ဒေါ်လာဈေးတွေ စံချိန်ကျိုးအောင် တက်တဲ့အခါ

မျိုးပပစန်း
--
Want create site? Find Free WordPress Themes and plugins.

နိုင်ငံ၏ စီးပွားရေး အခြေအနေ ကောင်းမွန်မှု ရှိမရှိမှာ နိုင်ငံခြားငွေ လဲလှယ်နှုန်း တည်ငြိမ်မှု အခြေအနေနှင့်လည်း တိုက်ရိုက် ဆက်နွှယ်လျက် ရှိသည်။ မြန်မာနိုင်ငံ၌ ဇွန်လပိုင်းကတည်းကပင် အမေရိကန်ဒေါ်လာ လဲလှယ်မှုနှုန်းမှာ စံချိန်တင် မြင့်တက်လာခဲ့ပြီး ယခု သြဂုတ်လ အထိ အမြင့် အနေအထား၌ပင် ရှိနေသေးသည်။

ဒေါ်လာဈေး မြင့်တက်လာမှုကြောင့် သွင်းကုန် အားကိုးမှု ပြုနေရသည့် မြန်မာနိုင်ငံ အတွက် နောက်ဆက်တွဲ ရိုက် ခတ်မှု အနေနှင့် လုပ်ငန်းသုံးကုန်၊ လူသုံးကုန်များတင် သာမက စားသောက်ကုန် ဈေးနှုန်းများပါ မြင့်တက်လာခဲ့သည်။ ဒေါ်လာဈေးမြင့်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းနေသည့် အပေါ် ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူများ၊ ပြည်သူ များနှင့် ပညာရှင်များက ဝေဖန်မှုများ ဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံ၌ ငွေကြေးနှင့်ပတ်သက်၍ တာဝန်အရှိဆုံး ဖြစ်သည့် ဗဟိုဘဏ်သည် ဒေါ်လာဈေး တည်ငြိမ်မှုရှိစေရန် အ တွက် သြဂုတ်လဆန်းက စတင်၍ ယခင် ခေတ်အဆက်ဆက်က ကျင့်သုံးခဲ့သည့် ရည်ညွှန်းငွေ လဲလှယ်နှုန်း ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်ကို ပယ်ဖျက်လိုက်ပြီး နှုန်းရှင် စနစ် ပြောင်းလဲ ကျင့်သုံးခဲ့သည်။

ထို့ပြင် ပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံ ညှိနှိုင်းခြင်း၊ ပုဂ္ဂလိက ဘဏ်များသို့ ဒေါ်လာ ရောင်းချပေးခြင်း၊ ဒေါ်လာချေးပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ဒေါ်လာဈေး တည်ငြိမ်မှုရှိစေရန် နည်းလမ်းများစွာဖြင့် ကြိုးပမ်းလျက် ရှိသည်။

သို့သော် ယနေ့ သြဂုတ် ၂၄ ရက် နေ့လယ် အချိန်အထိ ဒေါ်လာပေါက်ဈေးမှာ ဗဟိုဘဏ်နှုန်းထား ၁၄၈၈ ကျပ် နှင့် ပုဂ္ဂလိက ဘဏ်များ၌ ၁၅၃၀ ကျော်၊ ပြင်ပဈေးကွက် ပေါက်ဈေး ၁၅၂၀ ကျော်နှုန်းထား တို့ဖြင့် စံချိန်တင် မြင့်တက် နေသည့် အခြေအနေ၌ ပင် ရှိနေသေးသည်။

ယခုကဲ့သို့ ဒေါ်လာဈေးနှုန်း မြင့်တက်နေခြင်း အပေါ် တွေ့ကြုံခံစားရသည့် အခက်အခဲ၊ အခြေအနေများ၊ အလား အလာတို့နှင့် ပတ်သက်၍ ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင်များကို ဧရာဝတီ သတင်းထောက် မျိုးပပစန်းက တွေ့ဆုံ မေးမြန်းထားပါသည်။

ဒေါက်တာ မြင့်စန်း
ဘောဂဗေဒ ပညာရှင်

ဒေါ်လာ ဈေးတက်ပြီး ကျပ်ငွေ တန်ဖိုးကျတဲ့ ကိစ္စကို စောင့်ကြည့်နေတယ်။ ဒါက ဘယ်သူတွေ အပေါ်မှာ အကျိုးသက် ရောက်မှု ရှိမလဲ။ ဒါက မြန်မာနိုင်ငံမှာ ဆိုရင် ကျနော်တို့က အစိုးရ အဖွဲ့အစည်းတွေ ရှိတယ်။ အစိုးရလုပ်ငန်းရှင်တွေ ရှိ တယ်။ နိုင်ငံခြားအဖွဲ့အစည်းတွေ ရှိတယ်။ ကျေးလက်ပြည်သူတွေရှိတယ်။ ဒီဒေါ်လာဈေးအတက်အကျက ဘယ်ပေါ် မှာ အကျိုးသက်ရောက်မှုရှိလည်း ကြည့်ဖို့ လိုတယ်။

ဥပမာအားဖြင့် ကျနော်တို့ သွင်းကုန်တွေပေါ်မှာ အကျိုးသက် ရောက်မယ်။ သွင်းကုန် ဈေးနှုန်းတွေ မြင့်တဲ့အတွက် ပေး ရတဲ့ ကျပ်ငွေ တန်ဖိုးတွေ များလာတယ်။ နောက်တခုက စွမ်း အင်ဈေးနှုန်းတွေ တက်မယ်။ ဒါဆိုရင် သယ်ယူပို့ဆောင် ခတွေ တက်မယ်။ အဲဒီလိုဆိုရင် ကုန်ဈေးနှုန်း တက်မယ်။ ဒါက သူဋ္ဌေးအပေါ်မှာ သက်ရောက်တာ မသိသာပေမယ့် ဆင်းရဲသားတွေ အပေါ်မှာ ကုန်ဈေးနှုန်းတက်လာရင် အဲဒီဒဏ်ကို ခံနိုင်ပါ့မလား။ မြင့်တက်မှုက ကာလတိုလား၊ ကာ လရှည်လား။ ကာလတို ဆိုရင် ကိစ္စမရှိဘူး။ ကာလရှည် ဆိုရင် ပြည်သူက ဒီဒဏ်ကို ခံနိုင်ပါ့မလား။

ဒီပြဿနာကတော့ ပြင်ပ ပြဿနာပေါ့နော်။ အမရိကန်နဲ့ တရုတ်ကုန်သွယ်ရေးကနေ အမေရိကန်က ပေါ်လစီကို ကိုင်စွဲတာကနေ စတာပေါ့။ ဒီကုန်သွယ်မှုစစ်ပွဲက ဘယ်လောက်အထိ ကျယ်ပြန့်လာမလဲပေါ့။ တရုတ်နဲ့ တင်မကဘူး ဥရောပ နိုင်ငံတွေက စစ်ပွဲတွေ ဆင်နွဲလာမယ် ဆိုရင် ကျယ်ပြန့်လာမှာပေါ့နော်။ အခြား တိုင်းပြည်တွေမှာလည်း ဒေါ် လာ ဈေးတက်တဲ့အတွက် ကျပ်ငွေတန်ဖိုးတွေ ကျတယ်။

တခြားနိုင်ငံက ဒီလောက်ထိ မခံရဘဲနဲ့ ဒေါ်လာဈေး တက်လို့ ကျနော်တို့ တိုင်းပြည်က ဘာလို့ ဒီလောက်ထိ ခံရလဲ ဆို တော့ ကျနော်တို့ စီးပွားရေးက သေးတယ်။ အရမ်း အားနည်းတယ်။ ကလေးတယောက်လို ကျန်းမာရေး ကောင်းမယ် ဆိုရင် ပြင်ပ ကူးစက်မှု ရောဂါဒဏ်ရော ခံနိုင်တယ်။ ကူးစက်လို့မရဘူး။ ကလေးက ကျန်းမာရေး မကောင်းဘူး။ ချူချာ တယ်ဆိုရင် ပြည်ပက ရောဂါဝင် လာတာနဲ့ ကူးသွားမှာပဲ။ ကျနော်တို့ စီးပွားရေးက ကျန်းမာသန်းစွမ်းတဲ့ စီးပွားရေး လား၊ အားနည်းတဲ့ စီးပွားရေးလား ဆိုတာ စဉ်းစားရမယ်။

ပထမတော့ နိုင်ငံခြားငွေ လဲလှယ်နှုန်းက ဇူလိူင်လ လောက်ထိကို ၁၃၅၀ ကျပ်ဝန်းကျင် ထိန်းထားနိုင်တယ် ဆိုတော့ မဆိုးဘူးလို့ ယူဆတယ်။ ဒါပေမယ့် ဒီနှစ်ဆိုရင် အရေးကြီးတယ်ဆိုတာ အကျပ်အတည်း ဖြစ်တယ်။ ပြင်ပ ရှော့ခ် ဆို တာ ဥပမာ စွမ်းအင် ဈေးနှုန်းတွေ တက်တယ်။ ဒေါ်လာ ဈေးနှုန်းတွေ တက်တယ်။ ဒါတွေကို ဘယ်လို ကုစားမလဲ။ ဒါ တွေက အရမ်း အရေးကြီးတယ်။ ဒါတွေ ဝင်လာရင် ကုစားမယ့် နည်းလမ်းတွေ စဉ်းစားသင့်တယ်။ ဖြစ်လာမှ အဖေ ကယ်ပါ၊ အမေ ကယ်ပါ လုပ်တာမျိုးက သိပ်မကောင်းဘူး။

စီးပွားရေးက မတိုးတက်ဘူး။ တကယ်လို့ တိုးတက်မှု မရှိဘူးဆိုရင်တောင် တည်ငြိမ်အောင် ထိန်းထားနိုင်ရင် မဆိုးဘူး။ မထိန်းထားနိုင်ဘူးဆိုရင် ကုန်ဈေးနှုန်းတွေ တက်မယ်။ဒေါ်လာဈေးတွေ တက်မယ်။ ပြည်သူတွေ အတွက် စားဝတ်နေ ရေး အခက်အခဲတွေ ဖြစ်မယ်ဆိုရင် မတည်ငြိမ်မှု ဖြစ်သွားမယ်။

NLD အစိုးရလက်ထက်မှာ တော်တော်များများ စီးပွားရေး မကောင်းဘူး အော်နေကြတယ်။ တကယ်ပဲ မကောင်းတာ လား။ လုပ်ငန်းရှင်တွေက လုပ်ရကိုင်ရ အဆင်မပြေဘူး။ မပြေရင် အိမ်ထောင်စုပေါ်မှာ အကျိုးသက်ရောက်မှု တကယ် ဖြစ်လာပြီလား ဆိုတာ ကိုင်တွယ်သင့်တယ်။

မြန်မာနိုင်ငံရဲ့ ဈေးကွက် အခြေအနေအရ တခြားပညာရှင်တွေလည်း ပြောပါတယ်။ တခြားတိုင်းပြည်နဲ့ မတူဘူး။ ကျ နော်တို့ရဲ့ဈေးကွက် စီးပွားရေးက ပီပြင်တဲ့ ဈေးကွက်စီးပွားရေး မဖြစ်သေးဘူး။ နောက်တခုက ဘဏ္ဍာရေး၊ ငွေရေး ကြေးရေးနဲ့ ပတ်သက်တဲ့ အဖွဲ့အစည်းတွေက ပြည့်ပြည့်စုံစုံ မရှိသေးဘူး။

ဦးဆန်းဝင်း
နိုင်ငံခြားငွေကြေး ဈေးကွက် လေ့လာသူ

ဒေါ်လာဈေး တနေ့ထက် တနေ့ တက်လာတဲ့ အကြောင်းကတော့ ပြည်တွင်းမှာ ကစားတဲ့သူ များတယ်။ ဒီနေ့ ဝယ်ရင် မနက်မြတ်တယ် ဆိုပြီးတော့ ကစားတဲ့သူတွေ များလာတယ်။ မရိုးသားမှုတွေပေါ့။ ဒီရက်ထဲမှာ ဗဟိုဘဏ်ကတော့ ရည်ညွှန်းကိန်း ဒသမ ၈ ကို ဖျက်သိမ်းလိုက်တယ်။ ဒါပေမယ့် အဲဒီလို တရားဝင် မကြေညာခင်ကလည်း ဗဟိုဘဏ်ရဲ့ ရည်ညွှန်းကိန်းက လွတ်လပ်စွာ ပြင်ပဘဏ်တွေ ပေးလုပ်တာပဲ။ ဒါနဲ့တော့သက်ရောက်မှု မရှိဘူး။ နဂိုထဲက တောက် လျှောက် တက်နေတာ။ အဲဒီလိုမျိုး တရားဝင် ဖျက်သိမ်းလိုက်တဲ့အတွက် လွတ်လပ်စွာ လုပ်ကိုင်ခွင့်တော့ ရသွား တယ်။ မထူးပါဘူး။

တရားမဝင် ဈေးကွက်ကလည်း ဒါတရားဝင် ကြေညာလို့ ပျောက်သွားမယ် ဆိုတာတော့ မရှိဘူး။ ပြည်တွင်း ရောင်းတဲ့ ပုဂ္ဂလိကဘဏ်တွေကလည်း လိုသလောက် ရောင်းတာ ဝယ်တာလည်း မလုပ်ပေးနိုင်ဘူး။ အစိုးရကလည်း မလုပ်ပေး နိုင်ဘူး ဒါကြောင့် ဖြစ်တယ်။ ပျောက်ဖို့ဆိုတာက အချိန်တော်တော်ကို ယူရအုံးမယ်။ ဒေါ်လာဈေး တက်တဲ့နှုန်းက အရမ်း ကြမ်းတယ်။ မြန်မာနိုင်ငံ ဒေါ်လာ သမိုင်းတလျှောက်မှာတော့ အခုက အမြင့်ဆုံး တက်နေတာပဲ။

ဈေးကွက်မှာလည်း ဒေါ်လာဈေးသာ တက်တာ ပစ္စည်းကလည်း ပျောက်သွားတယ်။ စိုးရိမ်စရာကတော့ အခုက တော်တော် ဈေးမြင့် သွားတော့ စီးပွားရေး အနေနဲ့ပဲ ကြည့်ကြည့်၊ နိုင်ငံရေး အနေနဲ့ပဲ ကြည့်ကြည့် ဒါက နိုင်ငံအတွက် မကောင်းဘူးပေါ့။

အရမ်းဈေးတက်လာတဲ့အတွက်လည်း သွင်းကုန်သမားကလည်း တော်တော်ကို သူ့ပစ္စည်းကို ဘယ်ဈေးနှုန်းနဲ့ ရောင်း ရ၊ ပြုရ ခက်သွားတာပေါ့။ ပို့ကုန်သမားကလည်း အဆင်ပြေမယ့် သူလည်း နည်းနည်းတော့ အခက်အခဲ ရှိတာပေါ့။ ဘာပဲဖြစ်ဖြစ် အရမ်းဈေးတက်တဲ့ အခါကျတော့ ပို့ကုန်ရော၊ သွင်းကုန်ရော ချိန်ဆလို့ မရဘူးပေါ့။ အဓိက ထိတာ ကတော့ သွင်းကုန်လုပ်ငန်းရှင်တွေ ထိလာတယ်။

ဒေါက်တာစိုးထွန်း
ဥက္ကဋ္ဌ
မြန်မာနိုင်ငံ မော်တော်ယာဉ် ဖြန့်ဖြူး ရောင်းချသူများ အသင်း

မြန်မာပြည်ရဲ့ အနေအထားက နဂိုထဲက လူမမာလို ဖြစ်နေတာပေါ့နော်။ အခု ရောဂါတခု ထပ်တိုးတဲ့ အတွက်ကြောင့် ပိုပြီး အန္တရာယ် ရှိတယ်။ စိုးရိမ်မူတော့ ရှိတယ်။ စောင့်ကြည့်ဖို့တော့ သိပ်ပြီးတော့ မလွယ်ဘူးပေါ့နော်။ ဘာဖြစ်လို့ အဲဒီလို ပြောနိုင်လည်း ဆိုရင် ဒေါ်လာရဲ့ပြဿနာက အမေရိကန် စီးပွားရေး သက်ရောက်မှု တခုတည်းကို မဟုတ်ဘူး။ နဂိုထဲကိုက ကျနော်တို့က trade deposit ခေါ်တာပေါ့။ Export လုပ်တာနဲ့ Import လုပ်တာနဲ့ ကြည့်ရင် Import က ပိုများနေတယ်။

Trade deposit ရှိတဲ့ အတွက်ကြောင့်မို့ ဒေါ်လာဈေး အနေနဲ့ ပြောရင် ဒေါ်လာသုံးတာ များတယ်။ ပြည်တွင်းက သုံး တာ မရှိဘူး။ အကျီၤကအစ ဖုန်း၊ ဘောပင်၊ စားပွဲ အကုန်လုံးကို ပြည်ပကနေ သွင်းနေရတဲ့ အတွက်။ အဲဒီလို ဖြစ်တဲ့ အတွက်ကြောင့် ဒါက ဒေါ်လာ သုံးစွဲမှု များနေတယ်။ ဒါက နှစ်ပေါင်းများစွာ ရှိလာပြီ။ အစိုးရ အဆက်ဆက်မှာလည်း ဒီ export ကိုအားပေးမှု မလုပ်နိုင်ဘူး။ ဒါကြောင့် အခုဖြစ်တဲ့ ဒေါ်လာဈေးမြင့်တက်တဲ့ ပြဿနာမှာလည်း ကျနော်တို့ အနေနဲ့ ထိရောက်မှု ရှိလာနိုင်တယ်။ သတိထားဖို့တော့ မြင်ပါတယ်။ ငွေကြေးအကျပ်အတည်း အဆင့်တော့ မဟုတ် သေးဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့ က ကြိုတင် ကာကွယ်ဖို့ လိုတာ။

ဒါတွေအတွက် ဒေါ်လာကို ဘဏ်တွေတင် မဟုတ်ဘဲနဲ့ ပြည်သူကိုပဲ မြန်မာ့စီးပွားရေး ဘဏ်ကနေ ဖြစ်ဖြစ် လိုတဲ့သူ တွေ လာဝယ်ဖို့ ကြေညာပေးတယ် ဆိုရင် ဥပမာ ပြည်ပကို ဆေးသွားကုမယ်၊ ကျောင်းတက်မယ် ဆိုရင် ရောင်းပေး တယ်။ ဒါကတော့ အရင် အစိုးရ လုပ်ခဲ့တဲ့ ပုံစံပါပဲ။ သို့သော်လည်း ဒါလေးက အထောက်အကူ ပြုနိုင်တယ်။ လူတွေရဲ့ စိုးရိမ်မှုကို ထိန်းသွားနိုင်တယ်။ လေနဲ့ ထိန်းလို့တော့ မရဘူးပေါ့။ ဒါမျိုးတွေ လုပ်ပေးဖို့ လိုတယ်။

နောက်ပြီး နောက်သုံးလမှာ Export ၊ Import တွေရဲ့ စာရင်းဇယားတွေကို သေချာ ပြန်ပြုစုသင့်တယ်။ ကျနော်တို့ သုံး တာ ဘယ်လောက်ရှိမလဲ၊ ဒေါ်လာ ဘယ်ကဝင်မလဲ၊ နောက်ကျန်တဲ့ FDI(နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှု)တက်အောင် ဘယ်လိုလုပ်မလဲ။ ခရီးသွား လုပ်ငန်းတက်အောင် ဘယ်လိုလုပ်မလဲ။ export တွေတက်လာအောင် ဘယ်လို အား ထား ဆောင်ရွက်မလဲ။ တချက်တည်းတော့ မဟုတ်ဘဲနဲ့ ဒါတွေအားလုံး ဝိုင်းလုပ်ပေးဖို့တော့ လိုမယ်။ ပြီးတော့ ငွေစီး ဆင်းတဲ့ နေရာမှာ လွယ်ကူအောင် လုပ်ပေးဖို့ လိုတယ်။

လောလောဆယ်တော့ ကျနော်တို့တွေ့တာ ဘာမှ လုပ်နေတာတော့ မတွေ့ပါဘူး။ ကျနော်တို့ Money Changer အနေ နဲ့ လာရောင်းတဲ့သူ ရှိရင် ဝယ်တယ်။ ဝယ်ပြီး ပြန်ရောင်းတယ်။ မရှိဘူးဆိုလည်း ရောင်းစရာမရှိ မရောင်းဘူး။ ကျန်တာ တော့ ကျနော်တို့ လုပ်လို့မရဘူး။ အဲဒီအပေါ်မှာ အကျိုးအမြတ်တခု ထားပြီး ရောင်းရတာပေါ့။ ကိုယ့်မှာ ရှိသလောက် ရောင်းမယ်။ ရောင်းမယ့်ဟာ မရှိရင် ရပ်နေမယ်၊ ပိတ်နေမယ်။

ဒေါ်လာဈေး တက်တယ် ဆိုတော့ အနည်းဆုံး ကျနော်တို့က သယ်ယူပို့ဆောင်တဲ့ နေရာမှာ ဓာတ်ဆီ၊ ဒီဇယ်ဆီ သုံးတဲ့ နေရာမှာ တက်လာတာပေါ့။ ကျနော်တို့မြင်တာတော့ ပြည်တွင်းကလည်း ကုန်ဈေးနှုန်း တက်တာတော့ ခံစားရမယ့် သဘောရှိတယ်။ လက်ရှိတော့ ပြောရခက်ပါတယ်။ အစိုးရပိုင်းက စောင့်ကြည့်နေမလား။ သူတို့အနေနဲ့ တခုခုလုပ်မ လား ပေါ့နော်။ ဒီအပေါ်လည်း မူတည်ပါတယ်။ ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ်ကလည်း အဓိကတော့ ငွေကြေးကြောင့် ဖြစ်တာ ပဲ။ ၇၅ကျပ်တန်တွေ ၂၅ ကျပ်တွေ သိမ်းတယ် ကြေညာပြီးမှ တိုင်းပြည် အုံကြွလာတာပဲလေ။

ဘယ်သူမှ နိုင်ငံရေးကြောင့်တော့ လမ်းပေါ်ထွက်လာတာ မဟုတ်ဖူး။ အဓိက အခြေအခံကတော့ ဒါပဲ။ ငွေကြေး အရ တော့ ပြဿနာ ရှိနိုင်တယ်။ ကုန်ဈေးနှုန်း တက်လာမယ် လူတွေ ကြပ်တည်းလာမယ် ဆိုရင်တော့ ဖြစ်လာနိုင်တယ်။ ကျန်တဲ့ တိုင်းပြည်မှာ ကြည့်ရင်လည်း ဒီပုံစံပါပဲ။

ဒေါ်လာဈေးတက်တာက ပို့ကုန် သမားအတွက် ကောင်းတယ် ဆိုပေမယ့်လည်း ကျနော်တို့က Export လုပ်တဲ့ သူ နည်းပါတယ်။ ဒေါ်လာဈေးတက်လာတဲ့ အတွက် လုပ်ငန်းရှင် ထက်စာရင် ပြည်သူတွေပေါ့။ ပြည်သူတွေက ခုနလို ဈေးတက်တယ်။ ကုန်ဈေးနှုန်းတက်တယ် ဆိုရင် ဝယ်လိုအား လျော့တာပေါ့နော်။ အရင်တုန်းက ၁၀၀ ကျပ်ဖိုး ဝယ်ရင် ၅၀ ကျပ်ဖိုး လျှော့ဝယ်မယ်။ လျှော့ဝယ်ရင် ဝယ်လိုအားကျမယ်။ ကျရင် အရောင်းအဝယ်တန့်မယ်။ အရောင်းအဝယ် တန့်ရင် လုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းမယ်။ လုပ်ငန်းတွေ ရပ်ဆိုင်းတဲ့ အခါကျရင် လုပ်လက်မဲ့တွေများ မယ်။

ကျနော်တို့က အခုလောလောဆယ် သွင်းကုန် လျှော့ချဖို့တော့ သိပ်မလွယ်ဘူး။ ဘာလို့လည်းဆိုတော့ မ.ဆ.လ ခေတ် မှာ ပိတ်လို့ရတာ ဒီခေတ်မှာတော့ လျှော့လို့ မရဘူး။ အဓိကတော့ ကျနော်တို့က ပို့ကုန်ပဲ အားပေးရမှာ။ ဒါလည်း အစိုး ရ အဆက်ဆက်က အားပေးမယ် ပြောတာ။ ဒါပေမယ့် လက်တွေ့ ကျကျ မရှိဘူး။ အဲဒီ ပြဿနာပေါ့။ ပို့ကုန်နဲ့ ပတ် သက်လို့ နောက်ဆုံး အစိုးရပိုင်းကရော အားပေးရဲ့လား အဲဒီအပေါ်မူတည်တာပေါ့။

ဦးမိုးကျော်
ရွှေရောင်ပြန် ပွဲရုံ ပိုင်ရှင်
ဘုရင့်နောင်ကုန်စည်ဒိုင်

သွင်းကုန် လုပ်ငန်းရှင်တွေက ဒီဒေါ်လာနဲ့ သွင်းတဲ့ ပစ္စည်းတွေ ဈေးတက် ရောင်းချင်တာပေါ့။ အခုဖြစ်နေတဲ့ ဟာက ငွေဈေးက လိုတာထက် နည်းနည်းလေး မြန်မာပြည်မှာ ပိုနေတယ်။ဒေါ်လာဈေးရဲ့ တက်နှုန်းက စင်ကာပူ ဆိုရင် ၃ ဒသမ ၆၄ ရာခိုင်နှုန်း၊ ကျန်တဲ့ အင်ဒိုနီးရှားဆိုရင် ၈ ရာခိုင်နှုန်း တက်တယ်။ မလေးရှား ဆိုရင် ၇ ရာခိုင်နှုန်း တက် တယ်။ အိန္ဒိယဆိုရင် ၈ ဒသမ ၅ ရာခိုင်နှုန်းလောက် တက်တယ်။ မြန်မာပြည်မှာ လက်ရှိရာခိုင်နှုန်းနဲ့ ဆိုရင် ၁၄ ရာခိုင် နှုန်း လောက်ရှိတယ်။ ယိုးဒယားဆိုရင် ၇ ဒသမ ၅ ရာခိုင်နှုန်း လောက်တက်တယ်။ အဲဒီလိုပဲ ကမ္ဘာ့နိုင်ငံ အသီးသီးက တက်တာက မတူညီတဲ့ တက်နှုန်းတွေပါ။

ဒီအတွက် လုပ်ငန်းတွေ လုပ်ကိုင်ရတဲ့ အခြေအနေက သူတို့ဆီက ဝယ်ရတဲ့ ကုန်ပစ္စည်းတွေက မြင့်မားလာတယ်။ အစိုးရအနေနဲ့ တိုင်းပြည်မှာ ရှိတဲ့ စီးပွားရေး သမားတွေကို ပြန်စိစစ်သင့်တယ်။ ဘယ်လို အခက်အခဲတွေ ရှိသလဲ။ တကယ် တိုင်းပြည်ကို စီးပွားရေး အကျိုးပြုနေတဲ့ လူလား။ အခွန်တကယ် ဆောင်လားပေါ့။ တကယ် လုပ်တဲ့ ကုမ္ပဏီ ကြီးတွေကို အားပေးသင့်တယ်။

 

ဦးသန်းဦး
အတွင်းရေးမှူး
ဘုရင့်နောင် ဆန်ကုန်စည်ဒိုင်

ဆန်ကတော့ အခုက ပြည်ပ ပို့တာတွေနဲ့ ရေဘေးလှူမယ့် သူတွေက ဝယ်တာတွေရော အားပြိုင်နေတယ်။ ကုန်စည်ဒိုင် ကို အဝင်က တရက်ကို ဆန်က အိတ်ရေ ၁ သောင်းငါးသောင်း၊ ၂ သောင်းလောက်ပဲ အဝင်ရှိတယ်။ ဝယ်လိုအားက များနေတယ်။ ဈေးက တဖြေးဖြေး တအိတ်ကို တရက် ၂၀၀ ကျပ်၊ ၃၀၀ ကျပ်တက်ရင်း တက်ရင်းနဲ့ ဆန်ဈေးက တ အိတ်ကို ၁၄၀၀ ကျပ်၊ ၁၅၀၀ ကျပ်လောက် တက်သွားတယ်။ ဒီကြားထဲ ငွေဈေးကလည်း ရုတ်တရက် တအားမာလာ တဲ့ အတွက်ကြောင့် ပို့ကုန် သမားတွေက ဝယ်ဖို့ကျန်နေတဲ့ ပမာဏ အနည်းငယ်ကို ဝယ်ဖို့ စိုးရိမ်တယ်။

အခုလက်ရှိက ဒေါ်လာဈေးက တက်နေပေမယ့် ရောင်းထားတဲ့သူကတော့ ၁ ဒေါ်လာ၊ ကျပ်ငွေလဲလှယ်နှုန်း ၁၃၅၀ ကျပ်လောက်ကနေ စာချုပ်ချုပ်ပြီး ရောင်းထားတာ ဆိုတော့ သင်္ဘောတင် နောက်ဆုတ်လိုက်တဲ့ အခါကျတော့ ဒီစက် တင်ဘာလမှာမှ တင်ပို့ဖို့ ရှိတယ်။ အဲဒီတော့ ဒေါ်လာဈေးကလည်း အရမ်းကောင်းသွားတဲ့ အတွက် ဘယ်လိုပဲ ဖြစ်ဖြစ် တအိတ်ကို ၁ ထောင်၊ ၁၅၀၀ ကျပ်လောက်တော့ ပိုပေးလို့ ရတယ်။ ဒါကြောင့် အခု လိုအပ်တဲ့ ဆန်ကို သူတို့က ဝယ် ယူနေပြီ။

ဝယ်ယူနေတဲ့ အနေအထားက ဖြေးဖြေးနဲ့ မှန်မှန်ဝယ်နေတယ်။ တရက်ကို ၂၀၀ ကျပ်၊ ၃၀၀ ကျပ်လောက် ဖြေးဖြေးနဲ့ မှန်မှန် တက်နေတယ်။ ဒေါ်လာဈေးမြင့်တက်လာတဲ့ အတွက် ပြည်ပပို့တဲ့သူတွေအတွက်ကတော့ ကိုက်တယ်။ အခြေခံ လူတန်းစားတွေ အတွက်တော့ ပြည်တွင်းဆန်ဈေးက မြင့်လာတယ်။

ဦးဇေယျာဝင်း
ပို့ကုန် လုပ်ငန်းရှင်

ကျပ်ငွေလဲလှယ်နှုန်း ၁၅၀၀ ကျပ်ကျော်လာတော့ ပို့ကုန်သမားတွေ အတွက်ကောင်းတယ်။ ဈေးကွက် ပြိုင်ဆိုင်မှု အား လည်း နိုင်ငံတကာမှာ ပိုပြီးတော့ ပြိုင်ဆိုင်မှု ကောင်းလာတာပေါ့။ တဖက်မှာလည်း သွင်းကုန်လုပ်တဲ့ ပစ္စည်းတွေပဲ သုံးစွဲနေရတဲ့အတွက် သူရဲ့ သက်ရောက်မှုကတော့ ကြီးပါတယ်။ ဒီဇယ်၊ ဓာတ်ဆီ၊ စားအုန်းဆီနဲ့ ကျနော်တို့ အများဆုံး သွင်းနေတဲ့ ဆေးဝါးပစ္စည်း စသဖြင့် ပေါ့လေ။ အဓိကတော့ သွင်းကုန်ကိုသာ သုံးစွဲရတဲ့ နိုင်ငံကဖြစ်တဲ့ အတွက် ဒေါ်လာဈေးရဲ့ အကျိုးသက်ရောက်မှုကတော့ ကြီးပါတယ်။

ကျနော်တို့ ပို့ကုန်အနေနဲ့က အဆင်ပြေပါတယ်။ ဒါပေမယ့် ဒီရာသီမှာ Export ကလည်း လောက်လောက်လားလား အော်ဒါ မတတ်တဲ့ အတွက် ထိုက်သင့်သလောက်တော့ အကျိုးရှိပါတယ်။ များများစားစားတော့ မဟုတ်ဘူး။

အရင်တုန်းကတော့ ဒီလိုမျိုး ၁၅၀၀ ကျပ်တော့ မကျော်ဖူးဘူးပေါ့။ တက်လာတာကတော့ အမေရိကန်ရဲ့ ကုန်သွယ်ရေး နဲ့လည်း ဆိုင်တယ်။ တကမ္ဘာလုံးမှာလည်း ဖြစ်တယ်။ မြန်မာပြည်က ပိုဆိုးသွားတယ်။ အခြေခံ အဆောက်အဦးက လည်း အားနည်းတယ်။

ပြောရရင် မချမ်းသာတဲ့ နိုင်ငံဆိုတော့လေ ဒါတွေဖြစ်လာတဲ့အခါ ဘယ်လို ကာကွယ်မလဲ ဆိုတဲ့ အနေအထားပဲ ရှိ တယ်။ ဒီမှာတော့ ကမ္ဘာ့သတ်မှတ်နှုန်းထက် ကျပ်ငွေကြေး ကျဆင်းမှုက ဆိုးသွားတယ်။ ၈ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း ထက်မကဘူး။

နောက်ပြီး ဒေါ်လာဈေးတက်တာကို ရွှေ၊ စတော့ကလည်း အကုန်လုံး စောင့်ကြည့်နေတယ်။ ရွှေ၊ စတော့ ကျရင် ဒေါ်လာ ဈေးတက်တယ်။ အဲဒီတော့ ကမ္ဘာ့ရွှေဈေးကလည်း ၁ အောင်စ ၁၂၀၀ ကျပ်အောက်ကို ရောက်သွားတယ်။ မနက်ဖြန် ဘာဖြစ်မလဲ ဆိုတာ စောင့်ကြည့်ရမယ်။ အဓိကတော့ အားလုံးက အတက်ဘက်ကို စောင်းပေးတော့ နည်း နည်းပိုနေတယ်လို့ ထင်တာပဲ။ ဈေးနှုန်းထဲမှာ လောဘစိတ်တွေနဲ့ အီမိုးရှင်းတွေလည်း ပါနေတယ်လို့တော့ ထင်တာပဲ။

ဒေါက်တာ သောင်းဟန်
CEO/MD
မြန်မာနိုင်ငံသားများဘဏ်

ကျနော်ကတော့ Positive ဖြစ်တဲ့ဘက်ကနေပဲ ပြောကြည့်ချင်တယ်။ ပြီးခဲ့တဲ့ နှစ်ရက်၊ သုံးရက်ကလည်း ကျနော် ကိုယ်တိုင်ပဲ Negative ဖြစ်တဲ့ဘက်က စွတ်ပြောခဲ့တယ်။ တခါတလေကျတော့ အဲဒီလိုပြောတာပဲ ငါတို့ပြည်ထဲမှာ ဒီလို မျိုး နားလည်တဲ့ သူတွေက စိုးရိမ်တကြီး ပြောတာပဲ ဆိုတာမျိုးကပဲ လူတွေကို ပိုပြီး စိုးရိမ်စေသလားပေါ့နော်။ အဲဒါ ကြောင့် ဒေါ်လာဈေးတွေက အကျိုးသက်ရောက်မှုက အရမ်း အရေးကြီးတယ်။ လူတွေရဲ့ စိတ်ထဲမှာ စိုးရိမ်ပူပန်နေ တဲ့ ဟာမျိုးကလည်း ဒေါ်လာဈေးနဲ့ ပတ်သက်ရင် အမြဲတမ်း ရိုက်ခတ်မှု ရှိတာပေါ့နော်။

မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှ မဖြစ်ဖူးတဲ့ ဒေါ်လာဈေးက ၁၅၀၀ ကျပ်ကျော် ဖြစ်သွားသလိုပဲ။ ဥပမာ အိန္ဒိယမှာ ရူးပီးငွေက ဘယ်တုန်းကမှ မဖြစ်ဖူးတဲ့ ၇၀ ထိ သွားတာပဲနော်။ ဒီတခါက မြန်မာငွေဈေး ပြုတ်ကျတာ မဟုတ်ဘူး။ ဒေါ်လာဈေးက တကမ္ဘာလုံးမှာ တက်တာ။ ဥပမာပေါ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်း အသားတင်ထုတ်ကုန်တန်ဖိုး (GDP) တိုးတဲ့နှုန်းနဲ့ဆိုရင် အတက်ဆုံး ဆိုတဲ့ဟာထဲမှာတော့ မပါသင့်ဘူးပေါ့။

ဒါပေမယ့် ဖြစ်သင့်တာက ၈ ရာခိုင်နှုန်း လောက်ပဲ တက်သင့်တယ် ဆိုရင် လူတွေက ကြောက်လို့ ဆွဲတာ ၂ ရာခိုင်နှုန်း၊ ၃ ရာခိုင်နှုန်းလောက်က ဆွဲတာ။ ပစ္စည်းကလည်း နည်းတယ်။ ဘဏ်ကြီးတွေကလည်း မဝယ်ဘူး၊ မဝယ်ဘူး ပြောငြား လည်း နောက်ကနေ အသာလေး ဝယ်ထားလိုက်တယ်။ ကုန်သည်တွေလည်း ဒီအတိုင်းပဲ။ သီတင်းကျွတ်မှ လိုတဲ့ဟာ တောင် အခုကတည်းက ကြိုဝယ်တာမျိုး ဖြစ်ကုန်တယ်။

အဲဒီတော့ ရှိတဲ့သူကလည်း ဒေါ်လာထုတ် မရောင်းဘူး။ လိုတဲ့သူကလည်း ပိုဝယ်တယ်။ မလိုသေးတဲ့သူကလည်း ကြိုဝယ်တယ်။ အဲဒီလိုမျိုး အကုန်ပေါင်းလိုက်တဲ့ အချိန်မှာ ၃ ခုလောက်ကနေ ၈ ရာခိုင်နှုန်းလောက် တက်သင့်တဲ့ ဒေါ်လာဈေးက ၁၀ ရာခိုင်နှုန်းလောက်၊ ၁၂ ရာခိုင်နှုန်းလောက် တက်သွားတဲ့ သဘောလို့ မြင်တယ်။ အဓိက ဒီအပိုင်းမှာ အများကြီး သက်ရောက်တယ် ထင်တယ်။

အဲဒီတော့ ဖြစ်စေချင်တာကတော့ လူတွေကို လိုအပ်တာထက် ပိုပြီးတော့မှ အစိုးရိမ်လွန်ကဲပြီး မဖြစ်စေချင်ဘူး။ ဒါလေးကို အဓိကထား ပြောချင်ပါတယ်။ အခု လက်ရှိဘဏ်တွေ အခြေအနေကတော့ အေးဆေးပါပဲ။ အထူး သဖြင့် အများစု ကျန်တဲ့ဘဏ်ကြီးတွေကို သေချာမသိပေမယ့် မြန်မာနိုင်ငံသားများ ဘဏ်ကတော့ ငွေကြေးပိုင်း ဆိုင်ရာ ကျစ်ကျစ်လစ်လစ်ရှိတဲ့ အထဲမှာ ပါတယ်။ စိုးရိမ်စရာ မရှိပါဘူး။

မြန်မာငွေကြေးက ပျော့သွားတာ မဟုတ်ဘူး။ ဒေါ်လာဈေးကြီးက မာလာတာ။ အခုလိုမျိုး ဒေါ်လာဈေးတက်သွားလို့ နိုင်ငံ တနိုင်ငံမှာ စီးပွားပျက်သွားမယ် ဆိုရင် ဒီအခုဖြစ်စဉ်မှာကျတော့ အဲဒီလိုမျိုး ဖြစ်လာတဲ့နိုင်ငံတွေ အများကြီးဖြစ် လာမယ်။ ပြောချင်တာ အခုဖြစ်နေတာ မြန်မာတနိုင်ငံတည်း မဟုတ်ဘူး။ အခုဖြစ်နေတာ ကျပ်ဈေးပြုတ်ကျတာ မဟုတ်ဘူး။

ဒေါက်တာမျိုးအောင်ကျော်
ဒုဥက္ကဋ္ဌ
မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်းရှင်များ အသင်းချုပ်

ကျနော့်မှာ မြေသြဇာသွင်းတဲ့ အလုပ်လေး ရှိတယ်။ လယ်သမားတွေ အတွက် ကောင်းတဲ့ အမျိုးအစားလေးကို မိတ် ဆက်ပြီးတော့ တကယ်သုံးရင် တကယ်လည်း အကျိုးရှိတဲ့ ပစ္စည်းတွေ သွင်းတယ်။ တချို့နယ်တွေမှာ စွဲစွဲမြဲမြဲ သုံးနေ တဲ့ လယ်သမားတွေရှိတယ်။ သွင်းနိုင်သလောက်လေး သွင်းတယ်။

အခုလို ဈေးမငြိမ်တဲ့ အခါကျတော့ ဘယ်လိုခေါ်မလဲဆိုတော့ အဲဒီဈေးပေါ်မူတည်ပြီးတော့ ဈေးတွေ ခဏခဏပြောင်း ရတယ်။ ပြောင်းရတဲ့အခါကျတော့ လယ်သမားတွေမှာ ဒုက္ခရောက်တယ်။ ကျနော်တို့ ရောင်းရတဲ့သူတွေလည်း မျက်နှာ ပူတယ်။ နောက်တခုက သူများ တွေလိုလည်း ကျနော်တို့က ဈေးအများကြီးလည်း ဟမထားဘူး။

တချို့နေရာတွေမှာ အစိုးရဘက်က ဈေးနှုန်းတခုနဲ့ ပေးထားတယ် ဘာညာလည်း ကြားတယ်ပေါ့နော်။ အဲဒီလိုမျိုးတွေ ရှိပေမယ့် ကျနော်တို့ဘက်ကနေ အဲဒါမျိုးတွေက ဘယ်သူမှ မရှိဘူး။ တကယ်တမ်း လယ်သမားတွေနဲ့ လုပ်ရတဲ့ အခါကျတော့ တော်တော် ဒုက္ခရောက်ပါတယ်။ ဥပမာ ဓာတ်မြေသြဇာ ၁ အိတ်မှာ ဒေါ်လာ ၃၀ ရှိတယ် ထားပါတော့ အခုက ရာနဲ့ချီပြီး ဟထွက်သွားတာလေ။ ၁ ဒေါ်လာကို ၁၃၀၀ ကျပ်ကျော်ကနေ အခု ၁၅၀၀ ကျပ်ကျော်ဆိုတော့ ၂၀၀ ကျပ်လောက် ဟသွားတာ။ အဲလောက်မှ မမြတ်တာကိုး။

ကိုယ်က ကူညီချင်ပေမယ့် မတတ်နိုင်ဘူး။ အဲဒီဟာနဲ့ ရောင်းနေရင် ဆက်ပြီး ရှုံးဖို့ပဲ ရှိတော့တာ။ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ လောလောဆယ် ဒီအတိုင်းအတာ တခုထိ ကတော့ ပြောရတာ တော်တော်ခက်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading