး အရလည်းစစ်တပ်နဲ့ အရပ်ဖက် ဆက်ဆံရေးက ဒီလောက်မကောင်းဘူး။ အထူးသဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆက်ဆံရေး ဒီလောက်ကောင်းတယ်လို့ အန်တီတို့ သိမထားဘူး။ တပ်မတော်နဲ့ ဆက်ဆံရေး မကောင်းတဲ့ အချိန်မှာ ဒီလိုမျိုး ၂၅ ရာခိုင်နှုန်းကို ဖယ်နိုင်အောင် ကြိုးစားမယ်လို့ ပြောတာလေး တခုကတော့ အရမ်းကိုစိန်ခေါ်မှုတခုကို စတင်လိုက်တာပဲပေါ့။
ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေးလေ့လာသုံးသပ်သူ)
လက်ရှိ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဟာ ရှုပ်လည်းရှုပ်ထွေးတယ်။ သိမ်လည်းသိမ်မွေ့တယ်။ ထိလွယ်ရှလွယ်တဲ့ အနေအထားမျိုးမှာ ရှိနေတယ်လို့ သုံးသပ်တယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြပ်အတည်းနဲ့ပတ်သက်ပြီးထည့်သွင်းပြောသွားတာကိုတွေ့ရတယ်။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုတဲ့ လမ်းကြောင်းပေါ်မှာလက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ အကြပ်အတည်းတခု ဖြစ်နေတယ်။ အဲဒီအကြပ်အတည်းကို ကျော်ဖြတ်နိုင်မှ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အပြောင်းအလဲဟာ လမ်းကြောင်းမှန်ပေါ် ရောက်နိုင်မယ်လို့ မြင်တယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ အကြပ်အတည်းကျော်လွှားနိုင်ဖို့နဲ့ ပတ်သက်လို့ရှိရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေတဲ့ အစိုးရပိုင်းပုဂ္ဂိုလ်တွေ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်ပိုင်းက တာဝန်ရှိသူတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ခေါင်းဆောင်တွေ၊ တိုင်းရင်းသား နိုင်ငံရေးပါတီခေါင်းဆောင် တွေ အဲဒီသုံးဦး သုံးဖလှယ်ကြားမှာ နိုင်ငံရေးအရ သဘောတူညီချက် တရပ်ကိုရတဲ့အထိ အကြိတ်အနယ် ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ မြင်တယ်။ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ ပုံစံ။
ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တပ် မတော်နဲ့ တိုင်းရင်းသားတွေကြားမှာ နိုင်ငံရေးအရအကြိတ်အနယ် တွေ့ဆုံဆွေးနွေး အဖြေရှာခဲ့တဲ့ သာဓကမျိုးမတွေ့ရဘူး။ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ ၂၀၁၅ မှာအနိုင်ရပြီးအစိုးရဖွဲ့နိုင်တယ်။ လွှတ်တော်ထဲမှာလည်း ကိုယ်စားလှယ် အများစုရထားတဲ့ ကာလမှာတောင် သုံးပွင့်ဆိုင် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုမျိုး မလုပ်နိုင်ဘူးဆိုရင် နောက် နောင် လုပ်နိုင်ဖို့ အလားအလာနည်းသထက် နည်းသွားမယ်လို့ မြင်တယ်။
မြန်မာပြည်ရဲ့ ဒီမိုကရေစီအပြောင်းအလဲဟာစိန်ခေါ်မှုတွေ အကြပ်အတည်းတွေကြားမှာပိတ်မိနေဆဲ ဖြစ်တယ်ဆိုတာကို နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း သိစေချင်တယ်။ နောက်ပြီး ပြည်တွင်းမှာရှိနေတဲ့ ဒီမိုကရေစီအပြောင်းအလဲကို ဝန်းရံ ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကိုလည်းသိစေချင်တဲ့ အဓိကရည်ရွယ်ချက်လို့ မြင်တယ်။ အဓိကကတော့ နိုင်ငံတကာ အသိုင်းအဝန်းကိုပိုပြီး သိစေချင်တဲ့သဘောမျိုးလို့ မြင်တယ်။
မြန်မာနိုင်ငံရဲ့ တကယ့် ဒီမိုကရေစီအပြောင်းအလဲမှာအရေးကြီးဆုံးအလှည့်အပြောင်းဟာ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေး မှုပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်လည်းပြောတယ်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တယ်။ ပြည်သူလူထုကို မနစ်နာစေတဲ့ လမ်းကြောင်းနဲ့ ဒီအပြောင်းအလဲကိုဖော်ဆောင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပြောတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံရဲ့ အကြပ်အတည်းတွေ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့ ဆိုရင် ဒီအဆုံးအ ဖြတ် ပေးနိုင်တဲ့ ခေါင်းဆောင်တွေကြားမှာ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာတာ ပိုပြီးထိရောက် အလုပ်ဖြစ်မယ်လို့ ထင်တယ်။ ၂၁ ရာစုပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံလမ်းကြောင်းကနေ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကြပ်အတည်းကို အဖြေရှာနိုင်တဲ့ ထွက်ပေါက် မဖြစ်လာနိုင်ဘူးလို့ မြင်တယ်။
ဒေါ် အေးနုစိန် ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ
ဒါဟာလူမျိုးရေးနဲ့ ဘာသာရေးကို အခြေခံပြီးတော့ ဖြစ်ကြတယ်ဆိုတဲ့အချက်ကတော့ အန်တီတို့နဲ့ မတူဘူး။ အန်တီတို့ အမြင်ကတော့ ဒါဟာ လူမျိုးရေးဘာသာရေးကိစ္စမဟုတ်ဘူး။ နာမည်သစ်တခုနဲ့ တိုင်းရင်းသားဖြစ် ချင်တဲ့ ဆန္ဒကို စောင်းပေးပြီးတော့ နယ်မြေလိုချင်တဲ့ ဆောင်ရွက်ချက်ဖြစ်တယ်ဆိုတာ အန်တီတို့ရဲ့ သုံးသပ်ချက်ပဲဖြစ်တယ်။ ကိုဖီအာနန် ကော်မရှင်နဲ့ ပတ်သက်လို့က အန်တီတို့ရခိုင် အမျိုးသားပါတီ အနေနဲ့ ကော်မရှင်ဖွင့်မယ်ဆိုကတည်းကကို ဒါဟာ ပြည်တွင်းရေးကို နိုင်ငံတကာပုံစံမျိုးဖြစ်အောင် ပုံဖော်လိုက် တယ်ဆိုတာမျိုးနဲ့ အန်တီတို့က အကြိမ်ကြိမ်ကန့်ကွက်ခဲ့တယ်။ ကိုဖီအာနန်ကော်မရှင်အစီရင်ခံစာအပြီး နောက်တရက်မှာ စခန်း ၃၀ကို ဝင်တိုက်တဲ့အကြမ်းဖက်တဲ့ကိစ္စတွေ ဖြစ်ခဲ့တာပေါ့။
ဒီအစိုးရဖွဲ့တာနဲ့ အန်တီတို့ပါတီနဲ့ ကန့်ကွက်တာနဲ့ ရခိုငိအမျိုးသားတွေခံယူထားတာနဲ့က အဲ့ဒီကိစ္စမှာ သဘောထား ကွဲလွဲမှုတွေ ရှိတယ်။ ကိုဖီအာနန်ကော်မရှင်တုန်းကလည်း အန်တီတို့ပါတီက ကန့်ကွက်ဆန္ဒပြတာတွေရှိတယ်။ အန်တီတို့က ပုဂ္ဂိုလ်ရေး အရသွားတွေ့တာတို့ဘာတို့တော့ရှိတယ်။ ဒါပေမယ့် မူအားဖြင့်တော့ ကိုယ့်ပြည်တွင်းရေးကိစ္စကို နိုင်ငံတကာပုံစံမျိုးဖြစ်အောင် ပုံဖော်လိုက်တာမျိုး မကြိုက်ဘူးဆိုတာမျိုးတွေကို သဘောမတူဘူး ဆိုတာမျိုး တွေကို အန်တီတို့ဘက်က တစိုက်မတ်မတ်ကန့်ကွက်ခဲ့တယ်။
ဦးမောင်မောင်စိုး နိုင်ငံရေးလေ့လာသုံးသပ်သူ
ကိုဖီအာနန်ရဲ့ အကြံပြုချက်စာတမ်းထဲက ၈၈ ချက်ထဲက ၈၁ ချက်လောက်ကို လုပ်ပြီးပြီလို့ ပြောတယ်။ ဘာတွေ လုပ်ပြီးပြီလဲ ဆိုတာတော့ အသေအချာတော့ ဖော်ပြထားခြင်းမရှိတော့ မသိပါဘူး။ ဒါပေမယ့် အဓိကအချက်ကတော့ ကိုဖီအာနန်ရီပို့ထဲမှာ ပါတာက ဘာလဲဆိုတော့ ရခိုင်ပြဿနာဖြေရှင်းတဲ့နေရာမှာ ရခိုင်လူ့အဖွဲ့အစည်းက ကိုယ်စားလှယ်တွေရော ဘင်္ဂလီမွတ်စလင် အဝန်းအဝိုင်းက ကိုယ်စားလှယ်တွေရော ပါဝင်ဖို့လိုတယ်ဆိုတဲ့ ပြဿနာပါ။ ဒါပေမယ့် ဒီနေ့အချိန်အထိ ကော်မတီတို့၊ ကော်မရှင်တို့ ဘာတို့ ဖွဲ့တာ ၁၁ ခုလောက် ရှိပြီ။ လက်တွေ့ဖြေရှင်းတဲ့အထဲမှာ အဲ့ဒီလူ့အဖွဲ့အစည်းက လူတွေမပါဘူး။
အဲ့တော့ မွတ်စလင်တွေက ဟိုဘက်ပြေးနေလို့ မပါသေးဘူးလို့ ပြောလို့ရတယ်။ သို့သော်ရခိုင် လူ့အဖွဲ့အစည်း အဝန်းအဝိုင်းက ဒီဘက်မှာ ရှိတယ်။ သူတို့ ရွေးထားတဲ့ခေါင်းဆောင်တွေလည်း ရှိတယ်။ ဒါပေမယ့် တနှစ်ရှိပြီ ဒီလူတွေကို ခေါ်ပြီး ဆွေးနွေးတာ ရခိုင်အရေးနဲ့ ပတ်သက်ပြီးတော့ ဖြေရှင်းဖို့အတွက် ထည့်တာ မရှိဘူး။ အဲ့တော့ ဒီပြဿနာကို ဖြေရှင်းရင် ဒီလူတွေ မပါပဲနဲ့ ဘယ်လိုမှ မဖြေရှင်းနိုင်ဘူး။ ကျနော်တို့က မြန်မာပြည်မကနေပြီးတော့ ဘယ်လိုနေလို့ ပြောလို့မရဘူး။ သူတို့ကိုယ်တိုင် ဘယ်လိုနေမှ ဖြစ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ချမှ ဖြစ်မယ်။ ပြဿနာဖြေရှင်းနိုင်မယ်။ အဲ့လိုဆုံးဖြတ်ချချနိုင်အောင်လည်း သူတို့ကိုယ်တိုင် ပါဝင်ဖို့လိုတယ်။ ဒီနေ့အထိ အဲ့ဒါ မတွေ့ရသေးဘူး။ အဲ့ဒါကလည်း ကိုဖီအာနန်ကော်မရှင်အစီရင်ခံစာရီပို့ထဲမှာ အရေးကြီးတဲ့ အကြံပြုချက်ဖြစ် ပါတယ်။
အဲ့ဒါကိုလည်း ဒီနေ့အကောင်အထည်ဖော်နိုင်တာ မတွေ့ရသေးတဲ့အတွက်ကြောင့်မို့ ကိုဖီအာနန် အစီရင်ခံစာ အကောင် အထည်ဖော်တာလို့ပဲ ပြောပြော ရခိုင်ပြဿနာကို ဖြေရှင်းတာလို့ ပြောပြော အားနည်းချက်ကတော့ အဲ့ဒီအားနည်းချက်ကို ပြင်ဖို့လိုအပ်တယ်လို့ ထင်ပါတယ်။ အဲ့ဒါမဖြေရှင်းနိုင်သေးသရွေ့ ပြဿနာဖြေရှင်းဖို့ ခက်ခဲနေဦးမယ်ထင်ပါတယ်။
ဦးဖေသန်း – ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
တပ်မတော်နဲ့ အမျိုးသားရင်ကြားစေ့ရေးကို သူကသွားချင်တာပေါ့။ အဲဒီလို သူ့ဘက်က ကြိုးစားတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အကျိုးစီးပွားချင်းက မတူဘူးလေ။ အခုနက ပြောသလို တပ်မတော်က ၂၅ ရာခိုင်နှုန်းကို လွှတ်တော်ကနေ ထုတ်ပစ်မယ် ဆိုတာက တပ်မတော်ရဲ့ သေရေးရှင်ရေးဖြစ်နေတယ်လေ။ တပ်မတော်က ဖွဲ့စည်းပုံကို ကာကွယ် စောင့်ရှောက်ရမှာတို့ ၊ အဲဒီဖွဲ့စည်းပုံအရပဲ နိုင်ငံရေးမှာ အဓိက ဦးဆောင်ပါဝင်ရမှာတို့၊ အဲဒီလိုရှိနေလို့ ၂၅ ရာခိုင်နှုန်းကို ထားတာကို၊ ဒီဥပဒေကို ပြင်ဆင်ဖို့ ဆိုတာက တပ်မတော်ရဲ့ ပါဝင်မှု ဖြေလျှော့မှု မရဘဲ လုံးဝကို ပြင်လို့မရတဲ့အနေအထား။ ဆိုတော့ တပ်က သူ့ အကျိုးစီးပွားအတွက် ဖွဲ့စည်းပုံကို ကြိုက်သလို မပြောင်းလဲအောင် လုပ်လို့ရတာပေါ့။ ဆိုတော့ တပ်မတော်ရဲ့ ဦးဆောင်မှု အခန်းကဏ္ဍကို ပယ်ဖျက်မယ်ဆိုရင် တပ်မတော်က လက်ခံဖို့ဆိုတာ စိတ်ကူးယဉ်သဘောလောက်ပဲ ဆန်ပါလိမ့်မယ်။
တပ်မတော်က ပြောသွားတယ်။ နိုင်ငံငြိမ်းချမ်းတဲ့အခါ ပြည်တွင်းစစ်တွေ ငြိမ်းချမ်းတဲ့အခါမှ တဖြည်းဖြည်း နိုင်ငံရေးထဲက နောက်ဆုတ်သွားမယ်ဆိုတဲ့ စကားမျိုးကို ပြောထားတယ်။ ဆိုတော့ အခုအချိန်မှာ အဲဒါတွေ ဖြစ်မလာသေးဘူး။ တပ်မတော်ဟာ သူတို့ပြောတဲ့အတိုင်း နိုင်ငံငြိမ်းချမ်းရေးမရခင်၊ နိုင်ငံတည်ငြိမ်မှုမရခင်မှာတော့ လွှတ်တော်ထဲကနေ ဆုတ်ဖို့ ဆိုတာက မျှော်လင့်ချက်တော့ရှိတယ်။ တပ်ကတော့ အဲဒါကို လုံးဝလက်ခံနိုင်တဲ့ အခြေအနေအထိ မရောက်သေးဘူးလို့ ကျနော် ယူဆတယ်။ အဲဒါကြောင့် သူ့ဘက်က ကြိုးပမ်းပေမယ့် ဒီဘက်က ပူးပေါင်းဆောင်ရွက်မှု လိုက်လျောမှု ဆိုတာက ရှိမယ်လို့ မထင်ဘူး။ အများကြီးသွားရဦးမယ်။ အများကြီး ခရီးရှည်လျှောက်ရဦးမယ်လို့ ကျနော်မြင်ပါတယ်။
ဦးရည်မွန်(ခ) မောင်တင်သစ် – ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
စိတ်ကူးယဉ် မဆန်ပါဘူး။ အခြေခံဥပဒေပြင်ဆင်ရေးဟာ ကျနော်တို့နိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ဆက်စပ်ထားတဲ့ ကိစ္စဗျာ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကလည်း ဖြည်းဖြည်းနဲ့ မှန်မှန်တော့ သွားနေတယ်။ လာမယ့် တနှစ်ခွဲအတွင်းမှာ ရလဒ်ကောင်း ပေါ်ထွက်ဖို့ မျှော်လင့်ထားတာဆိုတော့ အခြေခံဥပဒေကို ဒီအစိုးရသက်တမ်းအတွင်းမှာ မပြင်နိုင်သေးဘူးဆိုရင်တောင်မှဘဲ ပြင်နိုင်ဖို့အတွက် လမ်းစ အခွင့်အလမ်း ဒီအစိုးရလက်ထက်မှာ ပေါ်လာနိုင်တယ်လို့ မြင်ပါတယ်ဗျ။
နိုင်ငံရေးဆိုတာက တခုနဲ့တခု ကြောင်းကျိုးပြုနေတဲ့ ဖြစ်စဉ်ဆိုတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြည်ထောင်စု သဘော တူညီချက် အရေးကြီးတဲ့ ကိစ္စတွေ ကောင်းကောင်းမွန်မွန် ရလိုက်ပြီဆိုတာနဲ့ အခြေခံဥပဒေပြင်ဆင်ရေးဟာ လမ်းပွင့်သွားမှာပဲ။ ဆိုတော့ ဒါဟာ အချိန်သိပ်အများကြီး ကြာစရာအကြောင်းမရှိဘူးလို့ ထင်ပါတယ်။ ပြောရမယ်ဆိုရင်တော့ ခန့်မှန်းခြေ ၃ နှစ်ဝန်းကျင်မှာကို အခြေခံဥပဒေပြင်နိုင်မယ့် အနေအထားရှိမယ်လို့ ကျနော်ထင်ပါတယ်။
ဒေါ်ထုမေ – အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဒီမိုကရက်တစ်နိုင်ငံတွေမှာ ဒီမိုကရေစီလို့ပြောတဲ့ နိုင်ငံတွေမှာ အစိုးရတရပ်ကို ကိုင်တွယ်မယ်ဆိုရင် လွှတ်တော်သည် ဥပဒေပြု မဏ္ဍိုင် အခိုင်မာဆုံး မဏ္ဍိုင်ဖြစ်ရမယ်။ အခိုင်မာဆုံးမဏ္ဍိုင်ကို တက်ရောက်လာသူတွေက အဲဒီနိုင်ငံမှာပဲပါတီစုံဖြစ်ရမယ်။ ပါတီစုံက ကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ၊ ပြည်နယ်နဲ့ တိုင်းလွှတ်တော်များကိုရောက်ရမှာ၊ ပြည်သူရွေးချယ် တင်မြှောက်တဲ့ ကိုယ်စားလှယ်တွေ ၁၀၀ ရာခိုင်နှုန်းရှိတဲ့ နိုင်ငံရဲ့ ပါလီမန်ကိုမှ ဒီမိုကရေစီနိုင်ငံလို့ ခေါ်မှာပါ။
အဓိကကတော့ ဆိုလိုချင်တဲ့ သဘောကဘယ်အဖွဲ့အစည်းမဆို၊ ဘယ်သူမဆိုတာဝန် ၂ မျိုးထမ်းဆောင်လို့ မရဘူး။ တပြိုင်နက်ထဲမှာ ဝန်ဆောင်မှု ၂ ခုပေးလို့ မရဘူး။ တပြိုင်နက်ထဲမှာလည်း အစိုးရမဖြစ်နိုင်ဘူး။ လွှတ်တော်ဆိုတာက ရွေးကောက်ခံ ကိုယ်စားလှယ်များနဲ့ ရှိသင့် ရှိအပ်တဲ့နေရာဖြစ်တယ်။
ဒါမှသာဒီမိုကရေစီနိုင်ငံလို့ ခေါ်မှာပါ။ ၂၀၂၀ မှာလုပ်နိုင် မလုပ်နိုင်ကိုအတိအကျ မပြောနိုင်ပေမယ့် သုံးသပ်ကြည့်ရင် ကြိုးစားရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီမိုကရက်တစ် အုပ်စုတွေ ကြိုးပမ်းရမယ်။ ပြီးတော့ ပါတီဘက်က အပြောင်းအလဲဘက်ကို ကြိုးပမ်းမယ်ဆိုရင် မဖြစ်နိုင်စရာမရှိပါဘူး။