စနစ်တွေ အများကြီးပါတဲ့ ပညာရေး ဖြစ်သင့်တယ်

Marie Starr
သပြေ ပညာရေးဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာ စောကပီ ခေါ် စောမျိုးမင်းသူ / ထက်ဝေ
Want create site? Find Free WordPress Themes and plugins.

အများစုက စောကပီ(Saw Kapi) ဟုသိကြသည် စောမျိုးမင်းသူသည် ကရင်အသိုင်းအဝိုင်း အများအပြား နေထိုင်ကြသည့် ပဲခူးတိုင်း တောင်ငူမြို့တွင် မွေးဖွားခဲ့သော ကရင်တိုင်းရင်းသားတဦး ဖြစ်သည်။ ၁၉၈၈ ခုနှစ် သြဂုတ်လက မြန်မာနိုင်ငံ တွင် ပေါ်ပေါက်ခဲ့သော ကျောင်းသားဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ပြီးနောက် ထိုင်းနယ်စပ်သို့ ထွက်ပြေးခဲ့သည်။ ထို့နောက် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်၍ ဆယ်စုနှစ် တခုကျော်ကြာ ပညာသင်ယူခဲ့သည်။ အလုပ်လုပ်ခဲ့သည်။ သူ၏ တက်ကြွလှုပ်ရှားမှုကို ဆက်လက် ဆောင်ရွက်ခဲ့ပြီး မြန်မာစစ်အစိုးရက ၎င်း၏ ပြည်သူများ အပေါ် ကျူးလွန်ခဲ့သော ဖိနှိပ်မှု များနှင့် မတရားမှုများကို ကမ္ဘာသို့ သတိပေးခဲ့သည်။

မြန်မာနိုင်ငံတွင် အရပ်သားတပိုင်းအစိုးရတခု တက်လာပြီး တိုင်းပြည် ကို ကမ္ဘာနှင့် တံခါးဖွင့်ခဲ့သည့် ၂၀၁၂ ခုနှစ် နှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လာ၍ ရန်ကုန်တွင် အခြေချခဲ့သည်။ ပညာရေးပြုပြင်ပြောင်းလဲရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ သပြေ ပညာရေးဖောင်ဒေးရှင်း၏ အမှုဆောင်ဒါရိုက်တာအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသည်။ အစိုးရမဟုတ်သည့် အဖွဲ့အစည်းတခု ဖြစ်သော သပြေ ပညာရေးဖောင်ဒေးရှင်းက ကွဲပြားခြားနားသည့် တိုင်းရင်းသား လူမျိုးအသီးသီးမှ ထောင်နှင့် ချီသောလူငယ်များကို အင်္ဂလိပ်စာ၊ ခေါင်းဆောင်မှု စွမ်းရည်နှင့် သူတို့၏ အသိုင်းအဝိုင်းများ နှင့် မြန်မာနိုင်ငံတခုလုံး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော အသိပညာ ဗဟုသုတများ ပံ့ပိုးပေးနေပါသည်။

မေး။ ။ သပြေရဲ့ Peace Leadership and Research Institute (PLRI) အသစ်က ကျေးလက်ဒေသနဲ့ မဖွံ့ဖြိုးသေးတဲ့ ဧရိယာက လူငယ်တွေကို အဓိက ထားတဲ့ တခြား အစီအစဉ်တွေထက်စာရင် ကွဲပြားခြားနားတဲ့ အဖွဲ့အစည်းတခုကို ဦးတည်ထားပါတယ်။ ဘာကြောင့် ဒီလို လုပ်တာပါလဲ။

ဖြေ။ ။ မြန်မာငြိမ်းချမ်းရေး လုပ်ငန်းစဉ်က ကျနော့်ရဲ့ ကိုယ်ပိုင် အတွေ့အကြုံကြောင့် ကျနော် အပြောင်းအလဲ လုပ်ခဲ့ တာပါ။ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တချို့ကိစ္စတွေမှာ အစိုးရနဲ့ အရပ်ဖက် အဖွဲ့ အစည်း တွေတောင်မှ တိကျသေချာတဲ့ သတင်းအချက်အလက်တွေ မရှိတာကို ကျနော် သတိပြုမိခဲ့ပါတယ်။ ညှိနှိုင်းဆွေး နွေးရမယ့် ခေါင်းဆောင်တွေက သူတို့ရဲ့ စေ့စပ်ညှိနှိုင်းရေးလုပ်ငန်းစဉ်အတွက် သတင်းအချက်အလက်တွေ ထောက်ပံ့ပေး နိုင်မယ့် သူတွေနဲ့ မထိတွေ့နိုင်ဘူး ဖြစ်နေတယ်။

နောက်ထပ် အကြောင်းရင်းတခုကတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လူငယ်တွေပါဝင်ဖို့ လိုတယ်လို့ ပြောကြတဲ့သူတိုင်း သုံးစွဲနေတဲ့ စကားကို ဖြေရှင်းဖို့ ဖြစ်ပါတယ်။ ကြေညာချက် ထုတ်လိုက်ရုံနဲ့ မရပါဘူး။ “သူတို့အတွက် ငါတို့ ဘယ်လို လမ်းဖွင့်ပေးရမလဲ။” ၊“ သူတို့တွေ အဓိပ္ပါယ် ပြည့်ဝစွာ ပါဝင်လာနိုင်ဖို့ သူတို့ကို ဘယ်တွေပြင်ဆင်ပေးရမလဲ” ဆိုတာမျိုး မေးသင့်ပါတယ်။ PLRI နဲ့ အတူ ကျနော်တို့ လုပ်ချင်တာက အဲဒီလို ပုံစံမျိုးပါ။

မေး။ ။ ၂၀၁၄ ခုနှစ်တုန်းက ဧရာဝတီမှာ ရေးခဲ့တဲ့ ဆောင်းပါး တခုမှာ အစိုးရအတွက် စကားလုံးတွေထက် လက်တွေ့ ဆောင်ရွက်ချက်က ပိုအရေးပါတဲ့ အကြောင်းကို ဆွေးနွေးခဲ့ပါတယ်။ ဒီနေ့ အချိန်မှာ အစိုးရရဲ့ ဆောင်ရွက်မှုတွေက သူတို့ရဲ့ စကားလုံးတွေ အတိုင်း ဖြစ်တယ်လို့ ထင်ပါသလား။

ဖြေ။ ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ စကားလုံးအချို့ သုံးစွဲခြင်းရဲ့ ထိရှလွယ်မှုနဲ့ ပတ်သက်တဲ့ ဆောင်းပါး တပုဒ်ကို တုန့် ပြန်တဲ့ အနေနဲ့ အဲဒီဆောင်းပါးကို ကျနော်ရေးခဲ့တာ ဖြစ်ပါတယ်။ ကျနော် ရေးခဲ့တာက လူတွေက စကားလုံးတွေ အပေါ်မှာ ပဲ အာရုံစိုက်မနေစေချင်ဘူး ဘာကြောင့်လဲ ဆိုတော့ လက်တွေ့ဆောင်ရွက်မှုကလည်း အလွန်အရေးကြီးပါတယ်။ အခု အချိန်အထိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်နေတဲ့ ခေါင်းဆောင် အားလုံးက စကားလုံး ရွေးချယ်မှုတိုက်ပွဲမှာ ပိတ်မိနေ တုန်းပဲ။ အဲဒါက တကယ် အရေးယူဆောင်ရွက်တဲ့နေရာမှာ လက်တွေ့ ဘာဖြစ်နေသလဲဆိုတာကနေ သူတို့ရဲ့ အာရုံကို အဝေးရောက်သွားစေပါတယ်။

ဥပမာပြရရင် ကျနော်တို့က ရှင်းလင်းတဲ့ သက်သေ အထောက်အထားကို လိုချင် တယ်။ ပြောရရင် တပ်မတော်တပ်ဖွဲ့တွေရဲ့ တည်ရှိမှု အရည်အတွက်တခု လျော့ကျသွားတဲ့ သက်သေကို မြင်ချင်တယ်၊ အသက်မွေးဝမ်းကျောင်း၊ ဝင်ငွေ သို့မဟုတ် စီးပွားရေး အခြေအနေ တိုးတက်လာတဲ့ သက်သေ၊ ကျောင်းတွေ အများအပြား တည်ဆောက်ပြီးပြီဆိုတဲ့ ရှင်းလင်းတဲ့ သက်သေ အထောက်အထား မြင်ချင်တယ်။ အဲဒီလိုမျိုး သိသာမြင်သာတဲ့ အစစ်အမှန် ကိန်း ဂဏန်းတွေနဲ့ လက်တွေ့ဆောင်ရွက်မှုတွေက အခုအချိန်အထိ ကျနော်တို့ များများစားစား မမြင်ရဘူးလို့ ထင်ပါတယ်။ လက်တွေ့ဆောင်ရွက်မှု လုံးဝမရှိဘူးလို့ ကျနော် ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် မြန်မာပြည်သူတွေ မျှော်လင့်ကြတဲ့ အတိုင်းအတာအထိ လုံလုံလောက်လောက် မရှိဘူး။

မေး။ ။ လက်ရှိ ပညာရေး စနစ်နဲ့ ၂၀၁၅ ခုနှစ် အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ချက် အတည်ပြုပြီးတဲ့ အချိန်က စလို့ ဖြစ်ပေါ်ခဲ့တဲ့ အသေးစား သို့မဟုတ် အကြီးစား အပြောင်းအလဲတွေ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ အဲဒါက အခွင့်အလမ်းတွေရော စိန်ခေါ်မှုတွေပါ ၂ မျိုးလုံး ယူလာတယ်လို့ ကျနော် ယုံကြည်ပါတယ်။ စိန်ခေါ်မှု တွေဆိုရင် ကျနော်တို့က ရှေ့ကိုသွားဖို့ ကြိုးစားနေတာဖြစ်တဲ့အတွက် ပညာရေးစနစ် အနေနဲ့ ပြည်နယ်နဲ့ တိုင်းအဆင့် တွေမှာ ကိုယ်ပိုင်လုပ်ပိုင်ခွင့်တွေပိုပြီး ပေးသင့်ပါတယ်။ ပုဂ္ဂလိက ကဏ္ဍမှာလည်း ထိုနည်းတူပါပဲ။ ပန်းတိုင်ရောက်ဖို့က အစိုးရ၊ ပုဂ္ဂလိက ပညာရေးကဏ္ဍနဲ့ တိုင်းရင်းသား ပညာရေးကဏ္ဍ ပူးပေါင်းအားထုတ်မှုတွေရှိရပါလိမ့်မယ်။ ဒါပေမယ့် ဥပဒေရဲ့ အနှစ်သာရက မြန်မာနိုင်ငံရဲ့ ပညာရေးမှာ မြင့်မားတဲ့ ဗဟိုချုပ်ကိုင်မှု ရှိနေတုန်းပဲလို့ ကျနော်တို့ကို ပြောနေ ပါတယ်။

အခွင့်အလမ်းနဲ့ ပတ်သက်လို့ကတော့ အဲဒီအချိန်မှာ ကျနော်တို့ ဒီပညာရေး ဗျူဟာ အစီအစဉ်ကို အကောင် အထည်ဖော်နိုင်လိမ့်မယ်။ ကျနော်တို့ရဲ့ ပညာရေးစနစ်က တခြားတိုင်းပြည်တွေနဲ့ အနည်းဆုံးတော့ စနစ်ပိုင်းအရ ယှဉ် နိုင်လိမ့်မယ်။ လက်ရှိ အချိန်မှာ မြန်မာ အထက်တန်းကျောင်းတွေက ၁၀ တန်းသို့ မဟုတ် ၁၁ တန်း အထိ ရှိတဲ့ အချိန်မှာ တခြားတိုင်းပြည်တွေမှာ ၁၂ တန်း စနစ်တခု ရှိတယ်။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲက ကျနော်တို့ဆီမှာ မရှိဘူး။

မေး ။ ။ ပညာရေးဝန်ကြီးဌာနနဲ့ ပတ်သက်လို့ ပြောရမယ်ဆို သူတို့ရဲ့ စနစ်တွေ၊ အလေ့အထတွေနဲ့ မူဝါဒတွေနဲ့ ပတ်သက်လို့ ဘယ်လို မှတ်ချက်ပေးချင်ပါသလဲ။ ဘယ်ကဏ္ဍကို တိုးတက်တာ မြင်ချင်ပါသလဲ။

ဖြေ။ ။ ပညာရေး ဝန်ကြီးဌာနက ကာကွယ်ရေး ဝန်ကြီးဌာန ပြီးရင် ဒုတိယ အကြီးဆုံး ဝန်ကြီးဌာန ဖြစ်ပါတယ်။ ဝန်ထမ်း နဲ့ ဆရာ အရေအတွက် ၅၀၀၀၀၀ နီးပါးရှိပါတယ်။ အဲဒါကြောင့် ဝန်ကြီးဌာန အနေနဲ့ နိုင်ငံတခုလုံးမှာ အပြောင်း အလဲတွေ အကောင်အထည်ဖော်ဖို့ အချိန်အနည်းငယ် ယူရပါလိမ့်မယ်။ စနစ်မှာ ဗဟိုချုပ်ကိုင်မှုကို လျှော့ချဖို့ လိုအပ်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဝန်ကြီးဌာနက အရမ်းကြီးပါတယ်။ သူတို့မကိုင်တွယ်နိုင်တဲ့ တာဝန်အများအပြား ကိုလည်း တာဝန်ယူနေရပါတယ်။ ဒီလိုရှုပ်ထွေးတဲ့ ဝန်ကြီးဌာနတခု ဖြစ်နေတာကိုက ပညာရေးဝန်ကြီးဌာနရဲ့ ကြီးမားတဲ့ အားနည်းချက် ဖြစ်နေပါတယ်။

နောက်ထပ်တခုကတော့ ပညာရေး ကဏ္ဍထဲကို ဝင်လာတဲ့ ဆရာ ၅၀ ရာခိုင်နှုန်းလောက် ကပဲ သူတို့တာဝန် မထမ်းဆောင်မီ လေ့ကျင့်သင်ကြားမှု ရခဲ့ကြပါတယ်။ အဲဒါကို တိုးမြှင့်ရပါလိမ့်မယ်။ ပိုဆိုးတာက ကျေးလက်ဒေသတွေမှာ ဆရာတွေတောင် မရှိဘူး။ တခါတလေကျရင် သူတို့က စာသင်ဖို့ ကျောင်းကို မသွားဖူးတဲ့ သူကိုတောင် ဆရာခန့်ကြတယ်။ ဝန်ကြီးဌာနကလည်း သူတို့ကို ဖိအားမပေးနိုင်သေးဘူး။ အဲဒါက တိုးတက်ဖို့ လိုနေတဲ့ အကြီးမားဆုံး အရာလို့ ကျနော်ထင်ပါတယ်။

မေး။ ။ ဘယ်လိုပညာရေး စနစ်မျိုးက တနိုင်ငံလုံးအတွက် အလုပ်ဖြစ်မယ်လို့ ထင်ပါသလဲ။

ဖြေ။ ။ မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်က စနစ်တွေ အများကြီးပါတဲ့ ပညာရေးစနစ် ဖြစ်သင့်တယ်လို့ ကျနော်ထင်ပါ တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့ တိုင်းပြည်ရဲ့ သဘောသဘာဝကြောင့်ပါ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ နိုင်ငံမှာ တိုင်းရင်းသား လူမျိုး မျိုးစုံ ရှိပါတယ်။ ကျနော်တို့က ကွဲပြားခြားနားတဲ့ တိုင်းရင်းသား လူမျိုးတွေ သူတို့ရဲ့ ကိုယ် ပိုင်ကို ဖန်တီးနိုင်ပြီးတော့ မြန်မာနိုင်ငံရဲ့ ကျယ်ပြန့်တဲ့စနစ်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်မယ့် စနစ်တွေ အများကြီးပါတဲ့ စနစ် တခုကို တည်ထောင်ဖို့ အရေးကြီးပါတယ်။ သူတို့က ကနဦးအစမှာ လုပ်ဆောင်ရမှာ ဖြစ်တဲ့ အလွန်ကို အခြေခံကျတဲ့ အဆင့် ဖြစ်ပါတယ်။ ဝေဖန်ပိုင်းခြားမှု၊ နည်းပညာ အသုံးပြုခြင်း၊ ဖန်တီးနိုင်မှု နဲ့ ၂၁ ရာစု စာတတ်မြောက်မှု စွမ်းရည်တွေ ကို အားပေးတဲ့ ပိုပြီးခေတ်မီတဲ့ သင်ရိုးညွှန်းတန်း ဖြစ်ပါတယ်။

မေး။ ။ မြန်မာနိုင်ငံကို ပြန်လာတဲ့ အချိန်က စလို့ ပုဂ္ဂိုလ်ရေးအရ အကြီးဆုံး အောင်မြင်မှုက ဘာဖြစ်မလဲ။

ဖြေ။ ။ အောင်မြင်မှုနဲ့ ပတ်သက်လို့ တွေးမယ့်အစား ကျနော်က လူငယ်တွေကို ကျနော်တို့ရဲ့ ကျောင်းဆင်းပွဲမှာ မြင် ရတဲ့အခါ၊ ကျနော်တို့ရဲ့ တနှစ် အစီအစဉ်ကို တက်ရောက်ခဲ့ပြီးတဲ့နောက် သူတို့က သူတို့ရဲ့ ဒေသတွေမှာ ကျနော်တို့ ဒီမှာလုပ်တာထက်ကို ပိုပြီး ကြီးမားကောင်းမွန်တဲ့ တစုံတရာကို စလုပ်တာကို မြင်ရတဲ့အခါ ဆုလာဘ်ရသလို ကျနော် ခံစားရပါတယ်။ တချို့ ကိစ္စတွေမှာ သူတို့က အဲဒီဧရိယာ အတွက် ပုံစံထုတ်တဲ့ အစီအစဉ် အမျိုးအစားပိုင်းမှာ အလွန်ကို တီထွင်ဖန်တီးမှု ရှိပါတယ်။ သူတို့ရဲ့ အောင်မြင်မှုက ကျနော်ရဲ့ အောင်မြင်မှု သို့မဟုတ် ကျနော့်ရဲ့ အောင်မြင်မှုက သူတို့ရဲ့ အောင်မြင်မှုလို့ပဲ ကျနော်ခံစားရပါတယ်။ ဒီလိုအဖြစ်မျိုးတွေ အများကြီးပိုပြီး ကျနော်မြင်ချင်ပါတယ်။ ဒီလိုအောင်မြင်မှု တွေ တိုင်းပြည်မှာ ပိုပြီး ရှိလာဖို့ လိုပါတယ်။

မေး။ ။ အနာဂတ်အတွက် ပုဂ္ဂိုလ်ရေးအရ ရည်မှန်းချက်တွေက ဘာတွေပါလဲ။

ဖြေ။ ။ ကျနော့် ဆန္ဒက တနိုင်ငံလုံးက တိုင်းရင်းသား လူမျိုးတွေကို အတူတကွ စုစည်းပြီး သူတို့ရဲ့ တိုင်းပြည်တိုးတက်ရေး အတူတကွ သင်ယူလေ့လာနိုင်မယ့် အကျိုးအမြတ် မမျှော်ကိုးတဲ့ ပုဂ္ဂလိက အဖွဲ့အစည်း တခုကို မြင်ချင်ပါ တယ်။ အဲဒါက တက္ကသိုလ်တခု၊ သိပ္ပံတခု သို့မဟုတ် ကောလိပ်တခု ဖြစ်နိုင်ပါတယ်။

(Marie Starr ၏ ‘Myanmar’s Education System Should be a System of Many Systems’ ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading