ယခုလ အတွင်း ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်းပေါ်မှာရှိတဲ့ မြန်မာပလာဇာ ဈေးဝယ်စင်တာ အတွင်းရှိ အမျိုးသမီး သန့်စင်ခန်း တခုထဲကို အမျိုးသားတဦး ဝင်ရောက်ပြီး ဗီဒီယို ရိုက်ကူးမှု ဖြစ်ပွားခဲ့ပါတယ်။
အဲဒီလို ဗီဒီယိုရိုက်ကူးနေမှုကို သန့်စင်ခန်း အသုံးပြုသူများက တွေ့ရှိသွားပြီးနောက် မြန်မာပလာဇာက လုံခြုံရေးနဲ့ တာဝန် ရှိသူများကို ခေါ်ယူ အပ်နှံခဲ့ပါတယ်။
အဆိုပါ ဖြစ်စဉ် နောက်ဆက်တွဲ အခြေအနေများနဲ့ ပတ်သက်ပြီး မြန်မာပလာဇာ၏ Training Manager မစန္ဒာကို ဧရာဝတီ သတင်း ထောက် လဲ့လဲ့က တွေ့ဆုံ မေးမြန်းထားပါတယ်။
မေး။ ။ မြန်မာပလာဇာမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ် အသေးစိတ်ကို သိပါရစေ။
ဖြေ။ ။ သြဂုတ် ၁၈ ရက် ည ၁၁ နာရီ ၅ မိနစ် လောက်မှာ မြန်မာပလာဇာ မြေညီထပ် Harry’s Bar အနီး K10 မိန်းကလေး အိမ်သာအတွင်းကို ယောကျ်ားလေး တဦးက ဝင်ရောက်ပြီး အိမ်သာဝင်တဲ့ မိန်းကလေးတွေရဲ့ပုံကို ဖုန်းနဲ့ ဗီဒီယို ဝင်ရိုက်ခဲ့ တယ်လို့ Harry’s Bar က သန့်ရှင်းရေး အမျိုးသမီး ဝန်ထမ်းတဦး က အစ်မတို့ လုံခြုံရေး ဝန်ထမ်းတွေကို အကြောင်း ကြား ခဲ့ပါတယ်။
သိသိချင်းမှာပဲ လုံခြုံရေး ဝန်ထမ်း အင်အား ၁၅ ယောက်က ဝိုင်းဝန်းဖမ်းဆီး ထိန်းသိမ်း ဟန့်တား နိုင်ခဲ့တယ်။ ပြီးတော့ ရဲ စခန်းမှာ အမှုဖွင့် ခဲ့တယ်။ အဲဒီအချိန်က မြန်မာပလာဇာရဲ့ ပုံမှန် ဖွင့်ချိန် Operation hour တော့ မဟုတ်ဘူး။ Harry’s Bar ကို လာတဲ့ ဧည့်သည်တွေ ဖြစ်တယ်။ အဲဒီနောက်ပိုင်း အစ်မတို့ အနေနဲ့လည်း Harry’s Bar နဲ့ အစည်းအဝေး ထိုင်ပြီး လုံခြုံ ရေး တိုးမြှင့်ထားရေး ကိစ္စတွေကို ဆွေးနွေး ဆောင်ရွက်ထားပါတယ်။
မေး။ ။ အမှုနဲ့ ပတ်သက်ပြီး မြန်မာပလာဇာမှာ တာဝန်ရှိတယ်လို့ ပြောနေကြတဲ့ အပေါ်မှာ တာဝန်ရှိသူတွေ အနေနဲ့ ဘာများ ပြောချင်ပါသလဲ။
ဖြေ။ ။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ အစ်မတို့ ပြောချင်တာက ဒီလိုမျိုး အစ်မတို့ ဆီကို လာတဲ့ Customer တွေ နစ်နာခဲ့ တဲ့ အတွက် Customer တွေ ကိုယ်စားလည်း စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး တရားဝင်လည်း မြန်မာ ပလာဇာ Page မှာ တောင်းပန်ထားသလို ဒီကနေလည်း ထပ်ပြီး တောင်းပန်ချင်ပါတယ်။ အစ်မတို့ အနေနဲ့ ဆက်သွယ်ဖို့ ဖြစ်စဉ်မှာ ပါဝင်တဲ့ ညီမရဲ့ ဖုန်းနံပါတ်တွေ ဘာတွေလည်း စုံစမ်းပါတယ်။
ဒါပေမယ့် ရဲက Personal ဖြစ်တဲ့ အတွက် ပေးပိုင်ခွင့် မရှိဘူး ဆိုတာကြောင့် တရားဝင် Page ကနေ ဒီနေ့ည ဖြစ်ပြီး နောက်နေ့ပဲ ဒီလိုဖြစ်ခဲ့တာတွေ တောင်းပန်ပါတယ် ဆိုတာမျိုး လုပ်ခဲ့သလို အစ်မတို့ကလည်း ဒီလိုဖြစ်သွားတဲ့ ကိစ္စ၊ ဖြစ်ပြီး ပြီပဲ၊ ငါတို့နဲ့ မဆိုင်တော့ဘူး ဆိုပြီး ဒီအတိုင်းပဲ ထားထားတာ မဟုတ်ပါဘူး။ အခုအချိန် အထိ နောက်ပိုင်း ဆက်လိုက်နေ ပါ တယ်။
မေး။ ။ မြန်မာ ပလာဇာမှာ ဖြစ်ခဲ့တဲ့ အမှုနဲ့ ပတ်သက်ပြီး နောက်ပိုင်း ဆောင်ရွက်ထားတဲ့ အခြေအနေ သိပါရစေ။
ဖြေ။ ။ အုပ်ချုပ်ရေး ဝန်ထမ်းတွေ ကိုယ်တိုင် ရဲစခန်းကို သွားရောက် စုံစမ်းတာတွေ ရှိတယ်။ သွားစုံစမ်းတဲ့ အခါမှာ ဒီကောင် လေးကို လောလောဆယ်မှာတော့ ပြစ်ချက် ၂ ခုနဲ့ စွဲထားတယ်။ ကာယိန္ဒြေ ပျက်ပြားစေမှု ပုဒ်မတို့ ဖြစ်တဲ့ ၃၅၄ နဲ့ ပုဒ်မ ၅၀၉ စုစုပေါင်း ထောင်ဒဏ် ၃ နှစ်အထိ ကျနိုင်တယ်။ အဲဒီ အခြေအနေတွေ သူတို့ ဆောင်ရွက်နေတယ်။
လောလောဆယ်မှာတော့ ရုံးမထုတ်သေးဘူး။ သူတို့က ဒီဟာကို အစ်မတို့ မြန်မာပလာဇာ ဘက်ကနေ အမှုဖွင့် တိုင်ကြား တာနဲ့ ပတ်သက်ပြီး ဥပဒေ အကြံပြုချက် တင်ရမယ်။ ဒီပုဒ်မနဲ့ စွဲခွင့် ရှိမရှိ ဆိုတာကို ဥပဒေ အကြံပြုချက် တင်ပြီးတာနဲ့ သူတို့က ရုံးထုတ် စစ်ဆေးသွားမယ်။
သက်သေ ခိုင်လုံမှုတွေ တောင်းရင်လည်း အမှုဖြစ်တဲ့ ညီမလေး ပြောသွားတဲ့ အတိုင်း သူတို့အုပ်စုဖွဲ့ပြီး ကြံစည်မှု ရှိ၊ မရှိ၊ ကောင်လေးတွေ ၂ ယောက် စောင့်ပေးနေတယ်။ ဒါမျိုး ဟုတ် မဟုတ် ဆိုတာကိုလည်း ရဲတွေအနေနဲ့ ဆက်လက် စစ် ဆေးလို့ ရအောင် အစ်မတို့ရဲ့ လုံခြုံရေး ဝန်ထမ်းတွေရော CCTV ကိုင်တဲ့ တာဝန်ရှိသူတွေရော အကုန်လုံးကနေ အချက် အလက်တွေကို စုစည်းထားတယ်။ လိုအပ်တယ် ဆိုတာနဲ့ အစ်မတို့က ဒါတွေကို တင်သွင်း သွားမယ်။
ရဲတွေ အနေနဲ့ ပြောတာကတော့ သူတို့ ဥပဒေ အကြံပြုချက် တင်နေတယ်။ တင်ပြီးတာနဲ့ ရုံးထုတ် စစ်ဆေးသွားမယ်။ အစ်မတို့ အနေနဲ့ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီလောက်ပဲ သိနိုင်သေးတယ်။
မေး။ ။ ဒီအမှုနဲ့ ပတ်သက်ပြီး ဘာတွေ ဆက်လုပ်သွားမလဲ။
ဖြေ။ ။ အစ်မတို့ ဒီအတိုင်း ရပ်သွားမှာ မဟုတ်ပါဘူး။ ပြီးတော့လည်း ဒီလိုဖြစ်ခဲ့တဲ့ အတွက်ကြောင့်မို့ နောက်ပိုင်းမှာဆို ဒီလို တရားခံတွေ မျက်နှာကို ဒါ တရားခံ၊ ဒီလို ပုံစံမျိုးတွေနဲ့ ဒီလို အထဲကို ဝင်တတ်ပါတယ်။ ဥပဒေကြောင်း အရ အစ်မ တို့က ဒါမျိုးထုတ်ပြန်ခွင့် ရှိတယ် ဆိုရင် တရားဝင် ထုတ်ပြန်သွားပြီး ဒီနေရာမှာ ဒီလိုမျိုး ဖြစ်ခဲ့ပါတယ်။ မိန်းကလေးတွေကို ကာယိန္ဒြေ ပျက်ပြားအောင် လုပ်တတ်ပါတယ် ဆိုပြီး နောက်လူတွေလည်း မလုပ်ရဲအောင် ဆင်ခြင်ကြပါ ဆိုတာမျိုးတွေ လုပ်ဖို့ ရည်ရွယ်ထားတယ်။ စီစဉ် ထားတယ်။
ဒါ မြန်မာပလာဇာမှ မဟုတ်ပါဘူး။ အားလုံးသော Public Area တွေမှာလည်း အကုန်လုံး ဒါမျိုးတွေ မဖြစ်ရအောင် ပူးပေါင်း ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီလိုမျိုး စာရိတ္တ ပျက်ပြားနေတဲ့ လူငယ်တွေပဲ ဖြစ်ဖြစ် လူလတ်တွေပဲ ဖြစ်ဖြစ် ဒီကနေ နောင် ထပ်မံ မဖြစ်ရအောင် လုပ်ဆောင်သွားမယ်။
နောက်ပြီး အစ်မတို့ ဒီကိစ္စလည်း လုံးဝ မပြီးသေးပါဘူး။ ရဲက မြန်မာပလာဇာ အမှုနဲ့ ပတ်သက်ပြီး လိုအပ်တာတွေ ပေးပါ ဆိုရင်လည်း အစ်မတို့ Customer တွေ အတွက် ဆောင်ရွက်ပေးဖို့ လုပ်ဆောင်နေပါတယ်။ ။