မြန်မာနိုင်ငံနှင့်ပတ်သက်သည့် လွတ်လပ်သော အချက်အလက် ရှာဖွေရေးအဖွဲ့၏ အစီရင်ခံစာကို ကုလသမဂ္ဂက တနင်္လာနေ့ကထုတ်ပြန်ခဲ့သည်။ ယင်းအစီရင်ခံစာတွင် တပ်မတော် ခေါင်းဆောင်များကို လူမျိုးတုံးသတ်ဖြတ်မှု စွဲချက်တင်ရန် တောင်းဆိုထားပြီး ကြားဝင်ဟန့်တားရန် ပျက်ကွက်ခြင်းအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း အပြစ်တင်ထားသည်။
ထိုအစီရင်ခံစာကို ထုတ်ပြန်ပြီးနောက် နာရီပိုင်းအကြာတွင် Facebook က တပ်မတော်အကြီးအကဲနှင့် တခြားလူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ လူမှုကွန်ရက် စာမျက်နှာများသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် အားပေးသည်ဟု ကုလသမဂ္ဂ အစီရင်ခံစာတွင်တွေ့ရှိရကြောင်း၊ ထို့ကြောင့် ကုလသမဂ္ဂ အစီရင်ခံစာ အရ ဆောင်ရွက်ခြင်း ဖြစ်ကြောင်းပြောပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ Facebook Account ကို ပိတ်လိုက်သည်။
ကုလသမဂ္ဂ အစီရင်ခံစာ ထုတ်ပြန်အပြီးတွင် ဧရာဝတီ သတင်းဌာနက ထိုအစီရင်ခံစာကြောင့် နိုင်ငံနှင့် တပ်မတော်အပေါ်တွင် ဖြစ်လာနိုင်သည့် အကျိုးဆက်များနှင့် ပတ်သက်ပြီး သတင်းစာဆရာ ဘာတေးလင့်တနာနှင့် ဆွေးနွေးမေးမြန်းခဲ့ပါသည်။ ဘာတေးလင့်တနာသည် အာရှသတင်းများကို ဆယ်စုနှစ် လေးခုကြာ တင်ပြခဲ့သူဖြစ်ပြီး မြန်မာ့နိုင်ငံရေးအကြောင်း ကျယ်ပြန့်သော စာအုပ်များကို ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ တဦးဖြစ်သည်။
မေး။ ။ ကုလသမဂ္ဂက မကြာသေးခင်ကပဲ အစီရင်ခံစာ ထုတ်ပြန်ခဲ့တယ်။ တပ်မတော်ခေါင်းဆောင်ပိုင်းကို အရေးယူဖို့ ဒီအစီရင်ခံစာက တောင်းဆိုထားတယ်။ ဘာအကျိုးဆက်တွေ ဖြစ်လာမယ်လို့ထင်ပါသလဲ။
ဖြေ။ ။ ပထမဆုံးအနေနဲ့ပြောရရင် ဒီအစီရင်ခံစာက ဘာသက်ရောက်မှုမှရှိမှာ မဟုတ်ဘူးလို့ ကျနော် ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီကိစ္စကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ကို ပို့မယ်ဆိုတော့ မြန်မာနိုင်ငံက သဘောတူညီချက် လက်မှတ်ထိုးထားတဲ့ နိုင်ငံမဟုတ်ဘူး။ ဘင်္ဂလားဒေ့ရှ်ကတော့ ဟုတ်တယ်။ ဒါပေမယ့် သူတိုဘက်ခြမ်းမှာ ကျူးလွန်ခဲ့တာ မဟုတ်တော့ သက်သေပြဖို့ အရမ်းခက်တယ်။ ဒီကိစ္စကို ICC ပို့ဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက သဘောတူရင်တောင်မှ သူတို့ ဘာဆက်လုပ်ကြမှာလဲ။
စွပ်စွဲခံရသူတွေက ဒီနိုင်ငံမှာ၊ သူတို့ကလည်း သူတို့ အဖမ်းခံရမယ့်နိုင်ငံကို သွားဖို့ဆိုတာ တော်တော်လေးကို မဖြစ်နိုင်တဲ့ကိစ္စ။ ဒီတော့ ဒီကိစ္စက အဓိကအားဖြင့် ရုပ်ပြသက်သက်၊ ဥပဒေရေးရာနဲ့ ပတ်သက်လာရင် သက်ရောက်မှုကတော့ ရုပ်ပြသက်သက်ပဲ။ ဒီတရားရုံးက မြန်မာနိုင်ငံအပေါ် စီရင်ပိုင်ခွင့်မရှိဘူး။ ဒါကြောင့် သူတို့ဒီမှာ တကယ် လုပ်နိုင်တာ ဘာမှမရှိဘူး။
မေး။ ။ ကုလသမဂ္ဂ အစီရင်ခံစာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဖော်ပြထားတာကြောင့်ဆိုပြီး Facebook က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ပိတ်ပင်လိုက်တယ်။ တဖက်မှာလည်း Facebook ဟာ အမုန်းစကားတွေကို မကိုင်တွယ်လို့ဆိုပြီး အဝေဖန်ခံနေရတယ်။ အဲဒီအပေါ် ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ICC မှာ တရားစွဲခံရမှာထက် Facebook က ဖယ်ရှား ခံရတာကြောင့် ပိုပြီး စိတ်ပျက်မယ်လို့ ကျနော်ထင်တယ်။ ဘာလို့လဲဆိုတော့ ဒါကမှ သူ့ကို တိုက်ရိုက် သက်ရောက်မှု ရှိတာလေ။
အမုန်းစကားနဲ့ ပတ်သက်ပြီးတော့ကတော့ Facebook ကို တိုင်ကြားတာတွေ အများကြီးရှိပါတယ်။ မြန်မာ တနိုင်ငံတည်းကို တိုင်နေတာ မဟုတ်ဘူး။ ဘယ်လို အကြောင်းအရာမျိုးကိုမဆို Facebook က သူတို့ ဝက်ဘ်ဆိုက်က တဆင့် ရယူ အသုံးပြုခွင့်ပေးတယ်။
Facebook ရဲ့ လုပ်ငန်းလည်ပတ်ပုံက ဘယ်သူမဆို၊ ဘာမဆို ရေးနိုင်တယ်ဆိုတာမျိုး ဖြစ်နေခဲ့တယ်။ အမည် အတုလည်း သုံးလို့ရတယ်။ ဘာလုပ်လုပ်ရတယ်။ သူက အလေးအနက် လုပ်နေတဲ့ သတင်းဌာနတွေ အတွက်တောင် အကျပ်အတည်း ဖြစ်စေတယ်လို့ ကျနော် ထင်တယ်။ ဒီမှာကောင်းမွန်တဲ့ သတင်းဆိုင်ရာ စံနှုန်းတွေကို ထိန်းသိမ်းထားတဲ့ မဂ္ဂဇင်း၊ သတင်းစာ၊ အင်တာနက် စာမျက်နှာတွေပါတယ်။
Facebook ဟာ လူတွေကို ဆက်သွယ်ပြီး သတင်းစကားတွေ ပေးပို့ဖို့ အရမ်းကောင်းတဲ့ ကိရိယာ တခု ဖြစ်ပေမယ့် သတင်းအချက်အလက် ရယူအသုံးပြုမှုနဲ့ ပတ်သက်လာရင် အရမ်းကို အဖျက်သဘော ဆောင်နိုင်တယ်။
နောက်ဆုံးတော့ သူလည်း သူ့လုပ်ရပ်ကို ရှင်လင်းဖို့ ဖိအားပေးခံလာရတယ်။ အဲဒီမှာ သူတို့ လုပ်လိုက်တာက ကျနော့်အထင်တော့ မြန်မာပြည်က လူ ၂၀ ကို Facebook က ဖယ်ရှားလိုက်တာပဲ။ ဒါက သူ့အပေါ် အများယုံကြည်မှု ပြန်ရအောင် လုပ်တာ တမျိုးပါ။
မေး။ ။ ပိတ်ပင်လိုက်ပြီး မကြာခင်မှာ မြန်မာအစိုးရပြောခွင့်ရသူက အစိုးရရဲ့ လူမှုကွန်ရက် စောင့်ကြည့်ရေး အဖွဲ့ရှိပေမယ့် ဒီကိစ္စဟာ အစိုးရနဲ့ မပတ်သက်ဘူးလို့ ပြောတယ်။ အဲဒီပြောခွင့်ရသူ ဦးဇော်ဌေးကပဲ ဒီလို တားမြစ် ပိတ်ပင်လိုက်တာကြောင့် တပ်မတော်နဲ့ အရပ်သားအစိုးရ အကြားမှာ နားလည်မှု လွဲမှားတာတွေ ဖြစ်လာနိုင်ပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ထိခိုက်နိုင်တယ်လို့ ပြောတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်လဲ။
ဖြေ။ ။ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပတ်သက်ပြီး လုပ်နေ ကိုင်နေတာတွေ သိပ်များများ ရှိတယ်လို့ ကျနော်မထင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အကြား ဆက်ဆံရေးမှာ ဘာဖြစ်မယ် ဆိုတာကိုတောင် ခန့်မှန်းရတာ အရမ်းခက်ပါတယ်။ အခုတောင်မှ ဆက်ဆံရေး မကောင်းဘူး ဆိုတာ ကျနော်တို့သိနေရတာပဲ။ ကျနော် နားလည်သလောက်ကတော့ သူတို့ တယောက်နဲ့ တယောက် စကားမပြော သလောက်ပဲ။
ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကလည်း စစ်တပ်ကို ထပ်ပြီး မဆန့်ကျင်မိအောင် သတိထားပြီး ခြေလှမ်းတွေကို ဆက်လှမ်းနေတယ်။ အခြေအနေ အခုထက် ပိုဆိုးလာမလား ဆိုတာကျတော့ ပြောရမှာ အရမ်းစော နေသေးတယ် ထင်တယ်။ ဒါပေမယ့် ယေဘုယျအားဖြင့်တော့ စစ်ဖက် အရပ်ဖက် ဆက်ဆံရေးနဲ့ ပတ်သက်ရင် စစ်တပ်က စိတ်မချမ်းသာတာမျိုးတွေကတော့ တော်တော် ဖြစ်လာတယ်။ ဒီအခြေအနေမှာ ဒီလောက်ပဲ ပြောလို့ရမယ်လို့ ကျနော်ထင်တယ်။
မေး။ ။ အဲဒီ ကုလသမဂ္ဂ အစီရင်ခံစာဟာ လတ်တလောမှာ နောက်ဆုံး ပေါ်ပေါက်လာတဲ့ အနောက် နိုင်ငံတွေရဲ့ ပြစ်တင်ရှုတ်ချမှုပဲ။ အနောက်နိုင်ငံတွေကြောင့် မြန်မာနိုင်ငံကို တရုတ်နိုင်ငံနဲ့ ပိုမို နီးကပ်သွား စေမလား။
ဖြေ။ ။ သိပ်မှန်တာပေါ့။ ကျနော်ပြောချင်တာက အခုကို အဲဒီအတိုင်းဖြစ်နေပြီ။ မနှစ်က ၂၀၁၇ ခုနှစ်က သြဂုတ်လ တိုက်ခိုက်မှုတွေအပြီးမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ခင်ဗျားလည်း အသိပဲ။ မြန်မာ စစ်တပ်ကို သူတို့ရဲ့ လုပ်ရပ်အတွက် အနောက်နိုင်ငံတွေက ရှုတ်ချတယ်။
တချိန်တည်းမှာပဲ အင်မတန်ပြင်းထန်တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေကြောင့် ဒီလိုရှုတ်ချတာဟာ မှန်ကန်မျှတမှု မရှိဘူးလို့ ကျနော် မပြောဘူး။ လူ ၇ သိန်းလောက် နယ်စပ်ဖြတ်ကျော် ထွက်ပြေးရတာကိုလည်း သံသယ ရှိစရာမလိုဘူး။
ဒါပေမယ့် အနောက်ကမ္ဘာရဲ့ အရမ်းပြင်ထန်တဲ့ ဝေဖန်မှုကြောင့် မြန်မာဟာ တရုတ်ဖက်ကို ပြန်လျှောကျတယ်။ ၂၀၁၁ – ၁၂ မှာ နိုင်ငံရေး အကျဉ်းသားတွေပြန်လွှတ်ပေးတာတို့၊ နိုင်ငံရေး အဖွဲ့အစည်းတွေကို ပိုမို လွတ်လပ်ခွင့် ပေးတာတို့၊ ပြီးတော့ မြစ်ဆုံဆည် စီမံကိန်းကို ဆိုင်းငံ့တာတို့ ဆိုတာတွေ အားလုံးဟာ အာဏာရ ဗိုလ်ချုပ်ကြီးတွေမှာ ဒီမိုကရေစီ စိတ်ဓာတ်တွေ နိုးကြားလာလို့ မဟုတ်ဘူးဆိုတာကို ကျနော်တို့ သတိရဖို့ လိုတယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ သူတို့တွေဟာ အထီးကျန်နေထိုင်ရချိန်မှာ တရုတ်နိုင်ငံကို အလွန်အမင်း မှီခိုခဲ့ရလို့ပဲ။
တပ်မတော် အကြီးအကဲတွေဟာ တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးရယ်၊ တရုတ်နိုင်ငံအပေါ် မှီခိုရတာရယ်နဲ့ ပတ်သက်ပြီး အလွန်အမင်း စိတ်မချမ်းမမြေ့ ဖြစ်ရတယ်လို့ ခုတလော ပိုလို့တောင် ယုံကြည်လာတယ်။ ဒါကြောင့် သူတို့က ပြင်ပ ကမ္ဘာကို တံခါးဖွင့်ချင်လာပြီး ဒီလိုလုပ်ဖို့ တခုတည်းသော နည်းလမ်းဟာ လွတ်လပ်ခွင့် တချို့ ပေးဖို့လိုတယ် ဆိုတာ သူတို့သဘောပေါက်တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီလိုမှမလုပ်ရင် အနောက် နိုင်ငံတွေက သူတို့လိုချင်တဲ့ ပုံစံအတိုင်း တုံ့ပြန်မှာ မဟုတ်ဘူးဆိုတာ သူတို့သိလို့ပဲ။ မြန်မာနိုင်ငံဟာ တရုတ် နိုင်ငံကနေ ဘယ်လို ဝေးကွာသွားတယ် ဆိုတာကို သူတို့တကယ်ပဲ တွေ့ခဲ့ရတယ်။
ဟီလာရီကလင်တန် မြန်မာနိုင်ငံကိုလာတာ၊ အိုဘားမား မြန်မာနိုင်ငံကို နှစ်ခါလာတာ အားလုံးအသိပဲ။ ဒါကြောင့် တရုတ်တွေလည်း နောက်ဆုတ်နေကြရတယ်။ တရုတ်နိုင်ငံဟာ တနှစ်လုံးလုံး တရုတ်- မြန်မာ ဆက်ဆံရေးကို ပြန်လည်လေ့လာပြီး သူတို့တွေဟာ သူတို့ရဲ့ ကြက်ဥတွေ အားလုံးကို စစ်တပ်ဆိုတဲ့ ခြင်းတောင်း တခုထဲမှာ ထည့်ထားပြီး ပုံအော လောင်းနေတာကို သဘောပေါက် သွားတယ်လို့ ကျနော်ယုံကြည်တယ်။
ဒါကြောင့် သူတို့က ဆက်ဆံရေး အမျိုးမျိုး ထူထောင်တယ်။ ပထမ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ နောက် ၈၈ မျိုးဆက်၊ ပြီးတော့ မြန်မာသတင်းသမားတွေ စသည်ဖြင့်ပေါ့။ သူတို့အရင်ရှိပြီးသား ဆက်ဆံရေးကိုလည်း ပြန်လည် ထူထောင်ဖို့ အပြင်းအထန် ကြိုးစားတယ်။ မနှစ်က ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကျပ်အတည်းက သူတို့ကို အရမ်း အထောက်အကူဖြစ်ခဲ့တယ် ဆိုတာ သိပ်မှန်တယ်။
အားလုံးသိတဲ့အတိုင်းပဲ တရုတ်နိုင်ငံက ဒီပြဿနာကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်ဖို့ကိစ္စ အားလုံးကို ပိတ်ပင် တားဆီးတယ်။ အဲဒီနောက် ဘာဖြစ်လဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကော၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကော တရုတ် နိုင်ငံကိုသွားကြတယ်။
ဒေါ်အောင်ဆန်းစုကြည်ဆိုရင် မကြာသေးခင်က စင်ကာပူကို သွားတယ်။ သူက တချို့အာရှ နိုင်ငံတွေကိုလည်း ရောက်ခဲ့ပြီးပြီ။ ဒါပဲလေ။ မြန်မာနဲ့ အနောက် နိုင်ငံတွေအကြား ဆက်ဆံရေး တော်တော်လေးကို မကောင်းတော့ဘူး။ မနှစ်က အဖြစ်အပျက်တွေ နောက်မှာဆို ပြန်ပြင်လို့ မရလောက်အောင်တောင် ဆိုးရွားနေတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ A Critical UN Report and What Is to Come ကို ဆီလျော်အောင် ဘာသာပြန်သည်။)