ရန်ကုန်မြို့ရှိ လမ်းတိုင်းလိုလိုတွင် ခွေးလေခွေးလွင့် အများအပြား ရှိနေကြပြီး မကြာခဏ ဆိုသလိုပင် ကလေး ငယ်များကို လမ်းဘေးခွေးများက လိုက်လံ ကိုက်ခဲသည့် ပြဿနာများကလည်း မိဘများ အတွက် ရတက်မအေးစရာပင် ဖြစ်နေသည်။
ထိုကဲ့သို့ စိုးရိမ်ပူပန်မှုများနှင့် အတူ ခွေးလေခွေးလွင့်များနှင့်ပတ်သက်ပြီး စည်ပင်သာယာရေး ကော်မတီက မည်သို့ ဆောင် ရွက်နေသည်ကိုလည်း ပြည်သူများကြား မေးခွန်းထုတ်မှုများလည်း ရှိနေသည်။
သို့ဖြစ်ရာ ခွေးလေခွေးလွင့် အရေးနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများ ဌာနမှ လက်ထောက်ဌာနမှူး ဒေါက်တာ လှမေဦးကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က တွေ့ဆုံ မေးမြန်းထားသည်။
မေး။ ။ ရန်ကုန်မြို့မှာ ခွေးလေခွေးလွင့် ကောင်ရေ ဘယ်လောက် ရှိနေသလဲရှင့်။
ဖြေ။ ။ ၂၀၁၆ ခုနှစ်က ကျမ မာစတာဘွဲ့ယူတုန်းက Thesis လုပ်တုန်းက ပြုစုခဲ့ပါတယ်။ ကျမရဲ့ လေ့လာဆန်းစစ်မှု အရ ပထမနှစ် အတွင်းမှာ ခွေးကောင်ရေ ၇ သောင်းလောက် ရှိပါတယ်။ ခွေးလေးတွေရဲ့ ၁ နှစ်ကို နှစ်ကြိမ်သားပေါက်နိုင် တယ်။ အဲဒီပေါက်တဲ့ထဲကမှ တိုးပွားလာတဲ့ ၅၀ ရာခိုင်နှုန်းက ခွေးမလေးတွေ ဆိုပြီး လျာထားမယ်။
အဲဒီ ခွေးမလေးတွေ ထဲကမှ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားတဲ့ အရေအတွက်ရယ် ထပ်ပြီးတော့ တိုးပွားလာမယ့် အရေအတွက်ရယ်ကို Statistic နည်းလမ်းနဲ့ တွက်ချက်လိုက်တဲ့အခါ ဒုတိယနှစ် သက်တမ်းမှာဆိုရင် ကာကွယ်ကုသခြင်း မရှိဘူး။ ဒီအတိုင်းပဲ ထားမယ်ဆိုရင် ၁၂၀၀၀၀ ကျော် သွားမယ်။ ဆိုတော့ ဒီပေါက်ပွားမှု ခွေးလေခွေးလွင့် တိုးပွားလာတဲ့ နှုန်းကို လျှော့ချနိုင်ဖို့က မျိုးထိန်းတာကို အဓိက လုပ်ဆောင်သင့်တယ်။
မေး။ ။ စည်ပင်သာယာရေး ကော်မတီအနေနဲ့ ခွေးလေခွေးလွင့်တွေနဲ့ ပတ်သက်ပြီး လက်ရှိ ဆောင်ရွက်နေတာတွေကို ပြောပြပေးပါဦးရှင့်။
ဖြေ။ ။ လုပ်ဆောင်တာကတော့ ဒီနေ့က လမ်းမတော်မြို့နယ် ၈ ရပ်ကွက်ပေါ့နော်။ အ ထ က ၁ လမ်းမတော် ကျောင်းဝင်း အတွင်းမှာရှိတဲ့ လေလွင့်ခွေးတွေကို တတိယ အကြိမ် ခွေးရူးရောဂါ ကာကွယ်ဆေး ထိုးပေးတာပါ။ မနှစ်ကဆိုရင် နှစ်ကြိမ် ဆောင်ရွက်ခဲ့ပါတယ်။ မျိုးပွားမှု ထိန်းချုပ်တယ်။ ခွဲစိတ် ကုသတယ်။ ဒီနှစ်ကျတော့ ကာကွယ်ဆေးထိုးတာက တနှစ်ပြည့် သွားပြီ။ သူ့ရဲ့ သက်တမ်းက တနှစ်ဖြစ်တဲ့ အတွက် ဒါ ဒုတိယနှစ် သက်တမ်း အနေနဲ့ အားလုံးကို ထိုးပေးတာပါ။
ခွဲစိတ် ကုသထားတဲ့ ခွေးလေးတွေ လက်ကျန်ရှိ၊ မရှိကို တကောင်ချင်း စစ်ဆေးပါတယ်။ အခြား ဝင်ရောက်လာတဲ့ ခွေး လေး တွေကိုလည်း လက်ကျန် ရှိ၊ မရှိ စစ်ဆေးပါတယ်။ လက်ကျန်ရှိရင် မေ့ဆေးနဲ့ ပစ်ဖမ်းပြီးတော့ ခွဲစိတ် ဆောင်ရွက်ပေး ပါတယ်။
မေး။ ။ တခြား ဘယ်မြို့နယ်တွေရော ဆောင်ရွက်နေသလဲရှင့်။
ဖြေ။ ။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ၃၃ မြို့နယ်ကို ကြီးကြပ်ကွပ်ကဲပြီး ဆောင်ရွက်ပါတယ်။ ၃၃ မြို့ နယ်မှာ လမ်းမတော်၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ လသာ ၄ မြို့နယ် ဆောင်ရွက် ပြီးစီးပါပြီ။ ၂၉ မြို့နယ် ကျန်နေပါ တယ်။ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာရေးနှစ်မှာ လမ်းမတော်နဲ့ လသာပါ။
၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်မှာက ပန်းဘဲတန်းနဲ့ ကျောက်တံတားပါ။ တကောင်ချင်း၊ တလမ်းချင်း၊ တရပ်ကွက်ချင်းစီ ဆောင် ရွက်ခဲ့ပါတယ်။ တမြို့နယ်ချင်းစီကို ဆက်တိုက် ဆောင်ရွက်သွားတာပါ။ ကော်မတီကနေ ခွင့်ပြုထားတဲ့ လိုအပ်တဲ့ ခွဲစိတ် ဆေးဝါးတွေ၊ ကာကွယ်ဆေးတွေနဲ့ ခွဲစိတ် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် ၆ လ ဘဏ္ဍာရေးမှာတော့ လသာမြို့နယ်မှာ ခွေးရူးရောဂါ ကာကွယ်ဆေး ထပ်မံ ထိုးပါတယ်။ ရပ်ကွက်လုံးကျွတ်၊ မြို့နယ်လုံးကျွတ် ဆောင်ရွက်ခဲ့တာပါ။
မေး။ ။ ၂၉ မြို့နယ် ကျန်သေးတယ်ဆိုတော့ ဘယ်လို အခက်အခဲတွေကြောင့် တိုးချဲ့ပြီး မလုပ်နိုင်တာလဲ။
ဖြေ။ ။ အဓိကကတော့ လိုအပ်တဲ့ ကာကွယ်ဆေးတွေရယ်။ ခွဲစိတ် ဆေးဝါးတွေရယ် မရှိလို့ပါ။ ကျမတို့က ခွင့်ပြုထားတဲ့၊ လျာထားတဲ့ ဆေးတွေနဲ့ ကုသဆောင်ရွက်ရတာ ဖြစ်တဲ့အတွက် အဲဒီလောက်ပဲ။
မေး။ ။ ဆောင်ရွက်ပြီးတဲ့ မြို့နယ်တွေမှာ ကောင်ရေက ဘယ်လောက်ရှိသလဲ။
ဖြေ။ ။ လမ်းမတော်မြို့နယ်မှာ ခွဲစိတ်တာ ၂၁၁ ကောင်၊ ကာကွယ်ဆေးထိုးတာ ၃၄၈ ကောင်ပါ။ လသာမှာ ကျတော့ ၁၀ ရပ် ကွက် ရှိပါတယ်။ ခွဲစိတ်ကုသတာ ၇၀၊ ကာကွယ်ဆေး ထိုးတာ ၈၅ ကောင်ပါ။ ပန်းဘဲတန်း မြို့နယ်မှာ ၁၁ ရပ်ကွက် ကာကွယ်ဆေးထိုးတာ ၆၁ ကောင်၊ ခွဲစိတ်ကုသတာ ၃၅ ကောင် ဖြစ်ပါတယ်။ ကျောက်တံတားမှာ ၉ ရပ်ကွက်ပါ။ ခွဲစိတ်ကုသတာ ၁၅၆ နဲ့ ကာကွယ်ဆေးထိုးတာ ၂၁၇ ပါ။
ဒုတိယနှစ် ကာကွယ် ဆေးထိုးရင်းနဲ့ လက်ကျန် ကောင်ရေပေါ့။ ကားအောက်မှာ ချောင်ခိုနေရင်းနဲ့ မတွေ့တာမျိုး ရှိ၊ မရှိကို စစ်ဆေးပါတယ်။ မခွဲစိတ်ရသေးတာ ဆိုရင် ကျန်သွားတာပေါ့။ ဒုတိယနှစ် ပြီးသွားရင်တော့ ကျန်နေတာက တော်တော်ကို Chance နည်းသွားပါပြီ။ ကြိုတင်ကာကွယ်ကုသ ပေးပြီးသား ဖြစ်ပါပြီ။
မေး။ ။ ကာကွယ်ဆေး ထိုးတဲ့နေရာမှာရော ဘာအခက်အခဲရှိလဲ။
ဖြေ။ ။ ခွေးလေးတွေ လိုက်ဖမ်းရတာပဲ အခက်အခဲ ရှိပါတယ်။ အခုလိုမျိုး မှုတ်ပြောင်းနဲ့ မေ့ဆေး မှုတ်ဖမ်းရတဲ့ အခါ ကျမ တို့ မေ့ဆေးအဖွဲ့လာပြီဆိုရင် သူတို့က ပြေး၊ မေ့ဆေးအဖွဲ့က နောက်ကလိုက်ဆို တခါတရံ ဝိုင်းကြီး ပတ်ပတ် ဖြစ်တတ် တာပေါ့နော်။ ရင်းနှီးတဲ့သူရှိရင်တော့ အာရုံပြောင်းထားရင် နောက်ကနေ ပစ်ရတာပေါ့။ ၁၅ မိနစ်၊ မိနစ် ၂၀ ဆို လဲကျ သွား တယ်။ လဲကျသွားရင် ခေါ်လာမယ်။ ပြီးတဲ့အခါ ခွဲမယ်။ ချုပ်တဲ့အခါကျရင်လည်း လူတွေလို ချုပ်ရိုးဖြည်စရာ မလိုဘူး။
အနာကျက်ဆေး၊ အရောင်ကျဆေး၊ မေးခိုင်ကာကွယ်ဆေး ပေးလိုက်ပါတယ်။ အလေ့ကျ သွားလာနေတာ ဖြစ်တဲ့အတွက် မလိုလားအပ်တဲ့ ရောဂါပိုး ဝင်ရောက်မှာ စိုးရိမ်တဲ့ အတွက် မေးခိုင်ရောဂါ ကာကွယ်ဆေး ထိုးပေးလိုက်ပါတယ်။ Antibiotic ပဋိဇီဝဆေးတွေ သုံးပါတယ်။ ဆေးတွေ ၆ မျိုးလောက် သုံးတဲ့အတွက် ၂ ရက်လောက် ဆိုရင် အရောင် ကျပါတယ်။
မေး။ ။ နှစ်တိုင်းလည်း ဒီလို ဆောင်ရွက်နေတဲ့ ကြားထဲက လမ်းတိုင်းမှာ ခွေးလေခွေးလွင့်တွေ များနေတာက ဘာကြောင့် လဲရှင့်။ ဆောင်ရွက်မှုတွေက ထူးခြားချက်ရော ရှိရဲ့လား။
ဖြေ။ ။ ကျမတို့ ဆောင်ရွက်နိုင်တာက ၄ မြို့နယ်ပဲ ရှိသေးတယ်။ ကျန်တာက ၂၉ မြို့နယ် ကျန်နေသေးတယ်။ ကျန်တဲ့ ၂၉ မြို့နယ်လည်း ဆောင်ရွက်သွားနိုင်ဖို့ ကြိုးစားနေပါတယ်။ ဆောင်ရွက်သွားနိုင်တဲ့ အချိန်မှာ သိသာလာမှာပါ။ အခုလိုမျိုး ၁နှစ်ကို ၄ မြို့နယ်။ တနှစ်ကို ၅ မြို့နယ် တိုးတိုးဆောင်ရွက် သွားမယ်ဆိုရင် နောက်ထပ် ၄၊ ၅ နှစ် အတွင်းမှာ ရန်ကုန် မြို့တော်ကြီးဟာ ခွေးရူး ရောဂါ ကင်းစင်တဲ့ မြို့တော်ကြီး ဖြစ်လာနိုင်ပါတယ်။
အခု ကျမတို့ ဆောင်ရွက်ခဲ့တဲ့ လေးမြို့နယ်ကို ပြန်လည် သုံးသပ်မယ်ဆိုရင် လမ်းမတော်မြို့နယ်မှာ ဆိုရင် မနှစ်ကတည်း က ဆောင်ရွက်ခဲ့တာ။ မနှစ်က ဆောင်ရွက်ခဲ့တဲ့ လမ်းမတော် အမှတ် ၁ ရပ်ကွက်မှာ ကာကွယ်ဆေးထိုးတာ ၁၂ ကောင်ပါ။ ခွဲစိတ်ကုသတဲ့ ကောင်ရေက ၇ ကောင်ပါ။ ဒီနှစ်မှာ ကျမတို့ ပြန်ပြီး ကြည့်လိုက်တာ ကာကွယ်ဆေးထိုးတာက ၁၂ ကောင် ပဲ။ ခွဲစိတ်ကုသတဲ့ကောင်က လက်ကျန်ကောင်ရေ စစ်ဆေးပြီး ၃ ကောင်။ ဒီစာရင်းနဲ့ ကျမတို့ ဒီအချက်အလက်တွေ သုံးသပ် ထားချက်အရ ဒါကို ကြည့်လိုက်မယ်ဆိုရင် ကောင်ရေက မတူဘူး။ ဘာပဲဖြစ်ဖြစ်လွှမ်းခြုံနိုင်ပါတယ်။
အမှတ် ၂ ရပ်ကွက်မှာ ဆိုရင် ခွဲစိတ်ခဲ့တာ ၉ ကောင်၊ ကာကွယ်ဆေးထိုးတာ ၁၄ ကောင်၊ ဒီနှစ်မှာဆိုရင် ပြန်ပြီးတော့ ကြည့် တဲ့အခါ ကာကွယ်ဆေးထိုးတာက ၁၂ ကောင်ဆိုတော့ ၂ ကောင်လျော့သွားပြီး လက်ကျန်ကောင်ရေက ၁ ကောင်ပဲ ရှိပါ တယ်။ ဒီလိုမျိုး အလားတူပဲ ၇ ရပ်ကွက်မှာ ဆိုရင် ကာကွယ်ဆေးထိုးတာ ၃၂ ကောင်၊ အခုက ၂၅ ကောင်ပဲ ရှိတော့တဲ့ အ တွက် ၇ ကောင် လျော့သွားတယ်။ ခွဲစိတ်တာက ၃ ကောင်ပဲ ရှိသေးတယ်။
ခွေးလေးတွေရဲ့ သဘော သဘာဝကို လေ့လာရင် တနှစ်ကို ၂ ကြိမ်ပေါက် နိုင်တယ်။ ၁ ကြိမ်ပေါက်ရင် လေးငါးကောင် က နေ ၁၀ ကောင် အထိ ပေါက်တယ်။ ခွေးလေးတွေရဲ့ ကိုယ်ဝန်ဆောင်တဲ့ ကာလနဲ့ တနှစ်ကို ၂ ကြိမ် သားပေါက်နှုန်းနဲ့ ဆို ရင် တနှစ်ကို ခွေးမတကောင်က အနည်းဆုံး မတိုးပွားဘူးဆိုရင် ၁၀ ကောင်နဲ့ ၁၅ ကောင်ကြား သားပေါက်နှုန်း ရှိတယ်။ ဘာပဲဖြစ်ဖြစ် ဒါကို ထိန်းသွားနိုင်တယ်။ သားပေါက်နှုန်းကို လျှော့ချနိုင်တယ်။
ရပ်ကွက်ထဲက ခွေးလေးတွေကို တကောင်မကျန် ခွေးရူးကာကွယ်ဆေး ထိုးထားတဲ့အတွက် တစုံတရာကြောင့် ခြစ်မိ ပြုမိ တယ်ဆိုရင် Safe ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလို ဖြစ်တယ်ဆိုရင် ၂၄ နာရီ အတွင်း ခွေးရူးရောဂါ ကြိုတင်ကာကွယ် ဆေးကို ထိုးထားစေချင်ပါတယ်။ ခွေးရူးရောဂါက ကြောက်မက်ဖွယ် ကောင်းပါတယ်။
လူမှာ ဒီရောဂါ ကူးစက်ခံရပြီဆိုရင် ကုရာနတ္ထိ ဆေးမရှိပါဘူး။ အသက် ဆုံးရှုံးရပါတယ်။ ကူးစက်တတ်တဲ့ ရောဂါတွေမှာ ခွေးရူးရောဂါက အင်မတန် ကြောက် မက်ဖွယ် ကောင်းပါတယ်။ လူမှာ ခွေးရူးရောဂါ ကူးစက်ခံရပြီ ခွေးရူးရောဂါ ဖြစ်ပါ တယ်လို့ သတ်မှတ်လိုက်တဲ့ အချိန်မှာ ဆေးက မတူတော့ပါဘူး။ ဒီခွေးရူးရောဂါက အရေးကြီးပါတယ်။ တစုံတခုကြောင့် ခွေးကိုက်ခံရပြီဆိုရင် ဆေးကုသမှု ခံယူစေချင်ပါတယ်။
ဒီဆေးက သက်ဆိုင်ရာမြို့နယ်အလိုက် ဒေသန္တရ ဆေးခန်းတွေမှာရော ရန်ကုန် ဆေးရုံကြီးမှာရော၊ ပြည်သူ့ဆေးရုံတွေမှာ ရော အခမဲ့ ထိုးနှံပေးနေပါတယ်။ အဲဒီတော့ နေ့မကူးဘဲနဲ့ ၂၄ နာရီအတွင်းမှာ အမိအရ ပထမဦးဆုံး အကြိမ် ထိုးထားသင့် ပါတယ်။ ပြီးတော့ သူ့ရက်ချိန်း အလိုက် သက်ဆိုင်ရာ အရေအတွက်ကို ပြည့်မီအောင် ထိုးထားသင့်ပါတယ်။ ဒါကလည်း ကြိုတင် ကာကွယ်မှု အစီအမံပါပဲ။
မေး။ ။ မျိုးပွားမှုနှုန်းကိုသာ ထိန်းချုပ်နိုင်မယ် ဆိုရင် ခွေးလေခွေးလွင့် ပြဿနာက ဖြေရှင်းပြီးသား ဖြစ်သွားနိုင်မလား။
ဖြေ။ ။ အခုစာရင်းကို ကြည့်ရင် လမ်းမတော်မြို့နယ် တမြို့နယ်တည်း ရှိသေးတယ်လေ။ ယခင် လုပ်ခဲ့တဲ့ စာရင်းနဲ့ ယခု လုပ်ခဲ့တဲ့ စာရင်းကို ကြည့်ရင် တိုးပွားလာတာ မရှိဘူး။ လျော့သွားတာပဲ ရှိတယ်။ ဒီအရေအတွက်နဲ့ပဲ ရပ်ထားလိုက်ပြီ။ အကြောင်း အမျိုးမျိုးကြောင့် ဆုံးသွားမယ်ဆိုရင် ဒီမြို့နယ်မှာ ခွေးအရေ အတွက်က လျော့သွားမယ်။ ရှိတဲ့ခွေးကလည်း ရပ်ကွက်ထဲမှာ နေတဲ့ မိဘပြည်သူတွေ အန္တရာယ်ကင်းစေဖို့ ခွေးရူးရောဂါ ကြိုတင် ကာကွယ်ဆေးကို ထိုးနှံပေးထားတာပါ။
မေး။ ။ ရန်ကုန်မြို့မှာ ခွေးရူးရောဂါရဲ့ အခြေအနေက ဘယ်လိုရှိသလဲရှင့်။
ဖြေ။ ။ ခွေးရူးရောဂါဖြစ်ပြီးတော့ သေဆုံးသွားတဲ့ လူနာရယ်လို့ ဒီဘက်နှစ်တွေမှာ မကြားမိပါဘူး။ ဒါပေမယ့် ၂၀၁၆ တုန်း က ကျမ Thesis လုပ်တဲ့ ကာလတုန်းက ရွှေပြည်သာမြို့နယ်မှာ တယောက်သေဆုံး သွားခဲ့ပါတယ။် အဲဒါကတော့ ခွေးက တိုက်ရိုက်ကိုက်လို့ သေဆုံးသွားတာ မဟုတ်ပါဘူး။ အိမ်မှာ မွေးထားတဲ့ ကြောင်လေးကို တယုတယနဲ့ နေတယ်။ အဲဒီ ကြောင်က ခွေးရူးရောဂါ ကူးစက်ခံရပြီးတော့ သူ့ကို ခြစ်မိ၊ ကုတ်မိတယ်။ အဲဒီက တဆင့်ထပ်ပြီးတော့ ကူးစက်ခံရတယ်။
နေမကောင်းတဲ့အခါ အင်းစိန် ပြည်သူ့ ဆေးရုံကြီးကို ရောက်တယ်။ စမ်းသပ်စစ်ဆေးပြီးတော့ ဘာကြောင့် ခံစားရတာလဲ လေ့လာတယ်။ ခွေးရူးရောဂါကြောင့်လို့ Confirm ပေးလိုက်တဲ့အချိန်မှာပဲ နောက်တရက်မှာ သေဆုံးသွားတယ်။ အရမ်းမြန် တယ်။ သွားရည်ကျတယ်။ တံတွေး မသိမ်းနိုင်ဘူး။ ခွေးရူးရဲ့ ခံစားရတဲ့ သဏ္ဌာန် လက္ခဏာတွေ အဲဒီလူမှာ ခံစားရတယ်။ အဲဒီ တခုပဲ ကြားမိတယ်။
မေး။ ။ အဲဒီလိုဆိုတော့ ခွေးရူးရောဂါကို ဘယ်လောက် အခြေအနေထိ ထိန်းချုပ်နိုင်ပြီလဲ။
ဖြေ။ ။ အဓိက ကတော့ Dog Bite Case တွေ များတယ်။ ထောင်နဲ့ ချီတယ်။ အကိုက်ခံရတယ် ဆိုပြီး စိုးရိမ်ပြီး ဆေး လာထိုး ကြတဲ့ Case က များတယ်။ တကယ့် Case ကတော့ နည်းပါတယ်။
မေး။ ။ အိမ်မွေး တိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီးတော့ရော စည်ပင်အနေနဲ့ သတ်မှတ်ချက်တွေ ဘာများရှိလဲ။
ဖြေ။ ။ အိမ်မွေးခွေးလေးတွေကို တရားဝင် မှတ်ပုံတင်ပါ။ မိမိပတ်ဝန်းကျင်မှာ အတူတူထားပြီး ခွေးလေးတွေ မွေးထားမယ် ဆိုရင် ခွေးလေးတွေ ၃ လကနေ ပြီးတော့ မဖြစ်မနေ ခွေးရူးကာကွယ်ဆေး ထိုးထားဖို့ လိုပါတယ်။ ဆေးသက်တမ်းက ၁ နှစ် ဖြစ်တဲ့ အတွက်ကြောင့် နှစ်စဉ်သက်တမ်း တိုးပြီး မှန်မှန် ထိုးပေးပါလို့ အကြံပြု လိုပါတယ်။ ။