ပြီးခဲ့သည့် သြဂုတ်လအတွင်းက နေပြည်တော်၊ MCC 2 တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ထိုဆွေးနွေးပွဲတွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံ ဖွံ့ဖြိုးရေး အတွက် အားလုံး လက်တွဲ ညီညီ ကြိုစား ဆောင်ရွက်သင့်ကြောင်း၊ လုပ်ငန်းရှင်များ အနေနဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေးတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သင့်ကြောင်း အစရှိသဖြင့် ပြောကြားခဲ့သည်။
နိုင်ငံတော် အတိုင်ပင်ခံနှင့် စီးပွားရေး လုပ်ငန်းရှင်များ တွေ့ဆုံ ဆွေးနွေးရာတွင် အချိန် မလောက်ငှခြင်း၊ လုပ်ငန်းရှင်များ အနေနှင့် မိမိတို့၏ အခက်အခဲများကို တင်ပြရာတွင် အားရ ကျေနပ်မှု ရှိခြင်း/မရှိခြင်းနှင့် အတိုင်ပင်ခံသို့ တင်ပြလိုသော ကိစ္စများကို ပြောကြားထားသည့် လုပ်ငန်းရှင်များ၏ ပြောဆို သုံးသပ်ချက်များကို ဧရာဝတီ သတင်းထောက် မျိုးပပစန်းက တွေ့ဆုံ မေးမြန်းထားပါသည်။
ဒေါက်တာ သောင်းဟန်
မန်နေဂျင်း ဒါရိုက်တာ
မြန်မာနိုင်ငံသားများ ဘဏ်
ဒေါ်လာဈေး မြင့်တက်မှု အရမ်းကြမ်းပြီး လူတွေ စိုးရိမ်မှု မြင့်တက်လာတဲ့ အချိန်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရ မယ်ဆိုတော့ စိတ်လှုပ်ရှားမှုလည်း ဖြစ်ခဲ့ကြတယ်။ ဒါကြောင့်မို့ လုပ်ငန်းရှင်တွေက သွားတဲ့နေရာမှာ လေယာဉ် လက်မှတ် တောင် ဝယ်မရတဲ့ အထိ ဖြစ်သွားတယ်။ ပွဲပြီးတော့ အမှန်တကယ် စိတ်ထဲရှိတာ ပြန်ပြောရရင် အားမရဘူးပေါ့နော်။
ဘာဖြစ်လို့လည်း ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်း ပြောသွားတာလည်း နည်းနည်း၊ အကြမ်းဖျင်း သဘော အများကြီး ဆန်နေတယ်လို့ စိတ်ထဲမှာ ခံစားရတယ်။ လာဘ်ပေး၊ လာဘ်ယူမှုနဲ့ စပြောလိုက်တာကိုက စိတ်ထဲမှာ တမျိုး စဖြစ်တယ်။ တိုင်းပြည် စီးပွားရေးကို ဘယ်လို အကောင်းဆုံး ဖြစ်အောင် လုပ်ကြမလဲ ဆိုတာကို အသည်းအသန် ပြောကြ ဆိုကြမယ်လို့ မှန်းထားတဲ့ အချိန်မှာ လာဘ်ပေး၊ လာဘ်ယူမှုတွေ ရှိကြရင်လည်း ထိထိရောက်ရောက် ကိုင်တွယ်နိုင်ပါ တယ်။ အရေးယူပေးမှာ ဖြစ်ပါတယ်။ တောင်းတဲ့သူက တောင်းတိုင်းလည်း ပေးတဲ့သူမှာ အပြစ်ရှိတယ်။ အဲဒီတော့ ပေးတဲ့သူက မပေးဘဲနဲ့ တိုင်လိုက်ရင် ပြီးတာပဲလို့ ပြောလိုက်ကတည်းက အားမလို၊ အားမရ ဖြစ်သွားတယ်။
ဒါကြီးက နည်းနည်း ပေါ့ပေါ့ပါးပါး သဘောပဲ ဆန်နေသလို ဖြစ်တော့ ဘယ်သူက တိုင်ချင်မှာလည်း၊ တိုင်တိုင်းလည်း ဘာ ဖြစ်မယ်မှန်းမှ မသိတဲ့ အချိန်မှာ အဲဒီတိုင်တဲ့ ကိစ္စတခုကို အရေးယူတဲ့ အချိန်မှာ အလုပ်ကိစ္စတွေ မပြီးတဲ့ ဒဏ်ကို ဘယ်သူ က ခံနိုင်မှာလည်း။ တွေးကြည့်ရင် အများကြီးရှိပါတယ်။ ဒီစဖွင့်လိုက်တဲ့ အချိန်မှာ အားမလို အားမရဖြစ်ခဲ့တယ်။ ကိုယ့် အလှည့်များ ရောက်ရင် ထပြောလိုက်ချင်စိတ်များတောင် ဖြစ်ခဲ့တယ်။ ဒါက နံပါတ် ၁ ပေါ့လေ။
နံပါတ် ၂ ကတော့ ကုန်သည်တွေသည် စီးပွားရေး လုပ်ငန်းရှင်တွေဘက်ကို ပြန်ပြီးတော့မှ ပြောခွင့်ပြုတဲ့ အချိန်မှာ မိနစ် ၃၀ လောက်ပဲ ကန့်သတ်လိုက်ပြီး ၃၊ ၄ ယောက်လောက်နဲ့ပဲ ပြီးသွားတာတော့ ဒါကတကယ် တနိုင်ငံလုံးက မရောက် ရောက်အောင် ပြေးလာကြတဲ့ လုပ်ငန်းရှင်တွေ အကုန်လုံးကတော့ တကယ် အားမရစရာ ကောင်းပါတယ်။ ဒါမျိုးက ၃ နာရီ လည်း ကြာရင် ကြာပါစေ၊ နာရီ ၃၀ လည်း ကြာရင် ကြာပါစေ။ ထိထိရောက်ရောက် ဆွေးနွေးကြပြီး အသည်းအသန် ဒီလို မျိုး အချိန်အခါ ဖြစ်သင့်တယ်လို့ ယူဆကြပါတယ်။ အခုဟာ ဒီကိစ္စလေးကို သွားပြီး အစည်းဝေး တက်ပြီး ပြန်လာရသလို ဖြစ်တယ်။ ညစာစားပွဲ ဆိုလည်း ဒီအတိုင်းပဲ။
အဲဒီတော့ အခြေခံ ပြောရရင် စိတ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားတွေ့ ခွင့်ရတဲ့ အတွက် အားရတယ်။ ဒါပေမယ့် ဒီအချိန်လေးက ထိထိ ရောက်ရောက် အားလုံးအတွက် အသုံးမချနိုင်ခဲ့ဘူးလို့ ခံစားရပါတယ်။ လုပ်ငန်းရှင်ကြီးတွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုဝန်ကြီးတွေ၊ ဝန်ကြီးတွေနဲ့ တွေ့ဆုံအချိန်မှာ ပိုပြောခွင့်ပေးထားတယ်လို့ ဒီလိုမျိုးတော့ ပြောလို့ ရတာပေါ့နော်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရှိနေတဲ့ အချိန်မှာ ပြောရဆိုရရင် ပိုပြီးတော့မှ အားရကြမလားလို့ စိတ်ထဲမှာ အဲဒီလို ဖြစ်မိတယ်။
ဥပမာ တို့နိုင်ငံမှာ သွင်းကုန် အစားထိုး ပို့ကုန်လုပ်မယ်ဆိုတဲ့ အချိန်မှာ ပို့ကုန်ပစ္စည်းတွေကို ပြောနေတာမျိုးတွေ ရှိတယ်။ ဒါတွေလုပ်နိုင်ဖို့ နိုင်ငံရဲ့ အခြေခံ အဆောက်အအုံ မပြည့်စုံဘဲနဲ့ တို့နိုင်ငံရဲ့ တခြားအချက်အလက်တွေ မပြည့်စုံဘဲနဲ့ သွင်း ကုန် အစားထိုးလုပ်နိုင်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။
ပြောနေကြတဲ့ အာဆီယံ စီးပွားရေး အသိုက်အဝန်း ပေါ်လာမယ်။ ဘာမှ ဝင်ထိန်းစရာ မလိုဘူးဆိုတဲ့ဟာသည် အဓိပ္ပာယ် မရှိဘူး။ အတိုင်းအတာ တခုအထိ တို့နိုင်ငံသားတွေကို ကာကွယ်ပေးထားတဲ့ ကုန်သွယ်မှုကို မသိမသာလေး ကာကွယ် ပေးထားတဲ့ဟာ ရှိကို ရှိရမယ်။ တို့နိုင်ငံက နှစ်ပေါင်း ၃၀ လောက် စီးပွားရေး ပိတ်ဆို့မှုအောက်မှာ ကျနေတဲ့ဟာကို မေ့ထား လို့ မရဘူး။ ဖျက်လေးဖျက် အဖျက်ခံထားရတဲ့ နှစ်ပေါင်း ၃၀ လောက်မှ လူမမာလို အိပ်ယာပေါ်က ထလာပြီးတော့မှ နှစ် ပေါင်း ၃၀ လောက် ရှေ့က ပြေးနေတဲ့ သူတွေနဲ့ အတူတူပဲ ပြေးရမယ်လေ ပြောတဲ့ဟာက လုံးဝ သဘာဝမကျဘူး။ အဲဒီ အချက်ကို လေးလေးနက်နက် စဉ်းစားရမယ်။
ဒီနိုင်ငံကို ကာကွယ်ပေးနေတာသည် လက်တဆုပ်စာ လူတန်းစားတွေကို ကာကွယ်ပေးနေတာနဲ့ တူတယ်လို့ ပြောနေကြ တဲ့ နိုင်ငံရေး သမားတွေရဲ့ အပြောတွေအောက်ထဲမှာ လက်တွေ့ကျတဲ့ စီးပွားရေး အခြေခံ အဆောက်အအုံကြီးတွေကို ကာကွယ်နိုင်စွမ်း မရှိဘူး ဆိုရင်တော့ ငါတို့နိုင်ငံက တူရကီ နိုင်ငံဖြစ်သွားသလိုပဲ ဘာမှ ပို့လို့မရဘူး။ သူများ ပိုက်ဆံတွေနဲ့ တည်ဆောက်ရုံပဲ ရှိတယ်။ သူများ ပိုက်ဆံတွေ ပြန်ပြီးပေးရမယ့် အချိန်လည်း ရောက်ရော ချက်ချင်းပဲ ဇောက်ထိုး မိုးမျှော် ထိုးကျသွားနိုင်တယ်။
အစည်းအဝေးမှာ ပန်းတွေတောင် နိုင်ငံခြားကနေ သွင်းနေရတဲ့ အဆင့်ထိ ရောက်နေတယ် ပန်းတွေ နိုင်ငံခြားက သွင်းနေလည်း မသွင်းနိုင်အောင် ပြိုင်လို့ ပြောတဲ့နေရာမှာ ပေါတဲ့ဟာပဲ လိုက်ဝယ်မှာ ဆိုတော့ အဲဒီလောက် မလွယ်ဘူး။ နိုင်ငံခြားက ကိုယ့်ထက်သာနေတာတွေ အများကြီး ရှိတဲ့အခါမှာ မေမြို့က ပန်းကို ရန်ကုန်ကို ပို့ဖို့ ပိုဈေးကြီးနေတယ်။ နယ်သာလန်က ပန်းကို ရန်ကုန်ပို့တာကမှ ဈေးပေါရင် ပေါမယ်။ ကာကွယ်မှု တစုံတရာ မရှိဘူးဆိုရင် နယ်သာလန်က ပန်းက ဈေးပေါသွားမှာပဲ။ ကျန်တာ အားလုံးပါ သွင်းလာမယ် ဆိုရင် ကုန်သွယ်မှုမှာ သူတို့ပြောတဲ့ Trade deficit (ကုန်သွယ်ရေး လိုငွေ) ဖြစ်ရော။
ဝယ်လိုအားနဲ့ ရောင်းလိုအားမှာ နိုင်ငံခြား ငွေကြေးက ဝင်တာ နည်းမယ်။ အဲဒီတော့ ဒေါ်လာဈေးက တက်ရော၊ မြန်မာ့ ငွေကြေးက ကျရော။ အဲဒီတော့ ဈေးတွေတက်ကုန်ရော။ အဲဒီ သံသရာထဲကို လည်သွားမယ် ဆိုတဲ့ဟာကို မေ့ထားလို့ မရဘူး။
ဖြစ်စေချင်တာကတော့ တကယ့်နိုင်ငံက စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ ခေါ်ပြီးတော့မှ ဆွေးနွေးတဲ့နေရာမှာ ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ အပြန်အလှန် အပြောဆိုကြတယ်။ ကြိုတင်လည်း ပြင်ထားတယ်ပေါ့နော်။ ကိုယ်က ဘာတွေကို သိချင်ပြီး ဘာတွေကို ပြောချင်တယ်။ ဒီဘက်က စီးပွားရေး လုပ်ငန်းရှင်ကြီးတွေကလည်း သေသေချာချာ ပြင်ဆင်ခဲ့မယ်ဆိုရင် လုပ် ငန်းရှင် အကြီးကြီးတွေ အတွက်ရော လုပ်ငန်းအသေးတွေအတွက်ပါ အကျိုးရှိတယ်။
တိုင်းပြည် တပြည်လုံးအတွက်က န.ဝ.တ အုပ်ချုပ်ခဲ့သည်ပဲဖြစ်စေ၊ ကွန်မြူနစ် ပါတီ အုပ်ချုပ်သည်ပဲ ဖြစ်စေ၊ ဆိုရှယ်လစ် နိုင်ငံပဲ ဖြစ်ပါစေ၊ အရင်းရှင်ပဲ ဖြစ်ပါစေ၊ NLD အစိုးရ အုပ်ချုပ်သည်ပဲ ဖြစ်စေ တိုင်းသူပြည်သားတွေက သူတို့တိုင်းပြည်ကို ချမ်းသာကြွယ်ဝအောင် ထားနိုင်တဲ့ အစိုးရကိုပဲ လိုလားမှာ။ အဲဒီတော့ တိုင်းသူပြည်သားတွေ အတွက် ပညာရေး၊ စီးပွား ရေး၊ လူမှုရေး အားလုံး ပြည့်စုံနေအောင် ဖော်ပေးနိုင်မယ့် စနစ်၊ ဖော်ဆောင်ပေးနိုင်မယ့် နိုင်ငံရေးကိုပဲ သူတို့က လိုချင် တယ်။ အဲဒီတော့ တို့အတွက်ကနိုင်ငံရေးက အရေးကြီးဆုံး မဟုတ်ဘူး။ ပညာရေး၊ စီးပွားရေး၊ လူမှုရေး အားလုံး ပြည့် စုံမယ့် လူ့ဘောင်ဘဝ လူ့အသိုင်းအဝိုင်းကြီး ရှိနေတာက ပိုပြီးတော့ အရေးကြီးမယ်လို့ ထင်တယ်။
အစိုးရအနေနဲ့ ပြင်ဆင်တယ်ဆိုတဲ့ သက်တမ်းယူခဲ့တယ်ဆိုရင် အဲဒီအချိန်တွေက လုံလောက်သင့်ပြီ။ ကျန်တဲ့ ၂ နှစ် အချိန်ကတော့ တကယ်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ လိုအပ်ပြီ။ ထိထိ ရောက်ရောက် အကောင် အထည်ဖော်တဲ့ ဘက်အခြမ်းကို အာရုံစိုက်သင့်ပြီ။ ဒီဟာလေးကတော့ အကြံပြုချင်တာပေါ့နော်။
ဦးကိုကိုထွေး
မန်နေဂျင်း ဒါရိုက်တာ
တော်ဝင် မိသားစု ကုမ္ပဏီ
အမှန်ကတော့ တွေ့ဆုံ ဆွေးနွေးပွဲက ပြောရရင် တွေ့ဆုံတယ်။ မဆွေးနွေးခဲ့ရပါဘူး။ ညစာ စားပွဲတွေမှာ ဆွေးနွေးတာ တော့ ရှိပါတယ်။ ဒါက အလွတ်သဘောပြောတော့ အလွတ်ပဲ ပြောတာ ဖြစ်တယ်။ အခုလို ဆွေးနွေးတဲ့ပွဲမှာ ဒေါ်အောင် ဆန်းစုကြည်က ပထမဆုံး အမှာစကား ပြောတယ်။ နံပါတ် ၁ က အဂတိနဲ့ ပတ်သက်လို့ ပြောခဲ့တယ်။ ရှိခဲ့ရင် တိုင်ပါ။ တိုင် ရင် အရေးယူပေးပါမယ်။ ဒါပေမယ့် ဒါသည် ဖြစ်နိုင်ခြေ နည်းတယ်လို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ လူတွေက ကိုယ်သွားပေးပြီးတော့ တိုင်မှ ဖြစ်တဲ့ ကိစ္စကိုး။
လာဘ်ပေးလာဘ်ယူ ရှိတဲ့ ကိစ္စတွေကတော့ ကြောက်လို့ ပေးရတာ၊ ကိုယ့်ကို မတော်မတရား လုပ်မှာ စိုးလို့ ၊ ရသင့်ရထိုက် တာကို မရမှာ စိုးလို့ ပေးရတာတွေ အများကြီး ရှိပါတယ်။ တိုင်ရင် ပြဿနာတခုကို ၃ လလောက် စစ်ရတယ် ဆိုတော့ ပြဿနာပေါင်း ၅၀ လောက် ဆိုရင် ကျနော်တို့ ဒီတသက် မမီပါဘူး။ နည်းလမ်းရှာဖို့ ကောင်းပါတယ်။
အဂတိကင်းအောင် ဆောင်ရွက်တဲ့ နည်းလမ်းတွေကို ပြဋ္ဌာန်းပေးဖို့ လိုတာပေါ့နော်။ ဒါပေမယ့် အခု အဂတိ တိုက်ဖျက်ရေး ဥပဒေဟာ အဂတိတရားနဲ့ မဆိုင်ဘူး။ လာဘ်ပေးလာဘ်ယူ တခုတည်းပဲ လုပ်တဲ့အခါကျတော့ အဆင်မပြေဘူး ဖြစ်နေ တယ်လို့ ဦးက မြင်တယ်။
ဒါကြောင့်မို့ စီးပွားရေး ပြန်လည် ဦးမော့လာအောင် လုပ်ဖို့အတွက် အဂတိကို ဥပဒေနဲ့ အညီ ပြဋ္ဌာန်းဖို့ လိုပါတယ်။ လာဘ်ပေး လာဘ်ယူထက် အဂတိလို့ ပြဋ္ဌာန်းရမှာပေါ့နော်။ နောက်တခုက အဂတိပြဌာန်းပြီးတော့ လူတွေကို လိုက်ဖမ်း ပြီးတော့ လုပ်ရင် အကုန်လုံး မလုပ်ရဲဘဲနဲ့ ပျက်ကုန်မှာ ဖြစ်တယ်။ ဖမ်းစရာမလိုတဲ့ နည်းလမ်းကတော့ အဂတိကို ပြဋ္ဌာန်းပြီးရင် ပထမဦးဆုံး လုပ်ရမှာက ဒီလုပ်ကိုင်ခွင့်တွေ ပါမစ်တွေ ချပေးတဲ့နေရာမှာ လိုအပ်တဲ့ စံနှုန်း သတ်မှတ်ချက် တွေကို ပွင့်လင်းမြင်သာစွာ လုပ်ဖို့ လိုတယ်။
ပြောချင်တာကတော့ လူတွေကို အရေးယူတာထက် အရေးမယူဘဲရတဲ့ နည်းလမ်းလေးကို ရှာစေချင်တာ။ နောက်ပြီးတော့ လုပ်ငန်းရှင်ဆိုတာ မပေးရရင် ကြိုက်တာပေါ့။ မတတ်သာလို့ ပေးရတာလေ။ နောက်တခုက လုပ်ငန်းရှင်မှ မဟုတ်ပါဘူး ပြည်သူတွေကလည်း တရားရေးနဲ့ ပတ်သက်လို့ ပေးနေရတာတွေ အုပ်ချုပ်ရေးနဲ့ ပတ်သက်လို့ ပေးနေရတာတွေ အဲဒါ တွေက လုပ်ငန်းရှင်မှ မဟုတ်ဘူး။ ပြည်သူတွေရော၊ လုပ်ငန်းရှင်ရော အလုပ်သမားတွေရော မှတ်ပုံတင်လိုချင်လို့ ပတ်စပို့ လိုချင်လို့ လုပ်နေရတဲ့ ကိစ္စတွေ အများကြီးပါ။ အဲဒါတွေ မဖြစ်အောင် ကျနော်တို့ ပွင့်လင်းမြင်သာတဲ့ Good governance ဖြစ်အောင် ဖန်တီးရမှာ။
နောက်တခုက ပိုပြီးတော့ လွယ်ကူတဲ့ e-goverment ဖြစ်ဖို့ လိုတယ်။ e-government ဖြစ်ရင် လုပ်ရကိုင်ရ လွယ်ကူတယ်။ ရုံးထဲမှာတင် စားပွဲ ၁၀ ခုလောက် ပတ်နေတယ်။ ပြီးရင် နေပြည်တော် ရောက်တယ်။ အဲဒီတော့ လုပ်ငန်းက မြန်ဆန် သွက်လက်ဖို့ လိုတယ်။ ဌာနဆိုင်ရာ လုပ်ငန်းပဲဖြစ်ဖြစ်၊ ဌာနဆိုင်ရာ လုပ်ငန်းကို အရေးယူမယ်ဆိုလည်း မြန်ဆန်တယ်။ ဒါပေမယ့် ဝန်ထမ်းတွေက မလုပ်ချင်ဘူး။ အဲဒါကို ဥပဒေနဲ့ ပြဋ္ဌာန်းလိုက်မှ ဝန်ထမ်းတွေက မဖြစ်မနေ လုပ်ကြမှာပေါ့။ အဲဒါကို ၁၅ နှစ်ရှိပြီ လုပ်တာ မအောင်မြင်ဘူး ဆိုတာ အနှောင့်အယှက်ပေးထားလို့၊ တားဆီးထားလို့၊ ကာကွယ်ပေးထား လို့ဖြစ်နေတဲ့ ကိစ္စတွေ။ အဲဒါတွေကို ဖြည့်ဆည်းလိုက်ရင် ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့ စီးပွားရေးကလည်း ပွင့်လန်း ဖွံ့ဖြိုးသွားပါလိမ့်မယ်။
မြန်မာနိုင်ငံမှာတော့ ပညာရေး စနစ်လည်း မှားထားတယ်။ ကျန်းမာရေး စနစ်လည်း မှားတယ်။ အုပ်ချုပ်ရေး စနစ်လည်း မှားတာပဲ။ မွေးမြူရေးစနစ်ရော ကုန်ထုတ်လုပ်မှု စနစ်ရော အကုန်လုံး မှားတယ်လို့ ပြောတယ်။ ဘာလို့လဲဆိုတော့ မှန်ရင် တော့ တိုးတက်နေမှာပေါ့။ မှားလို့သာ မတိုးတက်တာလေ။ အစိုးရကိုချည်း ပြောတာ မဟုတ်ဘူး။ လုပ်ငန်းရှင်တွေလည်း မှားတာပဲ။ ပြီးတော့ ပြည်သူ လူထုမှာလည်း အမှားတွေ ရှိတယ်။
ကျနော်တို့ဆီက အသုံးချတဲ့ နေရာလေးတွေ ဖြည့်ဆည်းပေးရလိမ့်မယ်။ အဲဒီတော့မှ ကျနော်တို့ဆီက တကယ်တတ်တဲ့ ပညာရှင်တွေ တကယ်တော်တဲ့ ပညာရှင်တွေ မွေးထုတ်ပေးလို့ ရမှာ။ ထို့နည်းတူစွာပဲ ကျွမ်းကျင် လုပ်သားတွေ ကောင်း ကောင်း မွေးထုတ်ပေးလို့ ရမယ်။ အဲဒီလို မွေးထုတ်နိုင်ဖို့ ကျနော်တို့က နေရာတွေ ဖန်တီးရမယ်။ ဘောလုံးကန်ချင်တယ်။ ဘောလုံးကွင်း မရှိရင် ဘောလုံးသမား ထွက်မလာဘူး။ လုပ်ကွက်တွေ မဖော်ဆောင်ပေးနိုင်ဘဲနဲ့ ငွေရေးကြေးရေးတွေ မဖန်တီးပေးနိုင်ဘဲနဲ့ ပညာရှင်တွေ မထွက်ဘူး။ လုပ်သားတွေ အလုပ်မရဘူး။ ဒါကြောင့်မို့ ဒါတွေက တခုနဲ့ တခု ဆက်စပ် နေတာကို ဖော်ဖို့ အတွက် လိုအပ်ပါတယ်။
နောက်ပြီး အချက်အလက်တွေ မှားတဲ့ ပြဿနာက အခုမှ မဟုတ်ပါဘူး။ ဟိုအရင်တည်းက စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက မှားယွင်းတဲ့ အချက်အလက်တွေ လိုချင်တဲ့ Data တွေကို ပြောင်းပြန် ပြန်တွက်ပြီးတော့ ပေးနေတဲ့ အခြေအနေက တသက်လုံး ရှိလာခဲ့တာလေ။ အဲဒီတော့ ကိန်းဂဏန်းတွေ မှန်သလားဆိုတာကို ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။ မှားတဲ့ ဒေတာတွေကို ဘာဖြစ်လို့ နားထောင်နေရတာ ဆိုရင် သူ့ကိုပေးတဲ့ ဒေတာကို ဘာနဲ့ သွားရှာမလဲ။ သူ့မှာ ကိုယ်ပိုင် အဖွဲ့မှ မရှိဘဲလေ။ ဒေတာရှာပေးတဲ့ အဖွဲ့က ပြောတာပဲ သူလက်ခံရမှာ။
အခု စီးပွားရေးတက်တယ် ပြောတယ်။ ကျတယ် ပြောတယ်။ အကုန်လုံး မှန်းပြောနေကြတယ်လို့ ပြောတယ်။ ကျတာကို လက်တွေ့ခံစားနေတဲ့ သူက ကျပါတယ်လို့ပြောတာ။ အဲဒါကိုတက်တဲ့သူက ဘယ်ဒေတာနဲ့ တွက်ပြီး ပြောလဲလို့။ ဒါကြောင့်မို့ ဒေတာမှားတဲ့ဟာတွေကြောင့် ကျနော်တို့ စီးပွားရေးမှာ အခက်အခဲတွေ တွေ့တယ်။
နောက်တခုက စီးပွားရေးနဲ့ ပတ်သက်လို့ ဒေါ်လာဈေး အတက်အကျ ကျနော်တို့ ၆ ကျပ်ကနေပြီး ၁၅၀၀ ကျပ် အထိ ဖြစ်လာတယ်။ ဘယ်လောက်များ ထူးခြားသွားလို့လဲ၊ မခံနိုင်ဘူး ဆိုတာထက် ဘာတွေ ပြောင်းလဲသွားမှာလည်း ကိစ္စကို သာ သိရမှာပါ။ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ ဒေါ်လာဈေးက ၇၀၀ အောက် ကျသွားတယ်။ အဲဒီ အချိန်မှာ ဦးတို့ ကိုယ် တိုင်လည်း ပြောပါတယ်။ ဘာကြောင့်လည်း ဆိုတော့ Export ဒုက္ခရောက်ပြီလေ။ အိပ်စပို့စ်က ဒေါ်လာဈေးနဲ့ ကျတော့ ပြည်တွင်းဈေးနဲ့ မကိုက်တော့ဘူး။
ပို့ကုန်သည် ဆန်၊ ပဲ တို့ ဖြစ်တာကိုး။ အဲဒီတော့ ပဲတို့ ဆန်စပါးတို့ ပြုတ်ကျသွားရင် တောင်သူလယ်သမားတွေ ဒုက္ခရောက် သွားမယ်။ ဒါတွေက မဖြစ်သင့်တဲ့ ကိစ္စ တောင်သူလယ်သမားနဲ့ ဆက်စပ်တဲ့ သူတွေက ၇၀ ခိုင်နှုန်းလို့ ပြောရင် အနည်းဆုံး သန်း ၃၀ လောက် လူတွေက ဒုက္ခရောက်မယ်။ ဒါကြောင့်မို့ ဒေါ်လာဈေးကျတာ သည်လည်း ဒုက္ခရောက်တာပဲ။ အခု ဒေါ်လာဈေး တက်တာသည်လည်း စားသုံးသူတွေ ဒုက္ခရောက်တာပဲ။ သွင်းကုန်သမားတွေမှာ ထိခိုက်တာပေါ့။ သွင်းကုန် သမားကတော့ ဒေါ်လာ ၁၀၀ နဲ့ ဝယ်ပြီးရင် ဒီဘက်မှာ ကျပ် ၁၀၀၀ နဲ့ ပြန်ရောင်းမှာပဲ။ သူက သိပ်ပြီး မခဲယဉ်းဘူး။ ဒါပေ မယ့် ဝယ်စားတဲ့ စားသုံးသူမှာတော့ ပြဿနာတက်တယ်။
လောလောဆယ် ဒေါ်လာ ဈေးမြင့်တော့ ဒေါ်လာသုံးတဲ့ဟာကို ပိတ်တယ်။ ဒါမှားတာပဲ။ ပိတ်လိုက်ရင် ဘာဖြစ်မလဲဆိုတဲ့ နောက်ဆက်တွဲကို ကြည့်ရမယ်။နောက်တခုက ဖြေရှင်းတဲ့နည်း ဗဟိုဘဏ်က ဒေါ်လာဈေးကို ၁၅၀၀ အောက်နဲ့ ရောင်း ပေးပါတယ်တဲ့ ကြေညာတယ်။ အခု သန်း၂၀၀ ရောင်းပေးဦးမယ်။ ရောင်းပေးရင် ဝယ်ထားလိုက်မှာပေါ့။ ဘဏ်တွေပဲ ပိုက်ဆံရှိတာပေါ့ ဈေးတက်တာနဲ့ ပြန်ရောင်းမှာလေ။
သူတို့က ဘယ်သူ့ကို ဘယ်လောက်နဲ့ ပြန်ရောင်းမယ်ဆိုတာ ပြောပါ့မလား။ မရောင်းမနေရလို့ ရှိလို့လား။ အဲဒီတော့ ဒီနည်း နဲ့ ဖြေရှင်းတာ ဟုတ်လို့လား။ မှားနေတယ်။ တခုတော့ ရှိတယ်။ များများ သွင်းချင်တယ် ဆိုရင် ဘဏ်တွေမှာတော့ ဘယ် ဈေးနဲ့ ကြိုက်သလောက် ယူလို့ရတယ်လို့ ကြေညာလိုက် ဒီနေ့ ထိုးကျသွားမှာပဲ။
ဒီလိုလုပ်တာက နိုင်ငံခြားဘဏ်တွေကို ဖွင့်ပေးပြီးတော့ ဒီနေ့ အိမ်ရာလိုချင်တဲ့သူတွေကို အကြွေးနဲ့ဝယ်၊ အောက်ခြေ လူတန်းစားတွေ တန်ဖိုး အနိမ့်တွေနဲ့ ဝယ်ခွင့်ပေးမယ် ဆိုရင် အဲဒီမှာ ဒေါ်လာတွေ ဝင်လာမှာပဲ။ နေစရာ မရှိတဲ့သူတွေ လည်း နေစရာ ရသွားမယ်။ ဦးတို့ ရောင်းချင်တဲ့ သူတွေလည်း ရပ်ကွက်ထဲမှာ ဆောက်ထားတဲ့ဟာတွေ အကုန်ကုန် သွားမယ်။
ပိတ်မိနေတဲ့ လုပ်ငန်းရှင်အသေးတွေ အငယ်တွေ ၃ ထောင် လောက် ရှိတယ်။ သူတို့ရဲ့ လုပ်ငန်းတွေ ရောင်းကုန်သွား ရင်လည်း အဲဒီပိုက်ဆံတွေက စားတဲ့သောက်တဲ့ဆီကို ပြန်ပြီး လည်ပတ်လာမယ်။ ဒေါ်လာဈေးလည်း ကျမယ်။ စီးပွား ရေးလည်း ပြန်တက်လာမယ်။ ဒါက ဖြေရှင်းနည်း တခုပေါ့နော်။ နိုင်ငံရေးသမားပဲ ဖြစ်ဖြစ် စီးပွားရေးသမားပဲ ဖြစ်ဖြစ် ဖိအားတော့ ယူရတာပဲ။ အဲဒါကို ရဲရဲလေး ယူကြပါ။
ဦးရှိန်ဝင်း
ဥက္ကဋ္ဌ
မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ်
လုပ်ငန်းရှင်တွေ အားလုံးလည်း အခက်အခဲတွေ ရှိရင် တင်ပြပါဆိုတဲ့ နေရာမှာ ဆောက်လုပ်ရေး ကဏ္ဍနဲ့ ပတ်သက်ရင် မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ တယောက်အနေနဲ့ တာဝန်ရှိလို့ အခက်အခဲ ဖြစ်နေတဲ့ ကိစ္စတွေကို တင်ပြပေးတယ်။ တင်ပြတဲ့နေရာမှာ တိုက်ရိုက် နိုင်ငံတော် အတိုင်ပင်ခံကို ရှင်းလင်း ပြသနိုင်တဲ့ အတွက် ကြောင့် အားရကျေနပ်မှုတော့ ရှိပါတယ်။
ကျနော်တို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ဆိုရင် မန္တလေးမှာရော၊ ရန်ကုန်မှာရော ဝန်ကြီးချုပ်တွေနဲ့ရော လူထုနဲ့ရော ပြောခဲ့ပြီး ပါပြီ။ ပြည်ထောင်စု လွှတ်တော်အထိလည်း ပြောခဲ့ပြီးပါပြီ။ နောက်ဆုံးတော့လည်း စီးပွားရေး ပညာရှင်တွေရဲ့ ယူဆချက်နဲ့ ပယ်ခဲ့တယ်လို့ သိရတာပေါ့နော်။ စီးပွားရေး ပညာရှင်နဲ့ ပတ်သက်ပြီးတော့လည်း ထင်မြင်ချက်ပေးတဲ့ အပေါ် မူတည်ပြီးမှ ကျနော်တို့ဒါ မြန်မာနိုင်ငံမှာ လက်တွေ့လုပ်နေတဲ့ လုပ်ငန်းရှင်တွေက ဒါတွေနဲ့ ပတ်သက်ပြီး ယုံကြည်ချက်ရှိတယ် ဆိုတဲ့ အကြောင်း ပြသတဲ့ အနေနဲ့ ကျနော်တို့ ပြောခြင်း ဖြစ်ပါတယ်။
အဓိကတော့ နိုင်ငံတော် အနေနဲ့လည်း အခွန် ဝင်ငွေရမယ်။ အဆောက်အအုံတွေလည်း ပေါ်လာမယ်။ အလုပ်အကိုင် အခွင့်အရေးတွေလည်း ရလာမယ်ပေါ့နော်။ လုပ်ငန်းရှင်တွေ အလုပ်အကိုင် အခွင့်အရေးတွေ ရပြီးတော့ ဆောက်လုပ်ရေး လောကကြီး အတွက် ပြန်လည် မြင့်တက်လာမယ်ပေါ့။ ဒါကို ရည်ရွယ်ပြီး ပြောခဲ့တာပါ။
ဦးဝင်းမြင့်
အထွေထွေ အတွင်းရေးမှူး
မြန်မာနိုင်ငံ စက်သုံးဆီ လုပ်ငန်းရှင်များ အသင်း
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တအား အားကိုးတယ်လေ။ အန်ကယ်တို့ လုပ်ငန်းရှင်တွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖြေရှင်း ကယ်တင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။ တွေ့တဲ့ အခါမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်အနေနဲ့ ဝန်နဲ့အား မမျှဘူးလို့ ခံစားရတယ်။
နိုင်ငံသားတွေ အစိုးရချည်းပဲ အားကိုးမနေနဲ့ နိုင်ငံရေး ဆိုတာ နိုင်ငံသားတွေ အားလုံးမှာ တာဝန်ရှိတယ် ဆိုတာ သူပြော တယ်။ မှန်ပါတယ်။ ဒါပေမယ့် ကျနော်တို့တွေ ဒေါ်လာနဲ့ ပတ်သက်လို့ ရိုက်ခတ်ခံနေရတဲ့ လုပ်ငန်းရှင်တွေ ရှိသလို အခြား အခြားသော အကြောင်းကြောင်းတွေကြောင့် ရိုက်ခတ်ခံနေရတဲ့ လုပ်ငန်းရှင်တွေလည်း ရှိတယ်။
ပြောမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်းရှင်တွေ ဆိုတဲ့နေရာမှာ အားလုံးကို တွေ့ရတာပေါ့လေ။ အထူးသဖြင့် ဘာတွေ တွေ့ရလည်း ဆိုတော့ နိုင်ငံအတွက် လိုအပ်တဲ့ အချိန်မှာ အကူအညီကို အားတက်သရောနဲ့ ပေးခဲ့ တဲ့ အလှူရှင်တွေကို ဦးစားပေးပြီးတော့ ဆက်ဆံတာ တွေ့ရတယ်။ နောက်ပြီးတော့ တိုင်းပြည်ရဲ့ အခွန်တွေကို တာဝန် သိ သိနဲ့ အများဆုံး ထမ်းဆောင်ပေးတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အခွန်ထမ်းကြီးများကိုလည်း ဦးစားပေးတယ်။
နောက်ပြီးတော့ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေး၊ မွေးမြူရေး၊ ကျန်တဲ့နယ်ပယ် အသီးသီးက အားလုံးနဲ့ တွေ့ရတယ်။ အားလုံးရဲ့ လိုလားချက် ဆန္ဒတွေကို နားထောင်ပေးရတယ်။ အခမ်းအနားမှာ တွေ့လိုက်တာက ကျနော်တို့ လုပ်ငန်းရှင်က ပြန်လည်ပြီးတော့ မေးမြန်းခွင့်၊ ဆွေးနွေးခွင့်ရတဲ့ အချိန်လေးက ပထမဦးဆုံး ကဏ္ဍမှာ ဆိုရင် မိနစ် ၃၀ ရတယ်။
အဲဒါလေးကတော့ တော်တော်လေး နည်းတယ်လို့ ခံစားရတယ်။ ဘာလို့လဲဆိုတော့ ဒီပွဲတပွဲလုပ်ဖို့ ဆိုတာလည်း တော်တော်ကြီး အချိန်ပေးရပါတယ်။ ပွဲစီစဉ်ရတာလည်း မလွယ်ပါဘူး။ ကျနော်တို့ ရန်ကုန်က သွားရတဲ့ သူတွေမှာလည်း မလွယ်ပါဘူး။ ကျနော် မှားကောင်းမှားပါလိမ့်မယ်။ အချိန်ကို အသုံးချတဲ့ နေရာလေးကျတော့ နည်းနည်း အားမရ ဖြစ်မိ တယ်။
ကျနော်တို့ မိနစ် ၃၀ ရတယ်။ အဲဒီမှာ စီးပွားရေး လုပ်ငန်းရှင်က နံပါတ်တွေနဲ့ ကြည့်လိုက်တော့ ၉၀၀ ကျော်တွေလည်း ပါတယ်။ အနည်းဆုံးတော့ အယောက် ၆၀၀ လောက်တော့ ရှိလိမ့်မယ် ထင်တယ်။ အဲဒီလောက်သွားတဲ့ သူတွေက မိနစ် ၃၀ ကို မေးမြန်းဆွေးနွေးတာ ၃ ယောက်လောက်ပဲ ပြောလို့ ရလိုက်တယ်။ ပြောချင်တဲ့သူတွေက အများကြီးပဲ။ မိနစ် ၃၀ မှာတင် ပြောဆို ဆွေးနွေးခွင့်က အဆုံးသတ်လိုက်ရတယ်။
ဒုတိယပိုင်း ဆက်လုပ်တယ်။ နိုင်ငံတော် အတိုင်ပင်ခံနဲ့ စီးပွားရေး လုပ်ငန်းရှင်၊ နိုင်ငံတော်မှာ အများဆုံး အခွန်ထမ်းတဲ့ အခွန်ထမ်း ၅ ဦးနဲ့က တဝိုင်း၊ နောက်တခုက ဝန်ကြီးများနဲ့ ကျန်တဲ့ လုပ်ငန်းရှင်တွေနဲ့က တဝိုင်းဆိုပြီး ဆက်လုပ်တယ်။ အဲဒီလို လုပ်တဲ့နေရာမှာ ဘာသွားတွေ့လည်း ဆိုတော့ အဲဒီ စကားဝိုင်းကလည်း ၄၅ မိနစ်ပဲ အချိန်ရလိုက်တယ်။ အဖြေ တခုတော့ ထွက်ပါတယ်။
ဒါကတော့ ပဏာမ တွေ့ဆုံခြင်းပေါ့။ နောက်ပိုင်းတွေမှာတော့ အသေးစိတ်ပေါ့။ Sector By Sector ဗဟိုဘဏ်နဲ့ ထပ် တွေ့မယ်။ ကုန်သွယ်ရေးဆို ကုန်သွယ်ရေးပေါ့။ ဒါမျိုးတော့ ပြောတယ်။ ကျနော်တို့ သွားလိုက်ရတဲ့ အချိန်နဲ့ ဆွေးနွေးရတဲ့ အချိန်နဲ့ သိပ်တော့ အားမရကြဘူး။
ကျနော်တို့လည်း ပြောချင်တယ်။ ဒါပေမယ့် ကိုယ့်ထက်ပိုပြီး အရေးကြီးတယ်။ ကိုယ့်ပိုပြီး အားတက်သရောရှိတဲ့ သူတွေက ရှေ့ကပြောတော့ ကျနော်တို့လည်း ကိုယ်ပြောချင်တာ မပြောခဲ့ရဘူး။ အဲဒါလေးတွေတော့ တွေ့ခဲ့တယ်။
နာရီဝက်လောက် နိုင်ငံတော် အတိုင်ပင်ခံနဲ့ တွေ့ဆုံ ဆွေးနွေးရမယ့် အစား နောက်ပိုင်းတွေမှာ စီးပွားရေး လုပ်ငန်းရှင် အားလုံး အတူတကွ ထိုင်ပြီးတော့ ဆွေးနွေးပွဲကို ကြာကြာလေး ကော်ဖီဘရိတ်လေး လုပ်လိုက်ပေါ့နော်။ အတိုင်ပင်ခံ ကိုယ်တိုင် ကြီးမှူးပြီးတော့ ဆောင်ရွက်ပေးစေလိုတယ်။ ဝန်ကြီးတွေကလည်း ခေါင်းဆောင်တော့ မှန်ပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ပိုင်ခွင့်တော့ မတူဘူးပေါ့။ နိုင်ငံတော် အတိုင်ပင်ခံကိုတော့ ပိုပြီးတော့ ယုံကြည်တာပေါ့။
အခု ဒီပွဲကျင်းပတာက သာမန်အချိန် ဆိုရင် ကိစ္စမရှိဘူး။ အခုက ကျနော်တို့နိုင်ငံက နိုင်ငံခြား ငွေလဲလှယ်နှုန်း ကိစ္စကြောင့် ကျနော်တို့နိုင်ငံရဲ့ စီးပွားရေးက တော်တော်လေး ဂယက်ရိုက်နေတဲ့ အချိန်။ အဖြေရှိထားရင် ကိစ္စမရှိပါဘူး။ ရောဂါ ချက် ချင်း မပျောက်တောင် တဖြေးဖြေးတော့ ပျောက်သွားမယ် ဆိုတာ စိတ်အေးလို့ ရတယ်။ ကုရမယ့်ဆေး ရှိရင် ပူစရာ မလို ဘူး။ ရောဂါသိတယ် ဆေးမရှာနိုင်သေးရင်တော့ ဒီထက် စိတ်ပူစရာ ဖြစ်တယ်။