ရန်ကုန်တက္ကသိုလ်ဟာ အခုဆိုရင် နှစ် ၁၀၀ နီးပါး ရှိခဲ့ပါပြီ။ ဒီတက္ကသိုလ်နယ်မြေမှာ ပင်မဆောင်တွေ သာမက ပညာရေး တက္ကသိုလ်နဲ့ ဆေးတက္ကသိုလ် (၁) တို့လည်း ပါဝင်ပါတယ်။
ဒီလို ရှေးကျပြီး ဗိသုကာ လက်ရာမြောက်တဲ့ ပညာရေးတက္ကသိုလ်နဲ့ ဆေးတက္ကသိုလ်တွေရဲ့အကြား အဆောက်အအုံသစ် တခု ပေါ်လာတာနဲ့ ပတ်သက်လို့ သမိုင်းတန်ဖိုးအရ ကြီးမားတဲ့ ရှေးဟောင်း အဆောက်အအုံတွေ အနီးမှာ အဆောက်အအုံ သစ်တွေ ဆောက်လုပ် သင့်မသင့်၊ လိုအပ်ချက်အရ ဆောက်မယ်ဆိုရင်လည်း ဘယ်လိုပုံစံ ဘယ်လိုအနေအထားမျိုးတွေနဲ့ တည်ဆောက်သင့်သလဲ ဆိုတာတွေကို ဗိသုကာ ပညာရှင်တဦးဖြစ်သူ ဦးစန်းဦးနဲ့ တွေ့ဆုံကာ ဧရာဝတီရဲ့ အကြီးတန်း သတင်းထောက် ဇူးဇူးက မေးမြန်းထားပါတယ်။
မေး။ ။ ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း (TCC) ရှေ့က ကျောင်း ဆောင်သစ်တခုဟာ လမ်းနဲ့ အရမ်းနီးကပ်နေပြီး၊ နံဘေးမှာရှိတဲ့ ပညာရေးတက္ကသိုလ်နဲ့ ဆေး တက္ကသိုလ်တို့လို ရှေးအဆောက်အဦတွေအလှနဲ့ မြင်ကွင်းကို ပုံဖျက်နေလား၊ ဗိသုကာပညာအရ ဘယ်လိုပုံစံ အဆောက်အဦလည်း ဆိုတာ ရှင်းပြပေးပါ။
ဖြေ။ ။ ကျနော် တယောက်တည်း အမြင်ဆိုရင် တော်တော်ရုပ်ဆိုးတဲ့ အဆောက်အဦလို့ တည့်တည့်ပဲ ပြောချင်တယ်။ ဘယ်အဆောက်အဦ ဆောက်ဆောက် သူ့ရဲ့ ဘေးက နေရာထိုင်ခင်း၊ ဆောက်ပြီးချိန် လူထုအပေါ် ဘယ်လိုအကျိုး သက်ရောက်လဲ ဆိုတာ ထည့်ပြီး စဉ်းစားသင့်တယ်။ အရင်တုန်းက TTC အရှေ့မှာ အရမ်းကို အသက်ရှူလို့ ကောင်းတဲ့ ကွက်လပ်ကြီးရှိတယ်၊ မြို့မှာလည်း ဖြတ်သွားဖြတ်လာဆို အရမ်းဂုဏ်ရှိတယ်၊ လုံးဝ မဆောက်သင့်တဲ့ နေရာမှာ လာပြီးဆောက်ထားတာသည် နေရာအထားအသိုမှားတယ်လို့ ပြောချင်ပါတယ်။
ဒါက မြို့ပြဒီဇိုင်းနဲ့ ဆိုင်တယ်။ မြို့တခုက သာယာတယ်။ လူတွေအားလုံးက နေချင့်စဖွယ် ဖြစ်တယ် ဆိုတာ ကွက်လပ်ရှိ သင့်တဲ့နေရာ ရှိရမယ်။ အဆောက်အဦ ရှိသင့်တဲ့နေရာ ရှိရမယ်။ အဆောက် အဦတွေရဲ့ ဒီဇိုင်းကိုက နိုင်ငံနဲ့ လူမျိုး ဘေး ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ရှိတာမျိုး လိုတယ်။ နေရာအရ ဒီနေရာမှာ ဒီလောက်ကြီးတဲ့ အဆောက်အအုံကြီးကို လမ်းနဲ့ကပ်ပြီး မဆောက်သင့်ဘူး။
ဘေးပတ်ဝန်းကျင်ကို ကြည့်ရင် ၁၉၅၀နှစ်လွန်တွေက ဆောက်တဲ့ အရင်ကလိပ်ခုံး အခု ဆေးတက္ကသိုလ်(၁) အဆောက်အဦကြီးတွေ ရှိတယ်။ လွန်ခဲ့တဲ့ နှစ် ၆၀ လောက်က ဆောက်ထားတာ။ အခုထက်ထိ နိုင်ငံဂုဏ်ကို ဆောင်တယ်။ အဲဒီတုန်းက အိမ်နီးနားချင်း နိုင်ငံတွေမှာ တခါမှ မမြင်ဖူးတဲ့ Modern Architecture ဆိုတဲ့ တကယ့် ခေတ်သစ်ဗိသုကာလက်ရာဟန်ကို မြန်မာ့ဟန်နဲ့ ပေါင်းပြီး သေချာ ဒီဇိုင်းထုတ် ဆောက်ထားတာကြောင့် ကမ္ဘာ ကလာရင်လည်း တင့်တယ်တယ်။ သုံးရတဲ့ လူတွေအားလုံးကလည်း နှစ်လိုတယ်။ မြို့ရဲ့ ဂုဏ်တွေလည်း ဖြစ်ပါတယ်။
အဲဒါနဲ့ကပ်လျက် နောက်အနှစ် ၆၀ အကြာမှာ သူနဲ့ဘယ်လိုမှ မယှဉ်နိုင်အောင် ရုပ်ဆိုးပြီး ဗိသုကာ တန်ဖိုးမရှိတဲ့ အဆောက်အဦကြီး တခုလာဆောက်တယ်ဆိုတော့ အခြေခံတွေ အားလုံးကို သေချာပြန် စဉ်းစားဖို့ လိုနေပြီလို့ ပြောချင်ပါတယ်။
မေး။ ။ ဒီလို အဆောက်အဦအသစ်တွေ တိုးချဲ့တာ တကယ်ပဲ လိုအပ်သလား။ လိုအပ်လို့ ဆောက် တယ်ဆိုရင်ရော ဘယ်လို ပုံစံမျိုးတွေနဲ့ ရှိပြီးသား အလှတရားတွေ မပျက်စီးအောင် ဆောင်ရွက်သင့် ပါသလဲ။
ဖြေ။ ။ ဘေးက နှစ် ၆၀ တုန်းက ဆောက်တဲ့ လိပ်ခုံးကြီးကိုပဲ ကြည့်ပါ။ လိုတဲ့နေရာ အမြင့်ကြီး ဆောက်တယ်။ လမ်းကြီးကို ပိတ် နောက်ကွယ်ကို ပိတ်ပြီး ကန့်လန့်ကြီး မဆောက်ဘူး။ လမ်းကြီးကို ကန့်လန့်လုပ်တဲ့ဟာတွေက တိုင်တွေနဲ့ မြှောက်ပြီး အဝေးကြီးကို လှမ်းမြင်ရအောင် လုပ်ခဲ့တယ်။
အခုအဆောက်အဦကြီးတွေက ဒီလို နည်းနည်းလေးမှ မစဉ်းစားဘူး။ ရှိတဲ့မြေကွက်မှာ အထပ်ပြည့် ဆောက်တာဟာ ဒီဇိုင်းအရာ တော်တော်ကို မစဉ်းစားဘဲနဲ့ ရသလောက် လုပ်မယ်ဆိုတဲ့ အတွေးနဲ့ ဆောက်တာဖြစ်တယ်။ နေရာ အထား အသိုလွဲတယ်။ အဆောက်အဦပုံစံ လွဲတယ်။ ပေါ်လာတဲ့ မျက်နှာစာ ဒီဇိုင်းက ဒီလို ၂၁ ရာစုကြီးမှာ တို့နိုင်ငံရဲ့ယဉ်ကျေးမှု ကို ဗိသုကာလက်ရာတွေက ဘယ်လိုကောင်းတယ်ဆိုတာ ကြွားရမယ့်အစား ဆွဲချတဲ့ ဒီဇိုင်းကြီး။
ဒီခေတ်ကြီးမှာ ဒါမျိုးကြီးတွေ ဆောက်တယ် ဆိုတာ တော်တော်ကို စိတ်မကောင်းစရာ စိတ်ပျက် စရာဖြစ်တဲ့ အခြေအနေကို ရောက်တဲ့ပုံစံကြီး ဖြစ်နေတယ်။ ကျနော်တို့ကတော့ ဘယ်သူဆွဲတယ်၊ ဘယ်သူဆောက်တယ်ဆိုတာ မသိပါဘူး။ လူထု ကြားမှာ နိုင်ငံရဲ့ တကယ့်ဗဟိုကြီးမှာ ပေါ်လာတဲ့ အဆောက်အဦကြီးက အမြင်မတင့်တယ်လို့ မတင့်တယ်ကြောင်းကို ပြောပြခြင်း ဖြစ်ပါတယ်။
မေး။ ။ ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ အဆောင်သစ်တွေ တိုးချဲ့လာတာ ရှိတယ်။ လိုအပ်ချက်အရ ဆိုပေမယ့် ကျဉ်း ကျပ်တဲ့ မြေလွတ်တွေမှာ ပေါ်လာတဲ့အတွက် သမိုင်းဝင် တက္ကသိုလ်နယ်မြေကို ရုပ်ဆိုးစေပါသလား။
ဖြေ။ ။ အဲဒီကိစ္စက ကြားသိရသလောက် သူ့ကော်မတီနဲ့သူ စီမံကိန်းကြီးတခုလုံးကို ခြုံကြည့်ပြီး နေရာချတဲ့ Master Plan ကို ထုတ်နေတဲ့ အဖွဲ့တွေ ရှိတယ်လို့ ကြားပါတယ်။ ထို့နည်းတူ ရန်ကုန်နည်းပညာတက္ကသိုလ်မှာလည်းရှိတယ်၊ ကျနော်တို့ရဲ့ ဗိသုကာရောင်းရင်း ဌာနမှူး ဆရာ၊ ဆရာမတွေလည်း ပါပါ တယ်။ အလားတူ နှစ် ၁၀၀ ပြည့်လို့ အရမ်းကို အရေးကြီးတဲ့ မန္တလေး တက္ကသိုလ်ရဲ့ Master Plan ကို အခု သေသေချာချာ ကောင်းအောင်လုပ်ဖို့ ကျနော်တို့ မြန်မာနိုင်ငံ ဗိသုကာအသင်းကို ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
ဒီလို တက္ကသိုလ်တွေမှာ အဆောက်အဦ တလုံးချင်းရော အစုလိုက် အဖွဲ့လိုက်ရော အရမ်းကို နှစ်လိုဖွယ်ရာရှိတဲ့ ကြန်အင် လက္ခဏာတွေ ရှိနေတယ်။ ဒီကြန်အင်လက္ခဏာတွေဟာ ကျောင်းတက်တဲ့ ကျောင်းသားတွေ ရောက်လာတဲ့ မိဘတွေ အတွက် သူတို့ဆီမှာ တကယ့်ကို မှတ်မိစရာရှိတဲ့ သဘာဝ ပတ်ဝန်းကျင်ကြီး လူလုပ်တဲ့ပတ်ဝန်းကျင်ကြီး ဝိညာဉ်ရှိတဲ့ ပတ်ဝန်းကျင်ကြီးထဲမှာ ကြီးပြင်းပြီး ပညာသင်ခဲ့ရတာပါ။
ဒါတွေကို ပျက်စီးစေတဲ့ ခေတ်သစ်အဆောက်အဦတွေ ဆိုရင်တော့ မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။ TTC ရှေ့က အဆောက်အဦကြီးလို ဆိုးဆိုးဝါးဝါးကြီး မပေါ်လာဖို့က အရမ်း အရေးကြီးပါတယ်။ ဒါကြောင့် နေရာချတဲ့နေရာမှာ ကျနော်တို့ အားလုံး တန်ဖိုးထားတာတွေနဲ့ လိုက်လျောညီထွေမှု ရှိမရှိ သေသေချာချာ ဒီဇိုင်းထုတ် စိစစ်ပြီးမှ စနစ်တကျ ဆောက်သင့်တယ်လို့ အကြံပေးချင်ပါတယ်။
မေး။ ။ အမွေအနှစ်ဆိုင်ရာ အဆောက်အဦ ပတ်ဝန်းကျင်တွေကို ထိခိုက်စေမယ့် ရုပ်ဆိုးဆိုး အဆောက်အဦတွေ ထပ်မပေါ် လာဖို့ အဓိက ဘယ်သူတွေမှာ တာဝန်ရှိမလဲ။
ဖြေ။ ။ TTC ကိစ္စဆို ကျနော်ထင်တယ် ပညာရေးဝန်ကြီးဌာနရဲ့ဘတ်ဂျက်နဲ့သွားတာ။ ဘယ်လိုပညာရှင်ကို တာဝန် ပေးပြီး ပုံစံထုတ်လဲဆိုတာ ကျနော်တို့ သိချင်တာပေ့ါ။ ပညာရှင်မပါဘဲ ကန်ထရိုက်တာကို ထုတ်ပြီးတော့ ရတာကို ယူလိုက် မယ် ဆိုရင် ဒါ နိုင်ငံအတွက် တော်တော်ကို တာဝန်မကျေရာကျတယ်။ ဘာကြောင့်ဆို ပြည်သူ့ပိုက်ဆံနဲ့ ဆောက်တာ။ ပြည်သူတွေအားလုံး ဂုဏ်ယူဖွယ်ရာမဖြစ်ဘဲနဲ့ ပြည်သူအားလုံး မျက်နှာပျက်စရာ ဖြစ်တယ်ဆိုတဲ့အဖြစ်မျိုး မဖြစ်စေချင်ဘူး။
ထိုနည်းတူစွာပဲ ပညာရေးဝန် ကြီးဌာနအောက်မှာရှိတဲ့ တက္ကသိုလ်တွေအားလုံးရဲ့ ပရဝုဏ်ကြီးတွေဟာ အနှစ်နှစ် အလလ က ကဗျာဆရာတွေ သီချင်း၊ စာပေ၊ ရုပ်ရှင်၊ ဂီတတွေမှာ အကုန်စွဲထင်ပြီး ချစ်မြတ်နိုးတဲ့ ပတ်ဝန်းကျင်ကြီး။
ကိုယ့်လက်ထက်ကျမှ ပိုက်ဆံလေးလည်းရရော ဘတ်ဂျက်လည်းရရော မဆင်မခြင်လုပ်လိုက်လို့ ဒီအရသာတွေ ကြန်အင် လက္ခဏာတွေ ဝိသေသတွေ ပျက်စီးသွားတယ်ဆိုရင် ကိုယ်ညံ့နေလို့လို့ ပြောရမှာပေါ့။ ကျနော်တို့လူမျိုး ခုချိန်မှာရှိတဲ့လူ တွေ မညံ့ပါဘူး။ မညံ့ကြောင်း သက်သေပြနိုင်ဖို့ အလွဲအမှား ထပ်မလုပ်မိဖို့ အရမ်းကို ဖြစ်စေချင်တဲ့ ဆန္ဒရှိပါတယ်။
မေး။ ။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဆရာတို့လို ပညာရှင်တွေ ဘက်ကရော တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး အကြံပြုတင်ပြ တာ မျိုးတွေ လုပ်လေ့ရှိလား။ အစိုးရတာဝန်ရှိသူတွေ ဘက်ကရော ဖိတ်ခေါ်ပြီး အကြံဉာဏ်တောင်းတာမျိုး ရှိပါသလား။
ဖြေ။ ။ ကျနော် RIT စက်မှုတက္ကသိုလ် ကျောင်းဆင်းဖြစ်တဲ့အတွက် အဲဒီကျောင်းမှာ Master Plan နဲ့ လုပ်တဲ့ဟာကို ကျောင်းသားဟောင်းတိုင်းကို ဖိတ်ခေါ်ပြီး တရားဝင်ပြောဖို့ ဆွေးနွေးဖို့ အခွင့်အလမ်း ပေးထားတယ်။ ဒါ အလွန့်အလွန် ကောင်းတဲ့ ဥပမာတခုပါ။ ဒါပေမယ့် အားရလောက်အောင် တကယ် လက်တွေ့ လုပ်လားမလုပ်လားဆိုတာ ဒုတိယအပိုင်း ပေါ့။
ကျန်တဲ့ကျောင်းတွေမှာလည်း ပညာရှင်တွေ သက်ဆိုင်တဲ့ ကျွမ်းကျင်တဲ့သူတွေ ကျောင်းသားဟောင်း တွေ အားလုံးပါပြီး သူတို့ရဲ့အကြံဉာဏ်နဲ့ သူတို့ရဲ့အင်အားကို ပါယူပြီး စနစ်တကျ ဖြစ်အောင်လုပ်တဲ့ အလေ့အကျင့်ကို လုပ်ဖို့လိုပါတယ်။ တက္ကသိုလ်ပရဝုဏ်ကြီးကို အုပ်ချုပ်တဲ့ တဦးနှစ် ဦးတည်းသော တာဝန်ရှိတဲ့သူက လက်ညှိုးထိုးပြီး စိတ်တိုင်းကျ ထင်တာ တွေ လုပ်တာမျိုးက ဒီခေတ်မှာ မဖြစ်သင့်ပါဘူး။
မန္တလေးတက္ကသိုလ်ကတော့ ဖိတ်ခေါ်ရုံမကဘူး တော့်တော့်ကို နွေးနွေးထွေးထွေးနဲ့ပါ။ သူတို့ တက္ကသိုလ် နှစ်တရာပြည့်မှာ ရှေ့မှာရှိတဲ့ vision ပေါ့။ ငါတို့တက္ကသိုလ်ကြီး ကြီးပွားအောင် တိုးတက်အောင် လုပ်မယ်ဆိုရင် အခုကတည်းက သေသေ ချာချာ စနစ်တကျ Master Plan လုပ်သင့်တယ်ဆိုပြီး လုပ်နေတာမျိုး ရှိပါတယ်။ တချို့တက္ကသိုလ်တွေကတော့ ကျနော်တို့ နဲ့ အဆက်အသွယ် မရှိပါဘူး။
နည်းပညာတက္ကသိုလ်က ကျောင်းသား/သူဟောင်းတွေအားလုံး ဖိတ်ပြီး ဝေဖန်အကြံပေးဖို့ ခွင့်ပေး တယ်ဆိုပေမယ့် လက်တွေ့အကောင်အထည်ဖော်တဲ့နေရာမှာ တော်တော်လေးကို ပူညံပူညံအသံတွေ ကြားရပါတယ်။ မခုတ်သင့်တဲ့ သစ်ပင်တွေ ခုတ်ပစ်လိုက်တယ်။ ကျောင်းသားဟောင်းထုတွေက ကန့်ကွက်တဲ့ ကိစ္စမျိုး။
ဒါက Master plan ကို သေသေချာချာ မလုပ်တာလား။ ရှိရဲ့နဲ့ ဒီအတိုင်း မလုပ်တာလား။ မေးခွန်း ထုတ်စရာ ဖြစ်တယ်။ ရှိရဲ့နဲ့ မလုပ်တာဆိုရင် ခုတ်ခိုင်းတဲ့သူ အရမ်းကို ကြီးမားတဲ့ တာဝန်ရှိတယ်။ ဒါက တကယ့်ကို ဗိသုကာနဲ့ အင်ဂျင်နီယာတွေ မွေးထုတ်တဲ့ကျောင်းကြီးပဲ။ Master plan ကို သေချာလုပ်နိုင်တဲ့ပညာရှင်တွေ ရှိတယ်။ ဒါတွေကို သေသေချာချာ စနစ် တကျ ခေါ်သုံးပြီး အသုံးချရုံ နာမည်ရရုံ ပြီးရင် ကြိုက်တာလုပ်မယ် ဆိုတဲ့ဟာမျိုး မဟုတ်ဘဲ တကယ့်ကို တညီတညွတ် တည်း သဘောတူပြီးမှ တဆင့်ချင်း အကောင်အထည်ဖော် သွားတာမျိုးကို ဖြစ်ဖို့လိုနေပြီလို့ ပြောချင်ပါတယ်။
မေး။ ။ ကားပိတ်တာ ဖြေရှင်းဖို့ လှည်းတန်းလမ်းဆုံမှာ ဂုံးကျော်တံတား ဆောက်လိုက်တယ်။ ဒါကရော သမိုင်းဝင် တက္ကသိုလ်နယ်မြေရဲ့ ရှိပြီးသား မြင်ကွင်းနဲ့ အလှတရားတွေကို ကွယ်ပျောက် သွားစေတယ်လို့ ထင်ပါသလား။
ဖြေ။ ။ ဒါတွေက Build Environment လို့ခေါ်တဲ့ မြို့ပြကြီးတခုလုံးရဲ့ လမ်းတွေ တံတားတွေ အကုန်ပါတဲ့ ကိစ္စတွေပါ။ မြို့ပြ ဒီဇိုင်း၊ မြို့ပြစီမံကိန်းဆိုတာနဲ့ သွားပြီး ဆက်နွယ်ပါတယ်။ လှည်းတန်း ဂုံးကျော်ကြီးက ရုပ်အားဖြင့် လက်တွေ့အားဖြင့် ကားတွေကျော်သွားလို့ ရတယ်ဆိုပေမယ့် ဒါကြီးဆောက်ပြီးလို့ရှိရင် ကျနော်တို့ အရမ်းကို တန်ဖိုးထားတဲ့ တက္ကသိုလ် ပရဝုဏ် ကြီးပေါ်မှာ ဘယ်လိုမျိုးသက်ရောက်မယ်ဆိုတဲ့ impact assessment (ပတ်ဝန်းကျင်ထိခိုက်မှုအကဲဖြတ်ခြင်း) မလုပ်ခဲ့ဘူး။
ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ တက္ကသိုလ်ပရ ဝုဏ်ကြီးကို ဘယ်လိုများ အနှောင့်အယှက်ဖြစ်မလဲဆိုတဲ့ အကဲဖြတ်မှု လုံးဝ မလုပ်ခဲ့ဘူး။ သဘာဝပတ်ဝန်းကျင်၊ လူမှုဘဝ ထိခိုက်မှု အကဲဖြတ်ခြင်း မလုပ်ခဲ့ဘူး။ ဒါတွေကို သေချာလုပ်ပြီးတော့မှ ဒါနဲ့ ကိုက်ညီပြီး impact မဖြစ်တဲ့ ဒီဇိုင်းမျိုးကို လုပ်သင့်တယ်။ အခုဟာက ပျာရိပျာယာနဲ့ ချက်ချင်း ဘတ်ဂျက်ချ။ ချက်ချင်း ကောက်ဆောက်တာပဲ။
အရမ်းကိုဆိုးတဲ့ နောက်နမူနာတခု ကြုံလို့ပြောမယ်ဆိုရင် ပန်းဆိုးတန်းရဲ့အဆုံး ရန်ကုန်မြို့ရဲ့ မြစ်ဆိပ် က ဝင်လာရင် တာဝါ ကြီးရှိတယ်။ အဲဒီရှေ့မှာ လူကူးဂုံးကျော်တံတားကြီးကို ပိတ်ဆောက် ပစ်လိုက်တာ။ အရမ်းကို ရုပ်ဆိုးပါတယ်။ အရင်ကရှိတဲ့ ရန်ကုန်မြို့ရဲ့ အလှအပကို တခါတည်းနဲ့ ဖျက်ဆီးလိုက်သလိုပဲ။ လှိုင်မြစ်ထဲကို ဝင်လာတာနဲ့ ဆိပ်ကမ်းအာဏာပိုင်(Port Authority Tower)ကြီး က ရန်ကုန်မြို့ကြီးဆိုတာကို ဖိတ်ကြိုဆိုနေတဲ့ဟာ။
အခု သွားကြည့်ရင် Port Authority Tower ရှေ့မှာ လုံးဝမဖြစ်သင့်တဲ့ လူကူးတဲ့ဟာကြီး။ ဒီဇိုင်းကလည်း အရမ်းကိုထုံ တယ်။ ပိတ်ပိတ်ကြီးနဲ့ မရှိသင့်တဲ့နေရာမှာ ဆောက်တဲ့ဟာမျိုး၊ ကျနော်တို့မြို့ရဲ့ ဂုဏ်သိက္ခာ အကြီးအကျယ် ကျဆင်း တယ်။ ဒါမျိုးတွေမှာလည်း impact assessment ဆိုတာ အရင်လုပ်ရမှာ။ ဒီဇိုင်းကို အရင်လုပ်ရမှာ။
အခုတော့ လူထုက ဘာမှမသိလိုက်ဘူး။ တာဝန်ရှိတဲ့လူက စိတ်ကူးတည့်ရာ လူနဲ့ စိတ်ကူးတည့်ရာ ပုံတွေကို စိတ်ကူးတည့်ရာ နေရာမှာ လုပ်နေတာတွေကတော့ ဖြည်းဖြည်းချင်း ရန်ကုန်မြို့ရဲ့ အလှတွေက ပွန်းတီးပြီး ဆုံးရှုံးနေပါတယ်။ ဒါတွေ တော့ ဒီခေတ်မှာ ဆက်ပြီး မဖြစ်စေချင်တော့ပါဘူး။
မေး။ ။ ရှိပြီးသားအလှတရားတွေ တဖြည်းဖြည်း ပျက်စီးလာတာမျိုး ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ ကြိုးပမ်းနေတဲ့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံမှာလည်း ဖြစ်နေတယ်။ ဘာကြောင့် ပိုဆိုးလာပြီး ပြဿနာတွေ ဖြစ်နေရတာလဲ။
ဖြေ။ ။ အားလုံးကို ပြောမယ်ဆိုရင် ကမ္ဘာက လူတွေထားတဲ့ တန်ဖိုးနဲ့ ကျနော်တို့ မြန်မာပြည်သူ ပြည်သားတွေ ထားတဲ့ တန်ဖိုး ကွာများကွာနေလားဆိုတဲ့အခြေခံအချက်ကြီးက စဉ်းစားစရာဖြစ် နေပါပြီ။ ကမ္ဘာကလူတွေ ရှေးဟောင်း အဆောက် အဦ တွေကို ဘယ်လိုအနေနဲ့ တန်ဖိုးထားလဲ။ ဖျက်ပြီး အသစ်ဆောက်လိုက်ရင် တန်ဖိုးထားလား။ အဟောင်းကို ကြည့်ရင် တန်ဖိုးထားလား။ ထီးလေးတင်လိုက်ရမှ ရွှေလေးချရမှ တန်ဖိုးထားလားဆိုတဲ့ တန်ဖိုးထားပုံချင်း မတူတဲ့ကိစ္စ ကြောင့် ဒါတွေ ဖြစ်လာတာပါ။
တန်ဖိုးထားပုံချင်း မတူတဲ့ ကိစ္စကို စနစ်တကျ လူတွေအားလုံးက ဆွေးနွေးပြီး အဖြေမရှာလို့ ရှိရင် တော့ အခုပြောတဲ့ အတိုင်းပဲ ကျနော်တို့ ယဉ်ကျေးမှု အမွေအနှစ်တွေ တဖြည်းဖြည်း ပွန်းပြီးတော့ ပျောက်ပြီး တနေ့ကျ ကျနော်တို့ ရခဲ့တဲ့ အမွေတွေ ကုန်တဲ့ဘဝကို ရောက်ပါလိမ့်မယ်။
မေး။ ။ တန်ဖိုးရှိတဲ့ အမွေအနှစ်တွေ မပျောက်ပျက်ဖို့ ပညာရှင်တဦးအနေနဲ့ အဓိက ဘယ်လိုအကြံပြု ချက်တွေ ပေးချင် ပါသလဲ။
ဖြေ။ ။ သူများတွေနဲ့ ယှဉ်ကြည့်ရင် ရှေးဟောင်းအမွေအနှစ်ဆိုတာ ဘာလဲ။ ရှေးဟောင်းအမွေအနှစ် တွေရဲ့ တန်ဖိုးက ဘာလဲ။ သူတို့ကို ဘယ်လို ကိုင်တွယ်ထိန်းသိမ်းမှ တန်ဖိုးရှိလဲဆိုတာကို ကျောင်းသားဘဝ လူငယ်ဘဝ ကတည်းက အားလုံးသိခဲ့ သင်ခဲ့ရတာ။ မသင်ရင်တောင်မှ အဲဒီလို အသိုင်းအဝိုင်းကြားမှာ ကြီးပြင်းခဲ့ရတာ။ ကျနော်တို့ လူငယ်တွေက အခု အချိန်မှာ ဘယ်လို အသိုင်းအဝိုင်းကြားမှာ ဘယ်လို သွန်သင်မှုနဲ့ ကြီးလာလဲ။ ပညာရေးစနစ်ထဲမှာ ဘာတွေပါလဲ ဆိုတာကို ပြန်ပြီး ဆန်းစစ်သင့်ပါပြီ။
လူငယ်တွေနဲ့ ကျနော်တို့ အရွယ်ကစပြီးတော့ အကုန်ပါတယ်။ ဘယ်လို တန်ဖိုးထားပုံထားကြမလဲ။ ဘယ်ဟာက တန်ဖိုးရှိ လဲ။ ဘယ်ဟာက တန်ဖိုးမရှိဘူးလဲ။ ဒါကို ပြတ်ပြတ်သားသား သိဖို့လိုတယ်။
မသိတဲ့လူမျိုးဆိုရင် ကိုယ့်ရှိတဲ့ အမွေအနှစ်တွေ ဆုံးရှုံးပါလိမ့်မယ်။ ဒါကြောင့် သိအောင်ကြိုးစားဖို့ ဘယ်လိုလုပ်ကြမလဲ။ ဒါ အခြေခံအကျဆုံးကိစ္စပဲ။ ဂုံးကျော်တံတားကြီး ဆောက်တယ်ဆိုတာလည်း ဒါပဲ။ ဘေးမှာ ဘယ်လောက်ထိ အရေးကြီးတဲ့ အမွေအနှစ်တွေ ရှိလဲဆိုတဲ့ တန်ဖိုးကိုမသိရင် ဆောက်အုံးမှာပဲ။ TTC ရှေ့မှာလည်းဆောက်မှာပဲ။
မြေကွက်လပ်ပဲမြင်တယ်။ ဒီတန်ဖိုးယဉ်ကျေးမှုနဲ့ အမွေအနှစ် မြို့ရဲ့ဂုဏ်ဆိုတဲ့ဟာ ဒါတွေကို မသိဘူး ဆိုရင် ဒါတွေ ထပ်ပြီး ဖြစ်နေအုံးမှာပဲ။ ဒီတော့ ကျနော်တို့အားလုံးသည် လူတမျိုးလုံးအနေနဲ့ ဘယ်လောက်ထိ ယဉ်ကျေးမှုအမွေအနှစ်တွေကို မြတ်နိုးလဲ။ ဘယ်ဟာမျိုးကို တန်ဖိုးထားလဲဆိုတာ အရမ်းကို အရေးကြီးပါတယ်။ ဒီအပေါ်မှာ မူတည်ပြီးတော့ အားလုံးသည် အခု ဖြစ်ပျက်နေတာပါ။
မေး။ ။ ပညာရှင်တဦးအနေနဲ့ လက်ရှိ ဖြစ်ပျက်နေတာတွေကို မြင်တွေ့ရတဲ့အခါ ဘယ်လိုများ ခံစားရပါသလဲ။ ဆရာ့စိတ်ထဲ ဘာတွေ လုပ်ချင်တာများ ရှိမလဲ။
ဖြေ။ ။ ကျနော်တို့ ဗိသုကာပညာရှင်တွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ခေါ်ပြီးတော့ တွေ့တဲ့အချိန်မှာ ဒီလို အလား တူ မေးခွန်းမျိုးကိုပဲ မေးခဲ့တယ်။ တည့်တည့်တော့ မတူဘူး။ ဒါပေမယ့် ခြုံပြီး အဖြေကတော့ ဒီအဖြေပဲ။ ကျနော့်အနေနဲ့ ဒါတွေမြင်ရတာ တော်တော်ကို စိတ်မချမ်းမသာ ဖြစ်တယ်။ တော်တော်ကို စိတ်မကောင်းဖြစ်ပါတယ်။
တချိန်ကျ ဘာဖြစ်လာလဲဆို ဇနီး ကိုယ်တိုင်က ကျနော့်ကို မကျေနပ်တော့ဘူး။ ဒီလောက်ဖြစ်နေလို့ ရှိရင်လည်း ဒီနိုင်ငံမှာ မနေနဲ့တော့ဆိုတဲ့အချိန်မှာ ကျနော် စိတ်မချမ်းမသာတွေကို ရင်ဆိုင်ဖို့ ပြန်ပြီး တွေးရတယ်။ တွေးတဲ့အချိန်မှာ အဲဒီစိတ်တွေ ပျောက်သွားပြီး စိတ်က လုံးဝ ကြည်လင်သွား တယ်။ ကြည်လင်ခြင်းသည် ကောင်းသောကြည်လင်ခြင်း မဟုတ်ဘူး။
အဖြေက သြော် ငါအပါအဝင် ငါတို့နိုင်ငံရဲ့ အရင်တုန်းကတော့ ကျနော်တို့ကို အုပ်ချုပ်တဲ့သူပေါ့။ အုပ်ချုပ်တဲ့လူတွေရော ငါတို့အရွယ်တွေကော ငါတို့ထက်ငယ်တဲ့သူတွေ အားလုံးသည် ကမ္ဘာထားတဲ့တန်ဖိုးကို မသိရှာတဲ့ လူမျိုးတွေ။
ကိုယ့်လက်နဲ့ ဒီဟာတွေကို ဖျက်ဆီးပြီး ပွန်းတီးအောင် လုပ်တဲ့ ဒီရာဇဝင်ကြီးကို ငါတို့ရေးနေပါလား။ ဒါကြီးထဲမှာ ငါလည်းပါ နေပါလား။ ငါလည်းမတားနိုင်ပါလား။ ဒါကို အဖြစ်တခု အနေနဲ့ လက်ခံရမယ်။ လက်မခံရင် ကိုယ်ပဲ စိတ်ဆင်းရဲတယ်။
သဘောကတော့ ရာဇဝင်ကြီးမှာ ငါတို့လူမျိုးတွေ ညံ့ဖျင်းတဲ့အချိန်မှာတော့ ကိုယ့်အမွေအနှစ်တွေ ကိုယ်ပျောက်အောင်လုပ် တဲ့ကာလကြီးကို ဖြတ်နေတယ်။ ဒီကာလကြီးမြန်မြန်ပြီးမှ အမွေအနှစ် တွေမကုန်ခင်ပြီးမှ အမွေအနှစ်ကျန်မယ်။ အမွေအနှစ် တွေ မကုန်ခင်မှာ မပြီးဆုံးနိုင်ရင် ရှိရှိသမျှ အမွေအနှစ်တွေ ကုန်တော့မှာပဲ။ ဒီတော့ ငါလည်းပါတယ်။ ငါလည်း မတတ်နိုင် ဘူး။ ဒီတိုင်းသာ လက်ခံလိုက်ပေတော့ ဆိုတဲ့ဟာနဲ့ပဲ စိတ်ကိုဖြေရပါတယ်။
အဲဒီလို ပြောဖူးတော့ အတိုင်ပင်ခံက ဘာပြောလဲဆို “ဟာ ကိုဆန်းဦးရယ် အဲဒီလိုတော့ ဘယ်ဖြစ်မလဲ” ဆိုပြီးတော့ သူ့မှာ တအံ့တသြနဲ့ ပြောပါတယ်။ အဲဒီစကားရဲ့ အင်အားနဲ့ပဲ ကျနော်တို့က တတ်နိုင်ဆုံး လျစ်လျူမရှုဘဲနဲ့ ကိုယ်ပြောခွင့်ရတဲ့ အချိန်မှာ ပြောပါတယ်။ သိစေချင်တာကို အသိပေး ပါတယ်။ မကောင်းရင် မကောင်းဘူးဆိုတာပြောတဲ့ ရဲရင့်ခြင်းမျိုး ကျနော် ရလာပါတယ်။
အခု ဧရာဝတီကိုလည်း အရမ်းကျေးဇူးတင်ပါတယ်။ ဒီလို အခွင့်အရေးမျိုး ပေးလို့။ ကျနော့်မှာလည်း ပြောဖို့သင့်တယ်ဆိုတဲ့ ဒီလို အိုင်ဒီယာလေးကို ရလာတယ်။ မဟုတ်ရင် ကျနော်လည်း လျစ်လျူရှုပြီး ဒီဘဝထဲမှာပဲ လက်ခံပြီး နေသွားတော့မလို့။ အခုတော့ လုပ်လို့ရတာတွေ လုပ်။ ပြောစရာရှိတာတွေ ပြောပေါ့။ လူတွေ ကြိုက်တာ မကြိုက်တာတော့ မတတ်နိုင်ဘူး။